အပိုင်း ၁၃၉
Viewers 16k

Chapter 139


အရာရာသည် ရယ်စရာကောင်းလွန်းလှသည်။ ချန်ရုံသည် လုပ်နိုင်သမျှအရာတိုင်းကို လုပ်ခဲ့သည်။ သိသမျှနည်းလမ်းတိုင်းကို အသုံးချခဲ့သည်။ သူမကိုယ်သူမပင် မီးရှို့၍ သတ်သေခဲ့သည်။ ယခုဘဝတွင် သူမ လိုချင်လွန်းလှသည့် လက်စားချေမှုကို သေချာလုပ်ရန် တုံ့ဆိုင်းနေမိဆဲမှာပင် ချန်ရုံလိုချင်သမျှကို ရရှိခဲ့ရပေပြီ။ အနက်ရှိုင်းဆုံးသောမှတ်ဉာဏ်များအပါအဝင် ပိုင်ဆိုင်မှုများအားလုံး အချိန်နှင့်အတူ မှေးမှိန်ပျောက်ကွယ်သွားမည်မှာ သဘာဝပင်ဖြစ်သည်။ ဤလောက၌ ထာဝရ ဆိုသည်မှာ မရှိပါချေ။

ထိုအချိန်၌ ချန်ရုံသည် သူမ၏လက်ကို တစ်စုံတစ်ခုက လာထိသည်ကို ခံစားလိုက်ရသည်။

ရန်မင်းက ချန်ရုံ၏လက်အား လှမ်းကိုင်လိုက်ခြင်းဖြစ်သည်။

ရန်မင်းသည် ချန်ရုံ့အား အနားသို့ ဆွဲလိုက်၍ ချန်ရုံ၏မျက်နှာကို သေချာကြည့်လိုက်သည်။ အချိန်အတော်ကြာကြည့်ပြီးသောအခါမှ စိတ်မရှည်သကဲ့သို့ မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် ချန်ရုံ့အား မအော်ပဲ မြင်းဆီသို့သာ ဆွဲခေါ်သွားလေသည်။

"နောက်ကျနေပြီ...သွားကြမယ်..."

လက ကောင်းကင်၏အလယ်ဗဟိုသို့ ရောက်လာချိန်တွင် ချန်ရုံတို့သည် စစ်တပ်အား လိုက်၍မှီသွားပြီဖြစ်သည်။

ရန်မင်းက ချန်ရုံ့အား စစ်သည်တစ်ယောက်၏လက်ထဲထည့်လိုက်ပြီးသောအခါ မီးများထိန်လင်းစွာထွန်းထားသည့် သူ၏ ယာယီတဲဆီသို့ မြင်းကို စီးသွားလေသည်။

ချန်ရုံက ရန်မင်းအား တစ်ချက်လှမ်းကြည့်လိုက်ပြီးမှ သူမ၏ တဲဆီသို့ လျှောက်လာလိုက်သည်။

တဲနှင့် အနည်းငယ်ကွာဝေးသည့်နေရာသို့ရောက်သည့်အချိန်မှာပဲ အထိန်းတော်ဖျင်က အမောတကောပြေးလာလေသည်။ အထိန်းတော်ဖျင်သည် ချန်ရုံ၏ဝတ်ရုံကိုကိုင်၍ တုန်ယင်စွာ ပြောလိုက်သည်။

"မမလေး...ဘာဖြစ်လို့ အခုမှပြန်လာရတာပါလဲ..."

ချန်ရုံက ခေါင်းကိုသာခါလိုက်၍ ဘာမှပြန်မပြောလိုက်ချေ။

ထို့နောက် နှစ်ယောက်သား တဲဆီသို့လျှောက်လာလိုက်ကြသည်။

အထိန်းတော်ဖျင်က ဖယောင်းတိုင်များကို မီးညှိ၍ ချန်ရုံ့အားကြည့်နေသည်။

ချန်ရုံ၏မျက်နှာမှ အပြုံးကိုမြင်သောအခါ ဘာမှမသိသည့်အသံဖြင့်မေးလိုက်သည်။

"မမလေး...ကောင်းတဲ့အရာတစ်ခုခုဖြစ်ခဲ့လို့လား..."
ချန်ရုံ၏အပြုံးသည် ယခုကဲ့သို့သောအခြေအနေ၌ ထွက်ပေါ်မလာသင့်သော အလွန်စိတ်ကြည်ရွှင်နေသည့် အပြုံးဖြစ်သည်။

ချန်ရုံက အထိန်းတော်ဖျင်အား‌ မော့ကြည့်၍ ပြုံးလိုက်ပြန်သည်။

"မဖြစ်ပါဘူး...ကျွန်မကိစ္စတချို့ကို ရှင်းရှင်းလင်း လင်းသိသွားရလိုပါ..."

အထိန်းတော်ဖျင်က ချန်ရုံ၏ညောင်စောင်းနားသို့လျှောက်လာကာ မေးလိုက်ပြန်သည်။
"ဘာတွေကို ရှင်းရှင်းလင်းလင်းသိသွားရတာလဲ မမလေး..."

ချန်ရုံက ဝိုင်အရက်ခွက်ကိုယူ၍ ဖြည်းညှင်းစွာ တစ်ငုံစုပ်သောက်ကာ အေးအေးဆေးဆေးပင်ပြန်ပြောလိုက်သည်။

"အသက်ရှင်နေသည်ဖြစ်စေ သေနေသည်ဖြစ်စေ ကိုယ့်ဘဝထဲမှာ အမှတ်ရထိုက်တဲ့လူတစ်ယောက်ရှိနေရရင် ဘဝက‌နေပျော်ပြီလေ..."

ချန်ရုံက ခွက်ကိုမြှောက်၍တစ်ငုံထပ်သောက်လိုက်ပြီးမှ လှောင်ပြောင်သည့်လေသံဖြင့် ပြောလိုက်သည်။

"နောက်ဆုံးတော့ ကျွန်မ သူနဲ့ အဆင်ပြေပြေနေနိုင်တော့မယ်ထင်ပါတယ်..."

ထို့နောက် ချန်ရုံသည် ထပ်ပြောရန် စိတ်မရှည်နိုင်တော့သော‌ကြောင့် လက်ကိုဝှေ့ယမ်း၍ အမိန့်ပေးလိုက်သည်။

"ရေရနိုင်မလားလို့ သွားရှာခဲ့ပေးပါ...ကျွန်မရေချိုးချင်လို့..."

"ဟုတ်ကဲ့...ဟုတ်ကဲ့..."

ထိုည၌ ချန်ရုံသည် အလွန်ပင်နှစ်ခြိုက်စွာ အိပ်မောကျသွားခဲ့သည်။

နောက်တစ်နေ့၌ ရန်မင်း၏အစီအစဉ်များပြောင်းသွားသည်ကို ချန်ရုံသတိထားလိုက်မိသည်။ စစ်သည်များက သွားသည့်အရှိန်နှေးသွား၍ အထောက်တော်များကိုလည်း နေရာအနှံ့ပို့လွှတ်ထားကာ အကြံပေးများကလည်း ရန်မင်း၏တဲထဲသို့ ဝင်ထွက်သွားလာလျက်ရှိသည်။ ရန်မင်းသည်လည်း သူ၏အစီအစဉ်အရ စိတ်ဝင်စားဖွယ်တစ်စုံတစ်ခုဖြစ်လာတော့မည်ကိုစောင့်နေသည့်အလား တည်တည်ငြိမ်ငြိမ်ရှိနေသည်။

ချုံခိုတိုက်ခိုက်မှုကြောင့် ရန်မင်း၏စိတ်များပြောင်းသွားလေသလား။ ရန်မင်းသည် လောယန်သို့မသွားတော့ပဲ ဤနေရာ၌သာနေ၍ မူရုံခယ်နှင့် ဝမ်ဟုန်တို့၏ ရန်ပွဲကြား၌ ဝင်ပါတော့မည်လေလား။

နေ့လယ်ခင်းတွင် အထိန်းတော်ဖျင်က လင်ဗန်းတစ်ချပ်ကိုကိုင်၍ တဲထဲသို့ဝင်လာကာ ချန်ရုံ့အား ခေါ်လိုက်သည်။

"မမလေး...မမလေး..."

"ဘာလဲ..."

အထိန်းတော်ကြီးသည် ချန်ရုံ့ရှေ့သို့ရောက်လာ၍ လင်ဗန်းကိုချကာ ဖုံးအုပ်ထားသော အဝတ်စကိုဖယ်ပြ၍ မသက်မသာပြုံးကာပြောလိုက်သည်။


"မထူးဆန်းဘူးလား...တပ်မှူးက မမလေးဖို့ ယောင်္ကျားလေးဝတ်စုံ နှစ်စုံပေးလိုက်တယ်...ဘာဖြစ်လို့လဲမသိဘူးနော်..."

ချန်ရုံကလည်း စိတ်ဝင်စားစွာဖြင့် ညောင်စောင်းပေါ်မှ ဆင်း၍ အဝတ်အစားများကို ကိုင်ကြည့်လိုက်သည်။

"အို ဒါ တကယ်ပဲ ယောင်္ကျားလေးဝတ်စုံတွေပဲ..."
ထို့နောက်တွင်မှ ချန်ရုံ နားလည်သွားသည်။

"ဒါက စစ်စခန်းဆိုတော့ ကျွန်မက ယောင်္ကျားလေးလိုဝတ်စားပြီး သွားလာတာ ပိုကောင်းမယ်မဟုတ်လား..."

ထိုအခါမှသာ အထိန်းတော်ဖျင်သည်လည်း ခေါင်းတဆတ်ဆတ်ငြှိမ့်လိုက်သည်။

"မမလေးပြောတာ ဟုတ်ပါလိမ့်မယ်..."

ရန်မင်း၏ဆန္ဒကို နားလည်သွားသောကြောင့် ချန်ရုံသည် အပြာနုရောင်ဝတ်စုံကိုလဲဝတ်လိုက်သည်။ ခဏကြာစဉ်းစားပြီးမှ ဦးထုပ်ကို‌ပါဆောင်းလိုက်၍ ရန်မင်း၏တဲဆီသို့ လျှောက်သွားလိုက်တော့သည်။

မကြာခင်မှာပင် ချန်ရုံသည် ရန်မင်း၏‌တဲရှေ့သို့ ရောက်သွားလေသည်။ တဲထဲမှ အကြံပေးတစ်ဦးထွက်လာ၍ ချန်ရုံ့ကိုမြင်သောအခါ အံ့ဩသွားဟန်ပေါက်သွားသည်။ ထို့နောက်တွင်မှ တစ်စုံတစ်ရာကို စဉ်းစားမိသွားဟန်ဖြင့် ချန်ရုံ့အား အရိုအသေပေးကာ ထွက်သွားတော့သည်။

ချန်ရုံသည် ထိုအပြုအမူကို နားမလည်နိုင်ဖြစ်သွားသည်။

ချန်ရုံက ထိုထွက်သွားသောပညာရှိကို လှမ်းကြည့်နေမိဆဲမှာပင် တဲထဲမှ အခြားအကြံပေးတစ်ယောက် ထွက်လာပြန်သည်။ ထိုအကြံပေးသည်လည်း ချန်ရုံ့ကိုမြင်သောအခါ အရိုအသေပေးလိုက်ပြီးမှ ထွက်ခွာသွားလေသည်။

ရန်မင်းက ထိုလူများအား တစ်စုံတစ်ခုပြောထား၍ဖြစ်မည်ဟု ချန်ရုံတွေးလိုက်သည်။ ထိုအကြံပေးများက ချန်ရုံ့အား အရိုအသေပေးသွားကြပုံကိုထောက်လျှင် ချန်ရုံ့အား ရန်မင်း၏ဇနီးမယားအဖြစ် မြင်နေကြပုံပေါက်နေတော့သည်။

ချန်ရုံသည် ဤဘဝ၌ ပျော်ရွှင်မှုကို မရှာဖွေနိုင်တော့သော်လည်း သူမအားလက်ခံသည့် မိသားစုတစ်ခုကိုတော့ ချန်ရုံပိုင်ဆိုင်လိုက်ရပြီထင်သည်။

ချန်ရုံသည် တဲထဲသို့ ဝင်သွားလိုက်သည်။

အထဲ၌ ရန်မင်းသာရှိနေသည်။ စားပွဲရှေ့၌ထိုင်၍ စာများရေးနေသောရန်မင်းကို ကြည့်၍ ချန်ရုံ၏ စိတ်ဆုံးဖြတ်ထားသော ခြေလှမ်းများသည် တစ်လှမ်းပြီးတစ်လှမ်း အားလျော့သွားကြသည်။

သို့သော်လည်း ချန်ရုံ ခြေနှစ်လှမ်းသာလှမ်းရသေးချိန်တွင် ရန်မင်းက စကားစပြောလိုက်သည်။
"အားရုံ..."

"ဟုတ်ကဲ့..."

ချန်ရုံက အရိုအသေပေးလိုက်သည်။

"အခုကစပြီး မင်းငါ့နားမှာပဲ အမြဲနေရမယ်...ငါမပါပဲ ဘယ်နေရာကိုမှ ခြေတစ်လှမ်းတောင်မသွားရဘူး..."

ရန်မင်းက အမိန့်ပေးလိုက်သည်။

အချိန်အတော်ကြာသည်အထိ ချန်ရုံ့ထံမှ ဘာသံမှထွက်မလာချေ။

ထို့ကြောင့် ရန်မင်းက မော့ကြည့်လိုက်သည်။

နှုတ်ဆိတ်နေသော ချန်ရုံ့ကိုလှမ်းကြည့်၍ ရန်မင်းသည် လက်များကို ဒူးခေါင်းပေါ်သို့တင်၍ ရှေ့သို့တိုးကာ အလေးအနက်ပြောလိုက်သည်။

"စစ်စခန်းကဘဝဆိုတာ ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ် သေခြင်းတရားနဲ့ အမြဲနီးကပ်နေတာ...ဘာဖြစ်လို့ အဲဒီလောက်တောင် အတွေးများနေရတာလဲ...စိတ်မပူပါနဲ့...ငါမင်းကို ရာထူးတစ်ခုခုပေးမှာပါ..."

ရန်မင်း၏အလုပ်များသည် နေ့ရော ညပါမနားပဲ လုပ်နေရသည်ကို ရန်မင်းရော ချန်ရုံပါ သိသည်။ ထို့ကြောင့် ရန်မင်း၏အဆိုအတိုင်းဆိုလျှင် ချန်ရုံသည် ရန်မင်းနားမှမခွာပဲ ညများတွင်လည်း ရန်မင်းနှင့်သာ အတူနေနေရမည့်ပုံပေါ်နေလေသည်။

ထို့ကြောင့် တရားဝင်ထိမ်းမြားလက်ထပ်ခြင်းမပြုရသေးသော အထက်တန်းလွှာမိန်းမပျိုတစ်ဦးအနေဖြင့် ချန်ရုံသည် လုံးဝသဘောမတူနိုင်ချေ။ ရန်မင်းကတော့ ချန်ရုံ့အား နှစ်သိမ့်သလိုပြောလိုက်သော်လည်း ချန်ရုံကတော့ စိတ်မအေးနိုင်ပေ။

ချန်ရုံတိတ်ဆိတ်နေသည်ကို မြင်သောအခါ ရန်မင်းက မျက်မှောင်ကြုတ်လိုက်သည်။

"ဘာတွေ တွန့်ဆုတ်နေတာလဲ..."

ရန်မင်းသည် စကားတစ်ခွန်းကို အလွန်အလေး ထားမှန်းချန်ရုံသိသည်။ ကတိတစ်ခုပေးလိုက်ပြီဆိုလျှင် မရမကပင်တည်အောင်ကြိုးစားတတ်သည်။ သို့သော်လည်း ချန်ရုံသည် သူမ လက်မထပ်ရသေးသောအမျိုးသားတစ်ယောက်နှင့် နေ့ရော ညပါ အချိန်ဖြုန်းရန် ကိုယ့်ကိုယ်ကိုယ် နားချမရဖြစ်နေသည်။

ရှက်သွေးဖြန်းနေသောမျက်နှာဖြင့် ချန်ရုံသည် နှုတ်ခမ်းများကိုကိုက်လိုက်သည်။ ချန်ရုံ မည်သို့ စကားပြောရမည်ကို ကြံနေဆဲမှာပင် အပြင်မှ ခြေသံများထွက်ပေါ်လာသည်။

မကြာမီမှာပင် အပေါက်ဝ၌ အကြံပေးတစ်ဦး ပေါ်လာသည်။

ချန်ရုံက အလျင်အမြန်ပင် အရိုအသေပေးလိုက်၍ အခန်းထောင့်သို့ သွားနေနေလိုက်သည်။

အကြံပေးက ချန်ရုံ့အား တစ်ချက်လှမ်းကြည့်လိုက်သည်။ အခြေအနေကို ရိပ်မိလိုက်သော်လည်း အကြံပေးသည် ဂရုမစိုက်ပဲ ရန်မင်းဘက်သို့သာလှည့်၍ သတင်းပေးလိုက်သည်။

"တပ်မှူး...မူရုံခယ်ဘက်က စပြီး လှုပ်ရှားလာပါတယ်..."

ရန်မင်းက လက်များကို ဒူးပေါ်သို့တင်၍ ရှေသို့ကုန်းကာမေးလိုက်သည်။

"ဝမ်ဟုန်ကရော..."

ဝမ်ဟုန်၏အမည်ကိုကြားသောအခါ ချန်ရုံက မော့ကြည့်လိုက်သည်။

အကြံပေးက ခေါင်းခါ၍ မျက်မှောင်ကြုတ်ကာပြောလိုက်သည်။

"ထူးဆန်းတာက လန်ယာရဲ့ဝမ်အိမ်တော်ဘက်က နည်းနည်းလေးတောင်မလှုပ်ရှားသေးတာပါပဲ..."

ထို့နောက် အကြံပေးက နားမလည်သကဲ့သို့ ဆက်ပြောလိုက်သည်။

"ဝမ်ချီလန်က နန်ယန်မှာရှိနေတယ်လို့သာ မသိထားရင် သူထွက်ပြေးသွားပြီလို့ပဲ ကျွန်ုပ် ထင်မိမှာပဲ..."

ရန်မင်းကပြုံးလိုက်သည်။

"ဝမ်ဟုန်က ငယ်ရွယ်ပေမယ့် ထက်မြက်တဲ့လူငယ်ပါပဲ..."

ထို့နောက် အနောက်သို့မှီကာ ဆက်ပြောလိုက်သည်။

"ငါလည်း ဒီပြိုင်ပွဲကို ကြည့်ဖို့မျှော်လင့်နေမိတယ်...ငါ့ရဲ့လူတွေအားလုံး ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် သူတို့ရဲ့မျက်စိရှေ့မှာ လူလုံးထွက်ပြလို့မရဘူးလို့ အမိန့်ချလိုက်ပါ...ငါတို့ရှိနေတယ်ဆိုတာ သူတို့ လုံးဝသိလို့မရဘူး..."

"ဟုတ်ကဲ့..."

"နန်ယန်က အခြေအနေတွေကရော ဘယ်လိုလဲ..."

အကြံပေးက လှောင်ရယ်ရယ်လိုက်သည်။

"အရင်လို ကြောက်လန့်ပြီး ပရမ်းပတာဖြစ်နေကြတုန်းပါပဲ...ဒီရက်ပိုင်းမှာ နန်ယန်မင်းသားတောင် ကိုယ်အလေးချိန် တစ်ဝက်လောက်လျော့သွားတယ်လို့ပြောနေကြတယ် ...ဆံပင်တွေလည်း တစ်ဝက်လောက်ဖြူကုန်ပြီတဲ့လေ..."

ပြောရင်းဖြင့် အကြံပေးက ပျော်ရွှင်စွာပြုံးလိုက်သည်။

ရန်မင်းက ခေါင်းငြှိမ့်လိုက်သည်။ ထို့နောက် ပိုးပေလွှာကိုငုံ့ကြည့်ကာ မေးလိုက်သည်။

"တခြားမျိုးနွယ်စုတွေရော...သူတို့တွေရော ဘာတွေလုပ်နေကြလဲ..."

"ဟူလူမျိုးတွေက အနောက်ဘက်နဲ့ မြောက်ဘက်တွေကနေ ဒီကိုလာနေကြပါတယ်...အရှေ့ပိုင်းမှာလည်း သူတို့ကို မြင်လိုက်ကြတဲ့လူတွေရှိပါတယ်..."

"ဒီကိုလာနေတဲ့လူတွေအားလုံးကို တားလိုက်...ဟား...မူရုံမိသားစုကလူတွေက လူကြောက်တွေပဲ...သူတို့က ဝမ်ချီလန်ကို အတိအလင်း စစ်ကြေငြာထားတဲ့အတွက် တစ်ယောက်ယောက်အနိုင်ရတဲ့အထိ တစ်ယောက်ချင်းပဲ တိုက်ခိုက်သင့်တယ်လေ..."

အကြံပေးကလည်း အော်ရယ်လိုက်သည်။ ထို့နောက် ရန်မင်းအား လေးစားအားကျစွာကြည့်၍ ပြောလိုက်သည်။

"တခြားလူတွေ ဒီကိုလာပြီး နှောင့်ယှက်မှာ တပ်မှူးမလိုလားဘူးပေါ့...ဟားဟားဟား...ကောင်းပါပြီ...ကျွန်ုပ်ကို သွားခွင့်ပြုပါဦး တပ်မှူး..."

အပြောနှင့်အလုပ်ညီသူဖြစ်သည့်အလျောက် အကြံပေးသည်ပြောပြီးသောအခါ ချက်ချင်းပင်လှည့်ထွက်သွားတော့သည်။

သို့သော် ခြေလှမ်းအနည်းငယ်လှမ်းပြီးသောအခါ အကြံပေးက ရပ်လိုက်၍ ချန်ရုံ့အား လှည့်ကြည့်လိုက်သည်။

အပြာရောင်အမျိုးသားဝတ်စုံကိုဝတ်၍ အခန်းထောင့်၌ တိတ်ဆိတ်စွာထိုင်နေသောာချန်ရုံ့ကိုမြင်သောအခါ အကြံပေးကခေါင်းငြှိမ့်၍ ရန်မင်းအားပြောလိုက်သည်။

"ဒီမိန်းကလေးက ယဉ်ကျေးမှုတွေ ဓလေ့ထုံးတမ်းတွေကို သိပ်ပြီး ခေါင်းထဲမထည့်ဘူးပဲ...တပ်မှူးက ကံကောင်းလိုက်တာ ဟားဟား..."

ထို့နောက် ရန်မင်းပြန်ပြောသည်ကို မစောင့်တော့ပဲ အပြင်သို့ အမြန်ထွက်သွားတော့သည်။

ရန်မင်းကတော့ စာအုပ်များထဲသို့သာ မျက်နှာအပ်ထားလေသည်။

ချန်ရုံက ရန်မင်းနားသို့သွား၍ သူမ စီစဉ်ပေးထားသည့် ပိုးပေလွှာများထဲမှ စာလုံးများကိုကြည့်ကာ ဖြည်းဖြည်းချင်းထိုင်ချလိုက်သည်။

ထိုပေလွှာများသည် နန်ယန်၌ မကြာခင်ဖြစ်လာမည့် တိုက်ပွဲ‌များအကြောင်းဖြစ်နေသည်။

ရန်မင်းသည် သူ၏ ရဲစွမ်းသတ္တိကြောင့်သာ နာမည်ကျော်ကြားသည်မဟုတ်ပဲ သူသည် စစ်နည်းဗျူဟာများကိုလည်း ကိုယ်တိုင်လေ့လာ၍ အလွန်ထက်မြက်သည့်လူတစ်ယောက်လည်းဖြစ်သည်။ ထိုကဲ့သို့မှမဟုတ်လျှင်လည်း တစ်ကမ္ဘာလုံး၌ကျော်ကြားသည့် စစ်သေနာပတိတစ်ဦး ဖြစ်လာမည်မဟုတ်ချေ။

ချန်ရုံက သူ၏ စာအုပ်များကို စနစ်တကျ သီပေးနေရင်းဖြင့် ရန်မင်းအား မကြာခဏလှည့်ကြည့်နေမိသည်။ ချန်ရုံသည် အလုပ်၌ အာရုံဝင်စားသွားသောကြောင့် အချိန်မည်မျှကုန်သွားသည်ကိုပင် သတိမထားလိုက်မိတော့။

ခဏအကြာတွင် ရန်မင်း၏အသံက ရုတ်တရက်ထွက်လာသည်။

"အားရုံ မင်း နန်ယန်ကို ပြန်ချင်လား..."

နန်ယန်ကို ပြန်ရမည်?

ချန်ရုံက လုပ်လက်စကိုရပ်၍ ခေါင်းကို ဆတ်ခနဲမော့ကြည့်လိုက်သည်။

ရန်မင်းက ချန်ရုံ့အား ကြည့်မနေပဲ တစ်စုံတစ်ခုကိုသာ ငုံ့၍ရေးနေသည်။

အချိန်အတန်ကြာမှ ချန်ရုံက ပျော့ပျောင်းစွာမေးလိုက်သည်။

"ကျွန်မတို့ မြို့တံခါးကနေ ဖြတ်လို့ရပါ့မလား..."

ရန်မင်းက စုတ်တံကို အောက်သို့ ချလိုက်ကာ ချန်ရုံ့အား လှမ်းကြည့်၍ လျှို့ဝှက်စွာပြုံးလိုက်သည်။

ထို့နောက် ချန်ရုံ့အား လှမ်းဆွဲ၍ ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

ရန်မင်းသည် ချန်ရုံ့အား ဖက်ထားရင်းဖြင့် ရယ်လိုက်သည်။

"ငါတို့က ဘာဖြစ်လို့ မြို့တံခါးကို သုံးရမှာလဲ..."

ချန်ရုံက နားမလည်စွာ မော့ကြည့်လိုက်သည်။

ရန်မင်းက အနောက်သို့မှီကာ ချန်ရုံ၏မည်းနက်သော ဆံပင်များကို လက်ဖြင့် သပ်နေရင်းက ရှင်းပြလိုက်သည်။

"နန်ယန်မြို့မှာ လျှို့ဝှက်လမ်းကြောင်းရှိတယ်လေ..."

ချန်ရုံက အံ့ဩစွာအော်လိုက်သည်။ ချန်ရုံသည် ပါးစပ်အဟောင်းသားပွင့်၍ မျက်လုံးများက ပြူးကျယ်ကာ အချိန်အတော်ကြာ စကားမပြောနိုင်ဖြစ်နေတော့သည်။

နန်ယန်၌ လျှို့ဝှက်လမ်းကြောင်းရှိသည်တဲ့လား...
ချန်ရုံ၏နှလုံးသားက ပြင်းထန်စွာခုန်လာသည်။ ထိုသို့ဆိုလျှင် အဆိုးဆုံးများဖြစ်လာလျှင်တောင်မှ ဝမ်ဟုန့်အား ကယ်ဆယ်နိုင်သေး‌သည်ပေါ့။

အတွေးများ၌ နစ်မျောနေစဉ်တွင် ရန်မင်းက မသင်္ကာသကဲ့သို့ မျက်လုံးများမှေးစင်းလိုက်သည်ကို မြင်လိုက်ရသည်။

ချန်ရုံသည် အလျင်အမြန်ပင် ပြန်ထိန်းသိမ်း၍ မျက်လွှာချကာ ခပ်တိုးတိုးပြောလိုက်သည်။

"ဒါဆိုရင် ကျွန်မလည်း နန်ယန်မြို့ထဲကို အတားအဆီးမရှိပဲ ဝင်နိုင်ထွက်နိုင်တာပေါ့နော်..."
ချန်ရုံက မျှော်လင့်တကြီးဖြင့် ရန်မင်းအားကြည့်လိုက်သည်။

"ချန်ယွမ် သူ့မိန်းမနှစ်‌ယောက်နဲ့ သူ့သားသမီးတွေ ဘာဖြစ်နေကြတယ်ဆိုတာလည်း ကျွန်မသွားကြည့်နိုင်တာပေါ့နော်..."

ချန်ရုံ၏မျက်လုံးများထဲ၌ ရက်စက်မှုက အတိုင်းသားပေါ်လွင်နေသည်။

ရန်မင်းက ချန်ရုံ့ထံမှ အကြည့်ကို ပြန်ရုပ်သိမ်းကာ အော်ရယ်လိုက်သည်။

"ကောင်းတယ် အားရုံ...ဘယ်သူကမှ မင်းကို လွယ်လွယ်ကူကူမစော်ကားသင့်ဘူး...ကောင်းပြီလေ...မင်းရဲ့မိသားစုကိုကြည့်နိုင်ဖို့ ငါမင်းကို ခေါ်သွားပါ့မယ်..."



Xxxxx