Chapter 147
_ ညတစ်ည
ကောင်းကင်ယံအလင်းရောင်အောက်တွင် နှစ်ဦးသားမျက်နှာချင်းဆိုင်ထိုင်နေခဲ့ကြပြီး တစ်ဦးက လမင်းကိုကြည့်ရင်း ကျန်တစ်ဦးမှာ ဗျပ်စောင်းတီးခတ်နေခဲ့သည်။ဗလာဖြစ်ပြီး အထီးကျန်ဆန်သော ခံစားချက်မျိုးပါပင်။
ညတာမှာ အေးစက်ပြီး မှောင်ရိပ်များက လူကို ဆွေးမြေ့စေသည်။
ထိုအချိန်တွင် ချန်ရုံနေထိုင်ရာ အဆောင်အပေါ်ထပ်မှ ဇာပါးကန့်လန့်ကာအား တစ်စုံတစ်ဦးက မတင်လိုက်လေ၏။မျက်နှာခပ်ပြည့်ပြည့်နှင့်အစေခံတစ်ဦးက ကြယ်ရောင်အောက်မှ လူရိပ်များကိုလှမ်းကြည့်လျက် မျက်မှောင်ကြုတ်နေပြီး ရင်ဘတ်ပေါ်လက်တင်၍ ပြောလာသည်။
" အားကျစ် ... ငါကတော့ ဒီခံစားချက်ကြီးကို မကြိုက်ဘူးဟယ် ... "
အားကျစ်ဆိုသူမှာ အသက်နှစ်ဆယ်ကျော်အရွယ်ရှိသောအစေခံမလေးတစ်ဦးဖြစ်လေ၏။သူမက ဝမ်ဟုန်နှင့် အားရုံတို့အား သာမန်အတိုင်းစိုက်ကြည့်နေပြီး တစ်ဖက်အစေခံ၏စကားအား အကြောင်းမပြန်ခဲ့ပေ။
" ငါတို့ချီလန်က ဘယ်လောက်တောင် ထူးခြားလိုက်တဲ့သူလဲ ... ဘာလို့ ဒီလို နိမ့်ကျတဲ့မိန်းကလေးကိုချစ်မိသွားရတာလဲ ”
ထိုအခါ အားကျစ်က ပြုံးလျက် ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။
" သခင်ကြီးကပြောတယ် ... ချီလန်က ဝမ်မျိုးနွယ်စုရဲ့ အဓိ မဏ္ဍိုင်ဖြစ်လာမှာတဲ့ ... အစေခံတစ်ယောက်အနေနဲ့ သူမလုပ်နိုင်တာ ဒါမှမဟုတ် မလုပ်ချင်တဲ့အရာမှန်သမျှကို လုပ်နိုင်ဖို့ကူညီပေးရမှာပဲ ”
တစ်ဖက်အစေခံက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်ဖြင့် ငြိမ်သက်နေချိန်တွင် အားကျစ်က ခပ်ယဲ့ယဲ့လေးပြုံးပြီး ဆက်လက်ပြောကြားလာခဲ့သည်။
“ဗုဒ္ဓကျမ်းဂန်တွေထဲမှာ ပြောမထားဘူးလား ... သောကများတဲ့သတ္တဝါတွေထဲမှာမှ စိတ်ဆင်းရဲမှုဒဏ်ကို အခံရဆုံးက ကိုယ်လိုချင်တာကို မရနိုင်တဲ့သူတွေပဲတဲ့လေ ... ဒီမိန်းကလေးက ချီလန့်ကို အဲလိုမျိုး သောကဒဏ်ကို ဘယ်လိုတောင် ခံစားရစေနိုင်တာလဲ ... ဖြစ်နိုင်မယ်ဆိုရင် ငါတို့ကတောင် ဝင်ကူညီချင်ကူညီပေးရဦးမှာ ... "
ယင်းနောက်တွင် အားကျစ်က တစ်ဖက်အစေခံအား ပဟေဠိဆန်စွာ ပြုံးပြကာ ထိုနေရာမှ ထွက်ခွာသွားတော့၏။
များမကြာမီ၌ပင် ချန်ရုံ၏တေးသွားမှာလည်း နိဂုံးချုပ်သွားခဲ့သည်။
ချန်ရုံက ဗျပ်စောင်းကြိုးများအား လွှတ်လိုက်ပြီး ဖြည်းညင်းစွာခေါင်းမော့၍ ဝမ်ဟုန့်အားကြည့်သည်။
ဝမ်ဟုန်မှာမူ ကောင်းကင်ယံအား မော့ကြည့်နေဆဲပင်။
ယင်းနောက်တွင် သူက ကျယ်ဝန်းသောအင်္ကျီလက်စအား ဝှေ့ယမ်းလိုက်ပြီး " သွားတော့ " ဟု ခပ်တိုးတိုးပြောလေ၏။
" ကောင်းပါပြီ ... "
ထိုအခါ ချန်ရုံက ဝမ်ဟုန့်အား ဦးညွှတ်၍အရိုအသေပေးကာ ထိုနေရာမှထွက်ခွာသွားတော့သည်။မကြာခင်၌ပင် သူမ၏ရုပ်သွင်မှာ ထင်းရှူးပင်များ၏အနောက်ဘက်ရှိ ဝါးရုံများထဲသို့ ဝင်လျှိုးပျောက်ကွယ်သွားသည်။
ချန်ရုံ အဆောင်အပေါ်ထပ်သို့ရောက်သောအခါ ထောင့်တစ်နေရာတွင်ရပ်နေကြသော အစေခံနှစ်ဦးက ရိုရိုကျိုးကျိုးမေးမြန်းလာကြ၏။
" တစ်ခုခုလိုအပ်ပါသလား မမလေး ... "
" မလိုဘူးရတယ် ... ပြန်အိပ်ကြတော့ "
" ဟုတ်ကဲ့ပါ ... "
အဝတ်စချင်းပွတ်ခတ်သံများကြားထဲတွင် ချန်ရုံတစ်ယောက်အိပ်ရာထဲသို့ပြန်လှဲချကာ မျက်ဝန်းအစုံကို မှိတ်ထားလိုက်သည်။
ပြန်နိုးလာသောအခါတွင်မူ အရှေ့အရပ်၌ အလင်းရောင် ပေါ်ထွက်လာလေပြီ။ယနေ့မှာ နန်ယန်၏ကံကြမ္မာနေ့ဖြစ်ကြောင်းသတိရသွားသဖြင့် ချန်ရုံမှာ ချက်ချင်းပင် အိပ်ယာမှ ကုန်းရုန်းထလိုက်သည်။သူမသည် အထိန်းတော်ဖျင်အား လှမ်းခေါ်မိတော့မတတ်ဖြစ်သွားသော်လည်း နေအိမ်တွင်ရှိနေသည်မဟုတ်ကြောင်း သတိရသွားခဲ့ပြီး " တစ်ယောက်ယောက်ရှိလား " ဟုပြောင်းလဲ ခေါ်ဆိုလိုက်လေ၏။
ထိုအခါ အစေခံတစ်ယောက်က သူမ၏မြင်လွှာထဲသို့ ရောက်ရှိလာသည်။
ဤနေရာရှိအိမ်စေများမှာ လန်ယာဝမ်အိမ်တော်မှဖြစ်ပြီး သူတို့၏အသွင်အပြင်နှင့် အကျင့်စရိုက် နှစ်မျိုးလုံးမှာ အထက်တန်းလွှာဆန်ကြောင်း ချန်ရုံတွေ့ရှိသွားသည်။သူမက ယဉ်ကျေးပျူငှာသောလေသံဖြင့် ပြောကြားလိုက်လေ၏။
" ကျွန်မဝတ်စုံ ယူလာပေးပါ"
"ဒီဂါဝန်အဖြူကို သဘောမကျဘူးလား မမလေး "
ထိုအခါ ချန်ရုံက ခေါင်းယမ်းပြလိုက်ပြီး ဆံနွယ်များအားကျောနောက်သို့ပို့လျက် " မလိုပါဘူး ... ကျွန်မဝတ်စုံကိုပဲ ပြန်ဝတ်လိုက်မယ် " ဟု ပြန်လည်ဖြေကြားသည်။
" ဟုတ်ကဲ့ပါ "
ထွက်ခွာရန်အဆင်သင့်ဖြစ်သောအခါတွင် ချန်ရုံက စားပွဲပေါ်တွင် ကျန်ရစ်ခဲ့သည့် အဖြူရောင်ဝတ်စုံအား လှည့်ကြည့်လိုက်သည်။
" ဝတ်စုံကို ယူသွားလို့ရမလား "
ယင်းစကားအဆုံးတွင် အိမ်စေများက ချန်ရုံ့အား နားလည်ရခက်စွာကြည့်လာကြသော်လည်း အားကျစ်ကတော့ ပြုံးရယ်လိုက်လေ၏။
"ဒါက မမလေးအတွက် ချီလန်ပေးထားတဲ့ဟာပဲ ... မယူရင် ဒီတိုင်းမီးရှို့ပစ်လိုက်ရမှာ ... "
အမှန်တကယ်ပင် မီးရှို့ပြာချပစ်မည်လော။ချန်ရုံတစ်ယောက် တွေဝေသွားမိသည်။
"ဒီလောက်သန့်စင်တဲ့ အရာကို မီးရှို့ပစ်ရတာတော့ နှမျောစရာပဲ "
ယင်းနောက်တွင် ချန်ရုံမှာ အိပ်ဆောင်မှ အမြန်ထွက်လာခဲ့လေ၏။မည်သူ့ကိုမျှမတွေ့ဘဲ တစ်နာရီကြာမျှလမ်းလျှောက်အပြီးတွင်မူ ပတ်ဝန်းကျင်တစ်ခုလုံး ဗလာဖြစ်နေကြောင်း ချန်ရုံသိရှိလိုက်သည်။
သူမ စိတ်မသက်မသာဖြစ်နေစဉ်မှာပင် တစ်စုံတစ်ဦးထံမှ " သခင်မလေး ... " ဟု အော်ခေါ်သံအား ကြားခဲ့ရ၏။အသံလာရာဘက်သို့ အမြန်လှည့်ကြည့်လိုက်သောအခါ ရန်မင်း၏နောက်လိုက်ပါတစ်ယောက်ကို တွေ့လိုက်သည်။
" ဒီမှာရှိနေတာကိုး ... လိုက်ခဲ့ပါဗျ ... "
ထိုလူက ပြောပြောဆိုဆိုဖြင့် တစ်ဖက်သို့လှည့်လိုက်သော်လည်း ချန်ရုံမှာ တုပ်တုပ်မလှုပ်ပေ။
" ခဏလေးပါ ... အဝတ်လဲချင်လို့ ... "
နောက်လိုက်ဖြစ်သူမှာ ချန်ရုံ့အား မျက်မှောင်ကြုတ်၍ကြည့်လာသည်။သို့သော်လည်း သူက စိတ်ထိန်းကာ ချန်ရုံမှာ တပ်မှူးရန်မင်း မေတ္တာသက်ဝင်နေသောမိန်းကလေးဖြစ်ကြောင်း ပြန်လည်အောက်မေ့နှလုံးသွင်းလိုက်လေ၏။အသက်ဘေးနှင့်ကြုံနေရချိန်၌ အဝတ်အစားအား အရေးပေးနေရကောင်းလားဟု ပြောမိတော့မည့်စကားလုံးများအား ထိုသူက မျိုချလိုက်သည်။
သို့သော်လည်း ချန်ရုံမှာ ယင်းနောက်လိုက်အား အရေးမစိုက်ဘဲ ဝါးဆောင်တစ်ခုဆီသို့ ပြေးသွားလေ၏။
ထို့နောက်တွင် ချန်ရုံသည် အခန်းလွတ်တစ်ခု၏တံခါးကိုတွန်းဖွင့်ပြီး အဝတ်အစားလဲရန် အထဲအမြန်ဝင်လိုက်သည်။ခဏအကြာ၌ သူမက အပြာရောင်ဝတ်ရုံကိုလွှမ်းလျက် အခန်းထဲမှ ထွက်လာခဲ့ပြီး ရင်ဘတ်နှင့် ခါးနားတစ်ဝိုက်ကိုလည်း အဝတ်ဖြင့် စည်းနှောင်ထားခဲ့ပုံရသည်။ထို့ပြင် ဦးထုပ်လည်းဆောင်းထားသေး၏။
နောက်လိုက်ပါမှာ ချန်ရုံအား သာမန်လူငယ်တစ်ဦးကဲ့သို့ ရုပ်ဖျက်လာမည်ဟု မထင်ထားခဲ့ပေ။သူက ချန်ရုံ့အား ငုံ့ကြည့်ကာ မျက်မှောင်ကြုတ်လျက် “တပ်မှူးရန်ရှိနေသရွေ့ ဘယ်သူကများ ဒုက္ခပေးနိုင်မှာမလို့လဲ မမလေး” ဟု မေးမြန်းသည်။
" ကြိုသတိထားလို့ အသားပဲ့ပါမသွားဘူး ... "
နောက်လိုက်ဖြစ်သူမှာ ယခုအချိန်၌ ငြင်းခုံရန် မလိုလားဘဲ ခေါင်းကိုသာယမ်းလျက် ပြန်ပြောလာခဲ့သည်။
"သွားကြရအောင်ပါ"
ချန်ရုံက ထိုလူ၏အနောက်မှ ထပ်ကြပ်မကွာလိုက်ပါသွားသည်။နောက်လိုက်ဖြစ်သူက သူ၏မြင်းပေါ်သို့တက်ခွလိုက်ပြီး နောက်ပြန်လှည့်မကြည့်ဘဲ ပြောလေ၏။
" မြန်မြန်တက်ပါ ... "
ချန်ရုံသည်လည်း သူမ၏မြင်းပေါ်သို့တက်ရောက်လိုက်ပြီး နှစ်ဦးသား မြောက်တံခါးဆီသို့ စီးနင်းထွက်ခွာလာခဲ့သည်။
နန်ယန်မြို့တွင်း၌ ပရမ်းပတာဖြစ်နေပြီး သာမန်လူများနှင့် အထက်တန်းလွှာများမှာ ဦးခေါင်းမဲ့သောယင်ကောင်များသကဲ့သို့ ဆောက်တည်ရာမရဖြစ်နေကြလေ၏။ထိုမျှသာမက မြို့တစ်ခွင်လုံး၌ ကြောက်လန့်တကြား အော်ဟစ်သံများနှင့် ညည်းညူသံများ ပြည့်နှက်နေသည်။
လမ်းပေါ်တွင် လူများလွန်းသောကြောင့် လှည်းရထားဖြင့် လူအုပ်ကြီးအား ဖြတ်သန်းကူးလူရန်ကြိုးပမ်းပါက ကျိန်းသေပေါက် ပိတ်မိနေမည်ဖြစ်သည်။
မြင်းစီးခြင်းကသာလျှင် ဖြစ်နိုင်ချေရှိသည့်တစ်ခုတည်းသော သွားလာရေးနည်းလမ်းပင်။
လူတောကြီးအား ဖြတ်သန်းအပြီးတွင် မြောက်တံခါးဆီသို့ ရောက်လာခဲ့သည်။ တိတ်ဆိတ်နေသော ပတ်ဝန်းကျင်ကိုကြည့်ရှုရင်း ချန်ရုံက မေးမြန်းလိုက်လေ၏။
“တပ်မှူး ဒီမှာရှိလား”
"ဟူတပ်တွေက ဘယ်လမ်းကြောင်းကနေ လာမယ်မသိလို့ နန်ယန်မင်းသားက ဒီဘက်တံခါးကို ဝမ်ချီလန့်ကို ကြီးကြပ်ခိုင်းထားပါတယ် ... နန်ယန်မင်းသားရဲ့လူတွေကတော့ အနောက်တံခါးဘက်မှာပါ ... "
ချန်ရုံက ခေါင်းတညိတ်ညိတ်ဖြင့်နားထောင်နေသည်။နောက်လိုက်ဖြစ်သူ၏ ဝမ်ဟုန့်အပေါ်အာဃာတမရှိသောလေသံကြောင့် ချန်ရုံက ထပ်မံမေးမြန်းလိုက်ပြန်လေ၏။
" တပ်မှူးရန်က ဝမ်ဟုန့်ကို အပြစ်မတင်တော့ဘူးလား ... "
“လူတစ်ယောက်က ခန့်မှန်းလို့မရနိုင်တဲ့ အခြေအနေအမျိုးမျိုးနဲ့ ကြုံလာရနိုင်တာပဲ ... ဖြစ်လာသမျှကို အလွန်အကြူးခံစားနေလို့လည်း မရဘူးလေ ... တပ်မှူးသာ အတည်ပေါက်ကြီးစိတ်ဆိုးခဲ့ရင် အဲဒီနေရာမှာတင် သူ့ကို သတ်ပစ်နေခဲ့ပြီးလောက်ပြီ ... အပေးအယူလုပ်ထားတာက အဆင်ပြေပါတယ် ... အခြေအနေဟန်ပါတယ် "
" ဒီလိုပေါ့ ... "
ချန်ရုံက တိုတိုတုတ်တုတ်ဖြေကြားလိုက်သည်။သူမသည် ဝမ်ဟုန့်အား အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ဖူးပြီး သူသည် အမြဲတမ်း တည်ငြိမ်အေးဆေးပေ၏။ဝမ်ဟုန်မှာ လူတစ်ဖက်သားအား အရှက်ရစေမည့်လုပ်ရပ် သို့မဟုတ် လှည့်ဖြားခြင်းမျိုးကို မည်သည့်အခါကမှ မပြုလုပ်ခဲ့ချေ။
ဤတစ်ကြိမ်တွင်လည်း ရန်မင်း၏မကျေနပ်ချက်များကိုပြေပျောက်စေရန် တစ်စုံတစ်ရာကို ကျိန်းသေပေါက် လုပ်ခဲ့ ၊ ပြောခဲ့လိမ့်မည်။
ထိုအချိန်တွင် နောက်လိုက်တပ်သားက ဖြတ်သန်းသွားလာခွင့်တံဆိပ်ပြားကိုထုတ်ယူကာ ခံတပ်အစောင့်များ၏အရှေ့သို့ ဝှေ့ယမ်းပြလိုက်သည်။ထို့နောက် သူက ချန်ရုံ့အား ခံတပ်တံတိုင်းဆီသို့ ခေါ်ဆောင်သွားခဲ့သည်။
တံတိုင်းအနီးသို့ရောက်သောအခါ အပေါ်စီးမှ အဆက်မပြတ် ဆူညံသံများအား ကြားလိုက်ရ၏။အံ့ဩဖွယ်ကောင်းသည်မှာ ထိုလေသံများက ရယ်ရယ်မောမောပြောနေကြသောအသံများဖြစ်နေခြင်းပင်။
ချန်ရုံမှာ နောက်လိုက်ဖြစ်သူ၏အနောက်မှ လိုက်ပါလာခဲ့ပြီး များမကြာမီပင် တံတိုင်းပေါ်သို့ ရောက်လာခဲ့သည်။အပေါ်၌ လူများပြည့်ကြပ်နေပြီး ဝမ်ဟုန်၏အထက်တန်းလွှာမိတ်ဆွေများဖြစ်ကြသည့် ယွီကျစ် ၊ ဟွမ်းကျိုးလန်တို့သာမက ချန်ကုန်းရန်းလည်းရှိနေသည်။
တံတိုင်းအလယ်တွင်မူ နှင်းသားရောင်ဝတ်ရုံဖြူကို ဝတ်ဆင်ထားသောဝမ်ဟုန်ရှိသည်။သူက အောက်သို့သာလှမ်းကြည့်နေပြီး ယွီကျစ် အဆက်မပြတ်မေးမြန်းသမျှကို ပြုံးပြုံးရွှင်ရွှင်ဖြေကြားနေလေ၏။
" တပ်မှူးက ဒီမှာမရှိဘူး ... "
နောက်လိုက် အမှုထမ်းဖြစ်သူက ပြောပြောဆိုဆိုဖြင့် လူအုပ်ကြီးကိုကျော်ဖြတ်ကာ ချန်ရုံ့အား တံတိုင်းအနောက်ဘက်သို့ ခေါ်ဆောင်သွားခဲ့သည်။
ချန်ရုံမှာမူ မြေပြင်ကိုသာစိုက်ကြည့်နေလျက် ထိုသူ၏အနောက်မှ လိုက်ပါသွားလေ၏။
ထို့နောက် ရုတ်တရက်ဆန်စွာပင် သူမ၏အရှေ့၌ အထုပ်အပိုးတစ်ခုပေါ်လာသည်။ချန်ရုံမော့ကြည့်လိုက်သောအခါ မောယန်အရေးတွင် သူမနှင့်အတူ အသက်ဘေးမှလွတ်မြောက်ခဲ့သည့် ဝမ်အမှုထမ်းအား တွေ့လိုက်ရတော့၏။ထိုတစ်ယောက်က ၎င်းအထုပ်အပိုးအား ချန်ရုံ့ထံသို့ကမ်းပေးရင်း ခပ်တိုးတိုးပြောလာခဲ့သည်။
" သခင်လေးက ပေးပေးဖို့ပြောလို့ပါ ... ယူထားလိုက်ပါ "
ချန်ရုံမှာ စိတ်ရှုပ်ထွေးစွာဖြင့်ပင် ထိုအရာအား လက်ခံလိုက်လေ၏။ယင်းနောက်တွင် ၎င်းဝမ်အစေခံက လူအုပ်ထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသဖြင့် ချန်ရုံတစ်ယောက် တစ်စုံတစ်ရာပြောရန် အခွင့်မသာလိုက်ရှာပေ။
ထိုအချိန်၌ ရန်မင်း၏နောက်လိုက်က စိတ်မရှည်ဖြစ်စွာဖြင့် လှမ်းပြောလာသည်။
" ဘာလို့လိုက်မလာသေးတာလဲဗျ "
ထိုအခါမှသာ ချန်ရုံက ပြန်ဖြေလိုက်ပြီး ကမန်းကတမ်းဖြင့် ဆက်လက်ထွက်ခွာလာခဲ့သည်။
ရန်မင်းမှာ ခံတပ်မျှော်စင်တွင် ရှိနေသည်။ချန်ရုံရောက်သွားစဉ်တွင် သူက လက်အောက်ငယ်သားအချို့အား အမိန့်ပေးနေခဲ့၏။ရန်မင်းနှင့် နောက်လိုက်ပါများအားလုံး သာမန်အရပ်သားများသကဲ့သို့ ဝတ်စားထားပုံအရ ၎င်းတို့ရောက်ရှိလာသည်ကို နန်ယန်တွင် လူသိမခံသေးကြောင်း ထင်ရှားပေသည်။
အလုပ်များနေသော ရန်မင်းကို မြင်သောအခါ ချန်ရုံက ဘေးခန်းထဲသို့ ဝင်ပုန်းလိုက်သည်။ယင်းနောက်တွင် သူမသည် ကနဦးက လက်ခံရရှိခဲ့သောအထုပ်ကို ဖွင့်ထုတ်ကြည့်လေ၏။ထိုအခါ အထဲမှ ရွှေရောင်ချပ်ဝတ်တန်ဆာတစ်ခု ထွက်လာသည်။၎င်းသည် အလွန်ပေါ့ပါးသော်လည်း အရေးကြီးသောရင်ဘတ်နေရာတွင် ထူးထူးခြားခြားတောင့်တင်းနေပြီး အကာအကွယ်ပေးထားသည်။ဤကဲ့သို့သောအရာမှာ ကမ္ဘာပေါ်တွင် ဆယ်ခုထက်ပိုမရှိကြောင်း ရန်မင်းထံမှ ချန်ရုံကြားဖူးခဲ့သည်။
ချန်ရုံမှာ မျက်လွှာချလိုက်ပြီး ယင်းချပ်ဝတ်တန်ဆာအား မျက်နှာအနီးသို့ တိုးကပ်ထားလျက် တစ်ကိုယ်တည်းရေရွတ်လိုက်တော့၏။
" တော်ဝင်မျိုးနွယ်တွေတောင်မှ ရှင့်ရဲ့တည်ရှိမှုမှာ သိမ်ငယ်သွားနိုင်ကြတာကို မသိတာလည်းမဟုတ်ဘူး ...ရှင့်လိုလူက ကျွန်မအပေါ် ဘာလို့ဒီလောက်အထိ ကောင်းပေးနေရတာလဲ ... ကျွန်မက နိမ့်ကျပြီး အောက်တန်းကျတဲ့လူမှန်းသိတာကိုတောင်မှ ကောင်းကောင်းဆက်ဆံပေးနေတုန်းပဲ ... ရှင့်ကို တစ်သက်လုံးအမှတ်ရမိနေအောင် လုပ်နေတာလား ... "
ချန်ရုံ ရယ်မောလိုက်သည်။
သူမ၏မျက်ဝန်းများမှ မျက်ရည်များစီးကျလာသောအခါတွင်မူ ချန်ရုံက အင်္ကျီလက်ဖြင့် ကမန်းကတမ်းသုတ်လိုက်လေ၏။ယင်းနောက်တွင် သူမက ဝတ်ရုံကိုချွတ်ကာ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်လိုက်သည်။
" အားရုံ ဘယ်မှာလဲ"
အချိန်ကိုက်ပင် ခန်းမထဲမှ ရန်မင်း၏ခပ်မာမာလေသံအား ကြားလိုက်ရ၏။
ချန်ရုံ့ခမျာ အတင်းလုပ်ယူပြုံးပြီး " ဒီမှာပါ " ဟုဖြေလျက် တံခါးကို တွန်းဖွင့်ကာ အထဲဝင်သွားခဲ့သည်။
Xxxxx