အပိုင်း ၁၄၉
Viewers 18k

Chapter 149
အတိတ်သို့တစ်ကြော့ပြန်ခြင်း‌လော



မူရုံခယ်က ရယ်မောလာသည်။မျက်နှာဖုံးနောက်ကွယ်မှ ဓားသွားသဖွယ်စူးရှနေသောမျက်ဝန်းများမှာမူ ဝမ်ဟုန့်အား စူးစူးရဲရဲ စိုက်ကြည့်နေလေ၏။

" ဝမ်ချီလန် ...ဒီနေ့ငါ့စစ်တပ်ကို မင်းနဲ့စကားနိုင်လုဖို့ သပ်သပ် ခေါ်လာတာမဟုတ်ဘူး ..."

မူရုံခယ်က ပြောပြောဆိုဆိုဖြင့် ခေါင်းတလားကို ညွှန်ပြလျက် “ မ သွားကြ ...” ဟုအမိန့်ပေးသည်။

" ဟုတ်ကဲ့ပါ ... "

ထိုအခါ စစ်သားလေးယောက်ထွက်လာကြပြီး ရွှေရောင်ခေါင်းတလားအား ခံတပ်ဆီသို့ မ ယူသွားခဲ့သည်။

တဖြည်းဖြည်းနီးကပ်လာရာမှ ယင်းခေါင်းလားအား မြို့ရိုးတံတိုင်းအောက်ခြေ၌ချလိုက်ကြသောစစ်သားများကို ကြည့်ရှုနေရင်း ဝမ်ဟုန်က ခေါင်းယမ်းလေသည်။

" ခင်ဗျားရဲ့ကြင်နာမှုကို ပြန်မတုံ့ပြန်နိုင်ရင် မယဉ်ကျေးရာ‌ကျတာပေါ့ ... ကျုပ်လည်း သခင်လေးအတွက် လက်ဆောင်တစ်ခု ပြင်ဆင်ထားပါတယ် ... ယူလာခဲ့လို့ရမလားဗျ ..."

" သိပ်ရတာပေါ့ ... "

ထိုအချိန်တွင် ဝမ်မိသားစုမှ အစေခံဆယ်ယောက်က ‌သစ်သားသေတ္တာငါးလုံးကိုသယ်ဆောင်လာပြီး တံတိုင်းပေါ်မှ ပစ်ချလိုက်သည်။အကွာအဝေးမှာ အလွန်မြင့်မားလွန်းသဖြင့် သေတ္တာကိုယ်ထည်များအပိုင်းပိုင်းကွဲသွားကာ အတွင်းဘက်မှ အဝတ်စများ ပေါ်ထွက်လာသည်။
အမှန်တကယ်ပင် ၎င်းသေတ္တာများအတွင်း၌ အဝတ်အစားများဖြင့် ပြည့်နှက်နေခဲ့ပြီး ထိုအဝတ်အစားများမှာ အရောင်စုံပြီး ပါးလွှာပေါ့ပါးလေ၏။အထူးသဖြင့် ပြည့်တန်ဆာများသာ ဆင်ယင်လေ့ရှိသော အဝတ်အစားမျိုးများ ဖြစ်သည်။

မြင့်မြတ်ပြောင်မြောက်လှသည့်ဝမ်ဟုန်က ထိုသို့သော အရာများအား ပစ်ထုတ်လာမည်ဟူ၍ မည်သူကမှ တွေးမထားခဲ့ချေ။ဝမ်ဟုန်၏သာယာသောလေသံက တီးတိုးပြောနေသံများအား ရုတ်ချည်းပင် ဖုံးလွှမ်းသွားလေသည်။

"ကျုပ်တို့ နောက်ဆုံးနှုတ်ဆက်ခဲ့ကြပြီးကတည်းက ခင်ဗျားကို စိတ်ထဲမှာ ရှိနေခဲ့တာ ... ဒါတွေက ဒီနှစ်တွေအတွင်း ကျုပ်စုထားတဲ့အဝတ်အစားတွေပါ ... နောက်ဆုံးတော့ လူကိုယ်တိုင်ပေးခွင့်ရခဲ့ပြီ ... "

ဝမ်ဟုန်က ပြုံးနေခဲ့ပြီး သူ၏လေသံမှာ ချန်ရုံနှင့်စကားပြောနေချိန်ထက်ပင် ပို၍ချိုသာနေသေးသည်။

“နှစ်နှစ်တောင်ရှိပြီ ... ဒီအဝတ်အစားတွေကလည်း ဟောင်းနွမ်းကုန်သလို ခင်ဗျားလည်း အသက်ကြီးလာတာပဲ ... အများစုက ဝတ်လို့တော်မှာမဟုတ်တော့ဘူး ... ဒီလိုတွေဖြစ်လာတော့လည်း အကုန်လုံးကို အဆုံးသတ်ပေးလိုက်ကြတာပေါ့ ... "

ဝမ်ဟုန်၏စကားလုံးများတွင် အများဖြစ်စေချင်သလိုပင် အဓိပ္ပာယ်ကွဲများစွာပါဝင်ပြီး လေသံမှာလည်း အလွန်သာယာနာပျော်ဖွယ်ကောင်းလှပေ၏။

ရုတ်တရက်ဆိုသလိုပင် ခံတပ်တံတိုင်းပေါ်မှ အထက်တန်းလွှာများက ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။

ရယ်မောသံများ ပျံ့နှံ့လာသည်နှင့်အမျှ အားနည်းသောဂျင်လူမျိုးများ၏ စစ်ပွဲအပေါ်ကြောက်ရွံ့စိတ်နှင့် ရန်သူတကာ၏ဝိုင်းရံထားခံရခြင်းကြောင့်ဖြစ်ပေါ်လာသော ထိတ်လန့်ခြင်းတို့မှာ ပျောက်ကွယ်သွားခဲ့သည်။

ရန်မင်းက ချောင်းဟန့်လျက် မျက်ခုံးပင့်လေသည်။

ထိုအချိန်တွင် အနောက်၌ရပ်နေသော လှည်းမောင်းသူကရယ်ရယ်မောမောဖြင့် မှတ်ချက်ပြုလာ၏။

“စိတ်ပိုင်းဆိုင်ရာအားပေးဖို့ ဒီလိုနည်းလမ်းကိုသုံးတာတော့ တကယ်ကို မကြားဖူးပေါင်ဗျာ ... "

ဂျင်လူမျိုးများတွင်ဖြစ်စေ ၊ ဂျင်လူမျိုးများလုပ်ဆောင်သမျှအား တစ်သွေမတိမ်းလိုက်ပါလုပ်ဆောင်ကြသော ရှန်းပေမျိုးနွယ်စုဝင်များတွင်ဖြစ်စေ ဤကာလအတွင်း၌ အမျိုးသားများကြားထဲတွင် မရေမရာကိစ္စများအား အတွေ့များလေ့ရှိသည်။သာမန်အဖြစ်များသည်မျိုးမဟုတ်ဘဲ အချိန်နှင့်အမျှ ရေပန်းစားကျော်ကြားလာသည်အထိပင်။

ဤပတ်ဝန်းကျင်အခြေအနေတွင် လူတိုင်းမှာ ၎င်းအရာအား အရေးမပါသည့် ဟာသအနေဖြင့်သာတွေးလိုက်နိုင်သော်လည်း မူရုံခယ်ကတော့ ကွဲပြားသည်။သူ၏အသွေးအသားထဲတွင် မူရုံမျိုးနွယ်စု၏ဒေါသစိတ်အား သယ်ဆောင်ထားလျက်ရှိပြီး မိန်းမလျာဟုသွယ်ဝိုက်ခေါ်ဆိုခံရခြင်းအား အလွန်မုန်းတီးလေသည်။

ထို့ပြင် မူရုံခယ်မှာ သူ၏ရုပ်ရည်အကြောင်း ပြောဆိုကြသည်များအား မနှစ်မြို့သည့်အတွက် မျက်နှာဖုံးကို နှစ်ပေါင်းများစွာ ဝတ်ဆင်ထားခဲ့ရသည်။ယခုအချိန်၌ သူသည် စစ်သူကြီးတစ်ဦးဖြစ်ပြီး သူ့အားကြည်ညိုလေးစားကြသည့် မရေမတွက်နိုင်သောနောက်လိုက်ပါစစ်သည်များစွာလည်း ရှိသည်။

ခံတပ်တံတိုင်းအောက်ရှိ ရှန်းပေစစ်သားများမှာ မိုးကြိုးသွားသကဲ့သို့ပင် ဒေါတဟုန်းဟုန်းတောက်နေသည်။ထိိုအချိန်တွင် မူရုံခယ်က အော်ဟစ်ပြီး မြင်းဇက်ကြိုးအား ဆွဲရန်ပြင်လေ၏။
သို့သော်လည်း တပ်သားနှစ်ဦးက ရှေ့ထွက်လာခဲ့ပြီး မူရုံခယ်အား လာရောက်တားဆီးသည်။ထိုသူများ နားချလိုက်သဖြင့် မူရုံခယ်မှာ ဝင်လေ ထွက်လေရှုကာ တဖြည်းဖြည်းငြိမ်သက်သွားခဲ့၏။
၎င်းအချိန်တွင် တံတိုင်းပေါ်မှ ဟွမ်းကျိုးလန်က ဝမ်ဟုန့်အား ခပ်တိုးတိုးပြောသည်။

"နောက်ဆုံးတော့ ကောင်လေး စိတ်လျှော့လိုက်ပြီပဲ "

ဝမ်ဟုန်က ခေါင်းညိတ်ပြလိုက်ပြီး သူ့အား စူးစူးရဲရဲကြည့်နေသည့်မူရုံခယ်အား လှမ်းကြည့်သည်။ဝမ်ဟုန်၏နှုတ်ခမ်းစွန်းများက ကော့ချိုးသွားခဲ့ပြီး သူက အင်္ကျီလက်အား တစ်ချက်ဝှေ့ယမ်းလိုက်လျက်

" သွားရအောင် ..." ဟုပြောလာ၏။

" ဘာလို့သွားရမှာလဲ... "
၎င်းမေးခွန်းအား ‌ပြိုင်တူမေးမြန်းလိုက်ကြသည်မှာ လူတစ်ဦးမကပေ။သို့သော်လည်း ဝမ်ဟုန်က ပြုံးလျက် အေးအေးလူလူသာပြန်လည်ဖြေကြားသည်။

“မူရုံခယ်က သတိကြီးပြီး သံသယများတဲ့လူပဲ ... သူကငါတို့ရဲ့ စိုးရိမ်ပူပန်မှုကို တိုင်းတာကြည့်ဖို့ ရွှေရောင်ခေါင်းတလားကို သယ်လာတာ ... အခု သူ့ဒေါသတွေ ငြိမ်းသွားပြီဆိုတော့ စိတ်မသက်မသာဖြစ်နေလိမ့်မယ် ”

ဝမ်ဟုန်၏စကားဆုံးသည်နှင့် တစ်ပြိုင်နက် ဗုံသံများနှင့် အော်ဟစ်သံများ ထွက်ပေါ်လာသည်။မူရုံခယ်တစ်ယောက် သူ၏စစ်သူကြီးအလံအား အံ့အားသင့်ဖွယ်ကောင်းစွာ လွှင့်ထူထားသည်ကို အားလုံးတွေ့လိုက်ကြရသည်။တစ်ခဏအတွင်းမှာပင် ဟူစစ်တပ်၏ရှေ့တန်းအဆင့်ဝင်များက‌ နောက်တန်းသို့ ပြန်လည်ဆုတ်ခွာသွားကြတော့လေ၏။

ကောင်းမွန်စွာလေ့ကျင့်ထားသော မြင်းစီးသူရဲများမှာ အလွန်ပြောင်မြောက်စွာ လှုပ်ရှားသွားလာနိုင်ကြသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် တပ်စုကြီးမှာ နန်ယန်မှ ခြေလှမ်းတစ်ရာအကွာသို့ ရောက်ရှိသွားကြတော့၏။

"ချီလန် ... မင်းက မူရုံခယ့်ကို ကောင်းကောင်းနားလည်တာပဲ ... ဒီတိုက်ပွဲကို ငါတို့နိုင်ဖို့ အခွင့်အရေးရှိလာတဲ့ပုံပဲကွာ "

ခပ်ဝေးဝေးမှ ဖုန်လုံးများကိုကြည့်ရှုနေရင်း တစ်စုံတစ်ယောက်က ရယ်မောလျက်ပြောလာသည်။

" အခွင့်အရေးပဲရှိတာလား ... "
ဝမ်ဟုန်က ပြောပြောဆိုဆိုဖြင့် ခပ်ယဲ့ယဲ့ပြုံးကာ ယင်းနေရာမှ ထွက်ခွာသွားဝောာ့သည်။

မူရုံခယ်၏တပ်သားများသည် နန်ယန်မှသုံးမိုင်ကွာဝေးသောကျက်တီးမြေတွင် စခန်းချခဲ့ကြလေ၏။

ရန်မင်းမှာ သံချပ်ကာဝတ်ဆင်ရန်အတွက် ခံတပ်မျှော်စင်ဆီသို့ပြန်သွားခဲ့ပြီး ယင်းနောက်တွင်မူ လက်ရုံးတော်တပ်သားများကို ခေါ်ဆောင်လျက် အပြင်သို့ပြန်ထွက်လာခဲ့သည်။

ချန်ရုံတစ်ယောက် ရွေးချယ်ချက်များအား ချိန်ဆအပြီးတွင် သူတို့၏အနောက်မှလိုက်သွားခဲ့သော်လည်း ရန်မင်းက မျက်မှောင်ကြုတ်၍လှည့်ကြည့်ကာ ခက်ထန်စွာပြောလာလေ၏။

" ငါတို့က မြို့ပြင်သွားမှာ ... မင်းလိုမျိုး မိန်းမသားတစ်ယောက် လိုက်လာစရာမလိုဘူး ... "

ဤမျှလောက်ကိုတော့ ချန်ရုံကောင်းကောင်းနားလည်သည်။သူမသည် ယခုအချိန်၌ ခြေမကိုင်မိလက်မကိုင်မိဖြစ်နေရုံသာဖြစ်ပေ၏။ရန်မင်း၏စကားအဆုံးတွင် ချန်ရုံက ဦးညွှတ်ပြီး " ဟုတ်ကဲ့ပါ " ဟု တိုးညင်းစွာ ပြန်လည်ဖြေဆိုလာသည်။

ချန်ရုံ ခေါင်းပြန်မော့လိုက်ချိန်တွင်မူ ရန်မင်းနှင့် တပ်သားများကအဝေးသို့ ထွက်ခွာသွားနှင့်ခဲ့ကြလေပြီ။

ချန်ရုံတစ်ယောက် မျှော်စင်မှ ထွက်ခွာလာခဲ့ချိန်တွင် နေမင်းကြီးက မိုးကုပ်စက်ဝိုင်းပေါ်တွင်ရှိနေပြီး တောက်ပသော ကြက်သွေးရောင်အလင်းတန်းများအား ထုတ်လွှတ်ပေးနေသည်။ခေတ္တတွေးတောလိုက်ပြီးနောက် သူမက ချန်အိမ်တော်ဝင်းဆီသို့ လမ်းလျှောက်သွားရန် ဆုံးဖြတ်ခဲ့လေ၏။

ယခုအချိန်၌ ချန်ရုံမှာ စတင်ထွက်ခွာလာခဲ့စဉ်က အတိုင်းပင် တူညီသောဝတ်စုံအား ဝတ်ဆင်လျက်သားရှိနေသည်။သူမသည် ယောက်ျားလေးဝတ်စုံကို ဆင်ယင်ထားပြီး ခန္ဓာကိုယ်ပုံပန်းသဏ္ဌာန်အား မသိသာစေရန်အတွက် အချို့နေရာများအား အဝတ်များဖြင့် စည်းနှောင်ထားခဲ့၏။ဦးထုပ်ဝိုင်းကိုပါ အတူတွဲဖက်ဝတ်ဆင်လိုက်သောအခါတွင်မူ ချန်ရုံမှာ လမ်းလျှောက်လာနေသည့် သာမန်ပိန်ပိန်ပါးပါးလူငယ်ကလေးတစ်ဦးအသွင် ဖြစ်သွားသည်။

နန်ယန်မြို့တွင်း၌ မငြိမ်မသက်ဖြစ်နေဆဲဖြစ်သော်လည်း မနက်ပိုင်းကနှင့် နှိုင်းယှဉ်လျှင် အလွန်လျော့ပါးသွားသောအခြေအနေပင်။

ခြေလှမ်းအနည်းငယ်အကွာတိုင်းတွင် တစ်နေ့တာသင်ခန်းစာအား စိတ်အားထက်သန်စွာပို့ချပေးနေသည့် ပညာတတ်တစ်ဦးချင်းစီကို မြင်တွေ့ရမည်ဖြစ်သည်။သို့သော်လည်း အကွာအဝေးပမာဏများပြားလာသည်နှင့်အမျှ ၎င်းတို့ပြောသောအကြောင်းအရာများက ယုတိမတန်ဖြစ်လာသည်။ဝမ်ဟုန်မှာ မူရုံခယ်အား သွေးသုံးလီတာအန်ထွက်စေသည်အထိ အမျက်ထွက်စေခဲ့ပြီး ထို့ကြောင့်ပင် မူရုံခယ်မှာ မြေပြင်ပေါ်သို့ လဲကျကာ မထနိုင်တော့သည်အထိ ဖြစ်သွားသည်ဟု လူအချို့က ချဲ့ကားပြောဆိုနေကြလေ၏။ပုဂ္ဂိုလ်တစ်ဦးချင်းစီက ထိုသို့ပြောလိုက်စဉ်တိုင်းတွင် လူအုပ်ကြီးကလည်း ဝမ်းသာအားရဖြင့် ဝူးခနဲဝါးခနဲ တုံ့ပြန်ကြွေးကြော်ကြသည်။

ချန်ရုံမှာ လူအုပ်ကြီးအား တိုးတိုးသက်သာကျော်ဖြတ်လျက် ချန်အိမ်တော်ဝင်းဆီသို့ ဦးတည်သွားခဲ့သည်။

ယခင်က အိမ်တော်အပြင်သို့မထွက်နိုင်ခဲ့သောအစေခံများသည် ယခုအခါတွင်မူ တံခါးဝနား၌ စုရုံးလျက် အုပ်စုငယ်များဖွဲ့ကာ တီးတိုးတီးတိုးလုပ်နေကြလေ၏။သူတို့ပြောဆိုနေကြသည်မှာလည်း ဝမ်ဟုန်နှင့် မူရုံခယ်တို့၏အကြောင်းပင်ဖြစ်ပေသည်။

အစေခံများအပြင်ရောက်နေသည်ကိုတွေ့လိုက်ရသောအခါ ချန်ရုံတစ်ယောက် အလွန်ဝမ်းမြောက်သွားသည်။သူမက ခြေဖျားထောက်ရပ်ကာ တစ်စုံတစ်ဦးအား ရှာဖွေတော့၏။ချန်ရုံတစ်ယောက် အဖိုးစွင်းအား ရှာတွေ့ရန်အတွက် အချိန်သိပ်မကြာလိုက်ဘဲ သူမက ချက်ချင်းပင် အဖိုးစွင်းရှိရာဆီသို့ ဦးတည်လျှောက်လှမ်းသွားလေသည်။

သို့သော်လည်း ခြေလှမ်းငါးလှမ်းခန့်အကွာတွင် အလွန်ရင်းနှီးသောလေသံတစ်သံ ထွက်ပေါ်လာသည်။

" ဒီမှာရှင့် ... တက်...တက်နင်းမိနေပြီ ... "

" တောင်းပန်ပါတယ် ...ကျွန်တော့်အမှားပါ "

ချန်ရုံက ပြာပြာသလဲဖြင့် ခြေထောက်ပြန်ရုတ်ပြီး အလျင်စလို ပြောလိုက်လေ၏။တစ်ဖက်မိန်းကလေးက စူးစိုက်ကြည့်နေသည့်အတွက် ချန်ရုံ့ခမျာ အမြန်ပင် ခေါင်းငုံ့လိုက်ရသည်။

ယင်းနောက်တွင် ထိုမိန်းကလေးက ချန်ရုံ့အား ကြည့်နေရင်းဖြင့် ညဉ်းတွားလိုက်ပြီးနောက် ၎င်းနေရာမှထွက်ခွာသွားခဲ့သည်။တစ်ဖက်လူနှင့် ခြေလှမ်းသုံးလေးလှမ်းခန့်ကွာဟသွား‌သည့်အချိန်မှသာ ချန်ရုံတစ်ယောက် ခေါင်းပြန်မော့နိုင်တော့လေ၏။

ထွက်ခွာသွားသည့်ထိုတစ်ယောက်မှာ ချန်ဝေ့ပင်ဖြစ်သည်။သို့သော်လည်း သူမ၏မျက်နှာမှာ ပိန်လှီဖျော့တော့နေပြီးနာမကျန်းဖြစ်နေပုံရကာ ချန်ရုံပင် ချက်ချင်းမမှတ်မိနိုင်ခဲ့ပေ။

ထိုအချိန်တွင် ချန်ချီနှင့်တကွ လှတပတဝတ်စားဆင်ယင်ထားကြသောအခြားမိန်းကလေးများ ထွက်လာကြသည်။ချန်ရုံမှာ သူတို့အုပ်စုအား တစ်ချက်မျှသာကြည့်ခဲ့ပြီး အဖိုးစွင်း၏အနောက်သို့ သွားရပ်လိုက်လေ၏။

များမကြာမီမှာပင် ချန်ချမ်၏ရယ်မောသံ ထွက်ပေါ်လာသည်။

"အားဝေ့ ... နင်ဘာလို့ဒီလောက်ထိ မပျော်နိုင်ဖြစ်နေသေးတာလဲ ... အိမ်ထောင်သည်တစ်ယောက်အတွက်နဲ့ အရမ်းတွေကို လူက ချောင်ကျသွားတယ် ... ဒီလိုဆို မကောင်းနိုင်ဘူးနော် ... "

ချန်ချမ်၏ရယ်မောသံများရပ်တန့်သွားသည်နှင့်တစ်ပြိုင်နက် အခြားချန်မျိုးရိုးမိန်းမငယ်တစ်ဦးက မခို့တရို့လေးပြုံးလျက် ဝင်ပြောလာပြန်လေ၏။

" ဟုတ်တယ် ဟုတ်တယ် အားရုံရေ ... နင်က တပ်မှူးရန်ကို နှလုံးသားမှာ ကမ္မည်းထိုးထားတာမဟုတ်ဘူးလား ... အခုသူက သဘောတူလိုက်တော့ ပျော်နေရမှာ မဟုတ်ဘူးလားလို့ ... "

ချန်ဝေ့၏ခင်ပွန်းသည်မှာ ရန်မင်းဖြစ်သလော။
ချန်ရုံတစ်ယောက် ကိုယ့်နားကိုယ်ပင် မယုံနိုင်လောက်အောင်ဖြစ်သွားသည်။သူမက လည်ကိုဆန့်၍ထိုအုပ်စုရှိရာဘက်သို့ စိုက်ကြည့်နေခဲ့ပြီး စကားလုံးတစ်လုံးလွတ်ထွက်သွားမည်ကိုပင် စိုးရိမ်နေသည့်အလား သတိကြီးစွာဖြင့် နားစွင့်နေခဲ့သည်။

ချန်ချမ်က တစ်ဖန်လှောင်ရယ်လိုက်ပြန်ပြီး ကျဉ်းမြောင်းသောမျက်ဝန်းများဖြင့် ချန်ဝေ့၏အရောင်အဆင်းကင်းမဲ့နေသည့်မျက်နှာအား စိုက်ကြည့်လာသည်။

" ဒါပေါ့ ... အားဝေ့က ဘယ်ပျော်နိုင်ပါ့မလဲ ... အစတုန်းကတော့ တပ်မှူးရန်ကတော်ဖြစ်တော့မှာဆိုပေမဲ့ အခုတော့ ကိုယ်လုပ်တော်နေရာကိုပဲ ဝင်တိုးနိုင်တော့မှာကိုး ... ပြီးတော့ တပ်မှူးရန်ကလည်း အားဝေ့က သူ့ကို အလွန်အကြူးတွေ မေတ္တာရှိနေမှန်းသိလို့ မငြင်းနိုင်ဘဲ လက်ခံလိုက်ရတာလေ ... "

ချန်ချမ် ရယ်မောနေစဉ်၌ ချန်ဝေ့တစ်ယောက် ပို၍ ဖြူဖပ်ဖြူလျော်ဖြစ်လာခဲ့၏။ယင်းနောက်တွင် ချန်ဝေ့မှာ မျက်နှာကိုလက်ဖြင့်အုပ်လျက် ငိုရှိုက်ပြီး ခြံဝင်းထဲသို့ ပြေးဝင်သွားတော့သည်။

ထွက်ပြေးသွားသောချန်ဝေ့၏နောက်ကျောပြင်အား အချိန်အတော်ကြာသည်အထိ ချန်ရုံစိုက်ကြည့်နေမိသည်။ထို့နောက်တွင် သူမက ခေါင်းငုံ့ကာ နှုတ်ခမ်းများအားကွေးလျက် တွေးတောလိုက်လေ၏။

အမှန်တကယ်တွင် ကောင်းကင်ဘုံ၏ဆန္ဒအား ရှောင်လွှဲ၍မရပေ။သူမနှင့်အားဝေ့တို့ နှစ်ဦးသည် ယခင်ဘဝ၌ ရန်မင်းနှင့် ပတ်သတ်ဆက်နွှယ်နေခဲ့ကြရသည်။ယခုတစ်ကြိမ်တွင်လည်း သံသရာလည်ကာ ဤလမ်းကြောင်းပေါ်သို့ပင် တစ်ဖန်ရောက်ရှိလာပြန်လေပြီ။

ချန်ရုံတစ်ယောက် လျို့ဝှက်စွာဖြင့်အတွေးများနေစဉ်မှာပင် အနောက်မှ သက်ပြင်းချသံအရှည်ကြီး ထွက်ပေါ်လာသည်။

"မြို့က မကြာခင် ပြိုတော့မယ် ... ဒီမိန်းကလေးတွေက မိုက်မဲတဲ့ အချစ်ဇာတ်လမ်းထဲမှာ ပိတ်မိနေကြတုန်းပဲ ... ငါ့နှယ် ... "

ရုတ်တရက် တစ်စုံတစ်ယောက်က ချန်ရုံ၏အင်္ကျီလက်ဝတ်ရုံစအား ဆွဲလာခဲ့သည်။
" ချန်အိမ်တော်က အားရုံလားမသိဘူး ... "



Xxxxx