Chapter 140
ချန်မျိုးနွယ်ဝင်များ၏အခြေအနေကိစ္စရပ်များ
ရန်မင်းသည် လုပ်ရပ်မှန်သမျှ၌ အမြဲတစေ ပြတ်သားလေ၏။ပြင်ဆင်မှုအချို့ပြုလုပ်ပြီးနောက် နောက်တစ်နေ့နံနက်တွင် သူက ချန်ရုံ့အား နန်ယန်သို့ ခေါ်ဆောင်သွားခဲ့သည်။
ရန်မင်းက သာမန်အမှုထမ်းဝတ်စုံအား လဲလှယ်ထားလျက်ရှိပြီး ချန်ရုံသည်လည်း ယောက်ျားလေးဝတ်စုံအပြာနုရောင်ကို ပြောင်းလဲဝတ်ဆင်ကာ ကောက်ရိုးဦးထုပ်အားဆောင်းထားခဲ့လေ၏။ထိုသို့သော အသွင်အပြင်ကြောင့်သာ မဟုတ်လျှင် သူမ၏ချောမောလှပမှုများကို ဖုံးကွယ်ရန် မျှော်လင့်ချက် မရှိတော့ပါပေ။
ဝင်ပေါက်မှာ နန်ယန်၏အနောက်ဘက်ခြမ်း၌ရှိသောတောင်ကြားတစ်ခု၏အနောက်တွင် ရှိသည်။ရန်မင်းက
သူ၏ကိုယ်ရံတော်ဖြစ်သူအား လက်နက်နှင့် သက်ဆိုင်ရာပစ္စည်းပစ္စယများကို အပ်နှင်းခဲ့ပြီး ချန်ရုံ့အား ဥမင်လိုဏ်ခေါင်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။
လမ်းမှာ သေးငယ်ပြီး ကျဉ်းမြောင်းသောကြောင့် လူတစ်ဦးစာသာ တိုးဝင်၍ရလေ၏။အရှေ့မှရန်မင်းက ဦးဆောင်သွားနေခိုက်တွင် ချန်ရုံက လှမ်းမေးလိုက်သည်။
" တပ်မှူးရန် ... ကိုယ်ရံတော်တွေ တစ်ယောက်မှခေါ်မလာဘူးလား ... အဆင်ပြေပါ့မလား "
" နန်ယန်မင်းသားက ငါတို့ကိုရှာမတွေ့သရွေ့ ဘာပြဿနာမှမရှိဘူး "
ဥမင်လိုဏ်ခေါင်းထဲတွင် ရန်မင်း၏လေသံက ပဲ့တင်ထပ်နေသည်။ယင်းနောက်တွင် ရန်မင်းမှာ လှောင်ပြုံးပြုံးခဲ့ပြီး ဆက်လက် ပြောဆိုလာလေ၏။
“ငါတို့ ကျင်းရုံးတော်က အမှုထမ်းတွေက ပြေပြစ်ပြီး နူးညံ့တယ် ... လူနည်းစုကပဲ ဘယ်လိုမျိုး အားပြင်းပြင်းသုံးရမလဲဆိုတာကို သိကြတာ ... စိတ်ချထားပါ ... ငါနဲ့တွေ့ရင်တော့ အကုန်အထိနာကုန်မှာ "
ရန်မင်း၏လေသံတွင် သရော်လှောင်ပြောင်ခြင်းထက် ရတတ်မအေးဖြစ်မှုက ပိုမိုကြီးစိုးနေသည်ဟု ချန်ရုံခံစားမိသည်။
သူတို့မှာ ဝံပုလွေတစ်အုပ်ဖြင့် ဝန်းရံခြင်းခံနေရပြီး ကျင်းရုံးတော်တွင် ဘုန်းအသရေပြည့်ဝလျက် အပြိုင်အဆိုင်ပညာယှဉ်ကြသော အထက်တန်းလွှာများနှင့် ပြည့်နှက်နေသည်။တစ်ခါတစ်ရံတွင် ချန်ရုံသည်ပင်လျှင် သူမကိုယ်သူမ သိမ်ငယ်စိတ်ဝင်မိလေ၏။မှန်ပေသည်။ရန်မင်းနှင့်လက်ထပ်ထိမ်းမြားခြင်းမပြုခဲ့မီအချိန်အထိ သူမထံတွင် ဤပိုလျှံသောခံစားချက်များ မရှိခဲ့ပေ။
မှောင်ပိတ်နေသောဥမင်လိုဏ်ခေါင်းထဲတွင် ရန်မင်းက မီးရှူးတိုင်ကို မြှောက်ကာ အရှေ့သို့ ဟန်ချက်မညီစွာ ခုန်ဆင်းလိုက်သည်။အရှေ့တွင် ရန်မင်းရှိနေခဲ့သည့်အတွက် ဥမင်က ဤမျှလောက်အထိ မှောင်မဲထူပိတ်ကြောင်း ချန်ရုံနားမလည်ခဲ့ပေ။သူမ မသိလိုက်ခင်မှာပင် ခြေလှမ်း ၄၀၀ သို့မဟုတ် ထိုမျှရှည်လျားသောလမ်းကြောင်း၏အဆုံးစွန်သို့ ရောက်ရှိခဲ့ပြီဖြစ်သည်။
ရန်မင်းက သူမထံသို့ မီးရှူးတုတ်ကို ကမ်းပေးကာ ကျောက်တုံးကြီးအား ဖြည်းညင်းစွာ တွန်းဖွင့်လိုက်၏။
ချန်ရုံ၏ မျက်လုံးများထဲသို့ အလင်းတန်းများ ဖြာကျလာသည်။ ရန်မင်းက ခုန်ထွက်သွားပြီး ထို့နောက်တွင် အောက်ကို ငုံ့ကြည့်ကာ သူမထံသို့ လက်ကမ်းပေးလေ၏။
" တက်ခဲ့ ... "
ထိုအခါချန်ရုံက မီးရှူးတုတ်အား အသေအချာဖယ်ထုတ်လိုက်ပြီး ရန်မင်း၏လက်ကို အမှီပြုကာအပေါ်သို့ ဂရုတစိုက် ခုန်တက်လာခဲ့သည်။
သူမတို့မှာ စွန့်ပစ်ထားသောအိမ်တစ်လုံး၏ နွားတင်းကုပ်ထဲတွင် ရပ်လျက်သားရှိနေသည်။လိုဏ်ခေါင်းထွက်ပေါက်သည် အနည်းငယ်တိမ်သောရေတွင်းဟောင်းတစ်ခုနှင့်ဆက်စပ်နေလေ၏။တင်းကုပ်ထဲတွင် လစ်ဟာနေပြီး ညစ်ထပ်ထပ်ဖြစ်နေသောသစ်ရွက်လွှာများ စုပုံနေသည်။ဤနေရာသို့ လူသူ မရောက်ရှိခဲ့သည်မှာ အလွန်ကြာညောင်းပြီဖြစ်ကြောင်း ထင်ရှားလေ၏။
ချန်ရုံက ဥမင်လိုဏ်ခေါင်းကို ပြန်ကြည့်ကာ
"ယန္တရားပဲဖြစ်ဖြစ် တစ်မျိုးမျိုးရှိမယ်ထင်နေတာ ... ကျောက်တုံးကြီးဆို့ထားတာပဲတဲ့လား ... " ဟု ပြောလိုက်သည်။ထိုကျောက်တုံးမှာလည်း သာမန်ခွန်အားရှိသူအတွက် တွန်းဖယ်ရန်လွယ်ကူမနေချေ။
ယင်းနောက်တွင် သူမက ဘေးဘီကိုကြည့်လိုက်သော်လည်း ဦးထုပ်ဝိုင်းကို ပြန်ဆောင်းလျက် လျှောက်လှမ်းထွက်ခွာသွားသောရန်မင်းကိုသာ တွေ့ခဲ့ရသည်။
ချန်ရုံက ရန်မင်း၏အနောက်မှ ထပ်ကြပ်မကွာ လိုက်သွားခဲ့လေ၏။
တင်းကုပ်မှ ခြေလှမ်းသုံးရာခန့်အကွာသို့ရောက်သောအခါပျက်စီးနေသောတံတိုင်းတစ်ခုကို လှမ်းမြင်ရသည်။ထိုနေရာမှအလွန်တွင် လမ်းသွယ်တစ်ခုရှိပြီး နောက်ထပ် ခြေလှမ်းနှစ်ရာခန့်ခရီးနှင်လိုက်ပါက နန်ယန်၏တောင်ဘက်လမ်းသို့ ရောက်ရှိသွားမည်ဖြစ်သည်။
တောင်ဘက်လမ်းအတိုင်းလျှောက်လှမ်းလာရင်းဖြင့် မြို့သူမြို့သားများ၏ကြောက်လန့်တကြားဖြစ်နေသောမျက်နှာထားများနှင့် ပိတ်ထားသည့်အိမ်များအား ချန်ရုံသတိပြုမိသွားလေ၏။
ချန်အိမ်တော်တံခါးအားမြင်ရချိန်အထိ လူအုပ်ထဲတွင် နှစ်ဦးသား ကူးလူသွားလာခဲ့ကြသည်။
ယင်းအချိန်တွင် ရန်မင်း၏ခြေလှမ်းများမှာ ဦးတည်ရာပြောင်းသွားခဲ့ပြီး သူက စားသောက်ဆိုင်တစ်ခုဆီသို့ လျှောက်လှမ်းသွားလေ၏။
ထိုနေရာမှာ တစ်ချိန်က စည်ကားခဲ့သော်လည်း ဧည့်သည်တစ်ရာဆန့်သောထမင်းစားခန်းမမှာ ယခုတွင်မူ အလွန်ဗလာကျင်းနေသည်။
နှစ်ဦးသားဝင်လာသည်ကိုမြင်သောပိုင်ရှင်က သနားစရာကောင်းသောအကြည့်ဖြင့် နွမ်းနွမ်းလျလျ ကြိုဆိုရှာသည်။
" လူကြီးမင်းတို့ ... ဒီမှာ ဝ်ိုင်တို့ အသားကင်တို့တော့မရှိပါဘူး .... သစ်အယ်သီးယာဂုတစ်မျိုးပဲရတယ် ...သုံးဆောင်မလားဗျ "
" ရပါတယ် ... အဲဒါပဲ ချလိုက်ပါ "
ရန်မင်းက ခေါင်းညိတ်ပြရင်း ပြောပြောဆိုဆိုဖြင့် ရွှေရွက်တစ်ရွက်ကို ကမ်းပေးလိုက်သည်။
သို့သော်လည်း ဆိုင်ရှင်က ၄င်းရွှေရွက်ကို တစ်ချက်ကြည့်လိုက်ပြီး သက်ပြင်းရှည်ကြီးချလာခဲ့၏။
" ဒီတစ်သက်မှာ ဒါမျိုးကို ထပ်သုံးနိုင်ပါ့မလား သိချင်မိတယ် "
ယင်းနောက်တွင် ထိုလူက ရွှေရွက်အား ဖျော့တော့သောဟန်ပန်ဖြင့်သိမ်းယူလိုက်ပြီး စားပွဲ ပြင်ဆင်ရန်အတွက် အထဲဝင်သွားတော့သည်။
ခဏအကြာတွင် ကြည်လင်တောက်ပသောပန်းကန်လုံးနှစ်လုံးက ချန်ရုံနှင့်ရန်မင်း၏ အရှေ့သို့ရောက်လာလေ၏။စကားများဟန်ရသောဆိုင်ရှင်ဖြစ်သူက စားပွဲများကို ရှင်းလင်းရင်းပြောဆိုသည်။
“ဒါက ကျန်သမျှအကုန်ပဲ ... အရင်တုန်းကတော့ ရွှေရွက်တစ်ရွက်ဆို သစ်အယ်သီးလှည်းတစ်စင်းစာ အပြည့်ရတယ် ... အခုတော့ ယာဂုနှစ်ပန်းကန်စာပဲ တန်တော့တာပေါ့ ... ကျုပ်မိန်းမဆိုလည်း တစ်နေ့တစ်နေ့ ညဉ်းတွားနေတာလေ ... ဘယ်သူသိခဲ့မှာလဲ ကျုပ်ရဲ့ဆိုင်က အနှစ်နှစ်ဆယ်လောက်လည်ပတ်ပြီးရင် ပိတ်ရမယ်ဆိုတာကို ... ဘယ်လိုပဲဖြစ်ဖြစ် ရွှေတွေကြေးနီတွေက လူရိုင်းတွေရောက်လာရင် အသုံးမဝင်တော့ဘူး ...ကျွန်တော်ပြောလိုက်မယ် ... ဒီယာဂုကပဲ အသက်ကယ်ပေးနိုင်တာ ...”
ရန်မင်းက စားစရာရှိသည်ကိုသာစားနေပြီး ပွစိပွစိပြောနေသောဆိုင်ရှင်အား လျစ်လျူရှုထားသည်။
ချန်ရုံက စိမ်ပြေနပြေစားသောက်နေသောရန်မင်းအား စိုက်ကြည့်နေခဲ့ပြီး ထို့နောက်တွင်မူ ချန်အိမ်တော်တံခါးဆီသို့ အကြည့်လွှဲလိုက်လေ၏။
“ ဦးလေး ... ချန်အိမ်တော်က ဘာလို့ဒီလောက် ခြောက်ကပ်နေတာလဲ ... အရင်က ဒီလိုမဟုတ်ဘူးမလား”
ချန်ရုံက ဆိုင်ရှင်ဖြစ်သူအား တိုးညင်းစွာမေးလိုက်သည်။
ထိုအခါဆိုင်ရှင်ကလည်း ချန်ရုံစိုက်ကြည့်နေသည့်နေရာသို့ အကြည့်လွှဲလာခဲ့ပြီး ခေါင်းတယမ်းယမ်းနှင့် ပြောဆိုလေ၏။
“ခြောက်ကပ်မှာပေါ့ ... အခုဟူစစ်တပ်က ဘယ်ချိန်မှာမဆို မြို့ကိုဝိုင်းထားတော့မှာလေ ... မင်းသားရဲ့အမိန့်အရ ဂိတ်တံခါးတွေကို တင်းတင်းပိတ်ထားရတယ် ... သူတို့က လူတွေကို ဝင်ခွင့်ပဲပြုတယ် ... အပြင်ကို ပေးမထွက်ဘူး ... အခု မြို့ထဲမှာ ရှိတဲ့ မျိုးနွယ်စုတွေ အကုန်လုံး အရမ်းကိုတိတ်ဆိတ်နေကြတယ် ”
ချန်ရုံက မဆိုင်သလို ဘာသိဘာသာနေနေသောရန်မင်းအား တစ်ချက်ကြည့်လိုက်သည်။ထို့နောက်တွင် သူမက ဝမ်ဟုန့်အကြောင်းမေးရန်စဉ်းစားလိုက်သော်လည်း အတွေးတစ်ခုကြောင့်စိတ်ပြောင်းသွားလေ၏။ချန်ရုံက ပြုံးပြုံးရွှင်ရွှင်ဖြင့် စကားဆက်သည်။
"ဒါဆို ချန်ယွမ့်အကြောင်းရော တစ်ခုခု ကြားသေးလားဟင် ....ဒီလိုပါ ... မကြာသေးခင်ကမှ ချန်လူကြီးမင်းနဲ့ ဆုံခဲ့တာလေ ... သူကအတော်လေး သဘောကောင်းလို့ ဘယ်လိုနေနေလဲ သိချင်လို့ပါ "
"ချန်ယွမ် ... ဪ တောင်ပိုင်းက ပြောင်းလာတဲ့သူတွေကို ပြောတာလား "
ချန်ရုံ၏မျှော်လင့်ချက်ပြည့်ဝသောအကြည့်တစ်ချက်တွင် ဆိုင်ရှင်က ခေါင်းကို တွင်တွင်ခါယမ်းကာ ပြောဆိုလာခဲ့သည်။
“မနေ့က တွေ့တယ်လေ ... စိတ်ဆင်းရဲနေတဲ့ပုံပဲ ... လူတောင် တော်တော်ချောင်ကျသွားတယ် ... ဒီလိုအချိန်မျိုးမှာ မင်းသားရဲ့ ခေါင်းမွေးတွေတောင် ဖြူနေလောက်ပြီ ... ”
သိလိုသည့်အရာအား အဖြေမထုတ်နိုင်ကြောင်း နားလည်သွားသောချန်ရုံက မျက်မှောင်ကြုတ်လိုက်သည်။
လွန်ခဲ့သည့်အခိုက်အတန့်က တောင်လမ်းအတိုင်း လျှောက်လှမ်းလာချိန်တွင်လည်း သူမ၏ကုန်စုံဆိုင်များအားလုံး ပိတ်သိမ်းထားသည်ကို မြင်တွေ့ခဲ့ရပြီး သတင်းအချက်အလက်များ ရရှိရန် မလွယ်ကူကြောင်းမှာ ထင်ရှားသည်။
ထိုအချိန်တွင် ရန်မင်းက သူ၏အင်္ကျီလက်ထဲမှ ရွှေရွက်တစ်ရွက်ကို ထပ်မံဆွဲထုတ်လိုက်ပြီး ဆိုင်ရှင်အား ပြုံးပြလျက်ပေးကမ်းကာ တောင်းဆိုလေ၏။
" ဘေးတံခါးကနေ ဝင်သွားပြီး အဖိုးစွင်းလို့ ခေါ်တဲ့ အစေခံကိုရှာပေးဖို့ အနှောက်အယှက်ပေးလို့ရမလား ... အသိတစ်ယောက်က တွေ့ချင်နေတယ်လို့ ပြောပေးပါ ... ဒီလိုအချိန်မှာ အပြင်လူကို မောင်းထုတ်နိုင်လောက်အောင် ကိုယ်ရံတော် များများစားစားရှိမှာမဟုတ်လောက်ဘူး "
ထိုအခါ ဆိုင်ပိုင်ရှင်က ရွှေရွက်ကိုကြည့်ကာ စေ့စေ့စပ်စပ်တွေးပြီး နောက်ဆုံးတွင်မူ သိမ်းယူလျက် " သွားကြည့်ပါ့မယ် " ဟုဖြေကြားလာသည်။သူ မထွက်ခွာရသေးမီမှာပင် ဆန့်ကျင်ဘက်ဦးတည်ရာမှ လှည်းရထားတစ်စင်းပေါ်ထွက်လာခဲ့သည်။
ထိုလှည်းက ချန်အိမ်တော်တံခါးဝ၌ရပ်တန့်သွားပြီး အထဲမှ ဒယီးဒယိုင်ဖြစ်နေသောလူတစ်ဦးဆင်းသက်လာလေ၏။ထိုသူက လှည်းမောင်းသူအား တစ်ချိန်လုံး ကြိမ်းမောင်းနေသည်။
" ဟေ့ကောင် ... ကျွန်မသား ... တံခါးနားတောင်ရောက်နေပြီ ... ဘာကိစ္စ နည်းနည်းပါးပါး ဆက်မပို့နိုင်တာလဲ "
ယင်းနောက်တွင် ထိုလူက အဝေးမှ အစောင့်တစ်ဦးအား လှမ်းအော်ပြန်လေသည်။
" ဟိုက ကျွန်ကောင် ...ဘာကိစ္စ မင်းရဲ့သခင်ကို ကြိုဆိုပြီး ကူတွဲမပေးတာလဲ ... အသက်ရှင်ရတာ ပင်ပန်းနေပြီလား ဟမ် "
သူ၏လေသံက ရိုင်းစိုင်းလွန်းပြီး တစ်ကိုယ်လုံးမှာလည်း အရက်နံ့များဖြင့် မွှန်ထူနေ၏။
ချန်ရုံက အခင်းနေရာသို့ လှမ်းကြည့်ပြီးနောက် " အဲ့ဒါ ချန်စန်းလန်ပဲ ... "ဟု မအော်ရုံတမယ် ရေရွတ်လာခဲ့သည်။
ထို့နောက်သူမက ရန်မင်းအား စိတ်အားထက်သန်စွာဖြင့် လှည့်ကြည့်လိုက်သော်လည်း တစ်ဖက်လူမှာ အခြေအနေအား သိသိသာသာပင် စိတ်မဝင်စားနေပုံရသည်။ထို့ကြောင့်ပင် ချန်ရုံက ဆိုင်ရှင်လူကြီးအားလှမ်းခေါ်ကာ " ဦးလေး ... ချန်အိမ်တော်ထဲကို မသွားလည်းရတယ် ... အဲဒီအမူးသမားကိုပဲ ဒီခေါ်လာပေးပါ "
“ ကောင်းပါပြီ ... ”
ဆိုင်ရှင်က ချန်စန်းလန်ရှိရာသို့ ဦးတည်သွားခဲ့သည်။သူပါးစပ်မဟနိုင်သေးခင်မှာပင် ယိုင်ထိုးယိုင်ထိုးဖြစ်နေသောချန်စန်းလန်၏တွန်းထုတ်ခြင်းကို ခံလိုက်ရလေ၏။သို့သော်လည်း ဆိုင်ပိုင်ရှင်လူကြီးက ဟန်ချက်ပြန်ထိန်းကာ ချန်စန်းလန်အား တစ်ဖန်ပြန်လည် ချဉ်းကပ်ပြန်သည်။ယင်းနောက်တွင် သူက ချန်စန်းလန်အား တစ်စုံတစ်ရာကို နှစ်လိုဖွယ်ကောင်းစွာ ပြောဆိုလိုက်သည်။ထိုအခါချန်စန်းလန်က ဝမ်းသာအားရဖြင့် ကျယ်လောင်စွာ ရယ်မောလာပြီး "သွားရအောင် ... သွားတွေ့ကြမယ် အဲလူကို " ဟု ဆိုလာသည်။
ထို့နောက်တွင်မူ ချန်စန်းလန်က ဆိုင်ထဲသို့ ဒယီးဒယိုင်ဖြင့် ဝင်လာခဲ့လေ၏။
ချန်ရုံက ရန်မင်းအား တစ်ချက်ထပ်ကြည့်လိုက်သည်။ရန်မင်းမှာ ယာဂုကိုသာ အေးအေးလူလူစားနေဆဲဖြစ်ပြီး ချန်စန်းလန်အား ထနှုတ်ဆက်ရန် ရည်ရွယ်ချက်လားလားမျှရှိပုံမရပေ။ထို့ကြောင့်ပင် ချန်ရုံမှာ သူမဘာသာသူမ ထရပ်လိုက်ပြီး နှစ်လိုဖွယ်ကောင်းသောလေသံဖြင့် မြှောက်ပင့်ပြောဆိုရတော့သည်။
" လူကြီးမင်းက ချန်စန်းလန်ပဲ ဖြစ်ရမယ် ... လူကြီးမင်းရဲ့ ထူးကဲတဲ့ အရည်အချင်းတွေနဲ့ သာလွန်ကောင်းမွန်တဲ့ ကျေးဇူးတရားတွေအကြောင်း ကြားဖူးပါတယ် ... လူကြီးမင်းသာ လန်ယာ ဝမ်မျိုးရိုးကနေ မွေးလာခဲ့ရင် လန်ယာဝမ်ချီထက် သာမှာအသေအချာပါပဲ ”
ချန်ရုံက ချန်စန်းလန်အား မြှောက်ပင့်နေချိန်တွင် ရန်မင်းက သူမအား မျက်လုံးလေးပုတ်ခတ်ပုတ်ခတ်ဖြင့် မော့ကြည့်နေလေသည်။
ချန်စန်းလန်မှာ သူ၏ စာပေစွမ်းရည်များကို ကြွားဝါတတ်ပြီး အခြားကျော်ကြားသောပညာရှင်များအား အမြဲတစေ မနာလိုဖြစ်ခဲ့သည်။ချန်ရုံ့ထံမှ ဤကဲ့သို့သောချီးကျူးစကားမျိုးအား ကြားရသောအခါ သူက ဝမ်းသာအားရ ရယ်မောလာခဲ့၏။
“အေး ဟုတ်တယ် ...အမှန်ပဲ ... ကြားရတာ ဘယ်လောက်တောင် ကျေနပ်စရာကောင်းလိုက်လဲ"
ယင်းနောက်တွင် ချန်စန်းလန်က အနီးတိုးကပ်လာပြီး သူမ၏ပုခုံးအား လှမ်းသိုင်းဖက်ရန် ကြံရွယ်လိုက်သော်လည်း ချန်ရုံက တစ်ဖက်သို့ စောင်းငဲ့လျက် ရှောင်ဖယ်လိုက်ကာ စားပွဲအား ညွှန်ပြရင်း အေးအေးလူလူပြောလာလေ၏။
" ထိုင်ပါဦး ... သခင်လေး "
ချန်စန်းလန်မှာ မလှုပ်မယှက်ဖြစ်နေခဲ့ပြီး သူက ခေါင်းငုံ့ထားလျက် ချန်ရုံ့အား မျက်ထောင့်နီကြီးဖြင့် စိုက်ကြည့်နေသည်။
"မင်းပုံစံက ဘယ်လိုလုပ်ပြီး ဒီလောက်ရင်းနှီးတဲ့ပုံပေါက်နေတာလဲ"
ထိုအခါ ချန်ရုံက ချောင်းဟန့်ကာ ရယ်မောလိုက်ပြီး သူမ၏ဦးထုပ်အား ဆွဲချလျက် ခပ်တိုးတိုးပြောသည်။
" ဒီလောကကြီးမှာ ရုပ်ချင်းဆင်တဲ့လူတွေအများကြီးရှိတာပဲလေ ... အမြင်မှားတာနေမှာပါ "
သို့သော်လည်း ချန်စန်းလန်မှာ သူမအား သံသယဖြင့် ကြည့်နေဆဲပင်။ယင်းနောက်တွင် ချန်စန်းလန်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး “တစ်ခုခုတော့ မူမမှန်ဘူးဆိုပေမဲ့လည်း ...” ဟု ပြောပြောဆိုဆိုဖြင့် စားပွဲဝိုင်းတွင် ဝင်ထိုင်သည်။
သူက အစောပိုင်း၌ သာမန်အတိုင်းမှိန်းမောနေခဲ့ပြီး ထို့နောက်တွင်မူ ရုတ်တရက် အော်သံတစ်သံထွက်ပေါ်လာ၏။ချန်စန်းလန်က ချန်ရုံနှင့် ဆိုင်ပိုင်ရှင်တို့အား အကဲခတ်ပြီးနောက်တွင် " ဝိုင်ထပ်ယူလာပေး ... " ဟုပြောဆိုလာခြင်းပင်။
ဆိုင်ရှင်ဖြစ်သူ မည်သည်ကိုမှ မပြောရသေးမီမှာပင် ချန်ရုံက ယာဂုအချို့အား ငှဲ့ပြီး ချန်စန်းလန်အား ကမ်းပေးလိုက်တော့သည်။
" ဘာတွေကများ ဒီလိုမူးရတဲ့အထိ ဖြစ်သွားစေတာလဲ ... ဖြုတ်ဦးနှောက်နဲ့ ပေါက်လွှတ်ပဲစားကောင်တွေက ဝင်ရှုပ်လွှတ်လိုက်တာလား "
ချန်ရုံပြောလိုက်သောအရပ်သုံးဗန်းစကားကြောင့် ရန်မင်းက ရွှင်မြူးသောဟန်ပန်ဖြင့်လှည့်ကြည့်လာခဲ့၏။
Xxxxxxx