အပိုင်း ၁၄၃
Viewers 16k

Chapter 143



မြှားတစ်စင်းသကဲ့သို့ လျင်မြန်စွာထွက်ခွာသွားသည့်ရန်မင်းအား လှမ်းမြင်လိုက်သောတပ်သားများက ထိတ်လန့်တကြားဖြစ်ကာ အနောက်မှ လိုက်ရန်ပြင်သည်။တစ်ချိန်တည်းမှာပင် တပ်သားတစ်ယောက်က ဝင်ရောက်မှတ်ချက်ပြုလာခဲ့၏။

“ တပ်မှူးက သူ့တွဲဖက်ကို ရှာတွေ့သွားပြီကွ "

ကျန်းမာရေးအားနည်းပြီး ပညာတတ်တစ်ဦးကဲ့သို့ အသွင်အပြင်ရှိသည့် အခြားတစ်ဦးကလည်း အဝေးမှရုပ်သွင်များကို လှမ်းမျှော်ကြည့်ကာ စိတ်သက်သာရာရသောလေသံဖြင့် ဝင်ရောက်ပြောဆိုလာလေသည်။

“ တပ်မှူးက အမြဲတမ်းပြောခဲ့ဖူးတယ် ... သူ့ရဲ့ဘဝကို လက်နက်တွေနဲ့ပဲအတူ ကုန်ဆုံးရရင် လုံလောက်ပါပြီတဲ့ ... ဒါပေမဲ့ အနောက်ပိုင်းချူဘုရင်လိုမျိုး တစ်နေ့နေ့မှာ အလှလေးတစ်ယောက်ကို ထွေးပွေ့ထားရမယ်လို့ သေချာပေါက် မျှော်လင့်ထားခဲ့မှာမဟုတ်ဘူး ... နားထောင်ကြည့်ပါဦး ... ရယ်သံကြီးက ဘယ်လောက်တောင် ကျေနပ်‌နေလိုက်သလဲ”

ထိုစကားကြောင့် တပ်သားများ အူတက်ကုန်ကြသည်။

ရုန်းရင်းဆန်ခတ်ရယ်မောသံများနှင့် မြင်းခွာသံများက တိတ်ဆိတ်ငြိမ်သက်သောတောအရပ်၌ နှစ်သိမ့်မှုကိုပေးစွမ်းလေ၏။

မျက်စိတစ်မှိတ်အတွင်း၌ ရက်အနည်းငယ်ကုန်လွန်သွားသည်။

ကန့်လန့်ကာနောက်ကွယ်၌ ထိုင်နေသောချန်ရုံမှာ စုတ်တံကို ချလိုက်ပြီး အရှေ့မှ မျက်တောင်မခတ်တမ်းစိုက်ကြည့်နေသောမျက်ဝန်းများထံသို့ အကြည့်လွှဲလိုက်သည်။
ထိုအခါ သူမ၏အရှေ့တွင်ရှိနေသောရန်မင်းက ထိုင်နေရာမှထရပ်ကာ ကင်းထောက်ဖြစ်သူအား မေးမြန်းလေတော့၏။

" မူရုံခယ် လာပြီလား ... "

" လာနေပါပြီ ... "

"ဒီကနေ ဘယ်လောက်ဝေးလဲ"

" မိုင်ငါးဆယ်နီးပါးလောက်ပေါ့ ... ဒီနှုန်းအတိုင်းဆို မနက်ဖြန်ကျရင် နန်ယန်ကို ဝိုင်းထားနိုင်လောက်ပြီ ... ဟူတပ်တွေက နန်ယန်ကို အဘက်ဘက်ကနေ ဝိုင်းထားကြတယ် ... တပ်မှူးမူရုံခယ်က အရမ်းသတိကြီးပါတယ် ... "

ထိုအခါ ဘေးမှ အကြံပေးတစ်ဦးက ထေ့ငေါ့ပြောဆိုလာသည်။

“သူကများ ငါတို့ တပ်မှူးကို သတိကြီးကြီးထားရတယ်ရှိ‌သေး ... ငါတို့တပ်မှူးသာကြားဝင်လိုက်ရင် ဒီတိုက်ပွဲမှာ သူအနိုင်ရဖို့ အခွင့်အရေးကိုရှိမှာ မဟုတ်ဘူး ”

ထိုစကားကိုကြားသောအခါ ရန်မင်းက ရယ်လေ၏။

ယင်းနောက်တွင် သူက ခြေဆောင့်လိုက်ပြီး အမိန့်ပေးသည်။
" ဝတ်ရုံယူလာခဲ့ ... "

“ ဟုတ်ကဲ့ပါ သခင်လေး ”

ထိုအချိန်တွင် တပ်သားသုံးယောက်က အမောတကောဝင်ရောက်လာပြီး ရန်မင်း၏ပတ်ပတ်လည်၍ ဝန်းရံလာကြသည်။

"မင်းတို့ကို ဘယ်သူက ဝင်လာဖို့ပြောထားလို့လဲ "

ရန်မင်းက လက်မောင်းကို ဝှေ့ယမ်းပြီး ထိုသူများကိုဖယ်ထုတ်ရန်ကြိုးစားကာ စိတ်ရှုပ်ထွေးနေသောလေသံဖြင့် မေးမြန်းလိုက်၏။

ထိုအချိန်တွင် ချန်ရုံက ဉာဏ်ရှိစွာဖြင့်ပြုံးရယ်လိုက်ပြီး ကန့်လန့်ကာကို အမြန်ရုတ်ကာ ရန်မင်း၏အနောက်သို့လျှောက်လှမ်းသွားသည်။ထို့နောက်တွင် သူမက နက်ပြာရောင်ဝတ်ရုံကို ဆွဲကိုင်ယူလိုက်ပြီး ရန်မင်းအား ဝတ်ဆင်ပေးကာ ဇနီးသည်လေးတစ်ဦးကဲ့သို့ ညင်သာစွာ မေးမြန်းလာခဲ့၏။

" အရှင်က ဘယ်သွားမလို့လဲ ... "

ယင်းအချိန်၌ ရန်မင်းက မျက်ဝန်းများကို မှိတ်ထားပြီး ချန်ရုံ၏လေသံအား ဂရုတစိုက်နားဆင်နေခဲ့သည်။မေးဖျားပေါ်သို့ရောက်ရှိလာသည့် နူးညံ့သောအထိအတွေ့ကြောင့် သူကိုယ်တိုင်ပင်မသိလိုက်ပါဘဲ ရန်မင်း၏လေသံမှာ ပျော့ပျောင်းလာလေ၏။

" နန်ယန်ကိုသွားမလို့ ... "

" ဟင် ... "
ချန်ရုံတစ်ယောက် အံ့အားသင့်သွားပြီး အာမေဋိတ်သံအဆုံးတွင် ရန်မင်းက သူမ၏မေးဖျားအား လက်ဖြင့်ဆွဲကိုင်လာခဲ့သည်။

" မင်းဘာတွေတွေးနေတာလဲ ... "

ရန်မင်းက ကျဉ်းမြောင်းသောမျက်ဝန်းများဖြင့် သူမအားစူးစိုက်ကြည့်နေပြီး လေသံမှာမူ စိတ်မသက်မသာဖြစ်နေပုံရသည်။

ထိုအခါ ချန်ရုံက ရန်မင်းအား ထူးခြားသောအကြည့်ဖြင့်လျင်မြန်စွာကြည့်ရှုလိုက်ပြီး နားမလည်နိုင်သောလေသံဖြင့် မေးမြန်းလိုက်တော့၏။
" ဟူတပ်တွေက လာနေပြီနော် အရှင် ... အခုချိန်နန်ယန်ကိုသွားရင် ရုတ်ရုတ်သဲသဲတွေဖြစ်ကုန်မှာ ... အဲလိုဆိုရင်တောင် သွားမှာပဲလား "

ရန်မင်းသည် ချန်ရုံ့အား သံသယစိတ်ဖြင့် စိုက်ကြည့်နေဆဲဖြစ်ပြီး သူ၏ချောမောသော မျက်နှာမှာ တဖြည်းဖြည်း မည်းမှောင်လာသည်။

" မင်းသူ့ကို မမေ့သေးဘူးလား ... "

ချန်ရုံ၏မေးဖျားမှလက်က ပိုမိုတင်းကြပ်လာပြီး တစ်ဖက်လူက လေသံမြှင့်၍ ဒေါသတကြီးမေးမြန်းလေ၏။

ချန်ရုံမှာ တုန်ယင်လာခဲ့သည်။ယခုအချိန်၌ သူမ ခံစားနိုင်သမျှက နာကျင်စေသောမေးဖျားမှ အထိအတွေ့ပင်။

မှန်မကြည့်ဘဲနှင့်ပင် ယင်းနေရာ၌ဒဏ်ဖြစ်နေပြီဖြစ်ကြောင်းကို ချန်ရုံသိရှိသွားသည်။နာကျင်မှုနှင့်အတူ အံ့အားသင့်မှုများသည်လည်း သူမ၏စိတ်ထဲ၌ လွှမ်းမိုးခဲ့လေ၏။

ယခင်အချိန်များတွင် ရန်မင်းမှာ သူ သဘောမတွေ့သူများအား အရေးမလုပ်တတ်ဘဲ မထီမဲ့မြင်ဆန်စွာ ဆက်ဆံလေ့ရှိသည်။ဤသို့သောလူမျိုးက ချစ်ရသူထံတွင်မူ အလွန်ထိရှလွယ်ပြီး သဘောထား သေးသိမ်လွန်းကြောင်း ချန်ရုံ သိရှိသွားသည်။
ချန်ရုံ၏မျက်နှာမှာ ဖြူဖျော့လာပြီး သူမ၏ရှည် လျားသော မျက်တောင်များက တခတ်ခတ်လှုပ်ယမ်းနေလေသည်။အတွင်းစိတ်ထဲတွင်မူ ချန်ရုံမှာ ပြင်းထန်စွာ တုံ့ပြန်နေခဲ့၏။

- ငါသိပ်ချစ်ရတဲ့သူကို ဘယ်လိုလုပ်ပြီး မြန်မြန်မေ့နိုင်မှာလဲ ... နောက်ပြီးတော့ ငါက သူ့ကို ဘာလို့မေ့ပစ်ရမှာလဲ -

နောက်ဆုံးတွင်မူ ချန်ရုံက ရှုံ့မဲ့နေသောမျက်နှာထားဖြင့် ရန်မင်း၏လက်အား ဆွဲဖယ်လျက် အော်ပြောလိုက်တော့သည်။

" နာတယ်လို့ ... "

သူမ၏မျက်ဝန်းများက နီရဲနေပြီး မျက်ရည်စများဖြင့် ပြည့်နှက်နေခဲ့၏။သို့သော်လည်း ရန်မင်းက လွှတ်မပေးဘဲ သူမအား စူးစိုက်ကြည့်လျက် အော်ဟစ်လာပြန်သည်။

" မင်း သူ့အကြောင်းတွေးနေတုန်းလားလို့ ငါမေးနေတယ် ... "

ရန်မင်း၏လေသံမှာ လူသတ်မှုပင်ကျူးလွန်ရဲပုံရလေ၏။

ထိုအသံကိုကြားသောအခါ ချန်ရုံမှာပြန်လည်အသိစိတ်ဝင်သွားခဲ့သည်။သို့သော်လည်း သူမ၏မျက်နှာမှာ ဖြူဖျော့နေဆဲဖြစ်ပြီး ချန်ရုံက ငိုရှိုက်လျက် ပြောကြားလေ၏။

“ကျွန်မက လူသားတစ်ယောက်ပါ ... ခံစားချက်မဲ့တဲ့ သက်မဲ့ပစ္စည်း မဟုတ်ဘူး ... တစ်ခုခုကို မေ့ပစ်လိုက်မယ်လို့ ပြောရုံနဲ့ တကယ်မေ့နိုင်သွားတာမဟုတ်ဘူး ... ကျွန်မ သူ့ကို တစ်ခါမှမတွေးဖူးပေမဲ့ ရှင်က နန်ယန်အကြောင်းပြောလာလို့ မတတ်သာဘဲ အမှတ်ရမိသွားတာ ..."

သူမ၏ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာပြီး နီမြန်းနေသောနှုတ်ခမ်းသားများက စိုစွတ်လာသည်။

ဝမ်းနည်းစွာငိုကြွေးနေသောချန်ရုံ့အားကြည့်ရှုရင်း ရန်မင်းမှာ စိတ်သဘောထားပျော့ပျောင်းလာပြီး သူ၏လက်အား ဖြည်းညင်းစွာ လွှတ်လိုက်တော့သည်။

လွတ်မြောက်သွားသည်နှင့်တစ်ပြိုင်နက် ချန်ရုံက သူမ၏မျက်နှာကို အင်္ကျီလက်ဝတ်ရုံစများဖြင့်ဖုံးကွယ်ကာ ရှိုက်ငိုလေ၏။

" ရှင်က ကျွန်မကို နာကျင်အောင်လုပ်နေတာ ... "

" ဘာမှဆက်မပြောနဲ့ ... "

ရန်မင်း၏အော်သံအဆုံးတွင် ချန်ရုံမှာတုန်တုန်ယင်ယင်နှင့် အမြန်ပင်တိတ်ဆိတ်သွားသည်။သူမသည် စကားသံထပ်မထွက်ရဲဘဲပခုံးများမှာလည်း တုန်ယင်နေပြီး တစ်ကိုယ်လုံးပျော့ခွေနေလေ၏။

ထိုသို့သောရုပ်သွင်အား စိုက်ကြည့်နေရင်းဖြင့် ရန်မင်း၏မျက်နှာမှ ရန်လိုမုန်းတီးမှုတို့က သူ့အလိုလိုပျောက်ကွယ်သွားခဲ့သည်။

"မင်း သူ့အကြောင်းမတွေးရဘူး ... နားလည်လား "

" ကောင်း-ကောင်းပြီ ... "

ရန်မင်းက လေသံခပ်တင်းတင်းဖြင့် အမိန့်ပေးသောအခါချန်ရုံက တုန်တုန်ယင်ယင်လေသံဖြင့် ပြန်ဖြေရှာသည်။

ထို့နောက်တွင် ရန်မင်းမှာ သူ၏အင်္ကျီလက်များအား တစ်ချက်ခါယမ်းပြီး အပြင်ထွက်သွားတော့၏။

ရန်မင်း၏ခြေသံများကို နားထောင်နေရင်း ချန်ရုံက သူမ၏မျက်နှာကို ကာရံထားသော အင်္ကျီလက်များအား ပြန်လည်ရုတ်သိမ်းလိုက်သည်။မျက်ရည်များဖြင့်ပြည့်နှက်နေသောသူမ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်ပေါက်လာလေ၏။

သို့သော်လည်း မကြာခင်မှာပင် ချန်ရုံ စိတ်တိုသွားမိသည်။သူမသည် အဘယ်ကြောင့် ရန်မင်းအား စိတ်ကွက်မိခြင်းဖြစ်မည်နည်း။ကိစ္စအရပ်ရပ်အား အသေအချာတွေးတော၍ ခံစားချက်မဲ့နေသရွေ့အမုန်းတရားများရှိမလာနိုင်ဟု တွေးခဲ့သည်မဟုတ်ပါလော။အဘယ်ကြောင့် စိတ်တိုဒေါသထွက်၍ လိုအင်ဆန္ဒမပြည့်ဝသောခံစားချက်ကို ရန်မင်းအား လက်တွေ့မြည်းစမ်းကြည့်စေချင်စိတ်ပေါက်နေခြင်း ဖြစ်မည်နည်း။

တစ်နာရီခန့်ကြာသောအခါ ခြေလှမ်းသံများက နီးကပ်လာပြန်သည်။သလွန်တော်ပေါ်၌ တိတ်တဆိတ်လဲလျောင်းနေသည့်ချန်ရုံမှာ ခြေလှမ်းသံအားနားထောင်ကြည့်ရုံဖြင့်ပင် ရန်မင်းပြန်လာနေကြောင်းကို သိရှိသွားလေ၏။သူမက တံခါးဝအား အလျင်စလို မျှော်ကြည့်လိုက်သည်။ထိုအခါ အရပ်မြင့်မြင့် အသွင်သဏ္ဌာန်တစ်ခုပေါ်ပေါက်လာလေ၏။ထိုမျှသာမကသေးဘဲ နက်မှောင်အေးစက်သော မျက်ဝန်းတစ်စုံက သူမအား စိုက်ကြည့်လာသည်။

ရန်မင်းက မျက်မှောင်ကြုတ်လိုက်၏။ယင်းအမူအရာအား ပြသပြီးသည်နှင့် တစ်ပြိုင်နက် ကြွေသားသဖွယ် ချောမွတ်နေသောချန်ရုံ၏မျက်နှာပေါ်တွင် မျက်ရည်စီးကြောင်းနှစ်ခု ‌ဖြတ်ပြေးသွားခဲ့သည်။

ရန်မင်းတစ်ယောက် အေးခဲတောင့်တင်းသွားလေ၏။သူက ချန်ရုံ့ဆီသို့ လျှောက်လှမ်းသွားခဲ့ပြီး ညာဘက်လက်ဖြင့်ချန်ရုံ၏လက်မောင်းအား ဆွဲကိုင်ကာ ရင်ခွင်ထဲဆွဲသွင်းလိုက်တော့သည်။
ယင်းနောက်တွင် သူက ချန်ရုံ၏မျက်ရည်စများအား အမှုမဲ့အမှတ်မဲ့ဟန်ဖြင့် သုတ်ဖယ်ပေးကာ အေးတိအေးစက်ပြောလေ၏။

" မင်းက ဘာအခွင့်အရေးနဲ့ ငိုတာလဲ ... "

ချန်ရုံမှာ ထိုစကားကြောင့် တုန်လှုပ်သွားခဲ့ပြီး မျက်လွှာချလျက် မြေပြင်ကိုသာ ငုံ့ကြည့်နေတော့၏။သို့သော်လည်း မျက်ရည်စများမှာမူ ပိုများသထက်များလာသည်။

မျက်မှောင်ကြုတ်လျက်သားရှိနေသောရန်မင်းမှာလည်း အော်ဟစ်ပစ်ချင်စိတ်ပေါက်နေလေပြီ။သို့သော်လည်း အသံတိတ်ငိုကြွေးနေသောချန်ရုံ့အားမြင်လိုက်ရချိန်တွင်မူ ထိုသို့မလုပ်ရက်တော့ပေ။ရန်မင်းက သက်ပြင်းတစ်ချက်ချသည်။


ထို့နောက်တွင် သူက ချန်ရုံ၏ခါးကိုဖက်တွယ်လိုက်ပြီး ခပ်တ်ိုးတိုးပြောသည်။

" မငိုနဲ့တော့ ... ကြည်နူးစရာ မြင်ကွင်းတော့ ဟုတ်မနေဘူး ”

ရန်မင်း၏လေသံတွင် တိမ်မြုပ်နေသောနူးညံ့သိမ်မွေ့မှုတစ်ခုရှိပြီး ခါတိုင်းကဲ့သို့စိတ်မရှည်သောအငွေ့အသက်များ မပါဝင်ချေ။မျက်ရည်များကိုသုတ်ပေးသည့်သူ၏လုပ်ဆောင်ချက်မှာလည်း အလွန်ပင် ညင်သာနေသည်။

ချန်ရုံက သူမ၏ပါးစပ်ကိုလက်ဖြင့်အုပ်ပြီး ငိုရှိုက်ခြင်းအား တဖြည်းဖြည်း ရပ်တန့်ပစ်လိုက်သည်။

ချန်ရုံ့အား ခဏတာပွေ့ဖက်ပြီးနောက် ရန်မင်းက “သွားစို့” ဟုဆိုလေ၏။ယင်းနောက်တွင် သူကလက်နက်ကို ကောက်ကိုင်ကာ လှည့်ထွက်သွားသည်။

ချန်ရုံသည်လည်း ရန်မင်း၏အနောက်သို့ လိုက်သွားခဲ့တော့သည်။

အပြင်တွင် တပ်သားများက မြင်းများပေါ်တွင်ထိုင်လျက် စောင့်ဆိုင်းနေကြသည်။ချန်ရုံမှာ မျက်ရည်များစွန်းထင်းနေသောမျက်နှာကို လူပုံအလယ်တွင်မော့မပြဝံ့ဘဲ ရန်မင်း၏အနောက်မှသာ ခပ်ကုပ်ကုပ်လိုက်နေခဲ့လေ၏။

ရန်မင်းက မြင်းပေါ်သို့တက်ခွကာ သူ၏အမှုထမ်းတစ်ဦးထံသို့ လက်နက်ကို ကမ်းပေးလိုက်သည်။ထို့နောက်တွင် သူကချန်ရုံ့အား မြင်းပေါ်သို့ဆွဲတင်ပြီး အရှေ့တွင် ထိုင်လျက် လိုက်ပါစေ၏။

"နောက်ထပ်မြင်းတစ်ကောင် အဆင်သင့်ပြင်ထား ... "

ထိုမြင်းမှာ ချန်ရုံ့အတွက်ပင်ဖြစ်သည်။တစ်‌စုံတစ်ရာဖြစ်ပွားလာခဲ့ပါက ရန်မင်းမှာ ရန်သူများကို တစ်ကိုယ်တည်းမြင်းစီး၍ သုတ်သင်ရပေမည်။

“ဟုတ်ကဲ့ပါ”

တပ်သားတစ်‌ဦးက ပြောပြောဆိုဆိုဖြင့် အဝေးသို့စီးနင်းထွက်သွားခဲ့သည်။ထို့နောက်တွင်မူ ယင်းတပ်သားက မြင်းကောင်းတစ်ကောင်ကို ခေါ်ဆောင်ပြီး ပြန်လည်ရောက်ရှိလာခဲ့လေ၏။

ရန်မင်းက ထိုတပ်သားကို တစ်ချက်ကြည့်လိုက်ပြီးနောက် “သွားကြစို့” အော်ဟစ် အမိန့်‌ပေးသည်။

“ဟုတ်ကဲ့ပါ”

ညဘက်တွင် နန်ယန်သို့ဦးတည်နေသည့်မြင်းခွာများမှ ဖုန်မှုန့်များ လွင့်စင်ထကြွလာ၏။
ချန်ရုံမှာ ရန်မင်း၏ရင်ခွင်ထဲတွင် တိတ်တဆိတ် ထိုင်နေခဲ့သည်။

ရန်မင်းက နန်ယန်သို့ အဘယ်ကြောင့်သွားရသနည်း။ပွဲကြည့်ချင်ပါသည်ဟူ၍ မပြောခဲ့ပါသလော။မူရုံခယ်နှင့် ဝမ်ဟုန်တို့၏တိုက်ပွဲကိုကြည့်ချင်သည်ဟုလည်း ဆိုထားသေးသည်။ထိုသို့ဖြစ်လျှင် သူသည် နန်ယန်သို့ အဘယ်ကြောင့်သွားနေခြင်းဖြစ်သနည်း။

အတွေးကမ္ဘာထဲသံသရာလည်နေသော်လည်း ရန်မင်းတကယ်တမ်းလုပ်လိုသောအရာကို ချန်ရုံမသိရှိနိုင်သေးပေ။

ယနေ့ညတွင် လသာနေသည်။

ခပ်ဝေးဝေးမရောက်မီမှာပင် ရန်မင်းက မြင်းပေါ်မှဆင်းသက်သွားခဲ့၏။ချန်ရုံတစ်ယောက် ပဟေဋ္ဌိဖြစ်နေစဥ်မှာပင် မြင်းခွာများအား အဝတ်ဖြင့်ပတ်ရန် အမိန့်ပေးနေသောရန်မင်းအား တွေ့လိုက်ရသည်။

ကိစ္စဝိစ္စများပြီးစီးသောအခါတွင်မှ ရန်မင်းက မြင်းပေါ်သို့ပြန်တက်လာခဲ့သည်။

ဤတစ်ကြိမ်၌ မြင်းခွာသံများအားလုံးတိတ်ဆိတ်သွားပြီးလူစုတန်းကြီးက နန်ယန်ဆီသို့ ဆက်လက်ဦးတည်ခဲ့ကြသည်။

အချိန်အနည်းခန့်ကြာသောအခါ ရန်မင်းက မြင်းပေါ်မှ ထပ်မံဆင်းသက်ပြီး ဆိုလာပြန်၏။

" တပ်သားတွေ ... "

" အမိန့်ရှိပါ ... "

" အုပ်စုတစ်စုဖွဲ့ပြီး ငါနဲ့လိုက်ခဲ့ကြ "

" ဟုတ်ကဲ့ပါ "

ရန်မင်းက သူ၏လက်နက်နှင့်စီးတော်မြင်းကို တပ်သားများထံ အပ်ထားခဲ့ကာ မီးရှူးတိုင်ကို ယူ၍ လိုဏ်ခေါင်းထဲသို့ ငုံ့ဝင်သွားတော့လေ၏။
လမ်းကြောင်းမှာအလွန်ကျဉ်းလွန်းသဖြင့် တောင့်တောင့်ဖြောင့်ဖြောင့်နှင့် သန်မာထွားကျိုင်းသော ရန်မင်းတစ်ယောက် မနည်းရုန်းကန်ရွေ့လျားနေရသည်။တပ်သားများအတွက်ပင်လျှင် သွားလာရန် ခက်ခဲနေပြီး ပိန်သွယ်သောချန်ရုံတစ်ဦးတည်းသာ မီးတုတ်အလင်းရောင်ဖြင့် သက်တောင့်သက်သာ လျှောက်လှမ်းနိုင်လေသည်။
အချိန်ခဏအတွင်းမှာပင် လိုဏ်ဂူအဆုံးသို့ ရောက်ရှိခဲ့၏။

တပ်သားတစ်ဦးက အပေါ်မှ ကျောက်တုံးကြီးအားတွန်းဖယ်လိုက်သောအခါ ချက်ချင်းဆိုသလိုပင် ကြယ်ရောင်စုံသော ကောင်းကင်ကြီးအား လှမ်းမြင်လိုက်ရသည်။

ထိုတပ်သားက ရေတွင်းပျက်ထဲမှ ခေါင်းပြူထွက်ကာ ပတ်ဝန်းကျင်ကို အရင်ဆုံး နားစွင့်လျက် စူးစမ်း‌လေ၏။ထို့နောက်တွင်မှ သူကကျန်ရှိသောအုပ်စုထံသို့ အချက်ပြကာ ပြင်ပသို့ခုန်ထွက်သွားတော့သည်။

အခြားသူများသည်လည်း ထိုတစ်ယောက်၏အနောက်မှ လိုက်ပါခဲ့ကြလေ၏။ရန်မင်းမှာမူ ချန်ရုံ၏လက်ကို ဆွဲကိုင်ထားပြီး အတူတကွ ခုန်တက်သည်။

ခြံဝင်းမှာ ယခင်ကဲ့သို့ပင် လူသူကင်းမဲ့ပြီး တိတ်ဆိတ်ငြိမ်သက်မှုဖြင့် ပြည့်နှက်နေသည်။ညကောင်းကင်ယံတွင် အဝေးဘက်မှ အလင်းရောင်မှိန်ပျပျတချို့ရှိနေပြီး နှဲသံအချို့က တလွင့်လွင့်ဖြစ်နေလေ၏။

ခြေလှမ်းအနည်းငယ်အကွာတွင် ဦးတည်ရာမသိဖြစ်စွာဖြင့် စူးစိုက်ကြည့်လာကြသောနောက်လိုက်ပါများကြောင့် ရန်မင်းခမျာ စတင်အမိန့်ပေးရတော့သည်။

" အနောက်ဘက်ကိုသွား ... "

ယင်းနောက်တွင် အားလုံး အနောက်အရပ်သို့ အတူတကွ ဦးတည်လာခဲ့လေ၏။
မြို့တွင်းရှိလမ်းများပေါ်၌ ဆိတ်ငြိမ်နေသော်ငြားလည်း အထက်တန်းလွှာများ၏အိမ်ယာများတွင်မူ ယခင်ကဲ့သို့ ပျော်ရွှင်မြူးတူးနေဆဲပင်။ရန်မင်းက ချန်ရုံ၏လက်ကိုဆွဲကိုင်ထားပြီး ခပ်သာသာရယ်မောလျက် ပြောသည်။

" ဂျင်လူမျိုးတွေက ထိုက်တောင်ကြီးပြိုလဲသွားရင်တောင်မှ မကျေနပ်နိုင်ဘူးလို့ ပြောခဲ့သလားလို့ ... စာပေလိုက်စားတဲ့သူတွေဆီက ကြားဖူးခဲ့တာ ... "

ထိုအခါ ရန်မင်း၏နောက်လိုက်အချို့မှာ တဟားဟားရယ်မောကြသဖြင့် လမ်းသွားလမ်းလာအချို့က သူတို့အား စူးစိုက်ကြည့်လာကြသည်။သို့သော်လည်း ထိုလူများက သူတို့အား အချိန်ကြာကြာအာရုံစိုက်မနေဘဲ အလျင်အမြန်ပင် အကြည့်ပြန်ရုတ်ကြလေ၏။



Xxxxx