Chapter 148
မူရုံခယ်
ရန်မင်းမှာ သူ၏စားပွဲပေါ်ရှိ မြေပုံကို စိုက်ကြည့်ရင်း မျက်ခုံးပင့်နေသည်။ချန်ရုံရောက်လာသည့် အသံကိုကြားသော်လည်း သူက ခေါင်းထောင်မလာချေ။
" မင်း မနေ့ညက ဘယ်မှာရှိနေခဲ့တာလဲ"
ချန်ရုံတစ်ယောက် ခေတ္တဆွံ့အသွားသည်။ထို့နောက်တွင် သူမက ပြန်လည်ဖြေရှင်းလိုက်တော့၏။
" တပ်မှူး မေ့သွားပြီလား ... ဒီကိုရောက်တာနဲ့ အစေခံတွေက ကျွန်မအတွက် နေရာထိုင်ခင်း စီစဉ်ပေးခဲ့တာကိုလေ ... "
သမာရိုးကျအခြေအနေပင်မဟုတ်ပါလော။ပုံမှန်အားဖြင့် အစေခံများသည် ဧည့်သည်အမျိုးသမီး၏ဝေယျာဝစ္စများအတွက် စီစဉ်ပေးကြရမြဲပင်။
ထိုအခါရန်မင်းက ခေါင်းမော့ပြီး သူမအား စိတ်မရှည်စွာ စိုက်ကြည့်လျက် ပြောလာခဲ့လေ၏။
" မင်းရဲ့ အိပ်ခန်းက ငါ့အခန်းနဲ့ ဘယ်လောက်ဝေးလဲလို့ မေးနေတာ ... မင်းဘာလို့ဒီလောက်နောက်ကျနေတာလဲ"
ချန်ရုံတစ်ယောက် ခေါင်းပြန်ငုံ့လိုက်သည်။ယနေ့မနက်၌ သူမ အိပ်ရာထအလွန်နောက်ကျခဲ့သည်။ဤလိုအချိန်မျိုး၌ အိပ်ရာထဲတွင် နေနေခဲ့သော သူမ၏အမှားပင်ဖြစ်ပေသည်။
ချန်ရုံ့ထံမှ အဖြေပြန်မကြားရသောအခါတွင် ရန်မင်းသည်ထိုအကြောင်းအရာကို စကားမဆက်ချင်တော့ပေ။သူ့လက်ကို ဝှေ့ယမ်းပြီး “စိတ်ထဲမထားနဲ့တော့ အားရုံ " ဟုပြောသည်။
" ကောင်းပါပြီ ... "
ယင်းနောက်တွင် ရန်မင်းက ညာဘက်လက်ကိုဝှေ့ယမ်းကာတစ်စုံတစ်ခုဆက်ပြောရန် ပြင်ဆင်လိုက်သော်လည်းအပြင်ဘက်မှ ထိတ်လန့်တကြားအော်ဟစ်သံများက မြေကြီးကွဲအက်လောက်သောဗုံသံများနှင့်အတူ ထွက်ပေါ်လာခဲ့သည်။ထိုဆူညံအပေါင်းက ရန်မင်း၏အသံကို လုံးလုံးလျားလျား နစ်မြုပ်သွားစေလေ၏။
ယင်းအခိုက်အတန့်တွင် တပ်သားတစ်ဦးက ဝင်ပေါက်တံခါးကိုတွန်းဖွင့်ကာ အော်ဟစ်အသိပေးလာခဲ့သည်။
" တပ်မှူး ... မူရုံခယ် ရောက်လာပါပြီ "
" မူရုံခယ်ရောက်လာတော့ ဘာဖြစ်လို့လဲ ... ဒီအကြောင်းကို ဘာလို့ အံ့ဩတကြီးနဲ့ အော်ကြီးဟစ်ကျယ်လာပြောနေတာလဲ " ရန်မင်းက ဟိန်းဟောက်လိုက်လေ၏။
ထိုအခါ ဘေးမှ နောက်လိုက်တစ်ဦးက ဝင်ရောက်ပြောကြားလာသည်။
“တပ်မှူး ... မူရုံခယ်က အလောတကြီးရောက်လာတဲ့ပုံပဲ ...အခြေအနေပေးရင် တွေ့ကြည့်ချင်လားဗျ "
" ဟင့်အင်း ... မတွေ့ပါနဲ့ ... မူရုံခယ်က အကင်းပါးတယ် ... ငါတို့တပ်မှူးကိုတွေ့ရင် တပ်ပြန်ဆုတ်သွားလိမ့်မယ် "
အခြားတစ်ယောက်ကပါ ဝင်ရောက်ပြောဆိုသည်။ယင်းနောက်တွင် ထိုတစ်ဦးက ရန်မင်းရှိရာဘက်သို့ လှည့်ကြည့်ကာ ရယ်ရယ်မောမော ဆက်လက်ပြောဆိုလေပြန်၏။
“ကျွန်တော့်အမြင်အရတော့ ဦးထုပ်ဆောင်းပြီး အပျော်သဘောနဲ့ ဘေးကနေပဲရပ်ကြည့်နေသင့်ပါတယ် တပ်မှူး
”
ထိုအခါ ရန်မင်းက ပြုံးလျက် ခေါင်းညိတ်သည်။
" အဲလိုပဲလုပ်ကြတာပေါ့ ... "
သူသည် ကနဦးက ချန်ရုံ့အားပြောမည့်စကားများကိုပင် မေ့သွားခဲ့လေ၏။
ယင်းအချိန်တွင် ချန်ရုံက ရန်မင်းထံသို့ ချဉ်းကပ်သွားပြီး ဘေးမှ ဝတ်ရုံနှင့် ဦးထုပ်ကိုကောက်ယူကာ ရန်မင်းအား ဝတ်ဆင်ရန်ကူညီပေးသည်။
အပြင်ဘက်မှ ဗုံသံများက ပိုမိုကျယ်လောင်လာခဲ့သည်။
သင့်လျော်စွာ၀တ်စားပြီးနောက်တွင် ရန်မင်းက အပြင်သို့ ထွက်သွားပြီး ချန်ရုံ့ကိုပါ သူ့အနောက်မှ အမြန်လိုက်ခဲ့ရန်လှုံ့ဆော်နေသည်။
မျှော်စင်အပြင်သို့ရောက်သည်နှင့် တံတိုင်းပေါ်မှ အထက်တန်းလွှာများက စိတ်ပိုင်းဖြတ်ထားဟန်ဖြင့် ထွက်ခွာသွားကြသည်ကို တွေ့မြင်လိုက်ရသည်။ချန်ရုံတစ်ယောက် လည်ကိုဆန့်၍ စူးစမ်းလိုက်သောအခါ အဝေးမှ လမ်းများပေါ်တွင် ငိုကြွေးလျက်ပြေးလွှားကူးလူနေကြသော လူအပေါင်းအား တွေ့ရလေ၏။
ထိုအချိန်တွင် စစ်သားများ ထွက်ခွာသွားကြသံများထွက်ပေါ်လာပြီး ချက်ချင်းဆိုသလိုပင် တံတိုင်းပေါ်၌ လူအင်အားဒါဇင်အနည်းငယ်သာ ကျန်ရစ်ခဲ့သည်။
အလယ်တွင်ရပ်နေသောဝမ်ဟုန်က လွင့်ပျံလျက်ရှိသည့်အဖြူရောင်ဝတ်ရုံကိုလွှားထားဆဲပင်။သူ၏အနီးအနားတွင်မူ နာမည်ကျော် အထက်တန်းလွှာများနှင့် မျိုးနွယ်စုခေါင်းဆောင်အချို့ရှိသည်။
ရန်မင်းထွက်လာသောအခါ ထိုလူများက လှည့်ကြည့်လာကြ၏။ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်တွင် ရန်မင်းက ရပ်တန့်လိုက်ပြီး လက်ပိုက်လျက် နံရံကိုမှီကာ အောက်သို့ ငုံ့ကြည့်လိုက်သည်။
ဒီရေတက်လာသည့်သဖွယ် အောက်မှဖုန်လုံးများက ကမ္ဘာမြေကြီးကို လုံးလုံးလျားလျား ဖုံးလွှမ်းသွားနိုင်လောက်သည်အထိ ပျံ့နှံ့လာသည်။အစောပိုင်း၌ တလူလူလွင့်ပျံနေသော အဝါရောင်ဖုန်လုံးများအား ဦးစွာမြင်ရပြီး မြင်းခွာသံများကိုကြားနေရသော်လည်း လူတစ်ဦးတစ်ယောက်ကမှ မြင်လွှာထဲတွင် ပေါ်မလာသေးချေ။
ဖုန်မှုန့်များ ပြေပျောက်သွားသောအခါမှသာ မျက်စိရှေ့တွင် သံချပ်ကာဝတ်သူရဲကောင်းများ တစ်ယောက်ပြီးတစ်ယောက် ပေါ်လာခဲ့သည်။၎င်းမှာ ခမောက်များ၊ လေးမြားများနှင့် လှံချောင်းများအား အသေအချာတပ်ဆင်ထားသည့် အဆုံးမဲ့သောစစ်တပ်တစ်ခုပင်။
ပြေးနေသော မြင်းခွာသံများ နှေးကွေးလာပြီး ဗုံသံများကလည်း ဖျော့တော့သွားသည်။မြင်းစီးသူရဲအပေါင်းက တဖြည်းဖြည်းနှင့် ရပ်တန့်သွားလေ၏။
ထိုနည်းလည်းကောင်းပင် ပြန့်ကျဲနေသောဖုန်မှုန့်များကြား၌ တိတ်ဆိတ်မှုက အပြည့်အ၀ဖြစ်ပေါ်လာသည်။
သို့သော်လည်း မကြာမီ၌ ကျယ်လောင်သောအသံများထွက်ပေါ်လာပြီး သူရဲကောင်းများက ခွဲထွက်၍အလယ်တွင် လမ်းကြောင်းတစ်ခုကိုဖန်တီးဖြစ်ပေါ်လာစေခဲ့၏။
ထိုအချိန်တွင် ရန်မင်း၏ရယ်သံအား ချန်ရုံကြားလိုက်ရသည်။
" မူရုံခယ်က ဟူလူမျိုးတစ်ယောက်ဖြစ်ပေမဲ့ ဂျင်လူမျိုးတွေကို အတုယူရှာတယ် ... သူ့အနေအထားကို ကြည့်လိုက်ကြဦး ... "
ထိုအခါ ရန်မင်း၏နောက်ကွယ်မှ ရင်းနှီးသောလေသံတစ်ခု ထွက်ပေါ်လာပြန်သည်။
“သိပ်မှန်တာပေါ့ .... ရှန်းပေအနွယ် မူရုံမျိုးနွယ်စုက အရမ်းစိတ်ဝင်စားစရာကောင်းတာပဲ ... ကျင်းရုံးတော်လိုမျိုးပဲ သူတို့ရဲ့ တော်ဝင်မိသားစုက လူတွေကို အကဲဖြတ်ဖို့ အပေါ်ယံအသွင်အပြင်ကို အသုံးချကြတာ ... ရုပ်ရည်
ရှိတာက ပိုမြင့်တဲ့နေရာကို ရောက်စေနိုင်ပေမဲ့ ဘယ်လောက်ပဲ အရည်အချင်းရှိနေပါစေ ရုပ်ဆိုးတဲ့ယောက်ျားကိုတော့ ဘယ်သူမှ မလိုချင်ဘူးလေ ... ယောက်ျားသားတွေဆိုပေမဲ့ မျက်နှာချေမှုန့်တို့ ဘာတို့တော့ သုံးလို့ရပါသေးတယ် "
ထိုအသံမှာ လှည်းမောင်းသူ၏လေသံပင်။ယခင်အချိန်၌ သူသည် ချန်ရုံ့အား စနောက်ရန်အတွက် ရန်မင်း၏အနောက်တွင် ပါလာခဲ့ဖူးပြီး ချန်ရုံမှာ ထိုတစ်ယောက်အား ကောင်းကောင်းမှတ်မိသည်။သိပ်မကြာမီအချိန်ကအထိ ထိုတစ်ယောက်အား ချန်ရုံ မတွေ့ရှိခဲ့ပေ။မည်သည့်အချိန်က ရောက်လာခြင်းဖြစ်မည်နည်း။
" မူရုံခယ်က သူ့မျက်နှာလှတပတလေး နေလောင်သွားမှာစိုးလို့ မျက်နှာဖုံးမချွတ်တာပါကွ ..."
အခြားနောက်လိုက်ပါတစ်ဦး၏စကားကြောင့် အားလုံးပွဲကျကုန်ကြသည်။အထက်တန်းလွှာများနှင့် မျိုးနွယ်စုခေါင်းဆောင်များမှာမူ မေးခွန်းထုတ်လိုသည့်ပုံစံဖြင့် ကြည့်ရှုနေကြလေ၏။
ထိုအချိန်တွင် တစ်စုံတစ်ဦးက ဝမ်ဟုန်၏အနားသို့ကပ်၍ ယင်းအခြေအနေအားညွှန်ပြလျက် မေးမြန်းနေသည်ကို ချန်ရုံတွေ့လိုက်ရသည်။သို့သော်လည်း ဝမ်ဟုန်မှာ ပြုံးရုံသာပြုံးလျက် မည်သည့်အဖြေကိုမှ ပြန်မပေးချေ။
အောက်ဘက်တွင်မူ မြင်းစီးသူရဲများဖော်ဆောင်ပေးထားသည့် လမ်းတစ်လျှောက်၌ အရပ်ရှည်ရှည်ထောင်ထောင်မောင်းနှင့် လူတစ်ဦးက မြင်းစီးလျက် ထွက်ပေါ်လာသည်။
ထိုသူမှာ ခပ်ကြမ်းကြမ်းကြေးဝါမျက်နှာဖုံးကို ၀တ်ဆင်ထားပြီး စူးရှသောမျက်ဝန်းများဖြင့် ဝမ်ဟုန့်အား မျက်တောင်မခတ်ဘဲ စူးစိုက်ကြည့်နေသည်။
ထိုတစ်ဦးမှာ မူရုံခယ်ပင်ဖြစ်လေ၏။တောင်ဘက်မှ ရွှေ့ပြောင်းရာလမ်းခရီးတွင် သူ့အား လူတိုင်းတွေ့ဖူးခဲ့ကြလိမ့်မည်။ချန်ရုံမှာ ယခင်ဘဝ၌ မူရုံခယ်၏အကြောင်းကို ကြားဖူးခဲ့သည်။ဤကျော်ကြားသော ရှန်းပေတပ်မှူးမှာ အလွန်ချောမောသည်ဟု ဆိုကြသည်။ စစ်မြေပြင်တွင်ရှိစဥ်တိုင်း သူ၏အသွင်အပြင်များက မယုံနိုင်ဖွယ်ကောင်းလောက်အောင် ဖြစ်နေသောကြောင့် ဤစိတ်မရှည်သောလူငယ်က လက်အောက်ငယ်သားများရှိန်အောင် မျက်နှာဖုံးစွပ်ထားခြင်းဖြစ်သည်ဟုလည်း ကြားဖူးနားဝရှိခဲ့လေ၏။
ထိုအချိန်တွင် မူရုံခယ်မှာ မြင်းကိုစီးနင်းလာနေဆဲဖြစ်ပြီး သူ၏အနောက်မှ ဖုန်လုံးများက မြေပြင်ထက်သို့ ပြန်လည်သက်ဆင်းသွားသည်။အခြားတပ်သားများမှာလည်း အသံမထွက်ဘဲ ကွင်းပြင်တစ်လျောက် ငြိမ်သက်နေကြလေ၏။
သိပ်မကြာခင်မှာပင် မူရုံခယ်က တံတိုင်းနားသို့ရောက်ရှိလာပြီး မြင်းအား ရပ်တန့်လိုက်တော့သည်။
ရန်မင်းက ကျဉ်းမြောင်းသောမျက်လုံးများဖြင့် မူရုံခယ်အား ကြည့်ရှုအကဲဖြတ်နေသည်။ထိုအချိန်တွင် နံဘေးမှ လှည်းမောင်းသူက “ဒီိလိုမျိုး အညတရ မူရုံခယ်က တပ်မှူးသာဒီမှာရှိနေမှန်းသိရင် ခြေလှမ်းနှစ်ရာအကွာထက် ပိုနီးနီးကပ်လာရဲမှာမဟုတ်ဘူး " ဟုပြောလေ၏။
ထိုအခါ မူရုံခယ်အားစောင့်ကြည့်နေသောအခြားတပ်သားတစ်ယောက်က ခေါင်းညိတ်လိုက်ပြီး ရန်မင်းဘက်သို့ရုတ်တရက်လှည့်ကာ ပြောဆိုတော့သည်။
" တပ်မှူး ... လေးမြားတွေ အဆင်သင့်ပြင်ပြီးပြီ ... ဘာလို့ ဒီကောင်ကို မပစ်သေးတာလဲ ... တစ်ချက်လေး ပစ်ပြီးတာနဲ့ နေ့လည်စာစားဖို့ ပြန်သွားလို့ရပြီ "
ရန်မင်းမှာ မူရုံခယ်အား စိုက်ကြည့်နေဆဲပင်။သူက ဖြည်းညင်းစွာခေါင်းယမ်းသည်။
ထိုအချိန်တွင် အောက်မှ မူရုံခယ်က စကားစလာလေ၏။
သူက ခေါင်းမော့လျက်ရှိနေပြီး စူးရှသောမျက်ဝန်းများဖြင့် ဝမ်ဟုန်အား စိုက်ကြည့်နေသည်။မူရုံခယ်၏လေသံမှာ ကြည်လင်ပြတ်သားပြီး ညှို့ငင်မှုအပြည့်နှင့် အလွန်သာယာ၏။
" ဝမ်ဟုန် ... မတွေ့တာကြာပြီ ... "
ထို့နောက်တွင် သူက လက်အား အနောက်ဘက်သို့ ရုတ်ချည်း ဝှေ့ယမ်းလိုက်သည်။ထိုအခါ လှည်းရထားတစ်စင်း က လမ်းတစ်လျှောက်ရွေ့လျားလာသည်။
တပ်သားများစွာသည် ၎င်းတို့၏မြင်းများပေါ်မှ ခုန်ဆင်းကာ မူရုံခယ်၏နံဘေး၌ရပ်တန့်သွားသောရထားလုံးဆီသို့ အပြေးလေးလာကြသည်။ထို့နောက်တွင် သူတို့က ကန့်လန့်ကာကို ရုတ်သိမ်းပြီး အထဲမှ ချောမွေ့ပြောင်လက်နေသောရွှေရောင်ခေါင်းတလားအားထုတ်ယူလိုက်ကြတော့၏။ယင်းခေါင်းတလားအား မူရုံခယ်၏နံဘေး၌ ချထားအပြီးတွင်မူ ၎င်းတပ်သားများက ပြန်လည်ဆုတ်ခွာသွားကြလေသည်။
မူရုံခယ်က ခေါင်းတလားအား လှမ်းကြည့်ပြီး တစ်ချက်ပြုံးသည်။
"ငါတို့နောက်ဆုံးလမ်းခွဲပြီးကတည်းက မင်းအကြောင်းပဲတွေးနေခဲ့တာ ... ချီလန်ရဲ့ကျက်သရေရှိမှုတွေကို တွေးမိတိုင်း နောင်တတွေနဲ့ ပဲပြည့်သွားတယ် "
မူရုံခယ်မှာ ခေါင်းကိုမော့လျက် ဟက်ဟက်ပက်ပက်ရယ်မောလိုက်ပြီး ဆက်ပြောပြန်လေ၏။
" နောက်ဆုံးတစ်ခေါက်မောယန်မှာတုန်းက ရန်မင်းကြောင့်နဲ့ နှောင့်နှေးသွားရတယ် ...အဲ့ကတည်းက ချီလန့်ကို အရောက်မပို့နိုင်လိုက်တာက နှမျောစရာကောင်းလွန်းတာပဲ ... အခုတစ်ခေါက်တော့ ဝမ်ချီလန်က ငါ့ရဲ့ရိုးသားမှုကို ငြင်းပယ်မှာမဟုတ်ဘူးလို့ မျှော်လင့်ရင်းနဲ့ မိုင်ထောင်ချီဖြတ်ပြီး အပြေးလေးလာခဲ့တာ "
အားလုံး၏အကြည့်များက နှင်းသားသဖွယ်ဖြူမွတ်နေသောဝမ်ချီလန့်ထံသို့ ကျရောက်သွားသည်။
ယင်းကြည့်ရှုသူများထဲတွင် ချန်ရုံလည်း ပါဝင်လေ၏။
လူအုပ်ကြီးထံမှ အာရုံစိုက်ခြင်းခံနေရသော်လည်း ဝမ်ဟုန်မှာ ထူးထူးခြားခြားမတုံ့ပြန်လေဘဲ ခပ်ရေးရေးသာပြုံးနေခဲ့သည်။ထို့နောက်တွင် ဝမ်ဟုန်က တစ်ဖက်သို့ခေါင်းလှည့်လိုက်လေ၏။ထိုအခါ သူ၏ဆံပင်အချို့က ရွှတ်ခနဲပြေကျသွားပြီး ၄င်းဆံသားများမှာ နှဖူးပေါ်မှတစ်ဆင့် ဘယ်ဘက်မျက်ဝန်းအား ဖုံးအုပ်သွားလေ၏။
လေတဖြူးဖြူးသံများကြားတွင် ဝမ်ဟုန်၏သာယာသောလေသံက စစ်မြေပြင်၌ ထွက်ပေါ်လာသည်။
"ကျုပ် မောယန်ကို သွားတယ် ... ခင်ဗျားက မောယန်အထိလိုက်လာတယ် ... အခုနန်ယန်ကိုလာတယ် ... ခင်ဗျားက ရောက်လာပြန်ပြီ ... အခုနောက်ပိုင်းအသိမိတ်ဆွေတွေနဲ့တွေ့တိုင်း အမေးခံနေရတယ် ... မူရုံခယ် ဒီလောက်ထိ ဇွဲနပဲကောင်းနေရအောင် ဘာတွေဖြစ်ခဲ့တာလဲတဲ့ "
ဝမ်ဟုန်က ပြုံးရယ်လိုက်ပြီးနောက် စကားဆက်ပြန်သည်။
“မစိုးရိမ်ပါနဲ့ဗျာ ... ပြောပြလို့မရတဲ့ ခင်ဗျားရဲ့လျှို့ဝှက်ချက်တွေကိုသိမ်းထားပေးမှာပါ "
" ဝမ်ဟုန် ခွေးမသား ... ဘာတွေ သောက်ပေါက်ကရပြောနေတာလဲ ... " မူရုံခယ်တစ်ယောက် အော်ဟစ်လာခဲ့ပြီး ယင်းအော်သံက တစ်မြို့လုံး၌ ပဲ့တင်ထပ်သွားလေ၏။
ဒေါသတကြီးတုန်လှုပ်နေသောမူရုံခယ်အား ဝမ်ဟုန်က အပြုံးမပျက် ကြည့်လိုက်သည်။သူ၏မျက်ဝန်းများမှာ စိတ်အားထက်သန်စွာဖြင့် တောက်ပနေလေ၏။
" စိတ်ထိန်းပါ သခင်လေးရဲ့ ... ဒေါသမထွက်ပါနဲ့ဦး ... အားလုံးကြည့်နေကြတာကို ... "
ထိုအချိန်တွင် ရန်မင်းက စိတ်အနှောက်အယှက်ဖြစ်နေသောလေသံဖြင့် ဝေဖန်လေကန်လာတော့သည်။
" ဂျင်လူမျိုး စာတတ်ပေတတ်တွေများ အဆင့်အတန်းမရှိချက်ပဲ ... စစ်မြေပြင်မှာ ဒီလိုကောင်တွေနဲ့ စကားပြောနေရတာလောက် ဒေါသထွက်စရာကောင်းတာမရှိဘူး "
နောက်လိုက်တပ်သားများကလည်း ခေါင်းတညိတ်ညိတ်ဖြင့် သဘောတူညီကြသည်။ထိုအချိန်တွင် မူရုံခယ်မှာ သူ၏စိတ်ခံစားချက်များအား လျင်မြန်စွာ ထိန်းချုပ်သွားနိုင်ခဲ့လေ၏။
Xxxxx