အပိုင်း ၁၄၁
Viewers 18k

Chapter 141
အရှင်က မပြောင်းလဲဘူးပဲ



ချန်စန်းလန်မှာ သူ၏‌ပူဆွေးမှုများအား ရက်ပေါင်းများစွာ ယာမကာဖြင့် မျှောချခဲ့ပြီး စိတ်ဓာတ်ကျမှုမှာလည်း ပိုမိုနက်ရှိုင်းလာခဲ့သည်။ချန်ရုံ၏မေးခွန်းအား ကြားသောအခါ ချန်စန်းလန်က မျက်နှာကိုအုပ်လိုက်ပြီး မျက်ရည်များ တွင်တွင်စီးကျလာလေ၏။ယင်းနောက်တွင် သူက တရှုံ့ရှုံ့ဖြစ်နေသောလေသံဖြင့်ပြောသည်။

" ဝင်ရှုပ်တာလား ... ဟုတ်တယ်လေ... သောက်ရေးမပါတဲ့ကောင်းကင်ဘုံက ငါ့ကို ဒုက္ခလှလှကြီးပေးနေတာ "

" ဟုတ်ပါ့ ဟုတ်ပါ့ ... ကောင်းကင်ဘုံက ဝင်ရှုပ်ရဲသေးတယ် "

ချန်ရုံမှာ ထိုအရာမှတစ်ပါး နောက်ထပ်ပုတ်ခတ်ပြောဆိုရန် မဝံ့ရဲတော့ပေ။သူမသည် မွေးဖွားလာပြီးကတည်းက နတ်ဘုရားများ‌အား လေးစားကြောက်ရွံ့ရကောင်းမှန်း နားလည်ခဲ့သူဖြစ်သည်။

အနောက်မှသံယောင်လိုက်ပေးသောစကားများအား ကြားသိသောချန်စန်းလန်က ယာဂုခွက်အား မော့ချလိုက်ပြီး " ကောင်းလိုက်တဲ့ဝိုင် ... " ဟု ရေရွတ်လေ၏။

ချန်ရုံ၏ချော့မော့နှစ်‌သိမ့်ပေးမှုဖြင့် နောက်ပိုင်းတွင် ချန်စန်းလန်မှာ ငိုချင်ရက် လက်တို့ဆိုသလို တရှုံ့ရှုံ့ငိုကြွေးရှိုက်ငင်လာတော့သည်။

" သွားပြီ ... ပြီးပြီ ... အကုန်ပြီးသွားပြီ ... "

" ဘာကိုပြီးတာလဲ ... "

ချန်ရုံက အလျင်စလိုမေးလိုက်သော်လည်း ချန်စန်းလန်မှာ ယင်းမေးခွန်းအား မကြားရှာပေ။

" ငါရော ငါ့ခမည်းတော်ရော အကုန်ဇာတ်သိမ်းပြီ ...အီးဟီးးဟီးးး "

" ခမည်းတော်က ဘာဖြစ်လို့လဲ "

ချန်ရုံက နောက်ထပ်ယာဂုတစ်ခွက်အား ကမ်းပေးပြီး ဆက်လက်မေးမြန်းပြန်သည်။

"ဘာဖြစ်တာလဲတဲ့လား ... သူက နန်ယန်မင်းသားကို ရိက္ခာမထောက်နိုင်တော့ဘူးလေ ... အမေ့ဘက်က မိသားစုကိုရောပဲ ... အီးဟီးဟီးး ... လူရိုင်းတွေက ငါတို့အထက်မှာရှိနေပါတယ်ဆိုနေမှ ဒီလိုမျိုး ရူးမိုက်တဲ့အဖေပါရှိနေသေးတယ် ... မျိုးနွယ်စုဝင်တွေက ထွက်သွားကြလို့ ငါတို့အိမ်တော်ကြီးလည်း ဗလာကျင်းနေပြီ ... အခု နန်ယန်မင်းသားက သူနဲ့ အဖိုးသုန်းကို လိုက်ရှာနေတယ် "

အမူးလွန်နေသည့်အခြေအနေတွင်ပင် သူ၏နှလုံးသားထဲ၌ အကြောက်တရားကိန်းဝပ်နေပြီး ချန်စန်းလန်မှာ သူ၏ခမည်းတော်ဖြစ်သူအား တရားလွန်အပြစ်မဆိုရဲရှာပေ။

ချန်ရုံတစ်ယောက် မပြုံးမိအောင် ရုန်းကန်နေရချိန်တွင် ချန်စန်းလန်က ဆက်လက်ပြောဆိုလာခဲ့သည်။

" သူတို့ကပြောသေးတယ် ... ခမည်းတော်ရယ် .... ' လီ ' လို့ခေါ်တဲ့တစ်ယောက်ရယ် ... 'ရှု 'ဆိုတဲ့တစ်ယောက်ရယ်က ဒီလိုအခြေအနေမှာ နောက်ကျောဓားနဲ့ထိုးဖို့ပြင်နေတဲ့ သစ္စာဖောက်ကောင်တွေတဲ့ ... ဦးရီးတော်သာ ဝင်မပါရင် ငါတို့ခမည်းတော်ရဲ့ခေါင်းက လိမ့်သွားတာကြာပြီ ... အီးဟီးဟီး ... သွားပြီ ... သွားပါပြီ အကုန် ... "


စိတ်ပျက်ဖွယ်ကောင်းသော ထိုအခိုက်အတန့်တွင် ချန်စန်းလန်မှာ မျက်ရည်များဖြင့်ပြည့်နှက်နေခဲ့ပြီး မူးမူးရူးရူးဖြင့် အော်ဟစ်ကြိမ်းမောင်းနေလေသည်။

မေးခွန်းအနည်းငယ်မေးမြန်းပြီးနောက်တွင် ချန်ရုံမှာ သူ့ထံမှ အချက်အလက်များစွာကို မယ်မယ်ရရ မရှိနိုင်ကြောင်း သိရှိသွားတော့၏။အစေခံများစွာကလည်း ချန်စန်းလန်ရှိရာသို့ အမြန်ပြေးလာကြသည်။

အထက်တန်းလွှာများသည် ၎င်းတို့၏ယုတ်ညံ့သောဘက်ခြမ်းအား ထုတ်ဖော်ပြသခြင်းမပြုမိစေရန် ရွှေရောင်စည်းမျဉ်းအား နှစ်ပေါင်းရာနှင့်ချီ၍ အမြဲလိုက်နာခဲ့သည်။ကောင်းကင်ကြီး ပြိုကျမည်ဆိုပါလျှင် အပြင်လူများရှေ့တွင် ဟန်ပန်ကို ထိန်းချုပ်ရမည်။ချန်စန်းလန်မှာ မူးမူးရူးရူးဖြင့် အဓိပ္ပါယ်မဲ့သောစကားများအား ကရားရေလွှတ်ပြောမိသွားမည်ကို စိုးရိမ်သောကြောင့် ထိုအစေခံများက အလျင်လိုနေကြခြင်းပင်။


ချန်ရုံက နေရာမှထကာ ဆိုင်ပိုင်ရှင်ဦးလေးကြီးအား နားနားကပ်၍ ပြောလိုက်သည်။

" ဦးလေး ... သူ့ကိုတွဲပေးပြီး အစေခံတွေဆီ ခေါ်သွားပေးဖို့ ဒုက္ခပေးလို့ရမလား "

ကနဦးအား ရွှေရွက်ရရှိခဲ့သည်ဖြစ်၍ ဆိုင်ပိုင်ရှင်မှာ တောင်းဆိုချက်မှန်သမျှအား ရက်ရက်ရောရောဖြစ်နေသည်။

အိမ်တော် တံခါးဝသို့ရောက်သောအခါ ချန်စန်းလန်အား ကူတွဲရန် လူအများအပြားရောက်လာကြလေ၏။ထိုသူများက လှည့်ကြည့်လာသော်လည်း ယင်းအချိန်တွင် ချန်ရုံမှာ ထောင့်တစ်နေရာသို့ ဆုတ်ခွာသွားခဲ့သောကြောင့် သူမ၏မှုန်ဝါးသောမျက်နှာနှင့် ဝိုးတဝါးပုံစံအား တစ်ဖက်မှလူများက ကွဲကွဲပြားပြား မမြင်လိုက်ကြရပေ။

" ဆန္ဒပြည့်သွားပြီလား မမလေး ... "

ထိုသူများထွက်ခွာသွားသည်ကို ကြည့်ရှူနေရင်း ရန်မင်းက မေးမြန်းလာခဲ့၏။

ထိုအခါ ချန်ရုံက တစ်ဖက်သို့ပြန်လှည့်လာပြီး ရွှင်မြူးစွာဖြေဆိုလေသည်။

" တကယ်ကို လုပ်နိုင်ခဲ့ပြီ ..."

ချန်ယွမ်မှာ လန်ယာ ဝမ်အိမ်တော်နှင့် နန်ယန်မင်းသားတို့အား မထီမဲ့မြင်ပြုခဲ့သည့်အတွက် ယခု၌ သူသည် ကျန့်ခန်းနှင့်နန်ယန်တွင် မကြီးထွားနိုင်တော့ပေ။

ချန်ယွမ်လဲပြိုသွားလျှင် ချန်စန်းလန်နှင့် ချန်ဝေ့တို့ထံတွင် ဆုံးရှုံးစရာများလိမ့်မည်။သခင်မရွမ်သည်လည်း အထက်တန်းလွှာနယ်ပယ်တွင် ဆက်ရှိနေရန် အခက်အခဲများလာနိုင်သည်။

ချန်ရုံမှာ ကျေနပ်မှုကို ဖုံးကွယ်မထားဘဲ ခပ်ယဲ့ယဲ့ပြုံးလိုက်လေ၏။ရန်မင်းသည်လည်း ချန်ရုံ့အား မသိမသာစိုက်ကြည့်နေခဲ့ပြီး အတူလိုက်ပါ ပြုံးရယ်လေသည်။

ယင်းအချိန်၌ ဆူညံသံအချို့ ထွက်ပေါ်လာခဲ့၏။

မြို့၏လက်တလောစိုးရိမ်ပူပန်မှုများကြားတွင် အမျိုးသမီးငယ်များ၏ မြူးတူးအော်ဟစ်သံများက နေရာယူလာခဲ့ခြင်းဖြစ်သည်။

ချန်ရုံ တံခါးနားသို့ တိုးကပ်သွားချိန်တွင် ရန်မင်းက ခေါင်းမော့ကြည့်သည်။

ရှေ့မှ လမ်းပေါ်၌ မြင်းလှည်းတစ်စီးပေါ်ပေါက်လာ၏။

ချန်ရုံမှာ ကနဦးတွင် ငြိမ်သက်နေခဲ့သော်လည်း ယင်းနောက်တွင်မူ ဖြည်းဖြည်းချင်းပြုံးလာသည်။

လှည်းယာဉ်ဘေးမှ လူငယ်လူရွယ်တို့၏ရွှင်မြူးရယ်မောသံများကြားတွင် ချန်ဝေ့ထံမှ စကားသံ ထွက်ပေါ်လာခဲ့သည်။

“ ချီလန် ချီလန် ... လူရိုင်းတွေဝိုင်းထားတာက ရှင်နဲ့ဘာမှမဆိုင်ဘူးဆိုတာကို သိပါတယ် ...တခြားလူတွေပြောတာကို ဂရုမစိုက်ပါနဲ့ ”

" ဝမ်ချီလန်တစ်ယောက်လုံးရှိနေရင် နန်ယန်အတွက် ဘာမှ စိတ်ပူစရာမလိုတော့ဘူး "အခြားအမျိုးသမီးငယ်တစ်ဦးက ဝင်ရောက်ပြောကြားလာသည်။

" လန်ယာ ဝမ်အိမ်တော်မှာ တပ်တွေ မရေမတွက်နိုင်အောင်ရှိတာပဲ ... မူရုံခယ် ဘာတတ်နိုင်တော့မှာလဲ "

စိတ်သက်သာရာရစေသည့်စကားများအဆုံးတွင် အားလုံးထံမှ ရွှင်လန်းသောအာမေဋိတ်သံတို့ ထွက်ပေါ်လာသည်။ လူအုပ်ကြီး၏စိတ်အားထက်သန်နေကြသည့် မျက်နှာထားများအရ ဤလူများမှာ အကြပ်အတည်းကို ရှောင်လွှဲနိုင်သည့်ဝမ်ဟုန်၏စွမ်းရည်ကို အမှန်တကယ် ယုံကြည်ကြကြောင်း ချန်ရုံသဘောပေါက်ခဲ့သည်။

ထိုအချိန်တွင် ရန်မင်း၏အက်ရှရှလေသံက သူမ၏အနောက်မှ ထွက်ပေါ်လာ၏။

"ဦးလေး ... လန်ယာဝမ်ချီကို မယုံကြည်ရဲတဲ့စိတ်မျိုးမရှိဘူးလား "

" အားလုံးကပြောကြတယ် ... ဝမ်ချီလန်က ယုံကြည်စိတ်ချရတယ်တဲ့ ... အဲဒါကြောင့်ကျွန် တော်ကတော့ ယုံပါတယ် ”

ဆိုင်ပိုင်ရှင်၏အဖြေစကားကို ကြားလိုက်ရသောအခါ ရန်မင်းက စိတ်ပျက်လက်ပျက် သက်ပြင်းချလာသည်။

" သူက လန်ယာ ဝမ်ချီဖြစ်နေလို့ကို ယုံတာပေါ့ ... တကယ်ကိုပဲ လောကတစ်ခွင် နာမည်ကျော်လိုက်တာ "

ချန်ရုံမှာ အနီးတစ်ဝိုက်အား ဝေ့ဝိုက်ကြည့်နေဆဲဖြစ်၏။

လှည်းယာဉ်တွင်း၌ထိုင်နေသောအမျိုးသားအား ရှာတွေ့နိုင်ရန်အတွက် ခေါင်းအလုံးပေါင်းများစွာနှင့် ရောင်စုံဝတ်စုံများအား ကျော်ဖြတ်ကာ စူးစမ်းနေရရှာလေသည်။

လှည်းရွေ့လျားလာသည်နှင့်အမျှ ချန်ရုံသည် မြင့်မြတ်ကြည်လင်သောမျက်ဝန်းများအား ရံဖန်ရံခါ ဖမ်းစားတွေ့ရှိမိလေ၏။ယခုအချိန်၌ပင် ယင်းမျက်ဝန်းများ၌ နူးညံ့သိမ်မွေ့ပြီးတည်ငြိမ်သောပြုံးရိပ်ပြုံးယောင်တို့ဖြင့် ဖုံးလွှမ်းနေသည်။ဝမ်ဟုန်၏တည်ငြိမ်အေးဆေးမှုတို့က မကြာမီဖြစ်ပေါ်တော့မည့်တိုက်ပွဲအား ညစာစားပွဲတစ်ခုထက်မပိုသကဲ့သို့ ခံစားရစေသည်။

ထိုမျက်ဝန်းများက အခြားသူများအား နှစ်သိမ့်ပေးနိုင်စွမ်းရှိပြီး ပြုံးပျော်စေလေ၏။ချန်ရုံမှာလည်း သူမကိုယ်တိုင်ပင်မသိလိုက်ဘဲ ပြုံးမိသွားပြီဖြစ်သည်။

" လူကြီးလူကောင်းဟာ အေးချမ်းတဲ့နေ့ရက်တွေအကြောင်း သိလေစွ ~ "

၎င်းသည် အလွန်ရိုးရှင်းသောစာသားတစ်ကြောင်းသာဖြစ်ပြီး ချန်ရုံမှာ အမှုမဲ့အမှတ်မဲ့ သီဆိုလိုက်ခြင်းသာဖြစ်သော်လည်း သူမ၏အပြုံးမျက်ဝန်းများကမူ စိုစွတ်စပြုလာလေသည်။ယင်းအချိန်တွင် ရထားအတွင်းမှ အမျိုးသားက ရုတ်တရက် သူမဘက်သို့ လှည့်ကြည့်လာ၏။

ချန်ရုံက အနောက်သို့လှည့်၍ အမြန်ပင် အကြည့်လွှဲလိုက်သည်။အကြည့်ချင်းဆုံလုမတတ်ဖြစ်သွားသော်ငြားလည်း တစ်ဖက်လူက ထိုအကြည့်အား ချက်ချင်းဆိုသလိုပင် ပြန်ရုတ်သိမ်းကာ ချန်ရုံရှိရာဘက်သို့ ထပ်မံလှည့်မကြည့်တော့ပေ။

ချန်ရုံမှာ စိတ်သက်သာရာရသွားသော်လည်း တစ်ချိန်တည်းမှာပင် သူမ၏ခံတွင်းထဲ၌ ခါးသီးခြင်းကဲ့သို့သော တစ်စုံတစ်ခုအားအရသာခံမိသလို ခံစားသွားရသည်။

သူမက အံကိုကြိတ်ကာ အားတင်း၍ပြုံးလိုက်ပြီး အခင်းနေရာမှ လှည့်ထွက်သွားကာ ဆိုင်ထဲသို့ တစ်ဖန်ပြန်လည် ဦးတည်လာခဲ့သည်။

ထောင့်တစ်နေရာတွင်မူ တင်းမာသောရုပ်သွင်ရှိသူတစ်ဦးက မျက်နှာကြတ်တန်းများကို မော့ကြည့်နေသည်။အထီးကျန်မှုနှင့် အချိန်ကုန်လူပန်းဖြစ်မှုများမှာ ထိုသူ၏ချောမောသောမျက်နှာပေါ်တွင် အရိပ်တစ်ခုသဖွယ် ဖုံးလွှမ်းနေလေ၏။

ချန်ရုံက ခေါင်းငုံ့ကာ လျှောက်လှမ်းလာပြီး ထိုတစ်ယောက်၏နံဘေး၌ တိတ်တဆိတ် ဝင်ထိုင်လိုက်သည်။ချန်ရုံမှာ သူမ၏လက်များကိုသာ တိတ်တဆိတ် စိုက်ကြည့်နေခဲ့ပြီးမျက်ဝန်းများမှာလည်း မှိန်ဖျော့လျက်ရှိကာ စိတ်သည်လည်း အခြားနေရာသို့ ရောက်နေဟန်တူသည်။

စားသောက်ဆိုင်အတွင်း၌ သိသိသာသာ တိတ်ဆိတ်နေလေ၏။အပြင်ဘက်တွင်မူ ဆူဆူညံညံ ရယ်မောသံများ ဖြင့် ပြည့်နှက်နေဆဲပင်။

ထိုအချိန်တွင် လှည်းရထားပေါ်၌ရှိသောဝမ်ဟုန်က တစ်စုံတစ်ခုကို ပြောကြားလာခဲ့ပြီး တစ်ချိန်တည်းမှာပင် လှည်းက အရှိန်မြန်လာသည်။ဝန်းရံနေသော လူအုပ်ကြီးကလည်း အလိုအလျောက် လမ်းကြောင်းဖယ်ပေးကြလေ၏။လူငယ်များသည် အသံမထွက်ဘဲ လှည်းရထား၏လားရာကို တိတ်တဆိတ်စောင့်ကြည့်နေကြသည်။ချီလန့်ထံ၌ လုပ်စရာ များများစားစားရှိမည်ဖြစ်၍ အာရုံနောက်အောင်မပြုမူသင့်ကြောင်း သူတို့ နားလည်ကြ၏။

လှည်းရထားက စားသောက်ဆိုင်ရှေ့မှဖြတ်သွားခဲ့သည်။ကန့်လန့်ကာနောက်ကွယ်တွင်ရှိသော လူငယ်က ခေါင်းလှည့်ကာ ကုန်စုံဆိုင်အား အမှုမဲ့အမှတ်မဲ့ ကြည့်လိုက်ရင်း ပြောကြားလေ၏။

" မူကီ ... "

ထိုအခါ အသက်နှစ်ဆယ်ခန့်ရှိသော အစောင့်လူငယ်တစ်ဦးက ပြန်လည်ဖြေကြားသည်။

" အမိန့်ရှိပါ ... သခင်လေး "

“အဲဒီစားသောက်ဆိုင်ကို တစ်ယောက်ယောက်ကို လွှတ်ပြီးသွားကြည့်ခိုင်းလိုက် ... မြန်မြန်တော့လုပ် ... သူတို့က တစ်ခုခုဖုံးကွယ်ဖို့ ကြိုးစားလာနိုင်တယ် "

" ဟုတ်ကဲ့ပါ "

ဝမ်ဟုန်၏လှည်းရထားဖြတ်သွားပြီးပြီးချင်းမှာပင် ရန်မင်းက မတ်တပ်ထရပ်ပြီး ထွက်ခွာရန်ပြင်ဆင်တော့သည်။သူက ကောက်ရိုးဦးထုပ်အား ဆွဲချလိုက်ပြီး “သွားစို့” ဟု ပြောကြားလာခဲ့၏။

" ကောင်းပါပြီ ... "

ချန်ရုံသည်လည်း သူမ၏ဦးထုပ်ကို ဆွဲချလိုက်ပြီး ရန်မင်း၏နောက်သို့ လိုက်သွားတော့သည်။

တံခါးဝသို့မရောက်သေးမီမှာပင် ချန်ရုံ၏ခြေလှမ်းများက ရပ်တန့်သွားလေ၏။

" အဲဒါ အဖိုးစွင်းမဟုတ်လား ... "

လှည်းရထားတစ်စင်းက သူမတို့ရှိရာဘက်သို့ ဦးတည်လာနေပြီး အသက်ကြီးကြီးမောင်းနှင်သူမှာ အဖိုးစွင်းမှလွဲ၍ မည်သူဖြစ်န်ိုင်ဦးမည်နည်း။

ရန်မင်းက တစ်ဖက်လူအားစောင့်ကြည့်နေသောချန်ရုံ့အား တစ်ချက်လှည့်ကြည့်ခဲ့သော်လည်း သူ၏ခြေလှမ်းများက မရပ်တန့်ခဲ့ပေ။

ချန်ရုံမှာ အသက်ရှူရပ်မတတ်ဖြစ်နေသော်လည်း ရန်မင်း၏အနောက်သို့ပြေးလိုက်သွားခဲ့သည်။သို့သော် သူမသည် အဖိုးစွင်း၏လှည်းအား လှည့်ကြည့်နေဆဲဖြစ်၏။

ခေတ္တကြာသောအခါ သူမတို့နှစ်ဦးစလုံး လမ်းဆုံတစ်ခုသို့ ရောက်ရှိလာသည်။ရန်မင်းက ခြေလှမ်းများအား ရပ်တန့်လိုက်လေ၏။ချန်ရုံလှည့်ကြည့်လိုက်သောအခါ လက်နောက်ပစ်လျက် မတ်မတ်ရပ်နေသောရန်မင်းကိုသာ တွေ့လိုက်ရသည်။

ထိုအချိန်တွင် အဖိုးစွင်း၏ လှည်းရထားက လျင်မြန်စွာပင် နီးကပ်လာသည်။

ချန်ရုံတစ်ယောက် ရန်မင်း၏ရည်ရွယ်ချက်အား နားလည်သွားလေ၏။သူမက ရန်မင်းအားကျော်ဖြတ်၍ တစ်ဖက်သို့သွားကာ ရှင်းလင်းပြတ်သားသောလေသံဖြင့် အော်ခေါ်လိုက်သည်။

" အဖိုးစွင်း "

အဖိုးစွင်းက အသံလာရာဘက်သို့ ချက်ချင်းလှည့်ကြည့်လာခဲ့ပြီး သူမအား ရုတ်ချည်းဆိုသလိုပင် ရှာဖွေတွေ့ရှိသွားတော့၏။ချန်ရုံသည် ယောက်ျားလေးဝတ်စုံဝတ်လျက်ဦးထုပ်ဆောင်းထားသော်ငြားလည်း အဖိုးစွင်းမှာ တစ်ချက်ကြည့်ရုံဖြင့် သူ၏သခင်မဖြစ်သူအား ချက်ချင်းမှတ်မိသည်။

အဖိုးစွင်း၏မျက်ဝန်းများက နီရဲလာပြီး တဆတ်ဆတ်တုန်နေသောနှုတ်ခမ်းသားများက သူမ၏အမည်အား ခေါ်ဆိုနေချင်ဟန်ရသည်။

" လူမသိပါစေနဲ့ ... "

လမ်းမပေါ်၌ လူအနည်းငယ်သာရှိသော်လည်း ချန်ရုံမှာ လေသံအား အတတ်နိုင်ဆုံး နှိမ့်ချ၍ပြောနေဆဲပင်။အဖိုးစွင်းမှာ ထိုစကားကြောင့် ချက်ချင်းပင် ငြိမ်ကျသွားပြီး အလိုလိုစီးကျလာသောမျက်ရည်များအား အင်္ကျီလက်ဖြင့် သုတ်နေခဲ့သည်။အဖိုးစွင်းမောင်းနှင်လာသောလှည်းက ချန်ရုံ၏အနားသို့ရောက်သွားစဉ်မှာပင် အနောက်မှ အရိပ်တစ်ခုပေါ်‌ထွက်လာလေ၏။


၎င်းအရိပ်၏ပိုင်ရှင်မှာ ရန်မင်းပင်ဖြစ်သည်။ရန်မင်းကအဖိုးစွင်း၏လှည်းရထားရပ်တန့်သွားသည်ကို မစောင့်ဆိုင်းဘဲ ကန့်လန်ကာစကို ဆွဲဖယ်ကာ လှည်းပေါ်သို့ အမြန်ခုန်တက်လိုက်၏။

ချန်ရုံမည်သည်ကိုမှ မတုံ့ပြန်ရသေးမီမှာပင် ရန်မင်းက

သူမ၏လက်မောင်းကိုဆွဲ၍ လှည်းရထားပေါ်သို့ အလျင်အမြန်ဆွဲတင်ပြန်သည်။

ရန်မင်း၏လုပ်ဆောင်ချက်များမှာ လျင်မြန်လွန်းသဖြင့် အဖိုးစွင်းမည်သည်ကိုမှ မပြောနိုင်သေးခင်မှာပင် ချန်ရုံ၏စိတ်အားထက်သန်နေသောလေသံက ပေါ်ထွက်လာခဲ့၏။

" အဖိုးစွင်း ... မြန်မြန်ပြောပါ ... အိမ်တော်မှာ အခြေအနေဘယ်လိုလဲ ... အားလုံး ဘယ်လိုနေနေကြလဲ "

ထိုအခါ သူမ၏အမှုထမ်းဖြစ်သူက စိတ်ကိုပြန်လည်စုစည်းကာ ဖြေကြားလေသည်။

" အိမ်တော်မှာ နည်းနည်းတော့ အခက်တွေ့နေပါတယ် ... "

" ဘယ်လိုမျိုးလဲ "

"ချန်ယွမ်ပဲပေါ့ ... ဘယ်သူဖြစ်ရမှာလဲ ... သူက နန်ယန်မင်းသားနဲ့ ရွမ်မိသားစုရဲ့ အဓိကစီးပွားရေးလုပ်ငန်း‌တချို့ကို ဝင်နှောက်ယှက်လိုက်တယ်လို့ကြားတယ် ... နှစ်ယောက်စလုံးက သူ့ကို အကြီးအကျယ် စိတ်ဆိုးကြတော့တာပဲ ... မင်းသားဆိုရင် သခင်မလီရဲ့ အစ်ကိုတော်ကို အမျက်ထွက်ပြီး သတ်ပစ်လိုက်တာ ... ချန်ယွမ်ကိုလည်း ကွပ်မျက်ချင်နေပေမဲ့ သူက အငယ်အနှောင်းနဲ့ ထိတ်လန့်တကြား ကွာရှင်းပြီး ချန်ကုန်းရန်းရဲ့ ရှေ့မှာ ဒူးထောက်ငိုယိုပြီး ရုန်းရင်းဆန်ခတ်ဖြစ်အောင်လုပ်လိုက်လို့ သေဘေးက လွတ်သွားတယ်လို့ကြားတယ် "




Xxxxx