အပိုင်း ၁၅၀
Viewers 18k

Chapter 150
ယစ်မူးစေတတ်သောဆေးတစ်ဖုံ


ဤလေသံမှာ ထူးဆန်းလွန်းပေ၏။တစ်ဖက်မိန်းက‌လေးက သူမအား မှတ်မိသွားခြင်း‌လော။
ချန်ရုံ့ခမျာ အတွေးပေါင်းစုံဖြင့် တစ်ကိုယ်လုံးတောင့်တင်းသွားသည်။အဖြေတစ်စုံတစ်ရာမရရှိသည့်အတွက် တစ်ဖက်မိန်းကလေးက ထပ်တူညီသောမေးခွန်းကိုပင် လေသံမြှင့်၍ ထပ်ပြောလာပြန်၏။

" ချန်အိမ်တော်က အားရုံလားရှင့် ... "

ဤတစ်ကြိမ်၌ ချန်ရုံတစ်ယောက် လန့်ဖျပ်သွားပြီး ချန်အိမ်တော်သားများအား တစ်ချက်လှည့်ကြည့်ကာ ထိုမိန်းကလေးအား တိုးညင်းသောလေသံဖြင့် တီးတိုး‌မေးမြန်းလိုက်လေသည်။

" ဘယ်သူလဲ မသိဘူး ..."

ထိုအခါ ၎င်းမိန်းကလေး၏အနောက်မှ လူလတ်ပိုင်း အရွယ် အမျိုးသမီးတစ်ဦး ပေါ်ထွက်လာသည်။သူမသည် ရိုးရိုးရှင်းရှင်း ဝတ်စားထားသော်လည်း ရုပ်ရည်ပြေပြစ်ပြီး ကျက်သရေရှိလှပေ၏။ထိုအမျိုးသမီးက ချန်ရုံ့အားပြုံးပြလျက် ညင်သာစွာပြောဆိုလာခဲ့သည်။

" ချီလန်က အရှာလွှတ်လိုက်လို့ပါ ... "

ချီလန်ဟု ဆိုလိုက်ခြင်းလော။

အနီးအနားတွင်ရပ်နေသော ရင်းနှီးသည့်ဝမ်အစေခံတစ်ဦးကိုလည်း ချန်ရုံတွေ့ရှိလိုက်ရသည်။သူမက ခေါင်းငုံ့လျက် ခပ်တိုးတိုး‌မေးမြန်းလိုက်လေ၏။

" ချီလန်က ကျွန်မဆီက တစ်ခုခုလိုအပ်တာမျိုးရှိလို့လား "

" အဲ့လိုပဲထင်ပါတယ် "

ထိုအခါ ချန်ရုံက တစ်ဖက်အမျိုးသမီးအား ခေါင်းညိတ်ပြလိုက်သည်။ယင်းနောက်တွင် သူမသည် ထိုအမျိုးသမီးဦးဆောင်ရာနောက်သို့လိုက်ပါသွားတော့၏။

ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ပြန်လှည့်ကြည့်လိုက်သောအခါတွင် အစေခံတစ်ဦးနှင့် သာသာယာယာစကားပြောနေသော အဖိုးစွင်းအား ချန်ရုံတွေ့ခဲ့ရသည်။

ယခုအချိန်တွင် ရန်မင်းနှင့် ဝမ်ဟုန်တို့၏ပူးပေါင်းဆောင်ရွက်မှုကြောင့် နန်ယန်မှာ လုံခြုံသွားမည်ဖြစ်သည်။

နောက်တစ်ကြိမ်မှ လာရောက်ရှာဖွေလျှင်လည်း ကိစ္စရှိမည်မဟုတ်ပါချေ။

ချန်ရုံမှာ ဝမ်အစေခံနှစ်ဦး၏‌အ‌နောက်သို့လိုက်ပြီး လှည်းယာဉ်ပေါ်သို့တက်ရောက်ကာ ဝမ်ဟုန်နေထိုင်ရာ ဇနပုဒ်သို့ တိတ်တဆိတ်ဦးတည်လာခဲ့သည်။

သို့သော်လည်း ရောက်ရှိပြီးနောက် ညဘက်ရောက်သည်အထိ ဝမ်ဟုန့်အားမတွေ့ရသေးပေ။ယခင်နေ့ညက သူမအား စောင့်ရှောက်ပေးခဲ့သောအစေခံနှစ်ဦးကို မေးမြန်းကြည့်သောအခါတွင်လည်း ဝမ်ဟုန်က သူမအားရှာနေသည်ကို သူတို့် မသိရှိကြောင်းသာ ပြန်လည်ဖြေကြားကြသည်။

ညဉ့်နက်လာခဲ့လေပြီ။

အခန်းထဲသို့ အစေခံတစ်ဦးဝင်ရောက်လာပြီး ထိုတစ်ယောက်က ယခုလေးတင် ရေမိုးချိုးပြီးသောခြေဗလာနှင့်ချန်ရုံ့အား တစ်ချက်ကြည့်လေ၏။ယင်းနောက်တွင် ၎င်းအစေခံက ဗန်းထဲမှ ကျောက်စိမ်းခွက်ကို ယူပြီး ချန်ရုံ၏အရှေ့၌ ချပေးကာ ပြုံးလျက်ပြောလာသည်။

" မမလေး ... ဒါက ကောင်းကင်ဘုံ ယာမကာလေ ... ကျန့်ခန်းကနေ ချီလန်သယ်လာတာ ... စမ်းသောက်ကြည့်ပါလား ... "

ကျောက်စိမ်းခွက်အား အသပ်ရပ်ဆုံးသွန်းလုပ်ထားသည်။ ပတ်ပတ်လည်တွင် ကောင်းကင်ကြိုးကြာငှက်တစ်ကောင်ကို ထွင်းထုထားပြီး ၎င်းငှက်၏နှုတ်သီးက ခွက်နှုတ်ခမ်းသားပေါ်တွင်ရှိနေလေ၏။

အထဲမှ အရည်ကလည်း မြရောင်တောက်နေသည်။

ဤမျှထူးကဲပြီး အဖိုးတန်သောအရာအား ချန်ရုံ တစ်ခါမှမမြင်ဖူးပါ။သူမက ထိုအရာအား လက်ကမ်းယူလိုက်ပြီးနောက် ဖြည်းညင်းစွာလှုပ်ယမ်းကြည့်လျက်

" စမ်းသောက်ဖို့ သွေးဆောင်ခံနေရတာပဲ " ဟု ပြုံးပြုံးရွှင်ရွှင်ပြောသည်။

ယင်းနောက်တွင် ချန်ရုံက ခွက်အား နှုတ်ခမ်းဖြင့်တေ့လိုက်ပြီး တစ်ငုံသောက်ကြည့်လေ၏။ကနဦးတွင် ခါးသီးသော်လည်း နောက်ပိုင်းတွင် အေးမြသောခံစားမှုတစ်ခုက လွှမ်းမိုးသွားသည်။

“ တော်တော်ကောင်းတာပဲ ” ချန်ရုံက ပြုံးပြုံးလေးမှတ်ချက်ပြုပြီး ကျန်ရှိသည့်တစ်ခွက်လုံးစာအား မော့ချလိုက်တော့သည်။

ချန်ရုံတစ်ယောက် ယာမကာအားအကြိုက်တွေ့နေကြောင်း သိရှိသွားသောအစေခံမိန်းကလေးမှာ အရိုအသေပြုပြီးနောက် အခန်းထဲမှ ဖြည်းညင်းစွာထွက်ခွာသွားတော့၏။

သူမက အောက်ထပ်ရှိ အားကျစ်ထံသို့ သွားကာ မခို့တရို့လေးပြုံးလျက် " သူ‌သောက်လိုက်ပြီ " ဟုပြောသည်။

ထိုအခါ အားကျစ်က ခေါင်းညိတ်လေသည်။

" သူက စေ့စပ်ထိမ်းမြားတာမျိုးလည်းမလုပ်ရသေးဘဲနဲ့ ရှီမင်းရဲ့အနောက်ကို လိုက်နေတယ် ...ကိုယ်လုပ်တော် ဟုတ်မှန်း မဟုတ်မှန်း ဘယ်သူက သိမှာလဲ ... တကယ်စဉ်းစားကြည့်လိုက်ရင် ငါတို့ချီလန့်အတွက် မတရားဘူးပဲ "

အားကျစ်မှာ 'ရှီမင်း'ဟူသောစကားလုံးအား လက်လွှတ်စပယ်သုံးလိုက်ခြင်းဖြစ်ပြီး ထိုနာမည်အားပြောသောသူမ၏လေသံတွင် မနှစ်မြို့ဖွယ်ရာ မထီမဲ့မြင်ဆန်သည့် အငွေ့အသက်များပါဝင်နေသည်။အစေခံမိန်းကလေးကလည်း ခေါင်းညိတ်လျက် ထောက်ခံပေ၏။

ပြည့်တန်ဆာအိမ်တွင်သာရှိသည့်လိင်စိတ်ကြွစေသောသောက်စရာအား ချန်ရုံ့ဆီသို့ ယူဆောင်သွားပေးချိန်၌ သူမနှင့်အားကျစ်တို့ နှစ်ဦးစလုံးမှာ မထီမဲ့မြင်ဆန်‌သောမျက်နှာထားရှိနေခဲ့သည်။ ရန်မင်း၏သဘောဆန္ဒမပါဘဲ သူ၏လူကိုထိမိခြင်းမှာ အရေးမပါသောကိစ္စပင် ...အမှန်တကယ်တွင် ထိုအရာများသည် ကျန့်ခန်း၌ ထွေထွေထူးထူးဟုတ်မနေချေ။ စာပေပညာရှင်တို့သည် စွန့် လွှတ်ပေးကမ်းခြင်းအလှတရားအား အမြဲခံစားတတ်သည်။ အကယ်၍ မိတ်ဆွေတစ်ဦးသည် ၎င်းတို့၏ မောင်းမမိဿံများနှင့် ထိတွေ့မိပါက ထိုလူများမှာ ပြုံးရုံသာ ပြုံးပြမည်ဖြစ်ပြီး၊ စိတ်သဘောထားကြီးသူဆိုလျှင်မူ ခန်းဝင်ပစ္စည်းများနှင့် ဝိုင်ကိုပင် ပေးကမ်းပစ်လိုက်နိုင်သည်။

ဤအစေခံများသည် လန်ယာရှိ ဝမ်မိသားစုနှင့်အတူ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ကြသည်။သူတို့အတွက်မူသခင်ဖြစ်သူက သူပိုင်ဆ်ိုင်သောမောင်းမမိဿံအား ထိတွေ့ရန်ခွင့်ပြုပေးပါက ထိုအရာမှာ မျက်နှာသာပေးခံရခြင်းပင်။

သို့သော်လည်း အခြေအနေအား နားမလည်သူများလည်းရှိတတ်ကြသေးသည်။လုကျူးအမည်ရသည့် ကိုယ်လုပ်တော်အား အလွန်တရာပင် စွဲလန်းသော ရှစ်ချုံးဆိုသူသည် အခြားအမျိုးသားများ၏ တောင်းဆိုချက်များကို လိုက်လျောခြင်းမရှိဘဲ ခက်ထန်လှသည့် စကားလုံးများဖြင့် ငြင်းဆိုခဲ့သည်။သူ၏ငြင်းဆန်မှုသည် ထိုအမျိုးသားများ၏မျက်နှာအား ဖြတ်ရိုက်လိုက်သလိုပင်။ထို့ကြောင့်ပင် နောက်ဆုံး၌ ကျင်းရုံးတော်မှ အချမ်းသာဆုံးသူက သူ၏စည်းစိမ်ဥစ္စာများကို လုယက်၍ လူကိုလည်း သတ်ဖြတ်ပစ်ခဲ့သည်။သူမြတ်နိုးရသည့် ကိုယ်လုပ်တော် လုကျူး မှာလည်း သူမကိုယ်သူမ အဆုံးစီရင်ကာ ခုန်ချသေဆုံးသွားခဲ့ရလေ၏။

ခဏတာစကားပြောပြီးနောက်တွင် အစေခံငယ်က ချန်ရုံ၏အိပ်ဆောင်ဆီသို့ လျှောက်လှမ်းသွားသည်။

အားကျစ်မှာမူ လင်ဗန်းတစ်ချပ်ကို ‌ကိုင်ဆောင်လျက် ဝမ်ဟုန်၏အဆောင်တော်ဆီသို့ ဦးတည်သွားတော့‌လေသည်။

များမကြာမီပင် သူမသည် ဦးတည်ရာဆီသို့ ရောက်ရှိခဲ့၏။

အားကျစ်မှာ အတွင်းမှ လွင့်ပျံလာသောတေးဂီတသံကို နားထောင်ရင်း အမှုထမ်းအစောင့်တစ်ဦးအား “ သခင်လေး အခြေအနေကောင်းပါရဲ့လား ” ဟု မေးမြန်းလိုက်သည်။

" အရှင်က ဟွမ်းကျိုးလန် နဲ့ အတူရှိနေပါတယ်"

အားကျစ်က အရှေ့သို့လှမ်းပြီး သစ်သားဗန်းကိုမြှောက်ပြကာ ဦးညွှတ်လျက် ပြောကြားလိုက်၏။
" ဒါက ကျန့်ခန်းကနေယူလာတဲ့ ကျောက်ငါးဖွယ်မှုန့်ပါ ... ဧည့်သည်တော်က မြည်းစမ်းကြည့်ချင်လောက်မလားရှင့် ... "

ထိုအခါ အစောင့်ဖြစ်သူက ခေါင်းညိတ်ပြပြီး အနောက်သို့ပြန်ဆုတ်ကာ တံခါးဝအား လက်ညွှန်လျက် " ဝင်သွားပါ " ဟု ပြောလာသည်။

ဝါးထောင်အိမ်ထဲတွင် ဝတ်ရုံအဖြူရောင်နှင့် ဝမ်ဟုန်မှာ ဗျပ်စောင်းတီးခတ်လျက်ရှိသည်။အနီးနားတွင်မူ ဟွမ်းကျိုးလန်က သလွန်တော်ပေါ်တွင် လဲလျောင်းနေပြီး အရှေ့သို့ ငေးမောနေလေ၏။

အားကျစ်က နှစ်ဦးသားဆီသို့ ဦးတည်သွားသည်။ထို့ နောက် သူမက လင်ဗန်းအား ဖြည်းညင်းစွာချလိုက်ပြီး အနောက်သို့ခြေတစ်လှမ်းဆုတ်ကာ ရိုသေလေးစားစွာဖြင့် ပြောကြားလိုက်သည်။

" သခင်လေး ကျိုးလန် ....ရန်သူတကာနဲ့ ရင်ဆိုင်နေရပြီးတော့ ဘဝနဲ့ အသက်က မျက်စိတစ်မှိတ်အတွင်းမှာပဲ အဝေးရောက်သွားနိုင်တဲ့အခြေအနေမှာ စိတ်ပျော်စေတဲ့လွတ်ငြိမ်းချမ်းသာခွင့်နတ်ဆေးကို မြည်းစမ်းမကြည့်ချင်ဘူးလားရှင့် ... "

ထိုအခါ ဟွမ်းကျိုးလန်က စားပွဲပေါ်မှ ကျောက်ငါးဖွယ်မှုန့်ကို လှမ်းကြည့်ကာ "မင်းပြောတာ မှန်တယ်" ဟု ပြောလာသည်။ယင်းနောက်တွင်မူ သူက ‌ကျောက်ငါးဖွယ်မှုန့်အား မြည်းစမ်းတော့လေ၏။
ထိုအချိန်တွင် ဝမ်ဟုန်မှာ ဗျပ်စောင်းတီးခတ်နေဆဲပင်။

အားကျစ်က အနောက်သို့ တစ်ချက်တစ်ချက်လှည့်ကြည့်နေရင်းဖြင့် အဆောင်ထဲမှ ဖြည်းညင်းစွာပြန်လည်ထွက်ခွာလာခဲ့သည်။ခဏအကြာတွင် သီချင်းသံ ရပ်တန့်သွားတော့လေ၏။

" သခင်လေးက မြည်းလိုက်ပြီ ... ဝိုင်တိုက်လိုက်တော့ " အားကျစ်က ခပ်တိုးတိုး‌ပြော၏။

" ဟုတ်ကဲ့ပါ ... "

အစေခံနှစ်ဦးက ဝိုင်ပုလင်းကိုင်ကာ အထဲသို့ဝင်သွားကြသည်။ခဏအကြာတွင် အထဲမှ ပွတ်တိုက်သံအချို့နှင့် နမ်းရှိုက်သံများအား ဆက်တိုက်ကြားလိုက်ရတော့၏။ထိုအသံများကြားတွင် ခြေသံတစ်ချို့က တံခါးနားသို့ နီးကပ်လာသည်။

ဝမ်ဟုန်က အထဲမှထွက်လာခဲ့ပြီး အပြင်ဘက်သို့ရောက်သည်နှင့် တံခါးကိုလှည့်ပိတ်လေသည်။သူ၏မျက်နှာမှာ တောက်ပနေပြီး ထိုအချိန်တွင် အားကျစ်က ကူတွဲပေးရန် အမြန်ပြေးသွားသည်။
ဝမ်ဟုန်က ဖိုသီဖပ်သီအခြေအနေဖြင့်ပင် ဆက်လက် လျှောက်လှမ်းလာလေ၏။

"သခင်လေး ရေချိုးမလား"
အနောက်မှ အားကျစ်က မေးမြန်းလိုက်သည်။

ကျောက်ငါးဖွယ်မှုန့်ကို မြည်းစမ်းပြီးနောက် ခန္ဓာကိုယ် အပူချိန် သိသိသာသာ မြင့်တက်လာခဲ့သည်ဖြစ်၍

ရေချိုးလိုက်ပါက အနည်းငယ်ပိုအဆင်ပြေသွားနိုင်သည်။

ဝမ်ဟုန်က ခေါင်းညိတ်ပြလာ၏။
" သိပ်မဆိုးတဲ့ အကြံပဲ ... "
ဝမ်ဟုန်၏လေသံမှ ဩရှနေပြီး သူ၏မျက်ဝန်းများကလည်း ခါတိုင်းထက် ပိုမိုတောက်ပနေသည်။

အားကျစ်၏အကူအညီဖြင့် ဝမ်ဟုန်မှာ ရေချိုးခဲ့ပြီး ပေါ့ပါးချောင်ချိသောအဝတ်အစားများကို လဲဝတ်လိုက်၏။ထို့နောက် သူသည် လှေကားဆီသို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားကာ ဝါးလက်ရန်းကို မှီလျက် ကောင်းကင်ယံအား မင်သေစွာ မော့ကြည့်လိုက်သည်။ကောင်းကင်ကြီးမှာ မှောင်ရီနေပြီး လတစ်စင်းနှင့် ကြယ်အနည်းငယ်သာရှိလေ၏။

"သခင်လေး လမ်းလျှောက်ချင်လို့လား"

ထိုအခါဝမ်ဟုန်က ခေါင်းညိတ်ပြလိုက်ပြီး အောက်ထပ်သို့ဖြည်းညင်းစွာ ဆင်းသွားခဲ့သည်။ဤတစ်ကြိမ်၌ အားကျစ်က အရှေ့မှ ဦးဆောင်၍သွားလေ၏။

အပြင်ဘက်၌လှည့်ပတ်ပြီးနောက် သူမက ဝမ်ဟုန့်အားဝါးထောင်အိမ်ဆီသို့ ခေါ်ဆောင်သွားကာ ပြုံးစိစိဖြင့်ပြောလေသည်။

"သခင်လေး ... လကို အပေါ်ထပ်ကနေ ကြည့်တာက အကောင်းဆုံးပဲ"

ကျောက်ငါးဖွယ်မှုန့်သည် ဝမ်ဟုန့်အား အနည်းငယ် ငြီးငွေ့သွားစေသည်။အားကျစ်၏အကြံပြုချက်မှာလည်း သင့်လျော်ပေ၏။အပေါ်ထပ်မှနေ၍ တစ်ခြံလုံးကို မြင်နိုင်ပြီး ဤလရောင်ဖြာ‌သောညတွင် ရှုခင်းများမှာလည်း စွဲမက်ဖွယ်ကောင်းမည်မှာ သေချာသည်။အားကျစ်မှာ အမှုထမ်းသက် ကြာရှည်နေပြီဖြစ်သောအစေခံပင်။သူမသည် ဝမ်ဟုန့်အား အလိုက်တသိဖြင့်ကောင်းစွာအလိုလိုက် အကြိုက်ဆောင်တတ်သည်။

ဝမ်ဟုန်က ခေါင်းညိတ်ပြပြီး အပေါ်ထပ်သို့ တက်သွားခဲ့လေ၏။ထို့နောက်တွင် သူက တံခါးကို တွန်းဖွင့်လိုက်သည်။

ဝါးတံခါးမှာ လစ်လှပ်လျက် ညလေညင်း ဝင်ရောက်သွားသောအခါတွင်မူ ရုတ်တရက်ဆိုသလိုပင် ဝမ်ဟုန်တစ်ယောက် တုန်လှုပ်သွားလေတော့၏။

တဖျပ်ဖျပ်ခတ်နေသောကုလားကာများအနောက်ဝယ် လောလောလတ်လတ်ရေမိုးချိုးထားသောမိန်းကလေးတစ်ဦးရှိနေသည်။သူမက ရေချိုးကန်ဘေးတွင် ခြေထောက်ဗလာဖြင့် ရပ်နေခဲ့ပြီး ရေစက်ကလေးများမှာ သူမ၏လည်ပင်းထက်မှ လှိမ့်ဆင်းနေကြလေ၏။
တံခါးဖွင့်သံကြားသောအခါ သူမက ဝမ်ဟုန့်အား အံ့ဩတကြီးဖြင့်လှည့်ကြည့်လာသည်။

သူမသည် ထွင်းဖောက်မြင်နိုင်လောက်သည်အထိပါးလွှာသောအဝါရောင်ဝတ်ရုံတစ်ခုတည်းကိုသာ ဝတ်ဆင်လျက်ရှိသည့်အနေအထားဖြစ်ပေသည်။ဖြည်ထားသောခါးစည်းကြိုးကြောင့် အင်္ကျီတစ်ဝက်ခန့်လောက်က ပွင့်ဟနေလေ၏။သူမ၏လှတပတမျက်နှာကလေးက ရှက်သွေးဖြာမှုကြောင့် နီတွတ်နေပြီး နှုတ်ခမ်းသားများမှာလည်း နီးဆွေးဖူးရဲနေသည်။

ဝမ်ဟုန်၏အကြည့်များမှာမူ ရေစက်ရေပေါက်ငယ်များ ကုပ်တွယ်လျက်ရှိသော ကြွေလွှာသဖွယ် အရေပြားပေါ်တွင် တည်ရှိနေလေသည်။‌၎င်းရေစက်ငယ်များမှာ ညှပ်ရိုးများဆီသို့ သက်ဆင်းသွားကြပြီး ထိုမှတစ်ဆင့် နက်နဲသောတောင်ပို့အစုံတို့ ကြားတွင်းသို့ ....
ဝမ်ဟုန်တစ်ယောက် ပြောင်ပြောင်တင်းတင်းပင် စိုက်ကြည့်နေမိသည်။ထိုမိန်းကလေးမှာ ချန်ရုံပင်ဖြစ်လေ၏။

ဝမ်ဟုန့်အားတွေ့ရှိလိုက်ရမည်ဟု ချန်ရုံထင်မထားမိပေ။ယခုအချိန်၌ သူမသည် အလွန်တရာပင်စိတ်ရှုပ်ထွေးနေပြီး အင်္ကျီတစ်ပိုင်းလစ်လပ်နေသည်ကိုပင် သတိမပြုမိခဲ့ပါ။

ထောင့်တစ်နေရာတွင်ရပ်နေသောအ‌စေခံငယ်က ထိုမြင်ကွင်းကို ကြည့်ပြီး ပြုံးလေသည်။ထို့နောက်တွင် ယင်းအစေခံက နံရံတစ်နေရာဘက်သို့လှည့်ကာ အခန်းတွင်းမှ ပြောင်ပြောင်တင်းတင်းထွက်ခွာသွားသော်လည်း မည်သူကမှ သူမ၏တည်ရှိမှုအား သတိမထားမိခဲ့ကြပေ။

သူမက ဝမ်ဟုန်၏အနီးမှဖြတ်သန်း၍ အောက်ထပ်သို့ ဆင်းသွားသည်။

လှေကားထစ်ပေါ်သို့အရောက်တွင် သူမက အံ့အားသင့်နေသောဝမ်ဟုန့်အား ပြန်လှည့်ကြည့်ရင်း တစ်ချက်တွေးလေ၏။

- အရင်က မသိခဲ့ပေမဲ့ ဒီမိန်းကလေးက တကယ်ကို ရင်သပ်ရှုမောစရာကောင်းတဲ့ပုံပဲ ... ရေမိုးချိုး ၊ အသားရောင်နဲ့ လိုက်ဖက်တဲ့အ၀တ်အစားတွေ၀တ်လိုက်ရုံနဲ့ အသွင်အပြင်တစ်ခုလုံးက ပြောင်းလဲသွားတယ် ... အခုတော့များ မြူစွယ်နိုင်စွမ်းရှိတဲ့မြေခွေးမလေးလိုပဲ ... သူ့ရဲ့ ရုပ်ရည်ကတော့ တကယ်ကို တစ်ခုခုပဲ ...

ကျန့်ခန်းက ဂုဏ်သတင်းမွှေးတဲ့ကြင်ယာတော်ရုံတောင်မှ နောက်ကောက်ကျသွားနိုင်တယ် ... ယောက်ျားတွေက ဒီမိန်းကလေးကို သဘောတွေ့ကြတာမဆန်းပါဘူး -

ထိုအချိန်တွင် ဝမ်ဟုန်က အတွင်းဘက်သို့ ခြေတစ်လှမ်းတိုးသွားခဲ့သည်။ထိုအခြင်းအရာကိုမြင်သောအစေခံဖြစ်သူက အရှေ့သို့တိုး၍ တံခါးပိတ်လိုက်လေ၏။ ( ကျေးဇူးရှင်ကြီးး )

ဝမ်ဟုန်၏အကြည့်ကြောင့် ချန်ရုံမှာအနည်းငယ်ထိတ်ပြာသွားပြီး အနောက်သို့ခြေတစ်လှမ်းဆုတ်လိုက်သည်။

" ချီလန် ... ရှင်က ဒီကို ဘယ်လိုရောက်လာတာလဲ .. "



Xxxxx