အပိုင်း ၁၄၄
Viewers 18k

Chapter 144
ထိပ်တိုက်ရင်ဆိုင်မှု




ရန်မင်းနှင့် သူ၏နောက်လိုက်များမှာ ပေါ့ပေါ့ပါးပါး ၀တ်စားဆင်ယင်လာခဲ့ကြသည်ကို ယခုမှ ချန်ရုံ သတိပြုမိခဲ့သည်။ယခုအနေအထားမှာ လူချမ်းသာတစ်ဦးက သူ၏နောက်လိုက်များအား ည‌ပိုင်းစီတန်းလည်ပတ်ရန် ခေါ်ဆောင်လာသည့်ပုံသဏ္ဌာန်ပေါက်နေလေ၏။နံဘေးတွင် ချန်ရုံရှိနေသည့်အတွက် ရန်မင်း၏ကြည်နူးမှုများမှာ လူတကာသိနိုင်သည်အထိ ထင်ရှားလွန်းနေသည်။

ထိုအချိန်တွင်‌ နောက်လိုက်တစ်ဦးက ရယ်ရယ်မောမောဖြင့် အရွှန်းဖောက်လာလေ၏။

" တပ်မှူးရာ အဲဲဒီပညာတတ်ဆိုတဲ့လူတွေဆီက ဘာမှသင်ယူနေစရာမလိုပါဘူး ... ကျွန်တော်ပြောလိုက်မယ် ...ဒီအချိန်မှာ တပ်မှူးလောက် ဘယ်သူမှ လွတ်လပ်နေမှာ မဟုတ်ဘူး ... "

ရယ်မောသံများ ဆက်တိုက်ထွက်ပေါ်လာပြီး ချန်ရုံလည်း လိုက်ပါရယ်မောသည်။သို့သော် အတွင်းစိတ်ထဲတွင်မူ သူမက တွေးတောနေခဲ့ရှာလေ၏။
ဝမ်ဟုန့်အား အပြင်ခေါ်ထုတ်ရန် နည်းလမ်းမရှိချေ။

သို့သော်လည်း အဖိုးစွင်းနှင့်အခြားသူများကိုမူ နန်ယန်မှ တတ်စွမ်းသမျှနည်းလမ်းဖြင့် ခေါ်ထုတ်သွားရပေမည်။အခြေအနေကိုစောင့်ကြည့်ပြီး အပြန်လမ်းတွင် ရန်မင်းအား ပြောပြလိုက်တော့မည်။

အသက်ပေါင်းများစွာကို ဇီဝိန်ချွေခဲ့ဖူးသည့် ရန်မင်းကဲ့သို့သောလူတစ်ဦးအတွက် လူတစ်ယောက်၏ဘဝတစ်သက်တာမှာ တန်ဖိုးသိပ်မရှိလှကြောင်းချန်ရုံသိသည်။သူမ၏အစေခံများမှာ သူမအတွက် အရေးကြီးသော်ငြားလည်း ရန်မင်း၏မျက်လုံးထဲတွင်မူ ထိုလူများက မြင်းတစ်ကောင်လောက်ပင် တန်ဖိုးရှိမည်မဟုတ်ပေ။
ရန်မင်းမှာ အစေခံအနည်းငယ်အတွက်နှင့် သူ၏ကိုယ်ပိုင်အကြံအစည်ကို အလျှော့ပေးမည့်သူမဟုတ်ပါ။

ရန်မင်းအား အစေခံများကိုခေါ်ထုတ်ပေးသွားရန် သဘောတူညီစေလိုပါက သူစိတ်ကောင်းဝင်နေပြီး အရာအားလုံးချောချောမွေ့မွေ့ဖြစ်သွားသည့်အချိန်တွင် ထုတ်ပြောမှဖြစ်လိမ့်မည်။ထိုသို့သောအခြေအနေကသာ သူမ၏လှုံ့ဆော်မှုအား ထိရောက်စေနိုင်သည်။

ချန်ရုံအတွေးများနေခိုက်တွင် အားလုံးက ရပ်တန့်လိုက်ပြီး ရယ်မောလာကြ၏။

ချန်ရုံ အရှေ့တည့်တည့်သို့ကြည့်လိုက်သောအခါ ခြံဝင်းတစ်ခုကို မြင်လိုက်ရသည်။ထိုနေရာမှာ လမ်းကြားတစ်နေရာတွင်တည်ရှိပြီး တံတိုင်းမြင့်လည်းမရှိဘဲ အခြားဇနပုဒ်များကဲ့သို့ပင် သာမန်ဆန်လွန်းလေ၏။ခြုံငုံပြောရပါလျှင် မည်သည်မှထူးထူးခြားခြားမရှိသော နေရာတစ်ခုပင်။

ယခုအချိန်တွင် သူတို့သည် လူတစ်ယောက်ဝင်စာ ဘေးတံခါးကလေးအရှေ့၌ ရပ်လျက်သားရှိနေကြသည်ဖြစ်သည်။

ရန်မင်းက ချန်ရုံ၏လက်ကိုလွှတ်လိုက်ပြီး “ ကျော်တက်ပြီး တံခါးဖွင့်လိုက် ... ” ဟု ပေါ့ပေါ့တန်တန် အမိန့်ပေးသည်။

" ဟုတ်ကဲ့ပါ ... "

ထိုအခါ နောက်လိုက်တစ်ဦးက အနောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ကာအားယူပြီး ကျောက်တုံးပေါ်သို့ ခုန်တက်ကျော်ဖြတ်လျက် နံရံတစ်ဖက်ဆီသို့ အလွယ်တကူပင် ခုန်ဆင်းသွားနိုင်ခဲ့သည်။
ယင်းနောက်တွင် ဘေးတံခါးမှာ အလွယ်တကူပင် ပွင့်လာလေ၏။

" တပ်မှူး ... "
တံခါးတစ်ဖက်မှ နောက်လိုက်အား ရန်မင်းက ခေါင်းညိတ်ပြလိုက်ပြီး အတွင်းသို့ ဖြည်းညင်းစွာ ဝင်သွားခဲ့သည်။

ချန်ရုံသည်လည်း ရန်မင်း၏အနောက်မှ ခပ်သုတ်သုတ်လိုက်ပါလာလေ၏။

အတွင်းဘက်သို့ရောက်သည်နှင့် ခြံဝင်း၏အပြင်ဘက်သဏ္ဌာန်မှာ ဖရိုဖရဲဖြစ်နေသော်ငြားလည်း အတွင်းပိုင်းရှုခင်းကိုမူ ကောင်းမွန်စွာ ပုံဖော်ထားကြောင်း ချန်ရုံ တွေ့ရှိခဲ့ရသည်။လရောင်အောက်တွင် ရေစီးကြောင်းများက တောက်ပြောင်နေပြီး စုံလင်စွာ နေရာယူထားကြသည့် သစ်ပင်များက ထောင့်စေ့သောအလှတရားအား ပြသနေသည်။ဤသည်မှာ စည်းစနစ်ကျနစွာ အသေအချာဆောက်လုပ်ထားသောနေရာပင်။

ချန်ရုံတစ်ယောက် အကဲဖြတ်ရင်း အလုပ်များနေခိုက်တွင် ရန်မင်းက ရှေ့ဆက်သွားခဲ့သည်။

လမ်းတစ်လျှောက်လုံး၌ ဤနေရာရှိနေအိမ်များအားလုံးကို ဝါးဖြင့်ပြုလုပ်ထားကြောင်း ချန်ရုံတွေ့မြင်ခဲ့ရလေ၏။ဤနေရာ၌ စမ်းချောင်းငယ်များ၊ ကျောက်ဆောင်များ၊ မဏ္ဍပ်များနှင့် အိမ်များပါရှိပြီး ၎င်းတို့အားလုံးမှာ အလွန်မျက်စိပဒဿဖြစ်စေသည်။

သို့သော်လည်း ချန်ရုံမှာ ထိုမျှလောက်အထိ ကျက်သရေဖြင့်တင့်တယ်သူ ဟုတ်မနေချေ။နှစ်ကြိမ်နှစ်ခါ ရှင်သန်ရသော်ငြားလည်း ကျက်သရေမရှိသည့်ရန်မင်းထံတွင်သာ ခြေချုပ်မိနေဆဲဖြစ်သည်။

တတ်စွမ်းသလောက် ပြောပြရပါလျှင် ဤနေရာကို အလွန်အားစိုက်ဖန်တီးခဲ့ပုံရပြီး ချွတ်ယွင်းချက်တစ်စုံတစ်ရာလည်းရှိမနေချေ။တီထွင်ဖန်တီးနိုင်စွမ်းမှာလည်း နေရာအနှံ့ပြည့်နှက်နေသည်။သို့သော်လည်း သူမအား ထိုအရာများ‌အကြောင်း ထောင့်စေ့အောင်မေးလာခဲ့ပါက ချန်ရုံမှာ တိတိကျကျ ဖော်ပြနိုင်စွမ်းမရှိပါပေ။

ထိုအချိန်တွင် အရှေ့မှ လျှောက်လှမ်းနေသောရန်မင်းက ရယ်ရယ်မောမောဖြင့် ထေ့ငေါ့ပြောလာခဲ့သည်။

" ဝမ်ဟုန်က တကယ်ကို အမြင်ရှိတာပဲ ... သာမန်ခြံဝင်းကိုတောင် ဒီလိုကျက်သရေရှိလာအောင် လုပ်နိုင်တယ် "

ချန်ရုံ၏ခေါင်းတစ်ခုလုံး တုန်ခါသွားတော့သည်။
ဝမ်ဟုန်ဟု ပြောလိုက်ခြင်းလော။ဤနေရာ၌ နေထိုင်သူမှာ ဝမ်ဟုန်ဖြစ်သလော။

လမ်းခရီးတွင် ရန်မင်းမှာ ဝမ်ဟုန့်ကိုတွေ့ရန်လာရောက်ခြင်းဖြစ်မည်ဟု သူမ တွေးတောနေခဲ့သည်။သို့သော်လည်း ရန်မင်း၏နှုတ်မှဖွင့်မပြောမီအချိန်အထိ ထိုအရာအား ချန်ရုံ မသေချာခဲ့ပေ။

ရန်မင်းမှာ ပွဲကြည့်ချင်သည်ဟု ပြောခဲ့ပါသလော။မဟုတ်မှလွဲ၍ ဤလူက ဝမ်ဟုန့်အား မနာလိုနေခြင်းဖြစ်သလော။

လက်ရှိနေရာသို့ လာရသောအကြောင်းပြချက်မှာ အဘယ်နည်း။

ချန်ရုံအတွေးများနေခိုက်တွင် ရန်မင်းက ရယ်မောလိုက်ပြီး “မီးရောင်တွေက ပြန့်ကျဲနေပြီး ဗုံသံလည်း မကြားရပါဘူး

... ဟူတပ်သားတွေက ငါတို့ရဲ့ ကမ္ဘာကျော် ဝမ်ချီလန်ကို ခေါင်းကိုက်အောင်လုပ်နေပုံရတယ် ”

ရန်မင်း၏ရယ်မောသံများ ကုန်ဆုံးခါနီးတွင် သူတို့ရှေ့၌ပြတ်ပြတ်သားသား အမိန့်ပေးသံတစ်သံကို ကြားလိုက်ရသည်။

"မီးအိမ်တွေ ထွန်းလိုက် ... "

အစေခံများက မီးရှူးတိုင်တစ်ဒါဇင်နှင့် မီးပုံးတစ်ဒါဇင်တို့ကို တစ်ပြိုင်နက်တည်း ထွန်းညှိခဲ့ပြီး ၎င်းတို့မှာ အသံအချို့ဖြင့်တောက်လောင်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း၌ပင် ယခင်ကအမှောင်ထုမှာ အလင်းအဖြစ် လွင့်စင်သွားတော့၏။

ထို့နောက်တွင် အရှေ့၌ ချောမောသော ပညာတတ်လူငယ်လေးတစ်ဦး ပေါ်လာသည်။ သူက ရန်မင်းကို လေးလေးနက်နက် ဦးညွှတ်ပြီး “ ကျွန်တော်တို့အရှင်က ဒီည အထူးဧည့်သည်လာလည်မယ်လို့ ပြောပြီး မီးထွန်းစောင့်နေဖို့ ပြောခဲ့တယ် ... တကယ်ကိုပဲ ဧည့်သည်တော်ကြီး ရောက်လာပြီပဲ ”

ထိုလူငယ်၏ရယ်မောသံက ကြည်နူးဖွယ်အတိပင်။ ရန်မင်း၏လူများ အံ့သြတကြီး တောင့်ခဲသွားကြသည်ကို သူက သတိပြုမိပုံမပေါ်ချေ။

" နန်ယန်မှာ သခင်လေးထက် ပိုထူးခြားတဲ့ ဧည့်သည်မရှိဘူးလို့ ကျွန်တော်ထင်တယ် ... လတောင်ထွက်လာပြီပဲ... နန်ယန်သားတွေကို ကူညီဖို့ ညလယ်ခေါင်ကြီး တကူးတကလာခဲ့တာကို အရမ်း‌ရင်ထဲထိမိပါတယ် ..."

ယင်းအမှုထမ်း၏ရယ်သံကိုကြားသောအခါ ချန်ရုံ့ခမျာ ကိုယ်တိုင် ကျယ်လောင်စွာ လိုက်ပါရယ်မိတော့မတတ်ဖြစ်သွားခဲ့သည်။
သို့သော်လည်း သူမသည် ထိုသို့မပြုနိုင်ခဲ့ဘဲ ခေါင်းကိုငုံ့ကာ အနောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ရသည်။

ရန်မင်း၏မျက်နှာထားက တည်ငြိမ်နေလေ၏။
ထို့နောက်တွင် ရန်မင်း၏နှုတ်ခမ်းစွန်းများကတဖြည်းဖြည်း ကော့ချိုးသွားကာ အပြုံးတစ်ခုပေါ်ပေါက်လာသည်။

" တော်လိုက်တာ ဝမ်ချီလန် ... လေးစားသွားပြီ "

ရန်မင်းက ပြောပြောဆိုဆိုဖြင့် အမှုထမ်းလူငယ်ကို စူးစိုက်ကြည့်ကာ ဆက်လက်မေးမြန်းပြန်သည်။

" မင်းတို့အရှင်ရဲ့ခန့်မှန်းချက်က ဒီလိုဆိုရင် သူက ဘာလို့ ငါ့ကို အခုထိလာထွက်မတွေ့သေးတာလဲ "

အမှုထမ်းဘက်မှ ဖြေရှင်းချက်ပေးတော့မည့်ဆဲဆဲတွင် အခြားလေသံတစ်သံထွက်ပေါ်လာခဲ့၏။

" ဘာလို့အထဲမဝင်လာသေးတာလဲ တပ်မှူး ... ဝိုင်ကလည်း ခပ်နွေးနွေးလေးပဲ ... အသားကင်ကလည်း မွှေးနေပြီ ... ကျုပ်တို့အားလုံးက သူရဲကောင်းကြီးရောက်လာမှာကို စောင့်နေကြတာပါ "

ပေါ့ပေါ့ပါးပါးနှင့် ချိုသာသောစကားသံကြောင့် ရန်မင်းမှာ သူကိုယ်တိုင်ပင်မသိလိုက်ဘဲ စိတ်ပျော့သွားမိသည်။ထို့နောက်တွင် သူက အနောက်၌ရှိသောမိန်းကလေးအား တစ်ချက်လှည့်ကြည့်လေ၏။

ရန်မင်းက သူမအား လိုက်လာစေချင်နေကြောင်းကို ချန်ရုံသိလိုက်သည်။ယင်းအချိန်တွင် ချန်ရုံမှာ နှုတ်ခမ်းများအား ကိုက်မိလျက်ရှိနေခဲ့ပြီး ရန်မင်းက သူမ၏လက်ကောက်ဝတ်ကို ဆွဲကိုင်ကာ အထဲသို့ခေါ်သွားခဲ့သည်။

ဝါးထောင်အိမ်၏ဘေးတစ်ဖက်တစ်ချက်တွင် ရပ်နေခဲ့ကြသောလူငယ်နှစ်ဦးက ရန်မင်းအား ဦးညွှတ်ကာ အထဲသို့ကြွရောက်ရန် လက်ဟန်ပြကြလေ၏။

ထိုအခါရန်မင်းက အိမ်တွင်းသို့ ဝင်ရောက်လာခဲ့သည်။

သူမ၏လက်ကောက်ဝတ်မှာ ဆုပ်ကိုင်ခံထားရသည်ဖြစ်သောကြောင့် ချန်ရုံသည်လည်း မတတ်သာဘဲအထဲသို့လိုက်ပါသွားခဲ့ရ၏။

အတွင်းဘက်သို့ရောက်သည်နှင့်တစ်ပြိုင်နက် အမည်မသိ ပန်းရနံ့နှင့် သင်းပျံ့လှသည့်စန္ဒကူးနံ့သာရနံ့က ချန်ရုံ၏တင်းမာနေသောစိတ်အာရုံတို့အား ငြိမ်သက်သွားစေလေသည်။ချန်ရုံတစ်ယောက် ဖြည်းညင်းစွာ ခေါင်းမော့ကြည့်လိုက်သည်။

ဝါးအိမ်ခန်းအလယ်တွင် ခပ်ချောချောလူငယ်တစ်ယောက် ထိုင်နေလေ၏။ယနေ့ညတွင် ထူးခြားချက်မှာ ထိုလူက အထက်တန်းဆန်စွာသပ်သပ်ရပ်ရပ်ဝတ်ဆင်ထားခြင်းပင်ဖြစ်သည်။သူသည် အပြာရောင်ဖီးနစ်ငှက်သဏ္ဌာန်ပုံများပါဝင်သည့် ခရမ်းနုရောင်ဝတ်ရုံကို ခြုံလွှမ်းထားခဲ့ပြီး ပိတုန်းရောင်ဆံနွယ်တို့က ပုခုံးထက်တွင် တွဲကျနေသည်။အရှေ့မှ စားပွဲနိမ့်ပေါ်၌ ဗျပ်စောင်းတစ်ခုရှိပြီး ထိုအမျိုးသား၏လက်ချောင်းများက ဗျပ်စောင်းတူရိယာကြိုးများပေါ်၌ ကူးလူနေခဲ့လေ၏။

ဤလူအား မြင်လိုက်ရချိန်တိုင်းတွင် အေးချမ်းမွန်မြတ်သောအသွင်သဏ္ဌာန်ကို ပေးစွမ်းသည်။လက်ရှိအခိုက်အတန့်တွင် သူ၏အနောက်ဘက်၌ နွေးထွေးသောမီးရောင်ဖြာလျက်ရှိနေပြီး ထူးခြားခမ်းနားထည်ဝါမှုများဖြင့်ပြည့်နှက်နေသောလေထုတစ်ခုကလည်း ပတ်ဝန်းကျင်တစ်ခွင် နေရာယူထားသည်။

သူသည် ထိုနေရာတွင် ထိုင်နေရုံမျှသာ ဖြစ်သော်လည်း သူ၏တည်ရှိမှုနှင့်ကျက်သရေဖြာမှုများက ကျန်ရှိသောလောကတစ်ခွင်ကို လွှမ်းမိုးသွားနိုင်ကြောင်း ချန်ရုံ အတွေးပေါက်နေမိသည်။ဝမ်ဟုန့်အားဤကဲ့သို့မြင်လိုက်ရလျှင် စစ်မားတော်ဝင်မျိုးနွယ်များသည်ပင်လျှင် သူတို့ကိုယ်သူတို့ သိမ်ငယ်စိတ်ဝင်သွားနိုင်လေ၏။
ချန်ရုံတစ်ယောက် အသိစိတ်လွတ်၍ တစ်ကိုယ်တည်း တွေးတောနေမိခဲ့သည်။

ရန်မင်းက အကြည့်တစ်ချက်မလွှဲဘဲ ဝမ်ဟုန့်အား စူးစိုက်ကြည့်နေခဲ့ပြီး ယင်းနောက်တွင်မူ အလေးအနက်ဖြစ်နေသောလေသံဖြင့် ရယ်မောလာတော့သည်။

" ဝမ်ချီလန် ... မင်းကတော့ တကယ်ကို အေးအေးဆေးဆေးဖြစ်နေတဲ့ပုံပဲ ... "

ထိုအခါ ဝမ်ဟုန်က တစ်ချက်ပြုံးလိုက်ပြီး ဖြည်းညင်းစွာ ခေါင်းမော့လာလေ၏။
ယင်းအခိုက်အတန့်တွင် ချန်ရုံမှာ အလိုလိုနောက်ပြန်ဆုတ်မိသွားပြီး ရန်မင်း၏အနောက်တွင် ပုန်းကွယ်လုနီးပါးရပ်နေမိခဲ့သည်။
သို့သော်လည်း ဝမ်ဟုန်၏အကြည့်များက သူမထံတွင် ရှိနေရမည့်အစား ရန်မင်းဆီသို့သာ ဦးတည်နေလေ၏။

" ဒါက အထူးဧည့်သည်တွေကို ကြိုဆိုတဲ့ပုံစံလား ချီလန် ... " ရန်မင်းက မျက်ခုံးပင့်လျက်။

ထိုအခါ ဗျပ်စောင်းမှ သေသပ်သောတေးသွားသံအချို့ထွက်ပေါ်လာသည်။ယင်းနောက်တွင် ဝမ်ဟုန်က မျက်ခုံးပင့်လျက် အေးအေးလူလူဖြေကြားလိုက်၏။

" တပ်မှူးက ကျုပ်နဲ့ ညှိနှိုင်းဖို့ ညကြီးမင်းကြီးရောက်လာတာမလား ... တပ်မှူးကို အထူးဧည့်သည်လို့ သုံးနှုန်းလို့ရမလားဆိုတာကို သိချင်မိတယ် ..."

သူ၏လေသံမှာ လေးနက်သော်လည်း တစ်ချိန်တည်း၌ပင် သာယာနေပြန်သည်။

ချန်ရုံတစ်ယောက် ဝမ်ဟုန့်အား လှမ်းကြည့်မိသွားသည်။

ဖယောင်းတိုင်မီးရောင်ခပ်သဲ့သဲ့ဖုံးလွှမ်းနေသောဝမ်ဟုန်၏မျက်နှာပေါ်တွင် မှိန်ဖျော့ဖျော့အပြုံးတစ်ခုရှိသည်။အနီးကပ်ကြည့်လျှင်မူ ရှင်းလင်းနေသောမျက်ဝန်းအိမ်များ၏အောက်ခြေ၌ လှ်ိုင်းငယ်များကို မြင်နိုင်လေ၏။

ရန်မင်းသည်လည်း ကနဦးတွင် ကြောင်တောင် တောင်ဖြစ်နေရာမှ အသံထွက်လျက် ရယ်မောလိုက်ကာ ထို့နောက်တွင်မူ ဝမ်ဟုန်၏မျက်နှာချင်း ဆိုင်သို့ လျှောက်လှမ်းသွားလျက် စားပွဲတွင်ဝင်ထိုင်သည်။

" ဝိုင်ငှဲ့ပေး ... "

ရန်မင်းက ချန်ရုံ့အား စေ့စေ့ကြည့်လျက် လှမ်းပြောလိုက်ခြင်းပင်။

ရန်မင်းအမိန့်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် ချန်ရုံမှာယင်းနေရာသို့ ဦးတည်လာခဲ့သည်။သူမက ခေါင်းငုံ့ကာ စားပွဲရှိရာဆီသို့ လျှောက်လှမ်းသွားပြီး ဒူးထောက်ထိုင်လိုက်လေ၏။

ရန်မင်း ဝင်ထိုင်လိုက်သည့်အချိန်ကတည်းက စားပွဲဘေးတစ်ဖက်တစ်ချက်တွင် ရပ်နေခဲ့ကြသည့်အစေခံများမှာ ဧည့်ဝတ်ပြုရန် အရှေ့သို့တိုးလာခဲ့ကြသည်။သို့သော်လည်းယခုတွင် ရန်မင်းကိုယ်တိုင်က ဧည့်သည်တော်တဖြစ်လဲချန်ရုံ့အား ခိုင်းစေလာသဖြင့် သူတို့မှာ အချင်းချင်းအကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက်ဒူးညွှတ်၍ အရိုအသေပေးကာ ချန်ရုံ၏အနောက်တွင်သာ ရပ်နေလိုက်ကြရသည်။

ထိုအချိန်တွင်လည်း ဝမ်ဟုန်မှာ ခပ်ယဲ့ယဲ့ပြုံးနေသေးပြီး သူ၏အကြည့်များက ချန်ရုံ့ထံတွင်ရှိမနေပေ။

ဝမ်ဟုန်၏မျက်ဝန်းများထဲတွင်မူ ချန်ရုံမှာ ရန်မင်းကိုယ်တိုင် တော်ကောက်ယူထားသည့် သူတစ်ကြိမ်တစ်ခါမှမတွေ့ဖူးခဲ့သောသာမန်သူစိမ်းတစ်ဦးသာ ဖြစ်ဟန်ရသည်။

ချန်ရုံက သူမကိုယ်သူမ တည်ငြိမ်အောင်စိတ်ထိန်းကာအင်္ကျီလက်ကို ပင့်တင်လိုက်ပြီး ကရားကိုကိုင်ကာ ရန်မင်းအတွက် ဝိုင်တစ်ခွက်ငှဲ့ပေးသည်။
ဆိတ်ငြိမ်သောဝါးအိမ်အတွင်း၌ ဝိုင်ငှဲ့နေသံဖြင့် ပြည့်နှက်သွားလေ၏။တစ်ခဏအတွင်းပင် ဝိုင်တစ်ခွက်လုံး ပြည့်သွားသည်။
ရန်မင်းက ချန်ရုံ့ကိုတစ်ချက်ကြည့်လိုက်ပြီး ဝိုင်ခွက်ကိုမြှောက်ကိုင်ပြကာ " ချီလန်ရဲ့ခွက်ကိုလည်း ဖြည့်ပေးလိုက် " ဟုပြော၏။
ဤသည်မှာ အမိန့်တစ်ခုပင်ဖြစ်သည်။

" ကောင်းပါပြီ "

ချန်ရုံက ပြောပြောဆိုဆိုဖြင့် ဝမ်ဟုန်ရှိရာဘက်သို့လှည့်ကာ ခရားကိုပါ တစ်ပါတည်းသယ်ဆောင်သွားသည်။

ယင်းနောက်တွင် သူမက ခေါင်းညွှတ်လျက် ဝမ်ဟုန့်အား ဦးစွာအရိုအသေပြုလိုက်ပြီး ခရားကိုမြှောက်ကာ ဝိုင်ငှဲ့ပေးနေတော့သည်။
ဝိုင်ရည်များက ကရားတံဝမှ စီးကျလာလေ၏။

ဝမ်ဟုန်၏ချောမောသောမျက်နှာပေါ်တွင် မှိန်ဖျော့ဖျော့အပြုံးက နေရာယူထားဆဲပင်။သူ၏မျက်ဝန်းများက အေးချမ်းလွန်းပြီး အပြုံးတို့က သာယာလွန်းသောကြောင့် ယခင်ကနှင့် ကွာဟချက်အား ချန်ရုံရှာမတွေ့နိုင်ပေ။



Xxxxxx