အပိုင်း ၁၃၈
Viewers 16k

Chapter 138
နားလည်သဘောပေါက်သွားမှု



ချန်ရုံသည် အံ့ဩစွာမော့ကြည့်လိုက်၍ ကြယ်ရောင်အောက်မှ တိတ်ဆိတ်နေသော ရန်မင်း၏မျက်နှာကို သေချာစိုက်ကြည့်နေလေသည်။

ရန်မင်းကတော့ ချန်ရုံ့ကိုမကြည့်ပဲ အဝေးတစ်နေရာဆီသို့သာ လှမ်းကြည့်နေသည်။

ချန်ရုံက အကြည့်ကိုပြန်လွှဲလိုက်သည်။ ခဏအကြာမှ ချန်ရုံ၏နှုတ်ခမ်းများသည် လှောင်ပြောင်လိုခြင်း၊ အနိုင်ရခြင်း၊ ခါးသီးမုန်းတီးခြင်းနှင့် အရှုံးပေးခြင်းများတစ်ပြိုင်နက်ပါနေသည့် အပြုံးတစ်ခုကိုပြုံးလိုက်သည်။

"ဟုတ်ကဲ့ပါ..."

နောက်ဆုံးတွင်တော့ ချန်ရုံသည် ပါးစပ်ကိုဖွင့်ဟ၍ အဖြေပေးလိုက်တော့သည်။

ရန်မင်းက မြင်းကိုခြေထောက်နှင့်ကန်လိုက်၍ ရှေ့သို့ဆက်သွားစေလိုက်သည်။

ရန်မင်း၏ နဂါးမြင်းသည် ကမ္ဘာပေါ်၌အလွန်ရှားပါးသောမျိုးစိတ်တစ်ခုဖြစ်သည်။ ထိုကဲ့သို့သော မြင်းမျိုးသည် ပြေးပြီဆိုလျှင် လျှပ်စီးကဲ့သို့ အလွန်လျင်မြန်တတ်သည်။

ရန်မင်း၏ရင်ခွင်ကိုမှီ၍ ရန်မင်း၏သံချပ်ကာများ၏ ပွတ်တိုက်မှုကို ခံလိုက်ရတိုင်း ချန်ရုံသည် နှုတ်ခမ်းကို ဖိကိုက်နေမိသည်။

ခဏအကြာမှ ချန်ရုံက နူးညံ့စွာမေးလိုက်သည်။
"ကျွန်မတို့ အခု ဘယ်ကိုသွားမှာပါလဲ..."

"လောယန်ကို.."

လောယန်?

ချန်ရုံ အတွေးများသွားသည်။ လောယန်ဆီကိုတဲ့လား။ လောယန်သို့သွားရမည့်ခရီးသည် အလွန်ရှည်လျားသည့်ခရီးမဟုတ်ပေဘူးလား။ ချန်ရုံ ပြန်ရောက်ချိန်တွင် နန်ယန်တစ်မြို့လုံးပျက်စီး၍ အစအနပင်ရှာရတော့မည်မဟုတ်ပေ။ ထို့အပြင် သူ၏အရေးကိစ္စများ၌ ချန်ရုံ့ကို မည်သောအခါကမှ မပါဝင်စေလိုခဲ့သည့် အဖြူရောင်ဝတ်ရုံနှင့် ချန်ရုံလေးစားချစ်ခင်ရသည့်လူသည်လည်း ထိုအချိန်၌ အသက်ရှင်နိုင်ပါတော့မည်လား။

အချိန်အတော်ကြာသွားသည့်အခါမှ ချန်ရုံက တိုးတိုးလေး‌ပြန်ပြောလိုက်သည်။
"ဟုတ်ပါပြီ..."

"မင်း စိတ်ပူစရာမလိုပါဘူး အားရုံ..."

ရန်မင်းက ငေါ့တော့တော့ပြောလိုက်သည်။
"မင်းပြန်ရောက်တဲ့အချိန်မှာ ဝမ်ချီလန်က မူရုံခယ်သတ်လို့ သေနေလောက်ပြီ..."

သို့သော် ထိုစကားများကို ပြောလိုက်ပြီးပြီးချင်းမှာပင် ရန်မင်းသည် နောင်တရသွားမိသည်။ ထို့ကြောင့် သူ၏နှုတ်ခမ်းပါးများကိုတင်းတင်းစေ့ကာ နှုတ်ဆိတ်နေလိုက်တော့သည်။

ချန်ရုံကတော့ ရန်မင်း၏ထူးခြားသောအပြုအမူကို သတိမပြုလိုက်မိပေ။ ချန်ရုံသည် မျက်လွှာကိုအောက်ချ၍ နူးညံ့သော်လည်း ခိုင်မာပြတ်သားသည့်လေသံဖြင့်ပြောလိုက်သည်။

"လန်ယာဝမ်ချီက ညံ့ဖျင်းတဲ့လူတစ်ယောက်မဟုတ်ပါဘူး...မူရုံခယ်က အရှင်တစ်ယောက်တည်းကိုပဲကြောက်တာမဟုတ်ပါဘူး တပ်မှူး..."

ချန်ရုံ၏စကားဆုံးသွားသည်နှင့် တစ်ပြိုင်နက် ရန်မင်းက အော်ရယ်လိုက်တော့သည်။

အရယ်ရပ်ပြီးသောအခါ ရန်မင်းသည် သူ၏ထူထဲသောမျက်ခုံးများကိုကြုတ်၍ အမိန့်ပေးလိုက်သည်။

"အခုအချိန်ကစပြီး အဲဒီလူအကြောင်းစဉ်းစားတာကို ရပ်တော့..."

ချန်ရုံက အကြည့်ကိုအောက်ချ၍ အချိန်အတော်ကြာသွားသောအခါမှ ပြန်ဖြေလိုက်သည်။

"ဟုတ်ကဲ့..."
ရန်မင်း၏ဒေါသနှင့်ရင်းနှီး၍ သူ၏ပင်ကိုယ်စိတ်ထားကိုလည်း သိထားသောကြောင့် ဤလှိုင်းလုံးကို တွန်းကန်၍ မကူးနိုင်တော့သည်ကို ချန်ရုံနားလည်လိုက်သည်။

"ကျွန်မက မိန်းမတစ်ယောက်ပေမယ့်..."
ချန်ရုံက တိုးတိတ်စွာပြောလိုက်သည်။
"ကျွန်မရဲ့စကားကို တည်ပါ့မယ်...ကျွန်မ သူ့အကြောင်းကို ထပ်မစဉ်းစားတော့ပါဘူး..."

ရှင့်ကိုလည်း ကျွန်မ ထပ်မချစ်‌နိုင်တော့ပါဘူး...ရှင့်ဘေးမှာ ကျွန်မရှိနေမှာပေမယ့်...ရှင့်ရဲ့အနားမှာ နေ့ရောညပါ ရှိပေးနေမှာဖြစ်ပေမယ့် ရှင့်ကို ကျွန်က ဘယ်တော့မှ ထပ်မချစ်နိုင်တော့ဘူး...

ချန်ရုံ၏အဖြေကိုကြားသောအခါ ရန်မင်းက လည်ချောင်းသံပြုလုပ်လိုက်သည်။(ပါးစပ်မဖွင့်ပဲအင်းလိုက်တာမျိုး)

ထို့နောက် ရန်မင်းတို့စုံတွဲကိုသယ်ဆောင်၍ မြင်းသည် ရှေ့သို့ ဆက်၍ပြေးလွှားနေတော့သည်။

လက တဖြည်းဖြည်းနှင့် မြင့်တက်လာသည်။

ထိုအချိန်၌ မြင်းသည် ရုတ်တရက်ရပ်သွား၍ ကောင်းကင်သို့မော့ကာ ဟီလိုက်သည်။

"ဒီနားမှာ ချုံခိုတိုက်ခိုက်တဲ့လူတွေရှိနေတယ်..."
ရန်မင်းက ပြောလိုက်သည်။

ရန်မင်း၏ချောမောသောမျက်နှာက တင်းမာသွား၍ မြင်း၏ဇတ်ကြိုးကို တင်းကျပ်စွာ ဆွဲကိုင်လိုက်ချိန်တွင် မျက်လုံးများကလည်း သွေးဆာနေကြသည်။

ရန်မင်းပြောသည်ကို ကြားသောအခါ ချန်ရုံ၏မျက်နှာသည်လည်း ဖြူလျော်သွားသည်။ ချန်ရုံ ဘေးဘီသို့ကြည့်လိုက်သောအခါ ရန်မင်း၌ မည်သည့်လက်နက်မှ မပါလာသည်ကို တွေ့လိုက်ရသည်။

ရန်မင်းသည် သူ၏မြင်းနှင့် လက်နက်များနှင့်အတူရှိ‌နေလျှင် ပြိုင်စံရှားသည့်ကောင်းကင်ဘုံ၏မင်း သားဖြစ်သည်။ သို့သော် လက်နက်ရှိမနေလျှင်ရော?

ချန်ရုံ့ကိုသာ လိုက်မရှာခဲ့ရလျှင် ရန်မင်းသည် သူ၏လက်နက်ကို မည်သောအခါမှ လက်ကချမည်မဟုတ်ချေ။

ချန်ရုံက ထိုအကြောင်းကိုစဉ်းစားနေချိန်တွင် ရန်မင်းက ချန်ရုံ့အား ကြည့်လိုက်သည်။

ရန်မင်းက သူမ အားကြည့်နေသည်ကိုမြင်သောအခါ ချန်ရုံသည်လည်း ရန်မင်းကိုပြန်မော့ကြည့်၍ သူ၏ရေခဲတမျှအေးစက်သောမျက်လုံးများကို ရင်ဆိုင်ကာ တိုးတိုးလေးပြောလိုက်သည်။

"တပ်မှူးရဲ့ ကောင်းမွန်တဲ့မြင်းကြီးက ဒီနေရာကနေ ဖောက်ထွက်နိုင်မှာပါ...ဒါပေမယ့် ဝန်ပေါ့သွားအောင်တော့ ကျွန်မကို အောက်ချမှရမယ်...အဲဒီလိုဆိုရင် တိုက်ခိုက်မယ့်လူတွေကိုလည်း အငိုက်မိအောင် လုပ်ပြီးသားဖြစ်သွားလိမ့်မယ်..."

ရန်မင်းက အံ့ဩစွာကြည့်နေသောကြောင့် ချန်ရုံက နူးညံ့စွာ ထပ်ပြောလိုက်သည်။

"ကျွန်မအတွက် စိတ်မပူပါနဲ့..."

ထိုအခိုက်အတန့်တွင် ချန်ရုံ၏မျက်လုံးသည်တောက်ပ၍ ကြင်နာမှုများဖြင့် ပြည့်နေလေသည်။

ရန်မင်းသည် ရင်ထဲ၌ တစ်စုံတစ်ရာကို ပြင်းထန်စွာ ခံစားလိုက်ရကာ နှလုံးသားက လှုပ်ရှားသွားသည်။

"ဒီကောင်မလေးကတော့ကွာ..."

ရန်မင်းက သက်ပြင်းချလိုက်၍ ချန်ရုံ့အား စူးစိုက်ကြည့်၍ ချန်ရုံ၏မျက်နှာလေးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။

ထို့နောက် ရန်မင်းသည် အရှေ့သို့ ပြန်လှည့်၍ မြင်းကို ဆက်၍မောင်းနှင်လိုက်သည်။

ခေါင်းကိုငုံ့ထားရင်းဖြင့် ချန်ရုံနှုတ်ခမ်းများသည် တဖြည်းဖြည်းတွန့်ကွေးလာ၍ အေးစက်သောအပြုံးကို ပြုံးလိုက်ကြသည်။

ဤအချိန်တွင် ထိုကဲ့သို့သောစကားများကသာ ရန်မင်း၏ရင်ကို လှုပ်ရှားစေနိုင်၍ ရန်မင်းသည် သူတတ်စွမ်းသမျှအင်အားကိုအသုံးချ၍ ချန်ရုံ့အားကာကွယ်ပေးမည်ဖြစ်သည်ကို ချန်ရုံသိသည်။ နောက်ဆုံးတွင် ရန်မင်းသည် ချန်ရုံ့အား အနား၌ခေါ်ထားသည်ပဲဖြစ်စေ စွန့်ပစ်လိုက်သည်ပဲဖြစ်စေ ထိုစကားများကြောင့် ချန်ရုံ့အား သူ၏ဘဝတစ်လျှောက်လုံး အမှတ်ရနေတော့မည်ဖြစ်သည်။

မှိန်ဖျော့သောကြယ်ရောင်နှင့် လခြမ်းကွေး၏အောက်တွင် ချန်ရုံတို့နှင့် မြင်းသည် ဖြည်းဖြည်းချင်း ရှေ့သို့ဆက်သွားနေသည်။

ခြေလှမ်း တစ်ရာခန့်သွားပြီးသောအခါ ရန်မင်းက ရုတ်တရက် "ယား..." ဟုအော်ကာ မြင်းအားကန်လိုက်သည်။

နှစ်ပေါင်းများစွာ အတူစီးနင်းခဲ့သောကြောင့် မြင်းကလည်း သိနားလည်စွာဖြင့် ရှေ့သို့အရှိန်အ ဟုန်ဖြင့် ပြေးတော့သည်။

တမုဟုချင်းမှာပင် လေဟုန်ကိုစီးနေရသကဲ့သို့ ဖြစ်သွားတော့သည်။

ရန်မင်း၏ရုတ်တရက် အပြုအမူကြောင့် ဘေးပတ်ဝန်းကျင်ရှိ ချုံပုတ်များထဲမှ အလျင်အမြန်အော်ဟစ်သံများထွက်ပေါ်လာသည်။

"သူ့ကိုတားစမ်း...သူ့ကိုတားကြစမ်း..."

ထိုအသံမှာ ဟူလူမျိုးတို့၏လေသံနှင့်တူ၍ အထူးသဖြင့် ရှန်းပေမျိုးနွယ်များ၏လေသံနှင့် အလွန်ဆင်တူနေသည်။

အော်ဟစ်သံများကြားတွင် ချုံပုတ်များထဲမှ လူတစ်ရာထက်မနည်းသော မြှားသမားများပေါ်ထွက်လာကာ မြှားများအဆင်သင့်တပ်ဆင်ထားသည့် လေးများကို မြှောက်၍ ချိန်ရွယ်လိုက်ကြသည်။

ဝှစ် ဝှစ်...

လေတိုးသံနှင့်အတူ မြှားများစွာက ရန်မင်းနှင့် ချန်ရုံတို့အပေါ်သို့ ရွာကျလာကြတော့သည်။

ထိုအချိန်တွင် ချန်ရုံသည် တစ်စုံတစ်ခုကိုအမှတ်ရသွား၍ ရန်မင်း၏ရင်ခွင်ထဲမှ ရုန်းထွက်လိုက်သည်။ ထို့နောက် ပြင်ပမှ အပြာရောင်ဝတ်ရုံကို ဆွဲချွတ်လိုက်၍ ရန်‌မင်းအား ကမ်းပေးကာပြောလိုက်သည်။

"တပ်မှူး...ဒါကိုသုံးလိုက်..."

ရန်မင်းက ရယ်လိုက်သည်။ ထို့နောက် ဘယ်ဘက်လက်ဖြင့် မြင်းဇက်ကြိုးကိုထိန်းကိုင်ထားကာ ညာဘက်လက်ဖြင့် ဝတ်ရုံကို ဝှေ့ယမ်းလိုက်သည်။

ပွင့်နေသော ရွက်ဖျင်တဲကဲ့သို့ လေထဲ၌ တဖျတ်ဖျတ်လွင့်နေသော ဝတ်ရုံသည် ပြုတ်ကျလာသောမြှားများကို ကာပေးထားသကဲ့သို့ဖြစ်နေတော့သည်။

ရန်မင်းသည် အလွန်ပင် စွမ်းအားထက်မြက်လှသောကြောင့် သစ်ရွက်များနှင့် ပန်းပွင့်များကိုပင် လက်နက်ကဲ့သို့ အသုံးပြုနိုင်သူဖြစ်သည်။ ယခုလည်း ဝတ်ရုံကို နှစ်ချက်မျှ ဝှေ့ယမ်းလိုက်ရုံဖြင့် မြှားများကို ကာကွယ်ပြီးသားဖြစ်သွားသည်။

ထို့ကြောင့်ပင် မြှားများသည် အလွန်များပြား၍ အလွန်ချွန်ထက်နေပါစေ၊ ရန်မင်း၏လက်တစ်ချက်အလှုပ်၌ ပြုတ်ကျသွားကြသည်သာဖြစ်သည်။

ထိုအချိန်၌ ရန်မင်း၏မြင်းကြီးကလည်း လေနှင့် အလင်းကဲ့သို့ ရှေ့သို့ အရှိန်အဟုန်အပြည့်ဖြင့် သွားနေဆဲဖြစ်သည်။

နာရီဝက်ခန့်ပင်မကြာခင်မှာပင် ချန်ရုံတို့သည် တည်ငြိမ်သောနေရာသို့ရောက်၍ ချုံခိုတိုက်ခိုက်မည့် နေရာအဝန်းအဝိုင်းကို တဖြည်းဖြည်းကျော်ဖြတ်နေပြီဖြစ်သည်။

ချုံခိုတိုက်ခိုက်ကြသည့် ဟူလူမျိုးများကတော့ အလွန်ပင် မခံချိမခံသာဖြစ်နေကြသည်။

"အသုံးကိုမကျကြဘူး..."
တစ်ယောက်က အော်ပြောလိုက်သည်။

"မင်းတို့ လူတွေက အများကြီးရှိနေပြီးတော့ မိန်းမတစ်ယောက်ကိုသယ်ထားတဲ့ ရန်မင်းကိုတောင် ထိအောင်မပစ်နိုင်ဘူး...ပစ်လေ...ထိအောင်ပစ်ကြလေ..."

အဆက်မပြတ်အော်ဟစ်နေသံများနှင့် ရွာချနေသော မြှားမိုးကြားတွင် ဝှေ့ယမ်းနေသောဝတ်ရုံစသည် ချန်ရုံတို့အား လုံခြုံစွာ ကာကွယ်ပေးထားလေသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မြင်းကြီးသည် မြှားမိုးများရွာနေသောနေရာကိုကျော်လွန်သွားတော့သည်။ လေချွန်သံနှင့်အတူ ရာချီသော ဟူလူမျိုးများက မြက်ခင်းများကြားမှ ခုန်ထွက်လာကာ ရန်မင်း၏နောက်သို့ လိုက်လာကြတော့သည်။

တစ်ချန်တည်းမှာပင် ရန်မင်းက ကောင်းကင်သို့မော့၍ အော်ရယ်လိုက်လေသည်။

ထို့နောက် ဟူလူမျိုးများရှိရာ အနောက်သို့လှည့်၍ အော်ပြောလိုက်သည်။

"မင်းတို့ကို ငါက လက်ဆောင်ပြန်မပေးရင် ရိုင်းရာကျနေဦးမယ်...မူရုံလူ...ပြန်ရောက်ရင် မူရုံခယ်ကိုပြောလိုက်...သူ့ရဲ့လည်ပင်းကိုဆေးကြောထားပြီး နန်ယန်မြို့ပြင်မှာ ငါ့ကိုစောင့်နေပါလို့..."

ထို့နောက် ရန်မင်းသည် ကောင်းကင်သို့မော့၍ ရယ်လိုက်ပြန်သည်။

ရယ်သံကြားတွင် ရန်မင်းနှင့် ချန်ရုံတို့သည် ဟူလူမျိုးများကြားမှ ထိုးဖောက်ထွက်၍ ဖုန်လုံးများကြားတွင် ည၏အရိပ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

ရန်မင်းနောက်သို့လိုက်နေရင်းဖြင့် သူတို့သည် မည်သို့မှ လိုက်မှီတော့မည်မဟုတ်သည်ကို ဟူလူမျိုးများ သိသွားကြသည်။ သူတို့သည် ရပ်၍ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြသည်။ ချက်ချင်းဆိုသလိုပင် မူရုံလူက အော်လိုက်သည်။

"စောက်ရူးတွေ...လူတွေအရမ်းများနေရင် ရှီမင်းက သံသယဝင်နိုင်တယ်လို့ငါ‌ပြောပေမယ့် မင်းတို့က လူထောင်ပေါင်းများစွာခေါ်လာရင် ရန်မင်း လွတ်အောင်မပြေးနိုင်ပါဘူးဆို..."

မူရူံလူသည်ပြောရင်းဖြင့် ဒဏ်ရာများရနေသော ဟန်လူမျိုးပညာရှိတစ်ဦးအား ကြာပွတ်ဖြင့် ရိုက်ချလိုက်လေသည်။

မိုင်အနည်းငယ်အကွာတွင် ရန်မင်းက သူ၏မြင်းကြီးအား ရပ်ခိုင်းလိုက်သည်။

ထို့နောက်မြင်းပေါ်မှဆင်း၍ ချန်ရုံ့အား လက်ကမ်းပေးလိုက်သည်။

"အောက်ကိုဆင်းခဲ့..."

ရန်မင်းက သူ၏မြင်းအား အနားယူစေချင်သည်ကို သိသောကြောင့် ချန်ရုံလည်း ပြောသည့်အတိုင်း မြင်းပေါ်မှ အမြန်ဆင်းလိုက်သည်။

ချန်ရုံက တစ်ဖက်သို့လှည့်၍ ရှင်းလင်းနေသောနေရာသို့ ခုန်ချမည်လုပ်နေစဉ်မှာပင် ရန်မင်းက မျက်မှောင်ကျုံ့၍ ခြေတစ်လှမ်းရွှေ့လိုက်ရာ ချန်ရုံက ရန်မင်း၏ရင်ခွင်ထဲသို့ ခုန်ဝင်မိလျက်သားဖြစ်သွားသည်။

ဘုန်း...
ချန်ရုံ၏နှာခေါင်းသည် ရန်မင်း၏သံချပ်ကာနှင့် ပြင်းထန်စွာဆောင့်မိသွားသောကြောင့် ချန်ရုံသည် နာလွန်း၍ မျက်ရည်များပင်ကျမတတ်ဖြစ်သွားသည်။

ရန်မင်းကတော့ ဘာမှသတိမထားမိပေ။ ရန်မင်းသည် ချန်ရုံ့အား ပွေ့ဖက်၍ ချန်ရုံ၏ရှည်လျားသော ဆံပင်များကို ပွတ်သပ်ကာ နူးညံ့စွာခေါ်လိုက်သည်။
"အားရုံ..."


"ဟုတ်ကဲ့..."

"မင်း ဘာဖြစ်လို့ ငါတစ်ယောက်တည်းပဲ ထွက်ပြေးဖို့ ပြောခဲ့တာလဲ...မင်း သေရမှာကိုမကြောက်ဘူးလား..."



အချိန်အတော်ကြာသည်အထိ ချန်ရုံ့ထံမှ အဖြေထွက်မလာသောအခါ ရန်မင်းသည် မနေနိုင်တော့ပဲ အောက်သို့ငုံ့၍ ချန်ရုံ့အား စိတ်မရှည်သကဲ့သို့ကြည့်လိုက်သည်။

ကြယ်ရောင်အောက်တွင် ချန်ရုံ၏အပြုံးသည် ဖျော့တော့နေကာ ထူးလည်း ထူးဆန်းနေသည်။

ချန်ရုံက တုန်လှုပ်စွာတွေးနေမိသည်။

ဒါတွေကို ငါရင်းနှီးနေတယ်...ဒါ အတိတ်ဘဝတုန်းက ရန်မင်းက သူ့အပေါ် ချစ်မြတ်နိုးသွားအောင် အားဝေ့သုံးခဲ့တဲ့ နည်းလမ်းပဲ...အဲဒီတုန်းကရော ရန်မင်းက အားဝေ့ကို ဒီလိုမေးခွန်းတွေပဲ မေးခဲ့တာများလား...

ထို့နောက်တွင်မှ ချန်ရုံသည် အသိပြန်ဝင်လာကာ ခေါင်းကိုငုံ့လိုက်သည်။

ချန်ရုံသည် သူမကိုယ်သူမပင် သတိမထားလိုက်မိပဲ ရန်မင်းအား တွန်းဖယ်ကာ တိတိတဆိတ်ပြောလိုက်သည်။

"အရှင်က အရှင့်ဘာသာ ကျွန်မဆီကို လာခဲ့တာမဟုတ်လား...ကျွန်မက မိန်းမသားပေမယ့် ကျွန်မအတွက်ကြောင့်နဲ့တော့ အရှင့်ကို မထိခိုက်စေချင်လို့ပါ..."

ချန်ရုံက အချိန်ကြာမြင့်စွာစဉ်းစားပြီးမှ အရိုးသားဆုံးနှင့် ခံစားချက်ကိုမဖော်ပြစေနိုင်မည့်အဖြေကိုပေးလိုက်သည်။

ရန်မင်းက ချန်ရုံ့ဘက်သို့ လှည့်လိုက်သည်။

ခဏအကြာမှ ရန်မင်းက မေးလိုက်သည်။
"မိန်းကလေး မင်း ငါ့ကို ‌ဒေါသထွက်နေပြန်ပြီလား..."

ချန်ရုံက ခေါင်းကို အမြန်ခါရမ်းလိုက်သည်။
"မထွက်ပါဘူး..."

ရန်မင်းကို ဒေါသထွက်နေသည်တဲ့လား။ မဟုတ်ပါ။ ချန်ရုံ‌ဒေါသထွက်သည့်လူမှာ သူမကိုယ်တိုင်သာဖြစ်သည်။ ချန်ရုံ ပြန်လည်မွေးဖွားလာစဉ်က ချန်ရုံသည် ရန်မင်းအား သူမ‌အပေါ် ချစ်နှစ်သက်လာအောင်လုပ်ပြီးမှ ချန်ရုံခံစားခဲ့ရသကဲ့သို့ ပြန်ခံစားရအောင်လုပ်‌၍ လက်စားချေမည်ဟု စဉ်းစားခဲ့သည်။

သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ထိုကိစ္စကို ချန်ရုံ စိတ်အားမထက်သန်တော့ချေ။

ချန်ရုံသည် ရန်မင်းအားတွန်းဖယ်၍ ရှေ့သို့လျှောက်လာလိုက်သည်။

ရှေ့တူရူ၌ရှိနေသော ကျယ်ပြန့်၍ ကြယ်များဖြင့် ပြည့်နေသော ကောင်းကင်ကို ကြည့်၍ အရာအားလုံးသည် အကြီးအကျယ်ပင်ပြောင်းလဲကုန်ကြပြီဖြစ်သည်ကို ပထမဆုံးအကြိမ်အဖြစ် ချန်ရုံစဉ်းစားမိသွားသည်။ ချန်ရုံ၏လက်စားချေမည့်ကိစ္စသည်လည်း ယခုအချိန်တွင် ချန်ရုံ့အတွက် အရေးမပါတော့ချေ။ ချန်ရုံသည် ဝမ်ဟုန့်အတွက် စိတ်မပူမိသည်မှာလည်း ချန်ရုံ့အနေဖြင့် သူ့ကို မကူညီပေးနိုင်မှန်း ချန်ရုံ့ဘာသာ သိနေသောကြောင့်ဖြစ်သည်။ ထို့အပြင် ဝမ်ဟုန်တစ်ခုခုဖြစ်ခဲ့ပါကလည်း အခြားအမျိုးသားတစ်ဦးနှင့်သာ လိုက်ပါတော့မည်ဟု ယခုအချိန်မှပင် ချန်ရုံ ဆုံးဖြတ်ချက်ချလိုက်နိုင်လေသည်။ ဘဝသည် နဂိုတည်းကပင် ခက်ခဲလှသည်မဟုတ်ပါလား။ ထို့ကြောင့် ထိုအမျိုးသားနှင့်အတူ ချန်ရုံ့ကို မည်သူမျှမသိနိုင်သည့် နေရာတစ်နေရာဆီသို့သာ လိုက်ပါသွားချင်မိတော့သည်။

ထိုအတွေးသည် ချန်ရုံ့ခေါင်းထဲ၌ အလိုအလျောက်ပေါ်လာသည်ဖြစ်၍ ထိုသို့တွေးနေရင်းဖြင့် ချန်ရုံသည် လွတ်လပ်ပေါ့ပါးသွားသကဲ့သို့ ခံစားလိုက်ရသည်။

နောက်ဆုံးတွင်တော့ ဘဝတစ်ခုလုံး ဤအမျိုးသားအား နာကျင်မှုများကြားထဲမှ ချစ်ခင်ခဲ့ရ၍ ယခုဘဝ၌လည်း ချန်ရုံ၏မှတ်ဉာဏ်များကိုအသုံးချ၍ တဖြည်းဖြည်းနှင့် ချန်ရုံ့အပေါ် ချစ်ကျွမ်းဝင်လာအောင်လုပ်ပြီးသည့်အခါမှ၊ ချန်ရုံလိုချင်သည့် လက်စားချေမှုက ဆံချည်တစ်မျှင်စာလောက်သာ ဝေးကွာတော့သည့်အခါမှ ချန်ရုံ၏ခေါင်းထဲမှ ထိုင်းမှိုင်းစေသောမြူများကွယ်ပျောက်သွား၍ ချန်ရုံသည် ထိုကိစ္စကို စွန့်လွှတ်လိုက်နိုင်သွားပြီဖြစ်ကြောင်း သိလာရတော့သည်။ ချန်ရုံသည် ဝမ်ဟုန် ဟူသောအမျိုးသားကိုသာ အလွန်တရာ ချစ်ခင်မြတ်နိုးမိသွားပြီဖြစ်သည်။


Xxxx