အပိုင်း ၁၄၂
Viewers 16k

Chapter 142
သဝန်တိုခြင်း


အဖိုစွင်းမှာ ပြောနေရင်းဖြင့် ဘေးဘီသို့လှည့်ကြည့်လိုက်ပြီး တစ်စုံတစ်ဦးအားမြင်သောအခါ သူက ပါးစပ်ပိတ်သွားလေသည်။ခေတ္တအကြာ လူရှင်းသောနေရာသို့ရောက်လာသောအခါမှသာ အဖိုးစွင်းက စကားဆက်သည်။

“အားဝေ့ဆို ဒီရက်ပိုင်း ငိုပဲငိုနေတာ ... ဘာမှမလုပ်နိုင်ရှာဘူး ... သခင်မရွမ်ရဲ့မိသားစုကလည်း ‌သေခန်းပြတ်ရှင်ခန်းပြတ်ပဲလို့ ကြေငြာလိုက်ပြီ ... ချန်ယွမ်နဲ့ သူ့ဇနီးကလည်း အိမ်တံခါးပိတ်ပြီးပဲ ငြိမ်ကုပ်နေကြတာ ... အခုဘယ်လောက်ထိအခြေအနေဆိုးလဲ သခင်မလေးမသိပါဘူး ... အစေခံတွေအကုန်လုံးလည်း သခင်မလေးရဲ့ ဦးလေးအခြေအနေကိုသိကြတယ် ... သူတို့က ဘာမှမပြောကြပေမဲ့ ခံစားချက်ကတော့ မတူဘူးပေါ့ ... နန်ယန်မှာရှိတဲ့လူတွေက တစ်မိသားစုလုံးကို နှင်ထုတ်ပစ်ချင်လို့ အစည်းအဝေးတွေ အများကြီးလုပ်နေတယ်လို့လည်း ကြားတယ် ”

ယင်းနောက်တွင် အဖိုးစွင်းက သက်ပြင်းချလျကိ ဆက်လက်ပြောကြားသည်။

" ချန်ယွမ်ရဲ့ဆုတ်ယုတ်မှုက ကျွန်တော်တို့ကိုပါ အတူဆွဲချသွားပေမဲ့ ကံကောင်းစွာနဲ့ သခင်မလေးက ရှိမနေခဲ့ဘူး"

ချန်ရုံမှာ နှုတ်ဆိတ်နေခဲ့လေ၏။

သူမကိုယ်တိုင်းလည်း သေချာပေါက်ပတ်သက်ဆက်နွှယ်နေမည်ကို ချန်ရုံသိသည်။အကယ်၍သာ ချန်အိမ်တော်မှာ နန်ယန်မှနှင်ထုတ်ခံရလျှင် သူမသည်လည်း အတူတကွ နယ်နှင်ခြင်းခံရမည်သာ။

မည်သို့ပင်ဆိုစေကာမူ ချန်ရုံသည် ထိုဆုံးရှုံးမှုကို လုံးဝဂရုမစိုက်ပေ။လက်ရှိအချိန်တွင် ကလဲ့စားချေခြင်း၏ကျေနပ်စိတ်ဖြင့်သာ သူမ၏နှလုံးသားက တဒုန်းဒုန်းခုန်ပေါက်နေလေသည်။

ပျော်ရွှင်မြူးတူးစိတ်အား ချိုးနှိမ်နေရင်း ချန်ရုံက ရန်မင်းအား လှည့်ကြည့်လိုက်သည်။ရန်မင်းမှာ မျက်ဝန်းများကို ပိတ်သိမ်း၍ တရားရှုမှတ်လျက်သားအနေအထားဖြင့်ရှိနေခဲ့ပြီး သူ၏မျက်ခုံးစပ်မှာလည်း တွ့န့်ချိုးနေလေသည်။

သူ၏စိတ်ထဲ၌ မည်သည့်အရာများရှိနေကြောင်း လားလားမျှမသိနိုင်ချေ။


ရန်မင်းအား ကြည့်ရှုရင်း ချန်ရုံက တစ်ကိုယ်တည်းတွေးနေခဲ့သည်။

- သူက ဘယ်လိုဇာတ်လမ်းမျိုးဖြန့်ထားတာလဲ ... ဘယ်လိုဇာတ်လမ်းမျိုးကြောင့် ချန်ယွမ်နဲ့ သခင်မရွမ်က ဒီလောက်ထိ ဆိုးဆိုးရွားရွားဖြစ်သွားရတာလဲ -

ထိုအချိန်တွင် အဖိုးစွင်းက ဆက်လက်ပြောကြားလာခဲ့သည်။

" အရင်ရက်တွေတုန်းက သခင်မရွမ်က ကျွန်တော်တို့အဆောင်တော်ကို စောင့်ရှောက်ဖို့ လူတစ်ယောက်ပဲချန်ရမယ်လို့ပြောတယ် ... ကျန်တဲ့လူတွေကို ရာထူးက ဖယ်ပစ်မယ်တဲ့ ... ကံကောင်းစွာနဲ့ပဲ ချန်ကုန်းရန်းက တစ်ယောက်ယောက်ကို လွှတ်ပေးလိုက်တာ ...အဲ့ဒီလူက ပြောတယ် ... သခင်မလေးက ကြင်နာတတ်ပြီး အဖိုးတန်တဲ့လူမလို့ သခင်မလေးရဲ့လုံခြုံမှုအကြောင်း သေချာမသိသေးတဲ့အချိန်မှာ အစေခံတွေကို ခွဲထုတ်မပစ်သင့်ပါဘူးတဲ့ ... ပြီးတော့ အမှားလုပ်တဲ့သူတွေက သပ်သပ်ရှိပေမဲ့ တခြားလူအပေါ် ‌လာပုံချနေတယ်လို့လည်း ပြောပစ်လိုက်သေးတယ် ... အဲ့ဟာတွေက အဆင့်အတန်းကိုမရှိတာလေ ဟားဟား "

အဖိုးစွင်းမှာ ချန်ယွမ့်အား တလေးတစားမပြောဆိုသည့်အကြောင်းအရင်းအား ယခုမှ ချန်ရုံသဘောပေါက်သွားသည်။ဤသို့သော ဇာတ်လမ်းမျိုး ရှိနေခဲ့သည်ပင်။

ထိုအချိန်တွင် အဖိုးစွင်းက လှည်းရထားအား ရပ်တန့်လိုက်ကာ အနောက်သို့လှည့်၍ ပြောကြားလာပြန်သည်။

" သခင်မလေး ... အကုန်လုံးက သခင်မလေးတစ်ခုခုဖြစ်တယ် ထင်နေကြတာ ... "

ယင်းနောက်တွင် အဖိုးစွင်းက ပြောလက်စအား ခေတ္တရပ်တန့်ကာ အသံကို ပိုမိုနှိမ့်ချ၍ ဝေခွဲမရဖြစ်စွာဆိုလာခဲ့၏။

" သခင်မလေးနဲ့အတူ လိုက်သွားတဲ့သူတွေလည်း တစ်ယောက်မှပြန်ရောက်မလာဘူး ... ကောလဟာလတွေကတော့မျိုးစုံ ထွက်နေတာ ... ကျွန်တော်ဆို ငိုလိုက်ရတာ တစ်ကြိမ်မကဘူး ... "

အဖိုးစွင်းက ပြောပြောဆိုဆိုဖြင့် ထောင့်တွင်ကပ်၍ထိုင်နေသောရန်မင်းအား တစ်ချက်လှမ်းကြည့်သည်။


ချန်ရုံက စိတ်ချလက်ချဖြစ်စေသောလေသံဖြင့် အဖိုးစွင်းအား ပြန်လည်ဖြေကြားလိုက်သည်။

" တပ်မှူးတစ်ယောက်လုံးရှိတာကို ကျွန်မက ဘာဖြစ်ရမှာလဲ ... "

ထိုအခါ အဖိုးစွင်းက ယုံကြည်ဟန်ရသောအသံတစ်သံပေးလာသော်လည်း သူ၏မျက်ဝန်းများမှာမူ ရန်မင်းအား သံသယအငွေ့အသက်ဖြင့် စိုက်ကြည့်နေဆဲပင်။

အဖိုးစွင်းထံ၌ မေးခွန်းပေါင်းသောင်းခြောက် ထောင်ရှိနေမည်ကို ချန်ရုံနားလည်သော်လည်း ယခုမှာ ပြန်လည်ဖြေကြားရန် အချိန်ကောင်းမဟုတ်သေးချေ။

လှည်းရထားက ဘီးသံတကျီကျီဖြင့် လမ်းတစ်လျောက် ရွေ့လျားလာခဲ့သည်။

" ဒီနေရာဆိုရပြီ ... "

တစ်နေရာအရောက်တွင် ရန်မင်းထံမှ တိုတောင်းသောလေသံထွက်ပေါ်လာ၏။

" ကောင်းပါပြီ " အဖိုးစွင်းကလည်း တိုတိုတုတ်တုတ်သာ ပြန်လည်ဖြေကြားသည်။

လှည်းရထားရပ်တန့်သွားသောအခါ ရန်မင်းက ချန်ရုံ၏လက်ကိုဆွဲကာ အောက်သို့ ခုန်ဆင်းလေ၏။ယင်းနောက်တွင်မူ သူက ဘေးဘီကို တစ်ချက်ကြည့်ကာ အရှေ့မှ လမ်းသွယ်တစ်ခုထဲသို့ ဦးတည်ဝင်ရောက်သွားတော့သည်။အဖိုးစွင်းမှာ အနောက်မှ ထပ်ကြပ်မကွာလိုက်သွားချင်သော်လည်း ချန်ရုံက အနောက်သို့လှည့်ကြည့်ကာ ခေါင်းခါပြနေခဲ့သည်။

အဖိုးစွင်း၏အကြည့်များက ချန်ရုံ့လက်အားဆုပ်ကိုင်ထားသော ရန်မင်း၏လက်များနှင့် ၎င်းတို့၏ဆက်စပ်နေသော အရိပ်များထံတွင် ရှိနေသည်။သူ၏လည်ချောင်းထဲ၌ မရေမတွက်နိုင်သောမေးခွန်းများကိန်းအောင်းနေသော်လည်း ဖွင့်ထုတ်မေးရန် အခွင့်အရေးမရှိပါပေ။
နောက်ဆုံးတွင် ချန်ရုံတို့နှစ်ဦးက သူ၏အမြင်အာရုံမှ ပျောက်ကွယ်သွားခဲ့သည်။

သိပ်မကြာခင်၌ပင် လမ်းကြားထဲသို့ ပြန်ရောက်လာပြီး နှစ်ဦးသား ယိုယွင်းပျက်စီးနေသောခြံဝင်းထဲသို့ ပြန်လည်ဝင်ရောက်ခဲ့ကြလေ၏။
ရန်မင်းက ကျောက်တုံးကြီးအား တွန်းဖယ်ကာ ချန်ရုံ့အား လက်ဝှေ့ယမ်းပြသည်။ယင်းနောက်တွင် သူက ချန်ရုံ့အား မစောင့်ဆိုင်းဘဲ ရေတွင်းပျက်ထဲသို့ ဦးစွာ ငုံ့ဆင်းသွားခဲ့လေ၏။
ချန်ရုံသည်လည်း ရန်မင်း၏အနောက်မှ လိုက်ပါဆင်းသက်သွားသည်။

မကြာခင်၌ပင် ယင်းကျောက်တုံးကြီးမှာ ဖြည်းဖြည်းချင်းပြန်ပိတ်သွားပြီး ရှေးဟောင်းရေတွင်းကြီးက တစ်ဖန်ပြန်လည်တိတ်ဆိတ်သွားခဲ့သည်။ချန်ရုံမှာ ရန်မင်း၏အနောက်မှလိုက်ကာ နန်ယန်မှ တိတ်တဆိတ် ထွက်ခွာလာခဲ့ကြလေ၏။

ဥမင်လိုဏ်ခေါင်းအပြင်ဘက်သို့ရောက်သောအခါ ရန်မင်းက မြို့ဘက်သို့ လှည့်ကြည့်သည်။သူ၏ပါးလွှာသော နှုတ်ခမ်းသားများမှာ မျဉ်းကြောင်းတစ်သဖွယ်ဖြောင့်တန်းနေခဲ့ပြီး ယင်းတို့ပေါ်၌ မှိန်ပျပျအပြုံးတစ်ခုပေါ်ပေါက်လာလေသည်။

" မျိုးရိုးနာမည်လေးတစ်ခုပဲကို ... "

ရန်မင်းက တိုးညင်းစွာပြောပြီး အခင်းနေရာမှ လှည့်ထွက်သွားတော့၏။ချန်ရုံသည်လည်း သူ၏အနောက်မှ အမြန်လိုက်လာခဲ့သည်။

ခြေလှမ်းသုံးရာမပြည့်သေးမီမှာပင် မီးတုတ်များကိုင်ထားကြသည့် ရာချီသောစစ်သည်တော်အုပ်စုနှင့် ကြုံဆုံလာရသည်။ရန်မင်းက သူ၏စီးတော်မြင်းပေါ်သို့တက်ခွသွားပြီးချန်ရုံ့အား အာရုံမစိုက်ပေ။ယင်းနောက်တွင် မြင်းဟီးသံ
ထွက်ပေါ်လာခဲ့ပြီး ရန်မင်းက ထိုနေရာမှ အလျင်အမြန်ထွက်ခွာသွားလေသည်။

ချန်ရုံ့ခမျာ လွင့်ပျံနေသောဖုန်မှုန့်များကြားမှ ရန်မင်း၏နောက်ကျောပုံရိပ်ကို လှမ်းမျှော်ကြည့်နေရရှာ၏။

" သခင်မလေး ... မြင်းစီးတတ်လား ... "

စစ်သည်တစ်ဦးမှ မေးမြန်းလာသောအခါ ချန်ရုံက တစ်ဖက်သို့လှည့်လိုက်ပြီး " စီးတတ်ပါတယ် " ဟု အမြန်ပြန်ဖြေသည်။

ထို့နောက်တွင် ချန်ရုံမှာ မြင်းပေါ်သို့တက်ရောက်ခဲ့ပြီး ရန်မင်း၏ဦးတည်ရာ တောအုပ်ငယ်ထဲဆီသို့ စီးနင်းလိုက်ပါသွားခဲ့သည်။

လထွက်လာသောအချိန်တွင်မှ တပ်စုတစ်ခုလုံး ရန်မင်းအား အမှီလိုက်နိုင်ကြတော့ပေ၏။

ထိုသူနှင့်သူ၏မြင်းမှာ ထုထည်ကြီးမားမြင့်မားပြီး ၎င်းတို့မှာ တောကန္တာရအလယ်တွင် ရပ်နေကြသည်။ ညဘက်မြင်ကွင်း၌ သူတို့၏ပုံရိပ်မှာ အုံ့ဆိုင်းနေပြီး ဝေးကွာနေပုံရလေသည်။ချန်ရုံက ဖြည်းညင်းစွာ သက်ပြင်းချလိုက်၏။
ထို့နောက်တွင် ချန်ရုံမှာ ရန်မင်းရှိရာဆီသို့ ဦးတည်သွားခဲ့သည်။

သူမ၏ ပျော့ပျောင်းသောလေသံက ခွာသံများကြားမှထွက်ပေါ်လာခဲ့သည်။

" ရှင့်ရဲ့သူရဲကောင်းဆန်တဲ့စွမ်းဆောင်မှုတွေကို မျိုးရိုးမြင့် ဘယ်နှယောက်လောက်ကများ ကြွားဝါနိုင်ကြမလဲ ...ရှင့်ရဲ့ အရည်အချင်းနဲ့ ဉာဏ်ရည်ဉာဏ်သွေးက ယှဉ်လို့ရတဲ့အရာမဟုတ်ဘူး ... စာပေပန်းချီရာဇဝင်တွေထဲမှာ ရှင့်နာမည်က နှစ်ထောင်ချီအောင် ကြွင်းကျန်ခဲ့မှာပဲ ... အထက်တန်းလွှာနဲ့ စာတတ်ပေတတ်အကုန်လုံးက ရှင့်ကို ဖူးမျှော်နေကြရမှာလေ ...ဒါနဲ့များ ဘာကို အလိုမကျဖြစ်နေရသေးတာလဲ "

သူမသည် ဤစကားများအား အလျဉ်းသင့်သည့်အချိန်တွင် ရန်မင်းအားပြောရန်မျှော်လင့်ချက်ဖြင့် ယခင်ဘဝတွင် အကြိမ်ထောင်ပေါင်းများစွာ ရွတ်ဆိုခဲ့သည်။ ထိုအချိန်တွင် ဤစကားများအား အချိန်ကိုက် ပြောဆိုနိုင်ပါက တစ်ဖက်လူ၏မြင့်မားသော သဘောထားအား အရယူနိုင်လိမ့်မည်ဟု ချန်ရုံ ယုံကြည်ထားခဲ့လေသည်။

ထိုအကြောင်းကြောင့်ပင် ချန်ရုံ၏စကားမှာ အဆင်ချောပြီး သိမ်မွေ့ပေ၏။ထိုသိမ်မွေ့မှု၌ သူမထံမှ ဝမ်းနည်းဆွေးမြေ့မှုများပင် ရောထွေးကုန်သည်။

လရောင်အောက်မှ ရန်မင်းက လှည့်ကြည့်လာခဲ့သည်။

ညအမှောင်တွင် သူ၏မျက်ဝန်းများမှာ ဝံပုလွေအလားဖြစ်ပေ၏။သူမအား အချိန်အကြာကြီး စိုက်ကြည့်ပြီးနောက်တွင်မူ ရန်မင်းကပြုံးပြလာခဲ့သည်။

“ ဉာဏ်ကောင်းလိုက်တဲ့မိန်းကလေး ... ဘာလို့ ဒီလောက်ထိ စကားကောင်းကောင်းပြောတတ်တာလဲ”

ရန်မင်းမှာ ပြောပြောဆိုဆိုဖြင့် မြင်းအား ချန်ရုံ၏အနားသို့ တိုးကပ်စီးနင်းလာလေ၏။
ယင်းနောက်တွင် သူက ချန်ရုံ့အား ညာဘက်လက်ကို ကမ်းပေးလျက် အမိန့်ပေးသည်။

" လာ "

ဝတ်ရုံအောက်မှချန်ရုံ၏လက်များမှာ တုန်ယင်နေခဲ့သော်လည်း နောက်ဆုံးတွင် သူမက ရန်မင်း၏ လက်အားလှမ်းဖမ်းဆွဲလိုက်၏။

ထိုအခါရန်မင်းက ချန်ရုံ့အား သူ၏မြင်းပေါ်သို့ ဆွဲတင်ကာ တောနက်ကြီးထဲသို့ ကဆုန်ပေါက် မောင်းနှင်သွားခဲ့သည်။

ယင်းအချိန်တွင် အသည်းခိုက်လောက်သောညလေအား ရှူသွင်းရင်း ရန်မင်းက ပြောဆိုလာလေ၏။

" လန်ယာဝမ်ချီက မုရုံခယ်နဲ့ ဘယ်လိုရင်ဆိုင်မလဲဆိုတာ ကို သိချင်မိတယ် ...အခုချိန်ထိ နာမည်တစ်လုံးနဲ့ ဘယ်လိုနေလာသလဲဆိုတာကို ကြည့်ရသေးတာပေါ့ "

ရန်မင်း သဝန်တိုနေသည်ကို ချန်ရုံသိလေ၏။


သို့သော်လည်း သူမက တစ်စုံတစ်ရာပြန်မပြောခဲ့ချေ။ဤအချိန်သည် ပြန်လည်ဖြေကြားနေရန်အတွက် မသင့်တော်ပါ။

ညလေမှာ တိုက်ခတ်နေမြဲပင်။စီးတော်မြင်းမှာ အသားကုန်ပြေးနေပြီး လေရိုက်ခတ်မှုပြင်းထန်သည်ဖြစ်ရာ မျက်လုံးများပင် ကျိန်းစပ်ချင်သလိုလိုဖြစ်လာ၏။

ချန်ရုံမှာ ၎င်းမသက်မသာဖြစ်မှုအား အောင့်သက် သက်နှင့် သည်းခံခဲ့ရသည်။‌

ခဏကြာသောအခါတွင် ရန်မင်းက အော်ဟစ်ကာ မြင်းဇက်ကြိုးကိုဆွဲပြီး စီးနင်းနေရာမှ ရုတ်တရက် ရပ်တန့်ပစ်လိုက်သည်။ယင်းနောက်တွင် သူက ချန်ရုံ၏မျက်နှာအား လှည့်ကြည့်လာခဲ့၏။
ရန်မင်းမှာ ဝံပုလွေများသကဲ့သို့ မှောင်ပိန်းနေသောမျက်ဝန်းများဖြင့် ချန်ရုံ့အား စူးစိုက်ကြည့်နေခဲ့ပြီး ရုတ်ချည်းဆိုသလို မေးမြန်းလာသည်။

" ဝမ်ချီလန့်ကို လက်မလွှတ်နိုင်သေးဘူးလား ... "

သူ၏မျက်ဝန်းများထဲတွင် ဖုံးကွယ်ထားသော ရန်လိုမှုတစ်ခု ကိန်းဝပ်နေလေ၏။
ချန်ရုံမှာ ယခုအချိန်တွင် ရန်မင်းအား ဒေါသမထွက်ရဲပေ။ သူမက မျက်လွှာချလိုက်ပြီး " ဟင့်အင်း ... " ဟု ပြန်ဖြေလိုက်သည်။

"ငါ့ကို တည့်တည့်ကြည့်ပြီးပြော ... "

ရုတ်တရက်ဆန်စွာပင် ရန်မင်းက အသံမြှင့်၍ အော်ပြောလာခဲ့၏။

ချန်ရုံတစ်ယောက် တုန်လှုပ်ခြောက်ခြားစွာဖြင့် ရန်မင်းအား မော့ကြည့်လိုက်သည်။အမှောင်ထဲတွင် သူမ၏တောက်ပနေသောမျက်ဝန်းများက ပိတ်ချည်ဖွင့်ချည်ဖြစ်နေပြီး မျက်နှာတစ်ပြင်လုံးမှာလည်း နီရဲနေခဲ့သည်။

" ပြောလေ ... "

ဤတစ်ကြိမ်၌မူ ရန်မင်းက စိတ်လျှော့ပြီး လေသံနှိမ့်ပြောလာလေ၏။

တစ်ဖက်လူ၏ဒေါသအကြောင်းနောကျေသောချန်ရုံက ကနဦးတွင် မျက်လွှာချ၍စိတ်ထိန်းကာ ယင်းနောက်တွင်မူ ရန်မင်းအား တစ်ဖန်ပြန်လည်မော့ကြည့်၍ ဖြေကြားလိုက်တော့သည်။

" အဲလိုမဟုတ်ဘူး ..."

ထိုအခါ ရန်မင်းက ဖျတ်ခနဲ ပြုံးလာခဲ့ပြီး ချန်ရုံ၏မေးဖျားအား ကိုင်မြှောက်ထားသော သူ့လက်များအား ရုတ်သိမ်းလိုက်ကာ အဝေးတစ်နေရာသို့ အကြည့်လွှဲသည်။

" အားရုံ ... "

“အင်း ”

" မင်းက ငါအကြာကြီး လိုက်ရှာခဲ့ရတဲ့သူပဲ ... ကျန်တဲ့သက်တမ်းတစ်လျှောက်လုံးမှာ မင်းသူ့အကြောင်းမတွေးဖို့ မျှော်လင့်ပါတယ် "

ရန်မင်းမှာ ဤစကားများအား အလေးအနက်ပြော‌ဆိုနေခြင်းပင်။

" အင်းပါ ... "

၎င်းရိုးရှင်းသောအဖြေကြောင့် ရန်မင်းမျက်မှောင်ကြုတ်သွားသောအခါ ချန်ရုံတစ်ယောက် အလျင်အမြန်ပင် ထပ်လောင်းပြောဆိုရတော့သည်။

" သူ့အကြောင်းမတွေးဘဲနေပါ့မယ် ... "

ရန်မင်းက ညင်သာစွာ ချောင်းဟန့်လိုက်ပြီး မြင်း၏လုံးပတ်ကို ကန်ကျောက်ကာ ၎င်းနေရာမှ စီးနင်းထွက်ခွာလာခဲ့၏။

သူ၏ဘယ်ဘက်လက်က ချန်ရုံ့ခါးပေါ်တွင်ရှိနေပြီး ယင်းနောက်တွင် သူက ထေ့ငေါ့သလိုပြုံးရယ်ရင်း ပြောကြားသည်။

" သဝန်တိုတယ် ... "ရန်မင်း၏လေသံမှာ အလွန်ပင် ကျိုးနွံနေပေ၏။

" ရှင်က လေသံတစ်ချက်နဲ့တင် ဟူစစ်သည်တွေကို ပြန်ပြေးစေတဲ့ ကောင်းကင်ဘုံ၏မင်းသားရှီမင်းပဲ ... ဘာလို့တခြားယောက်ျားကို မနာလိုဖြစ်နေရမှာလဲ "

ရန်မင်းကြားချင်သည်မှာလည်း ဤသို့သောစကားမျိုးဖြစ်မှန်း ချန်ရုံသိသည်။
သူမ၏စကားဆုံးဆုံးချင်း ရန်မင်းက ထရယ်တော့လေသည်။

ထို့နောက်တွင် ရန်မင်းသည် ခေါင်းကိုမော့ကာ စီးတော်မြင်းအား ဆက်လက်မောင်းနှင်ခဲ့လေ၏။ဝေ့ဝဲတိုက်ခတ်နေသောလေထုများအား ရင်ဆိုင်ရစဉ်တွင် ရန်မင်း၏ရွှင်မြူးသောရယ်မောသံများက ပဲ့တင်ထပ်နေသည်။၎င်းရယ်သံကို နားထောင်ရင်း ချန်ရုံသည်လည်း ဖြည်းညင်းစွာ လိုက်ပါပြုံးရယ်လိုက်တော့၏။

ဤအခိုက်အတန့်တွင် ရန်မင်း၏လက်များက သူမ၏ခါးတစ်ဝိုက်ကိုသိုင်းဖက်လာကာ နှစ်ဦးသားအား ပိုမိုနီးကပ်လာစေခဲ့သည်။ထို့ကြောင့်ပင် ချန်ရုံမှာ ကျယ်လောင်စွာ ရယ်မောရင်းမြင်းစီးနင်းနေသူ၏ရင်ခွင်ထဲတွင် ခိုနားနေခဲ့တော့လေ၏။



Xxxxx