Chapter 145
ပရိယာယ်များ
အလွန်အေးဆေးတည်ငြိမ်နေပြီး မည်သည်ကိုမှ ထူးထူးခြားခြားမတုံ့ပြန်သည့်ဝမ်ဟုန့်အား မြင်လိုက်ရသောအခါ ရန်မင်းတစ်ယောက် စိတ်ပျက်လက်ပျက်ဖြစ်သွားတော့သည်။
" သွားတော့ ... " ရန်မင်းက ချန်ရုံ့အား အထက်စီးဆန်သောလေသံဖြင့်ပြောလိုက်၏။
" ကောင်းပါပြီ ... "
ထိုအခါချန်ရုံက ခေါင်းငုံ့ကာ ဖြည်းညင်းစွာ နောက်ပြန်ဆုတ်သွားသည်။သူမသည် ရန်မင်း၏အနောက်သို့ဆုတ်ခွာသွားခဲ့ပြီး လှပသောရုပ်သွင်က မှောင်ရိပ်ထဲသို့ ဝင်လျိုးပျောက်ကွယ်သွားလေတော့၏။
ရန်မင်းက ချန်ရုံ့ကို အာရုံမစိုက်တော့ဘဲ ဝမ်ဟုန်အား စိုက်ကြည့်ရင်းပြုံးပြကာ ရုတ်တရက် မေးမြန်းလာခဲ့သည်။
" မေးလိုက်ပါဦးမယ် ... ကျုပ် ဒီညလာမယ်လို့ ဘယ်လိုသိတာလဲ ... ပြီးတော့ ညှိနှိုင်းမယ်ဆိုတာကိုရော ... "
ထိုအချိန်တွင် ဝမ်ဟုန်က သူ၏သွယ်လျသောလက်များကို ဆန့်ထုတ်ကာ ချန်ရုံငှဲ့ပေးထားသောဝိုင်ခွက်အား ယူလျက် တစ်ကျိုက်မော့လိုက်ပြီး အေးအေးလူလူပြန်လည်ဖြေကြားသည်။
" တပ်မှူးက ရည်မှန်းချက်ကြီးပြီးတော့ လိုက်ဖက်တဲ့အကြံအစည်တွေရှိတဲ့ တမူထူးတဲ့လူပါ ... လန်ယာဝမ်အိမ်တော်နဲ့ အပေးအယူလုပ်ဖို့ ဒီလောက်ကောင်းတဲ့အခွင့်အရေးကို လွယ်လွယ်နဲ့ လက်လွှတ်ခံမဲ့လူမျိုး မဟုတ်ဘူးလေ ... "
ဝမ်ဟုန် ထိုစကားများကို ပြောနေစဉ်တွင် ရန်မင်း၏မျက်ဝန်းများက အေးစက်စွာ မှေးမှိန်သွားသည်။
သူသည် လူ့အသက်တစ်ချောင်းအား တန်ဖိုးနည်းပါးစွာမြင်တတ်သောကောင်းကင်ဘုံမင်းသားဖြစ်ပြီး အစွမ်းအစကို ပြသချင်သောအခါမျိုးတွင် သူ၏အငွေ့အသက်မှာ အတော်လေးကြောက်စရာကောင်းသော အရာဖြစ်လာနိုင်လေ၏။
ဘေးတစ်ဖက်တစ်ချက်ရှိ အစေခံများခမျာ မရည်ရွယ်ပါဘဲ တုန်လှုပ်လာကြသည်။
ထိုအချိန်၌ပင် ဝမ်ဟုန်မှာ ပြုံးနေသေးပြီး သူ၏အမူအရာတိုင်းက ကျက်သရေရှိသောအဓိပ္ပါယ်သက်ရောက်နေခဲ့သည်။
ရန်မင်းက အရှေ့သို့ ဖြည်းညင်းစွာ စောင်းငဲ့ကာ သိမ်းငှက်သဖွယ် မျက်ဝန်းများဖြင့် ဝမ်ဟုန့်အား ဝါးစားမတတ်ကြည့်နေခဲ့သော်လည်း သူ၏လေသံမှာမူ ခနဲ့သလိုလိုရွဲ့သလိုလိုဖြင့် ဟာသနှောနေသည်။
" ဘယ်လိုသိတာလဲ ... ငါက ရည်မှန်းချက်ကြီးပြီး အကြံအစည်တွေရှိတဲ့လူလို့ ... "
ထိုအခါ ဝမ်ဟုန်က ခေါင်းမော့ပြီး ရန်မင်းအား ပြုံးပြလျက် " ခွက်ချင်းတိုက်တယ်နော် ... " ဟုပြောသည်။
ထို့နောက်တွင် ဝမ်ဟုန်မှာ လက်ထဲမှ ဝိုင်ခွက်အားလှုပ်ယမ်းလိုက်ပြီး ခေါင်းမော့ကာ အကုန်မော့ သောက်ပစ်လိုက်တော့၏။
ကြောင်ကြည့်နေသောရန်မင်းထံသို့ ဝမ်ဟုန်က ခွက်အလွတ်ကို မှောက်ချည်ထောင်ချည်လုပ်ပြသည်။စကားမပြောမီတွင် ဦးစွာသောက်ရန် အကြံပြုနေခြင်းပင်ဖြစ်လေ၏။
ရန်မင်း၏မယုံမကြည်နိုင်ဖြစ်နေသည့်သားရဲဝံပုလွေသဖွယ် မျက်ဝန်းများက ဝမ်ဟုန့်ထံမှ တစ်ချက်မှမရွေ့ပေ။
ယခုအချိန်အထိ မည်သူတစ်ဦးတစ်ယောက်ကမှ သူ့အား ဖီဆန်နိုင်ခြင်း မရှိသကဲ့သို့ ရှစ်အိမ်တော်မှ သခင်များသည်ပင်လျှင် ဖိန့်ဖိန့်တုန်အောင် ကြောက်ရသည်ချည်းဖြစ်သည်။
ထိုသို့ပြောပြီးနောက်တွင် ဝမ်ဟုန်၏မျက်နှာထားမှာ အမှုမဲ့အမှတ်မဲ့ အမှားပြုမိသွားသည့်ပုံစံမျိုးထက် တစ်စုံတစ်ရာပိုမနေခဲ့ချေ။
ရန်မင်းက ဝမ်ဟုန့်အား ခဏတာစိုက်ကြည့်ပြီး အနောက်သို့ဆုတ်ကာ နေရာတကျပြန်ထိုင်လိုက်သည်။
သေစေနိုင်လောက်သောလေထုမှာ ရုတ်ချည်းပင် ရှင်းလင်းသွားပြီး အစေခံများသည်လည်း ယခုတွင်မှ အသက်ရှူဖြောင့်ကြတော့၏။
ချန်ရုံလှမ်းကြည့်လိုက်သောအခါ ဝိုင်ခွက်ကို အေးအေးလူလူမော့သောက်နေသောရန်မင်းအား တွေ့လိုက်ရသည်။ဤတစ်ကြိမ်တွင် ဝမ်ဟုန်တစ်ယောက် အရေးသာသွားပြီဖြစ်ကြောင်း ချန်ရုံသိရှိသွားလေ၏။
အစေခံများက ရန်မင်း သောက်ပြီးသည်အထိ စောင့်ဆိုင်းပြီးနောက် နှစ်ဦးသားအား ထပ်မံဝိုင်ငှဲ့ပေးရန်အတွက် အရှေ့သို့ တိုးလာကြသည်။
သို့သော်လည်း ဝမ်ဟုန်က ဝိုင်ခွက်ဆီသို့ ထပ်မံ လက်မကမ်းဘဲ ညာဘက်လက်အား ဗျပ်စောင်းပေါ်တွင် တင်လိုက်တော့သည်။ထိုအခါ ဝါးထောင်အိမ်အတွင်းရှိ လေးလံသောလေထုအား လွင့်စင်သွားစေနိုင်သည့်ချိုမြိန်သောတေးသွားများ နှစ်ကြိမ်နှစ်ခါတိတိထွက်ပေါ်လာသည်။
ယင်းနောက်တွင် ဝမ်ဟုန်က ရန်မင်းအား တိတ်တဆိတ်ကြည့်ကာ "ဒီတိုက်ပွဲမှာ ကျွန်တော့်ကို ဘယ်လိုကူညီပေးမယ်ဆိုတာကို တွေးပြီးပြီလား" ဟု မေးမြန်းသည်။
ဝမ်ဟုန်က ထိုမေးခွန်းအား ဒဲ့တိုးမေးခဲ့သည်မှာ မယုံနိုင်စရာကောင်းလွန်းပေ၏။
ချန်ရုံတစ်ယောက် အလိုလို ခေါင်းမော့မိသွားသည်။
ရန်မင်းသည်လည်း တစ်ချိန်တည်းမှာပင် မော့ကြည့်လာလေ၏။ဝမ်ဟုန့်အား ခေတ္တစိုက်ကြည့်နေခဲ့ပြီးနောက်တွင်မူ သူက ရုတ်ချည်းပင် ရယ်မောလာတော့သည်။
" ငါက မင်းကို ဘာလို့ကူညီရမှာလဲ ဝမ်ဟုန် "
ထိုမေးခွန်းကြောင့် ဝမ်ဟုန်က ဖျတ်ခနဲပြုံးလေ၏။ ရန်မင်းသည်လည်း ဖြေးညင်းစွာ မျက်ခုံးပင့်လိုက်ကာ ဝိုင်ကရားကို ပြန်ချလိုက်ပြီး ဆက်လက်ပြောကြားသည်။
" မင်းတို့လိုလူတွေနဲ့ စကားပြောရတာက စိတ်ရှုပ်စရာပဲ .. ကောင်းပြီလေ ဝမ်ချီလန် ... ငါတို့ အချင်းချင်း ပွင့်ပွင့်လင်းလင်းပဲ ပြောကြတာပေါ့ ... အခုတစ်ခေါက်မှာ မူရုံခယ်ကို မောင်းထုတ်ဖို့ ငါကူညီပေးမယ် ...အပြန်အလှန်အနေနဲ့ အနာဂါတ်မှာ ငါ့ဘက်က ကျင်းရုံးတော်နဲ့ပတ်သတ်ပြီး တစ်ခုခုတောင်းဆိုလာရင် မင်းကူညီပေးရမယ် "
ကိုယ်ပိုင်တောင်းဆိုမှုပြုပြီးသောအခါ ရန်မင်းက ဝမ်ဟုန့်အားစိုက်ကြည့်ပြီး အဖြေကိုစောင့်ဆိုင်းနေခဲ့သည်။
ဝမ်ဟုန်က ခပ်ယဲ့ယဲ့ပြုံးလေ၏။ယင်းနောက်တွင် သူက ထိုင်နေရာမှ ဖြည်းညင်းစွာထလိုက်ပြီး ထိုအခါ အနောက်မှနံရံပေါ်တွင်လည်း လူရိပ်တစ်ခုက ကြီးစိုးသွားသည်။
ဝမ်ဟုန်က ရန်မင်းအား ကြည့်ကာ သဘောတကျရယ်မောတော့၏။နှင်းသဖွယ်ဖြူဖွေးသောသူ၏သွားညီတန်းများမှာလည်း တဖျတ်ဖျတ်တောက်ပနေခဲ့သည်။
ဝမ်ဟုန်၏လေသံမှာ ခါတိုင်းကဲ့သို့ ညင်သာနေဆဲဖြစ်သော်လည်း ယခုတစ်ခေါက်တွင်မူ တမူထူးသည်။
" မူရုံခယ်နဲ့ရင်ဆိုင်ဖို့က တပ်မှူးအတွက် ကြီးကြီးမားမားကိစ္စမဟုတ်ပါဘူး ... တပ်မှူးဘက်က ပြန်တောင်းဆိုတဲ့အရေးနဲ့ယှဉ်ရင် ကျွန်တော်ပြန်ရလိုက်တာက ဘာမှအရေးပါမနေဘူး ... "
ထိုအခါ ရန်မင်းက စိတ်အခန့်မသင့်ဖြစ်စွာဖြင့် ခြေဆောင့်လာသည်။ယင်းနောက်တွင် သူက စားပွဲပေါ်သို့လက်ထောက်ကာ ဝမ်ဟုန့်အား စူးစူးရဲရဲစိုက်ကြည့်ပြီး ဒေါသတကြီး ပုတ်ခတ်ပြောဆိုတော့လေ၏။
" ဝမ်ချီလန် ... ငါမရှိသရွေ့ မင်းဘဝက အန္တရာယ်ကင်းမနေဘူးဆိုတာကို မမေ့နဲ့ဦး ... လန်ယာဝမ်အိမ်တော်ရဲ့ ဂုဏ်သိက္ခာနဲ့ပါ သက်ဆိုင်နေတဲ့ကိစ္စပဲ ... ဒီအခြေအနေမှာတောင် အရေးမပါဘူးလို့ ပြောထွက်သေးတယ်ပေါ့ ... "
ယင်းနောက်တွင် ရန်မင်းက ဒေါသတကြီးဖြင့် ဆောင့်အောင့်ကာ အပြင်ထွက်သွားလေသည်။ချန်ရုံသည်လည်း ရန်မင်း၏အနောက်သို့လိုက်ပါရန် ခြေလှမ်းပြင်လိုက်၏။ထိုသို့မပြုမီ ဝမ်ဟုန်အားလှမ်းကြည့်လိုက်သောအခါတွင် ရန်မင်းထွက်ခွာသွားသည်ကို အေးအေးလူလူကြည့်ရှုနေသည့်မျက်နှာထားကိုသာ မြင်လိုက်ရသည်။
ယင်းနောက်တွင် ချန်ရုံသည်လည်း ဝါးထောင်အိမ်အပြင်ဘက်သို့ ပျာပျာယာယာဖြင့် ထွက်ခွာသွားခဲ့လေ၏။
အပြင်တွင်စောင့်ဆိုင်းနေကြသောနောက်လိုက်ပါများက ဆွေးနွေးမှုအကြောင်း မေးမြန်းရန်ရည်ရွယ်ထားခဲ့သော်လည်း ရန်မင်း၏မျက်နှာထားကို မြင်လိုက်ရသောအခါတွင်မူ စကားလုံးများပျောက်ရှသွားလေသည်။
ထို့နောက်တွင် သူတို့အားလုံးက ခေါင်းငုံ့လျက် နှုတ်ဆိတ်၍သာ ရန်မင်း၏ဦးဆောင်မှုဖြင့် အတူတကွထွက်ခွာလာခဲ့ကြတော့သည်။
"မီးက ဘယ်ဘက်က လာတာလဲ "
လမ်းပေါ်သို့ရောက်သောအခါ နောက်လိုက်တစ်ဦးက ရုတ်တရက် အော်ဟစ်လာ၏။အားလုံး မျှော်ကြည့်လိုက်သောအခါ အနောက်ကောင်းကင်မှ မီးတောက်များနှင့် မီးခိုးလုံးငွေ့များ လျှံတက်လာသည်ကို တွေ့လိုက်ရသည်။တစ်ချိန်တည်းမှာပင် နန်ယန်မြို့ခံများ၏အော်ဟစ်သံကို ကြားလိုက်ကြရ၏။
" တပ်မှူး ... ဟိုဘက်မှာ ... "
ယင်းအချိန်တွင် နောက်လိုက်တစ်ဦးက တစ်နေရာရာသို့ညွှန်ပြလျက် အော်ဟစ်လာခဲ့သည်။သူ၏လေသံတွင်မူ သွေးပျက်ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေသည်။
ရန်မင်း၏မျက်နှာထားမှာ မည်းမှောင်သွားသည်။တစ်ချိန်တည်းမှာပင် သူကလက်ကို ဝှေ့ယမ်းပြီး “မြန်မြန်” ဟု အော်ပြောလိုက်တော့၏။
သို့သော်လည်း နောက်လိုက်ပါများက ပြောစရာမလိုဘဲနှင့်ပင် အမြန်ပြေးသွားကြပြီဖြစ်လေသည်။
မကြာမီအချိန်အတွင်း၌ မီးလောင်ကျွမ်းသည့်နေရာသို့ ရောက်ရှိလာသည်။တောက်လောင်နေသော မီးတောက်များနှင့် တဟုန်းဟုန်းထနေသည့်မီးခိုးငွေ့လုံးများအား သူတို့ ကြည့်ရှုနေကြစဉ်တွင် အနီးပတ်ဝန်းကျင်ရှိလူများက အော်ဟစ်ကာ မီးငြိမ်းသတ်ရန် ကြိုးပမ်းနေကြသည်။
" တပ်မှူး ... ကျွန်တော်တို့ ဘာဆက်လုပ်ကြမှာလဲ "
နောက်လိုက်တပ်သားတစ်ဦးက မေးမြန်းလိုက်သော်လည်း ရန်မင်းက လှည့်မကြည့်လာခဲ့ပေ။
တစ်ချိန်တည်း၌ပင် နန်ယန်မြို့တွင်းတစ်နေရာမှ အာမေဋိတ်သံများ ကြားလာရသည်။
"ဒီခြံဝင်းကို စွန့်ပစ်ထားတာ နှစ်ချီနေပြီ ... အခုမှ ရုတ်တရက်ကြီး မီးထလောင်တာက ဘယ်လောက်တောင် ထူးဆန်းလိုက်သလဲ "
" နောက်ထပ် ရက်နည်းနည်းလောက်အထိ ဆက်လောင်နေဦးမဲ့ပုံပဲ ... "
ပတ်ဝန်းကျင်တွင် ရုန်းရင်းဆန်ခတ် ဖြစ်နေသော်လည်း ရန်မင်း၏မျက်နှာမှာ ရေပြင်သဖွယ်ငြိမ်သက်နေခဲ့သည်။
အလားတူပင် ချန်ရုံမှာလည်း ကောင်းကင်မြင့်ထက်မှမီးတောက်များအား စိုက်ကြည့်ရင်း " ကျွန်မတို့ အခု ထွက်မသွားနိုင်တော့ဘူး" ဟု ညည်းတွားလိုက်လေ၏။
ချန်ရုံ၏စကားက မှန်ကန်ပေသည်။ယခုအချိန်တွင် အားလုံး ပြန်လမ်းမဲ့သွားပြီဖြစ်သည်။
လိုဏ်ခေါင်းဝင်ပေါက်မှာ မီးလောင်နေသောခြံဝင်းအတွင်း၌ရှိနေပြီး မီးအခြေအနေကိုသုံးသပ်ကြည့်လျှင် အရာအားလုံးမှာ သုံးရက်အတွင်းပြာကျသွားနိုင်သည်။
ယင်းအချိန်၌ ဥမင်လိုဏ်ခေါင်းကို အသုံးပြုနိုင်မည်မဟုတ်တော့ချေ။
ရန်မင်း၏မျက်နှာထားက အေးစက်နေပြီး မျက်ဝန်းများမှာ တဖြည်းဖြည်းစူးရဲလာသည်။
" တပ်မှူး ... "
နောက်လိုက်တစ်ဦးက ခပ်တိုးတိုးဆိုလာခဲ့သော်လည်း ရန်မင်းမှာ လှည့်ကြည့်ရန် စိတ်ကူးရှိပုံမပေါ်ချေ။သူက မီးခိုးငွေ့များကိုသာ စိုက်ကြည့်နေသည်။
" ဝောာ်လိုက်တာ ဝမ်ဟုန်ရာ ... အရမ်းတော်တာပဲ ဝမ်ချီလန် ... "
သက်သေမရှိသော်လည်း ဤအရာမှာ ဝမ်ဟုန်က လှည့်စားလိုက်ခြင်းဖြစ်ကြောင်း ထင်ရှားလေ၏။
ရန်မင်းမှာ ချက်ချင်းပင် ဝမ်ဟုန်၏ခြံဝင်းဆီသို့ ပြန်လည်ဦးတည်သွားခဲ့သည်။
နောက်လိုက်တပ်သားများမှာ ရန်မင်း၏အနောက်မှ ထပ်ကြပ်မကွာလိုက်ပါလာခဲ့ကြပြီး တစ်ဦးချင်းစီက လက်စွဲတော်ဓားများကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ကာ တိုက်ပွဲစတင်ရန်အတွက် အဆင်သင့်ဖြစ်နေကြသည်။
တင်းမာနေသောလေထုကြောင့် ထိတ်လန့်ကြောက်ရွံ့နေသော ချန်ရုံမှာ ခေါင်းပင်မထောင်ဝံ့ဘဲ ရန်မင်း၏အနောက်မှ တိတ်တဆိတ်လိုက်ပါလာခဲ့သည်။
တစ်နေရာအရောက်တွင် ရန်မင်းက ရုတ်တရက် ရပ်တန့်သွားလေ၏။သူက အရှေ့သို့စိုက်ကြည့်နေခဲ့ပြီး နှုတ်ခမ်းများမှာလည်း မျဉ်းဖြောင့်တစ်ကြောင်းသဖွယ် ဖြောင့်တန်းနေသည်။
လေထုထဲမှ ပြောင်းလဲမှုတစ်စုံတစ်ရာကို သတိပြုမိသွားသောချန်ရုံက ခေါင်းမော့လိုက်၏။ထိုအခါ သူမကိုယ်တိုင်ပင်မသိလိုက်ဘဲ ဝမ်ဟုန်အခြေချနေထိုင်ရာ ခြံဝင်းဆီသို့ပြန်လည်ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။
သို့သော်လည်း ဤတစ်ကြိမ်၌ တံခါးအား ခပ်ကျယ်ကျယ်ဖွင့်ထားပြီး မီးရှူးတိုင်တစ်ခုအောက်တွင် ဝမ်ဟုန်က ရပ်လျက်သားရှိနေခဲ့သည်။သူ၏ခမ်းနုရောင်ဝတ်ရုံက လေထုထဲတွင် လွင့်မျောနေလေ၏။ဝမ်ဟုန်က လက်နောက်ပစ်လျက် သူတို့အား တည်ငြိမ်စွာကြည့်ရှုနေခဲ့သည်။
ဝမ်ဟုန်၏အနောက်တွင် မည်သူတစ်ဦးတစ်ယောက်မှ ရှိမနေချေ။ညလေတဖြူးဖြူးကြားထဲတွင် မီးရှူးမီးတိုင်များက တဖျပ်ဖျပ်တောက်ပနေပြီး ကောင်းကင်ယံမှ ကြယ်ရောင်များက ဝမ်ဟုန်၏ခေါင်းနှင့် ခန္ဓာကိုယ်ပေါ်သို့ သက်ဆင်းကျရောက်နေလေသည်။
ယခုအချိန်တွင် ဝမ်ဟုန်မှာ သူ့ဟာနှင့်သူ ကျက်သရေရှိနေလွန်းသည်။
ဝမ်ဟုန်မှာ တံခါးဝတွင် တိတ်ဆိတ်စွာရပ်နေခဲ့ပြီး လူထသတ်တော့မတတ်ဖြစ်နေသောရန်မင်းအား မြင်လိုက်သောအခါတွင် သူကလက်နှစ်ဖက်ကို ယှက်နွှယ်လျက် အရိုအသေပေးလေ၏။
" နောက်တစ်ခေါက်ထပ်ပြီး ကြိုဆိုရတာကို ဝမ်းသာဂုဏ်ယူမိပါတယ် တပ်မှူး ... ”
ထို့နောက်တွင် ဝမ်ဟုန်က ကြယ်ရောင်စုံများနှင့်ပြည့်နှက်နေသောမျက်ဝန်းများဖြင့် ရန်မင်းအား ပြန်လည်မော့ကြည့်လာသည်။
" နားလည်ပေးဖို့ တောင်းဆိုချင်ပါတယ် ... အိမ်တော်အရေးနဲ့ နိုင်ငံ့အရေးက စိတ်ပူစရာဖြစ်နေတော့ မလွှဲသာဘဲ နည်းနည်းပါးပါး လှည့်စားလိုက်ရတာပါ ... "
ရန်မင်းက ဝမ်ဟုန့်အား ဝံပုလွေတစ်ကောင်သဖွယ်စူးစူးရဲရဲစိုက်ကြည့်နေပြီး ပြန်လည်တုံ့ပြန်လေ၏။
"နန်ယန်လို ဘာမဟုတ်တဲ့မြို့မှာ ငါ့ကို ချောင်ပိတ်ထားနိုင်တယ်လို့ ဘာအားကိုးနဲ့ထင်ရတာလဲ ... လှည့်စားတာမကလို့ ဘာပဲဖြစ်ဖြစ် ငါမလုပ်ချင်တာကို အတင်းအကြပ်တွန်းအားပေးလို့မရဘူးကွ "
ထိုအခါ ဝမ်ဟုန်ကပြုံးသည်။၎င်းအပြုံးမှာ တောက်ပမနေတော့ချေ။သူက ရန်မင်းအား နှုတ်ဆိတ်လျက် ခဏတာ ကြည့်နေခဲ့ပြီးနောက်တွင် ပြန်လည်ပြောကြားလာခဲ့သည်။
" တပ်မှူး... အခု ဘာစကားပြောလိုက်တာပါလဲ ... မူရုံခယ်က ကျွန်တော့်ရဲ့ရန်သူတော်စစ်စစ်ကြီးပါ ... တပ်မှူးရဲ့ရန်သူဆိုလည်း ဟုတ်တာပဲ ... ဝင်မစွက်ဖက်သေးခင်မှာနန်ယန်မြို့နဲ့ မူရုံခယ်တို့ အချင်းချင်းသွေးချောင်းစီးအောင်လုပ်မိမဲ့အချိန်ကို စောင့်နေဖို့ တပ်မှူးက စီစဉ်ထားတာဖြစ်မှာပေါ့ ... "
ယင်းစကားဆုံးသွားသည်နှင့်တစ်ပြိုင်နက် ရန်မင်း၏မျက်ဝန်းအိမ်များ ကျဉ်းမြောင်းသွားသည်ကို ချန်ရုံတွေ့လိုက်ရသည်။ဝမ်ဟုန်၏စကားက သွေးထွက်အောင် မှန်ကန်နေပုံပါပင်။
ယင်းနောက်တွင် ဝမ်ဟုန်က လက်နှစ်ဖက်ကိုနောက်ပစ်ကာ မလွှဲရှောင်သာဖြစ်စွာဖြင့် ပြောကြားလာပြန်သည်။
" ခင်ဗျားက ရည်မှန်းချက်ကြီးတဲ့ တပ်မှူးတစ်ယောက်ပဲ...ခင်ဗျားရဲ့နှလုံးသားထဲမှာ ကရုဏာတရားရှိသေးတယ်ဆိုရင်တောင်မှ တကယ်လိုအပ်လာတဲ့အချိန်မျိုးကျရင် လူ့အသက်ကို တိရစ္ဆာန်တွေနဲ့ မခြားမနားသဘောထားနိုင်လောက်မှာပေါ့ ... ဒါပေမဲ့ ကျုပ်ကတော့ အဲလိုမျိုးမလုပ်နိုင်ဘူး ... "
" ဘာလဲ ... မင်းက ခါတိုင်းလိုပဲ အရဲစွန့်ချင်နေတာလား "
ရန်မင်းက အေးစက်စွာဖြင့် ထေ့ငေါ့လေသည်။
မည်သို့ပင်ဆိုစေကာမူ ထိုစကားအား ပြောပြီးသည့်နောက်တွင် သူ၏ဒေါသစိတ်မှာ အနည်းငယ် လျော့နည်းသွားပုံရလေ၏။
ထိုအချိန်တွင် ဝမ်ဟုန်က တစ်ဖက်သို့လှည့်လိုက်ပြီး ခြံဝင်းဘက်သို့ လက်ဟန်ပြကာ " ကြွပါ ... တပ်မှူး " ဟုပြောသည်။
သို့သော်လည်း ရန်မင်းက တုပ်တုပ်မလှုပ်ဘဲ ဝမ်ဟုန့်ကို စိုက်ကြည့်နေရင်း အေးစက်စက်ပြောလေသည်။
"ငါ့ကို ခြယ်လှယ်တာကို မကြိုက်ဘူး"
" ကျွန်တော်လည်း ခြိမ်းခြောက်တာကို မကြိုက်ဘူး”
ဝမ်ဟုန်က ရန်မင်းနှင့်အကြည့်ချင်းမဆုံဘဲ ပြုံးနေခဲ့၏။
Xxxx