အပိုင်း ၁၄၆
Viewers 16k

Chapter 146


ရန်မင်းမှာ ဝမ်ဟုန်နှင့်စေ့စပ်ညှိနှိုင်းရန်အတွက် ညဘက်ခရီးထွက်လာခဲ့ခြင်းဖြစ်သော်ငြားလည်း ဤအခြေအနေကိုခုတုံးလုပ်ကာ ဝမ်ဟုန်နှင့်တကွ လန်ယာဝမ်အိမ်တော်အား လက်အောက်ခံအဖြစ် ခြိမ်းခြောက်ရန် ကြံရွယ်ခဲ့သေးသည်။ထို့ကြောင့်ပင် ဝမ်ဟုန်က ၎င်းစကားလုံးများအား ပြောထွက်ခဲ့ခြင်းဖြစ်လေ၏။

ရန်မင်းတစ်ယောက် ဒေါသထောင်းခနဲထွက်သွားသည်။

ထိုအချိန်တွင် ဝမ်ဟုန်မှာ အင်္ကျီလက်အားတစ်ချက်ခါယမ်းလိုက်ပြီး ခြံဝင်းထဲသို့ ဘာသိဘာသာဝင်သွားခဲ့သည်။
ယင်းကဲ့သို့ လျှောက်လှမ်းသွားစဉ်တွင် ဝမ်ဟုန်၏ရှင်းလင်းသောလေသံလည်း တစ်ပါတည်းထွက်ပေါ်လာသည်။

" ဟန်ဧကရာဇ်‌ကောင်းကူက မြွေဖြူကိုသတ်ပြီးမှ စစ်ဆင်ရေးစတင်ပေမဲ့ အကြိမ်ကြိမ်ရှုံးနိမ့်ခဲ့တယ် ... တိုက်ပွဲတစ်ပွဲကိုနိုင်တာနဲ့ စစ်ပွဲကြီးတစ်ခုလုံးကို အသာစီးရသွားတာမဟုတ်မှန်း တပ်မှူးလည်းသိပါတယ် "

ရန်မင်းမှာမူ ထိတ်လန့်တကြား မော့ကြည့်လိုက်မိတော့၏။သူသည် သူ့ကိုယ်သူ ဟန်မင်းဧကရာဇ်နှင့် အမှန်တကယ် နှိုင်းယှဉ်နေပြောခြင်းလော။ဆိုလိုရင်းမှာ အဘယ်နည်း။

ရန်မင်းက ဝမ်ဟုန့်အားအနောက်မှနေ၍ စေ့စေ့ကြည့်နေခဲ့သည်။အချိန်အတန်ကြာမှ သူက ရုတ်ချည်းထပြုံးလိုက်ပြီး " တော်လိုက်တာ ဝမ်ဟုန် ... " အော်ပြောလေ၏။ယင်းအပြုံးမှာ အလွန်ပင် လေးနက်သည်။

ယင်းနောက်တွင် ရန်မင်းက ခြံဝင်းထဲသို့လှမ်းဝင်သွားခဲ့သည်။ထိုအခါ သူ၏နောက်လိုက်ပါများသည်လည်း လက်နက်များကိုရုတ်သိမ်းကာ အနောက်မှ ဖြည်းညင်းစွာ လိုက်ပါသွားခဲ့ကြလေ၏။

အလားတူပင် ချန်ရုံမှာလည်း ဦးညွှတ်ပြီး အနောက်မှ လိုက်သွားခဲ့သည်။ဝါးထောင်အိမ်ဆီသို့ရောက်လာသောအခါတွင် ‌အစေခံနှစ်ဦးက သူမ၏အရှေ့၌ ပိတ်ရပ်လာကြပြီး ရိုကျိုးစွာဖြင့်ခပ်တိုးတိုးပြောလေ၏။
" မမလေးအတွက် ရေမိုးချိုးဖို့နဲ့ အဝတ်အစားလဲဖို့ ပြင်ဆင်ပေးထားပါတယ် ... ကျေးဇူးပြုပြီး ဒီဘက်အတိုင်းလိုက်လာခဲ့ပေးပါ ... "

ချန်ရုံ့ခမျာ တုံ့ဆိုင်းသွားသည်။ယင်းနောက်တွင် သူမက ရန်မင်းအား လှမ်းကြည့်လိုက်သော်လည်း ဝမ်ဟုန်၏ကြည်လင်သောမျက်ဝန်းများဖြင့်သာ ကြုံဆုံလိုက်ရလေသည်။သူသည် မည်သည့်အချိန်ကတည်းက သူမအား နှုတ်ဆိတ်လျက် လှည့်ကြည့်နေခဲ့ခြင်းဖြစ်မည်နည်း။

ကြယ်ရောင်စုံသောကောင်းကင်အောက်တွင် ဝမ်ဟုန်၏မျက်ဝန်းများက ရေပြင်သဖွယ် ကြည်တောက်နေသည်။

ယင်းအကြည့်တစ်ချက်ကြောင့် ချန်ရုံတစ်ယောက် အလွန်ပင်ရှက်သွေးဖြာသွားခဲ့ပြီး သူမက ရန်မင်း၏အဖြေကို မစောင့်ဆိုင်းဘဲ အလျင်စလိုခေါင်းငုံ့ကာ အစေခံများနှင့်အတူထွက်သွားတော့သည်။

အလားတူပင် ရန်မင်းသည်လည်း နောက်တစ်နေ့တိုက်ပွဲအကြောင်းတွင်သာ လုံးလုံးလျားလျား နစ်မြောနေခဲ့ပြီး ချန်ရုံ့အား အာရုံမရပေ။

ချန်ရုံက အစေခံများခေါ်ဆောင်သွားရာ ဝါးအဆောင်တော်ဆီသို့ လိုက်ပါသွားခဲ့သည်။လှပသောဖွဲ့စည်းတည်ဆောက်ပုံနှင့် လေထဲတွင် ယိမ်းယိုင်နေသော ထင်းရူးပင်များကို ငေးကြည့်ရင်း သူမက ခပ်တိုးတိုးမှတ်ချက်ပြုလေ၏။
“ဘယ်လောက်တောင် ချစ်ဖို့ကောင်းတဲ့နေရာလဲ”

ထိုအခါ အိမ်စေတစ်ဦးက ပြုံးရယ်လျက် ဆိုလာခဲ့သည်။
" ပြောနေစရာတောင်မလိုပါဘူး သခင်မလေးရယ် ... ပြီးတော့ ဒါတင်မကသေးဘူး ... ဒီက သစ်ပင်တွေတစ်ပင်ချင်းစီကို ကျွန်မတို့ချီလန်က သေချာဂရုစိုက်ထားတာလေ ... "

အခြားတစ်ဦးကလည်း မခို့တရို့လေးရယ်မောကာ ဝင်ရောက်ထောက်ခံရှာလေ၏။
" အမှန်ပါပဲ ... နန်ယန်မြို့သူတွေသာ ဒီလိုနေရာမျိုးရှိတယ်ဆိုတာကို သိကုန်ကြရင် အခုချိန်လောက်ဆို ခြံဝင်းတံတိုင်းတွေပါ ပြိုကျကုန်လောက်ပြီ ... "

အိမ်အကူများမှာ ချန်ရုံ့အား အပြုံးများနှင့် ရိုးသားစွာဆက်ဆံကြသည်။ခြုံငုံပြောရလျှင် သူတို့မှာ ဖော်ရွေလွန်းပေ၏။

ထို့ကြောင့်ပင် ချန်ရုံမှာ စိုးရိမ်ပူပန်မှုများအား စွန့်လွှတ်နိုင်ခဲ့သည်။သူမက ပြုံးရယ်ကာ ဝန်းကျင်တစ်ခွင်အားလှည့်ပတ်ကြည့်ရှုပြီး " ဟုတ်ပါတယ် ... ဝမ်ချီလန်ရဲ့ ဂုဏ်ကျက်သရေက ကျွန်မတို့လို အညတရလူတွေထက်တော့ သာလွန်နေတာပါပဲ ... " ဟု ပြောကြားလိုက်၏။
ချန်ရုံမှာ ၄င်းချီးမွမ်းမှုအား ဖွင့်ထုတ်ပြောနိုင်ရန် အသည်းအသန်တွေးတောခဲ့ရပေသည်။

ထိုအချိန်တွင် အစေခံများက တကျွီကျွီမြည်နေသောလှေကားပေါ်သို့တက်သွားခဲ့ကြလေ၏။ယင်းနောက်တွင်မူ သူတို့က အပေါ်ဘက်အခန်းရှိ တံခါးအား လှမ်းဖွင့်လိုက်ကြသည်။ချန်ရုံသည်လည်း ထိုနှစ်ဦး၏အနောက်မှ အတူတကွလိုက်ပါသွားခဲ့သည်။

အပေါ်ထပ်သို့ရောက်ရောက်ချင်းမှာပင်လျှင် ရနံ့အချို့ရောယှက်နေသောလေထုက နှာဖျားတစ်ဝိုက်တွင် ရစ်သီလာသည်။
ဝါးအဆောင်မှာ အပြင်ပိုင်းတွင်ရိုးရှင်းလွန်းလှသဖြင့် အတွင်းပိုင်း၌ ဤမျှလွန်လွန်ကဲကဲတွေ့ရှိနိုင်မည်ဟု ချန်ရုံမမျှော်လင့်ထားခဲ့ချေ။ပုတီးစေ့ အကာအရံများက ရနံ့လွှမ်းသောလေထုထဲတွင် ချိတ်ဆွဲထားလျက်သားရှိနေပြီးကြမ်းပြင်၌မူ ဖျာထူထူခင်းထားသည်။

ချန်ရုံက ပြတင်းပေါက်ရှိရာဆီသို့ ချဉ်းကပ်သွားခဲ့၏။

ဝါးနှင့် ထင်းရှူးပင်များ အမြစ်တွယ်နေသည့် စိမ်းလန်းစိုပြေသောခြံဝင်းကြီးတစ်ခုလုံးကို ဤနေရာမှ လှမ်းမြင်နိုင်သည်။ဆောင်းရာသီဖြစ်သော်ငြားလည်း နွေဦးရာသီသဖွယ် ရှုခင်းများက စိမ်းစိုနေလေ၏။

ချန်ရုံတစ်ယောက် မြင့်မားသော ထင်းရှူးပင်ကိုဖြတ်ကျော်၍ ဝါးထောင်အိမ်၏ တံမြိတ်စက်ဆီသို့ လှမ်းမျှော်ကြည့်လိုက်သည်။၎င်းမှာ ဝမ်ချီလန် နေထိုင်သောနေရာပင်။ယခုအချိန်၌ ဝမ်ဟုန်နှင့် ရန်မင်းပြောနေသည့်အကြောင်းအရာများအား ချန်ရုံ သိချင်နေမိသည်။

ချန်ရုံ လှည့်ပတ်ကြည့်နေစဥ်တွင် အိမ်စေများက အလုပ်များနေခဲ့လေ၏။များမကြာမှာပင် ထိုထဲမှတစ်ဦးက ညင်သာစွာပြောလာသည်။
" ရေအဆင်သင့်ဖြစ်ပါပြီ မမလေး ... ဝင်လို့ပါပြီ "

ထိုအခါ ချန်ရုံက ခေါင်းညိတ်ပြလိုက်ပြီး တစ်ဖက်သို့လှည့်လာသည်။ကန့်လန့်ကာနောက်ကွယ်၌ အဖြူရောင်အခိုးအငွေ့များ တလူလူတက်လာနေပေ၏။ရေချိုးကန်နားသို့ရောက်စဉ်တွင် ချန်ရုံက ဘေးဘီကိုကြည့်ပြီး အနီးအနားရှိ ပိုးသားဂါဝန်အားလှမ်းယူလိုက်ကာ ညင်သာစွာကိုင်တွယ်ကြည့်နေမိသည်။

ထိုအချိန်တွင် သူမ၏‌ပိတုန်းရောင်ဆံနွယ်များအား ဖြည်ချပေးနေသောအစေခံက ယင်းပိုးသားဂါဝန်ကိုလှမ်းကြည့်လျက် ဆိုလာခဲ့၏။

" ဒီပိုးဂါဝန်ကို ချီလန်ကိုယ်တိုင်ပို့လိုက်တာလေ ... ကိုက်မကိုက်တစ်ချက်ကြည့်လိုက်ပါဦး ... သခင်မလေး "

ဝမ်ဟုန်က သူမအတွက်ပို့လိုက်ခြင်းလော။
ချန်ရုံတစ်ယောက် အံ့အားသင့်မိသွားသည်။

" အဖြူရောင်ပဲ ... "
သူမက ဂါဝန်ကိုငုံ့ကြည့်ကာ အနည်းငယ်တိမ်ဝင်နေသောလေသံဖြင့်ပြောလိုက်သည်။

ထိုအခါရေချိုးကန်ဘေးတွင်ထိုင်ကာ ဇီးသီးပွင့်များအား ဖြန့်ဖြူးနေသောအခြားအစေခံတစ်ဦးကလည်း ဝင်ရောက်ပြောဆိုလာ၏။

" ဟုတ်ပါတယ် ... ချီလန်က အဖြူရောင်ကို အကြိုက်ဆုံးလေ ... တစ်ခါက သူပြောဖူးတယ် ... ညစ်ညမ်းတဲ့လောကကြီးမှာ ဒီဂါဝန်ကသာ အခုချိန်ထိ ဖြူစင်သန့်ရှင်းနေသေးတဲ့ တစ်ခုတည်းသောအရာပဲတဲ့ ”

" ဖြူစင်သန့်ရှင်းနေသေးတာလား ...ဟုတ်ပါတယ် ဒီဂါဝန်ကတော့ ဖြူစင်နေသေးတာပေါ့ "

ချန်ရုံက အဖြူရောင်ဂါဝန်ကို ညင်သာစွာ ပွတ်သပ်လိုက်ရင်း ခပ်တိုးတိုးရေရွတ်သည်။

" ရေချိုးကန်ထဲ ဝင်လိုက်ပါ မမလေး "

ချန်ရုံတစ်ယောက် အတွင်းဝတ်များကိုချွတ်ပြီး ရေထဲသို့ဆင်းသွားခဲ့လေ၏။

ရေအပူချိန်မှာ အနေတော်ပင်ဖြစ်သည်။ဤအတောအတွင်း၌ ချန်ရုံမှာ ရန်မင်းနှင့်သူ၏တပ်သားများစခန်းချရာနေရာ၌ ရေကောင်းကောင်းမွန်မွန်ချိုးရန် အခွင့်အရေးမရခဲ့ချေ။
သူမက ရေအောက်သို့တစ်ကိုယ်လုံးနှစ်မြှုပ်လိုက်ပြီး မျက်နှာအား ရေမျက်နှာပြင်အပေါ်တွင်ပေါ်ရုံလောက်သာချန်ထားခဲ့သည်။ယင်းနောက်တွင် ချန်ရုံက ကျေနပ်အားရစွာဖြင့် သက်ပြင်းအရှည်ကြီးချလိုက်ပြီး " အရမ်းနေလို့ကောင်းတာပဲ " ဟုရေရွတ်လိုက်၏။

စိတ်သက်သာရာ‌ရနေဟန်ကြောင့် အစေခံများကလည်း ပြုံးရယ်လာကြသည်။

ရေမိုးချိုးပြီးနောက်တွင် ချန်ရုံမှာ ပိုးသားဂါဝန်အား လဲလှယ်ဝတ်ဆင်ခဲ့လေ၏။အချိန်မှာ ညဉ့်နက်နေလေပြီ။အစေခံများက သူမ၏အိပ်ခန်း‌ထဲမှ အသီးသီးထွက်ခွာသွားကြသည်။
ယင်းနောက်တွင် ချန်ရုံက ဖိနပ်ချွတ်ပြီး အိပ်ရာပေါ်သို့ ခုန်တက်သွားခဲ့လေ၏။စောင်မှာ နူးညံ့ပြီး သက်တောင့်သက်သာရှိလှကာ သင်းပျံ့သောရနံ့လည်းရှိသည်။ ခေါင်းအုံးကိုမူ ယန်ကျစ်ကျောက်စိမ်းဖြင့် ပြုလုပ်ထားပြီး ယခုအချိန်မှာ ဆောင်းရာသီဖြစ်၍အပေါ်မှ မြေခွေးဖြူမွေးခေါင်းအုံးစွပ်ကိုလည်း စွပ်ထားသေး၏။

ချန်ရုံက ခေါင်းအုံးစွပ်မှ သားမွေးများထံသို့မျက်နှာအပ်ကာ တစ်ကိုယ်တည်း အကဲဖြတ်တွေးတောနေခဲ့သည်။

သခင်မရွမ်၏မြေခွေးသားမွေးသည်လည်း ဤသားမွေးများနှင့် အရောင် ၊ အထိအတွေ့ အလုံးစုံတူညီပေသည်။

ကွာခြားချက်မှာမူ သခင်မရွမ်သည် သူမ၏ မြေခွေးသားမွေးကို အလွန်အမင်းတန်ဖိုးထားကာ ဝတ်ရန် အမြဲတွန့်ဆုတ်နေခြင်းဖြစ်သည်။တစ်ခါတစ်ရံ သူမ ဝတ်ဆင်ထားချိန်၌ပင် အမှုမဲ့အမှတ်မဲ့ထိတွေ့မိသွားကြသောအစေခံမိန်းကလေးများအား ကြိမ်ဒဏ်ပေးသည်အထိပင်ဖြစ်သည်။သို့သော်လည်း ဤနေရာ၌မူ ထိုကဲ့သို့တန်ဖိုးကြီးမားသည်များအား ခေါင်းအုံးစွပ်အဖြစ် အသုံးပြုနေကြလေ၏။

ယင်းအတွေးများဖြင့် ချန်ရုံမှာ မနေနိုင်တော့ဘဲ အခန်းတွင်းအား စူးစမ်းကြည့်နေမိတော့သည်။မျက်လုံးထဲဝင်လာသမျှ အရာအားလုံးမှာ ခမ်းနားလှသောရှားပါးပစ္စည်းများပင်။သာမန်လူကြီးမင်းများသာ ထိုအရာများကို ပိုင်ဆိုင်ထားလျှင် အဖိုးမဖြတ်နိုင်သောရတနာများကဲ့သို့သဘောထား၍ တဲအိမ်များထဲတွင် ဝှက်ထားလိမ့်မည်။

ချန်ရုံ ဟိုဟိုဒီဒီစူးစမ်းနေစဉ်မှာပင် အစေခံတစ်ဦးက ဝါးတံခါးကိုတွန်းဖွင့်ပြီး ဝင်ခွင့်တောင်းခံလေ၏။ထို့နောက်တွင် ယင်းအစေခံက အထဲသို့ ဖြည်းညင်းစွာဝင်ရောက်လာပြီး ချန်ရုံ့အားကျောပေးလျက် အမွေးနံ့သာထွန်းညှိပေးသည်။နံ့သာအိမ်အား ယပ်ခတ်ပြီးနောက်တွင်မူ သင်းပျံ့သောရနံက ထွက်ပေါ်လာတော့သည်။

" အဲဒါက ဘာရနံ့လဲ ... တကယ်ကိုကောင်းတယ် ... "

၎င်းရနံ့မှာ အမှန်တကယ်ပင် ထူးခြားပေ၏။

" ငါးကြီးအန်ဖတ်လေ မမလေး ... "

ငါးကြီးအန်ဖတ်မှာ အလွန်ရှားပါးသောအဖိုးတန်ပစ္စည်းတစ်ခုပင်။
လုပ်ဆောင်စရာရှိသည်ကို လုပ်ဆောင်ပြီးသွားသောအစေခံဖြစ်သူက အခန်းထဲမှ ထွက်ခွာသွားတော့သည်။သို့ သော်လည်းတံခါးပြန်မပိတ်မီတွင် သူမက အခန်းတွင်းသို့ ပြန်လည်ခေါင်းပြူလာကာ မခို့တရို့လေးရယ်မောလျက် ပြောကြားလာလေ၏။

" နောက်ဆုံးတစ်ခေါက်က နဝမမြောက်မင်းသမီးအိမ်တော်ကို အလည်လာတုန်းကတောင် ချီလန်က ဒီလောက်ထိ အရေးပေးခဲ့တာမဟုတ်ဘူးနော် "

ချန်ရုံမှာ နှုတ်ဆိတ်စွာဖြင့် အစေခံထံမှ အကြည့်လွှဲလိုက်သည်။
ညတာမှာ မျက်စိတစ်မှိတ်အတွင်း၌ နက်နဲလာပေ၏။
နံ့သာရနံ့များ လွင့်ပျံနေသောအခန်းထဲတွင် ချန်ရုံတစ်ယောက် အိပ်စက်နေခဲ့ပြီး မှောက်ချည်လှန်ချည်ပြုကာ ဝါးပင်များအား ဖြတ်သန်းသွားသော ညလေညင်းသံကို နားစွင့်နေမိသည်။

ညတာတစ်ခုလုံးနီးပါးအား ထိုကဲ့သို့ကုန်ဆုံးခဲ့ပြီးနောက်ပိုင်းတွင်အမှန်တကယ်ပင် အိပ်မပျော်နိုင်တော့ကြောင်း ချန်ရုံသိရှိနားလည်သွားလေ၏။သူမက ဝတ်ရုံကိုခြုံလွှမ်းပြီး ဖြည်းညင်းစွာ ထွက်လာခဲ့သည်။

" မမလေး ... "

ထိုအခါထောင့်တစ်နေရာတွင် အိပ်မောကျနေခဲ့သောအစေခံတစ်ဦးက အိပ်မှုန်စုံမွှားလေသံဖြင့် လှမ်းခေါ်လေသည်။

" ရတယ် ပြန်အိပ်နေပါ ... "

" ဟုတ်ကဲ့ ... "

အပြင်ဘက်၌ လခြမ်းကွေးနှင့်အတူ ကောင်းကင်ယံ၌ ကြယ်စင်များ ချိတ်ဆွဲထားလျက်ရှိသည်။

ချန်ရုံက လှေကားလက်ရန်းကို ဆုပ်ကိုင်လျက် အောက်သို့ ဂရုတစိုက် ဆင်းသွားခဲ့လေ၏။ထို့နောက်တွင် သူမသည် ဝါးရုံနှင့် စမ်းချောင်းငယ်တစ်ခုကို ဖြတ်သန်း၍ မက်မွန်တောဆီသို့ ဦးတည်လျှောက်လှမ်းသွားသည်။ချန်ရုံက ခပ်လှမ်းလှမ်းတစ်နေရာသို့ လှမ်းမျှော်ကြည့်လိုက်ကာနွေဦးပေါက်သောအခါ ထိုနေရာက မျက်စိပဒါဿဖြစ်လာနိုင်မည်ဟုတွေးတောလိုက်သည်။
ယင်းနောက်တွင် သူမက ဆန့်ကျင်ဘက်သို့ လှည့်လိုက်ပြီး ဦးတည်ရာမဲ့စွာဖြင့်ဆက်လက်လျှောက်လှမ်းလာခဲ့၏။တစ်နေရာအရောက်တွင်မူ ထိုခြေလှမ်းများက တုံ့ဆိုင်းသွားသည်။

ကြယ်စင်များအောက်ဝယ် နှင်းသားသဖွယ်ဖြူဖွေးသောအသွင်သဏ္ဌာန်တစ်ခုက ငြိမ်သက်နေပြီး ထိုသူမှာ မတ်တပ်ရပ်လျက်အနေအထားဖြင့် ကောင်းကင်သို့ မော့ကြည့်နေခဲ့လေ၏။

တစ်ဖက်လူမှာ ဝမ်ဟုန်ဖြစ်ကြောင်း ချန်ရုံချက်ချင်းသတိပြုမိသွားသည်။
သူမက ဝမ်ဟုန့်အား အံ့အားသင့်စွာဖြင့် ခေတ္တ‌ငေးမောနေခဲ့ပြီး ထို့နောက်တွင်မူ အသံမထွက်အောင်ဂရုစိုက်၍ ယင်းနေရာမှ လှည့်ပြန်ရန် ပြင်ဆင်လိုက်သည်။

" အားရုံ ... "

အချိန်ကိုက်ပင် သူမ၏အမည်အား တစ်ဖက်မှ ထုတ်ဖော်ခေါ်ဆိုလာခဲ့လေ၏။

ချန်ရုံတစ်ယောက်အေးခဲသွားပြီး ဝမ်ဟုန်ရှိရာဘက်သို့ ဖြည်းညင်းစွာ ပြန်လှည့်ကြည့်လိုက်သည်။ကြယ်စင်များအောက်ဘက်ရှိအနှီအမျိုးသားက ယခုတွင် သူမအား စူးစိုက်ကြည့်နေခဲ့သည်။

ယင်းမျက်ဝန်းများမှာ မယုံနိုင်လောက်အောင်ပင် တည်ငြိမ်အေးဆေးပြီး ငြိမ်းချမ်းလှပေ၏။
ချန်ရုံက ခေါင်းငုံ့ကာ မြေပြင်ကိုသာစိုက်ကြည့်၍ ဝမ်ဟုန်ရှိရာသို့ ချဉ်းကပ်သွားခဲ့သည်။ငါးလှမ်းခန့်အကွာအဝေးတွင် သူမသည် ဝမ်ဟုန့်အား ဒူးအနည်းငယ်ညွှတ်၍ အရိုအသေပြုလေ၏။

“ထိုင်ပါ ... ”

ထိုအခါ ချန်ရုံက ဝမ်ဟုန်၏မျက်နှာချင်းဆိုင်စားပွဲ၌ ဝင်ထိုင်သည်။ယင်းနောက်တွင် သူမက စားပွဲပြင်ပေါ်ရှိ အသားကင်နှင့် ဝိုင်ကိုစိုက်ကြည့်လိုက်ပြီး " တပ်မှူးရန် ဘယ်မှာပါလဲ " ဟု ခပ်တိုးတိုး မေးမြန်းလေ၏။

"သူက အနားယူဖို့သွားပြီ"

ဝမ်ဟုန်က သူ့စားပွဲပေါ်မှ ခွက်ကိုယူကာ ဝိုင်ငှဲ့ပြီး ချန်ရုံ၏အရှေ့သို့ချပေးသည်။ထိုသို့ပြု၍ လက်ပြန်အရုတ်တွင် ရန်မင်းချန်ရစ်ခဲ့သောခွက်က သူ၏အင်္ကျီလက်နှင့် တိုက်ခတ်မိသွားပြီး မြက်ခင်းပြင်ပေါ်သို့ လိမ့်ကျသွားသည်။

ချန်ရုံက ဝမ်ဟုန့်အား အံ့အားသင့်စွာ လှည့်ကြည့်လိုက်လေ၏။လွင့်ပျံနေသောအဖြူရောင်ဝတ်ရုံ ၊ ဆံနွယ်များဖြင့် တစ်ဖက်လူ၏အသွင်အပြင်မှာ ပုံမှန်အတိုင်း ငြိမ်သက်နေသည်။

ဝမ်ဟုန့်ထံတွင် ရည်ရွယ်ချက်ရှိကြောင်း မရှိကြောင်း ၊ မသိနိုင်သဖြင့် ချန်ရုံတစ်ယောက် သူမ၏အကြည့်ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ထိုအချိန်တွင် ဝမ်ဟုန်က ရုတ်တရက်ပြောကြားလာလေ၏။

" အားရုံ ... ငါ့အတွက် သီချင်းတီးပေးမှာလား ... "

" ဟုတ်ကဲ့ ... "
ချန်ရုံက ရုတ်ချည်းပင် ပြန်လည်ဖြေကြားလိုက်ပြီး ဝမ်ဟုန်၏စားပွဲပေါ်မှ ဗျပ်စောင်းအား လှမ်းယူလေ၏။ယင်းနောက်တွင် သူမက ထိုဗျပ်စောင်းအား ကိုယ်ပေါ်တင်ကာ တေးသွားတီးခတ်ရန် ကြိုးအစုံတို့အား လက်ချောင်းများဖြင့်ဖိသည်။

ပုံမှန်အားဖြင့် ချန်ရုံ၏ဗျပ်စောင်းတီးပုံမှာ တောက်ပပြီး ကျက်သရေရှိသည်။သို့သော်လည်း ယခုအခိုက်အတန့်တွင်မူ ရှုပ်ထွေးပွေလီသည့်ခံစားချက်များကြောင့်ခါးသီးသောအငွေ့အသက်နှင့်နှင့် မိမိကိုယ်ကို လှောင်ပြောင်သရော်ခြင်းတို့ကိုသာ သယ်ဆောင်လာနိုင်လေသည်။



Xxxxx