အပိုင်း (၁၇၁)
Viewers 31k

Part 171 


စုန့်ထင်ရှန်းက ကမ်းလှမ်းသော်လည်း ယွမ်ရှက သူနှင့်  သေချာမရင်းနှီးသည့် ယောက်ျားတစ်ယောက်ကို အမျိုးသမီးလစဉ်သုံးဝယ်ခိုင်းရန် မသင့်လျော်ဟု ထင်လိုက်မိသည်။ ထို့အပြင် အမျိုးသမီးဝန်ထမ်းကလည်း သူ မကြာမီ ပို့ပေးလိုက်မည်ဟု ပြောထားသည်ပင်။


ယွမ်ရှက ရှက်ရွံ့မှုကိုတောင့်ခံပြီး ပြန်ဖြေလိုက်သည်။

" ရပါတယ် ကျွန်မ အကူအညီတောင်းထားပြီးပါပြီ ကျေးဇူးတင်ပါတယ် ..."


စုန့်ထင်ရှန်းက ထပ်မေးပြန်သည်။


" ကိုယ် ဒီနားကစတိုးဆိုင်းမှာ သကြားညို သွားဝယ်‌ပေးမယ်လေ ... တခြားဆေးတစ်ခုခုရောလိုသေးလား အနားမှာ ဆေးဆိုင်လည်းရှိတယ် ..."


ယွမ်ရှ ရှက်နေသော်လည်း သူမ နှလုံးသားထဲတွင် နွေးထွေးသွားမိသည်။ အကယ်၍ စုန့်ထင်ရှန်းက သူမကို စိတ်မပူပန်ခဲ့လျှင်လည်း မပျော်ရွှင်ပဲနေမည်မဟုတ်ပေ။ သူမက ဓမ္မတာလာခြင်းကို ဆယ်နှစ်ခန့်ကြုံခဲ့ဖူးပြီဖြစ်၍ ဤကိစ္စတွင် အတော်လေး အတွေ့အကြံရှိနေပြီဖြစ်သည်။ သူမ ဤကိစ္စကို ကိုယ်တိုင်ဖြေရှင်းနေနိုင်ပြီဖြစ်ပြီး တစ်စုံတစ်ယောက်၏ အကူအညီလည်း မလိုအပ်ပေ။


ယွမ်ရှ ပြန်မဖြေမီ အနည်းငယ် စဉ်းစားလိုက်သည်။

" ဟုတ်ပါပြီ ... အများကြီးတော့မဝယ်လာနဲ့နော် ကျွန်မ ဆေးသောက်ဖို့မလိုဘူး ... ဒီနေ့တစ်ရက်နားလိုက်ရင် အဆင်ပြေပါတယ် ... တကယ်လို့ အဆင်ပြေမယ်ဆိုရင် မနက်စာလေးပဲ ယူလာပေးပါလား ..."


စုန့်ထင်ရှန်းက ဝမ်လေးကို ဟိုတယ်ခန်းထဲမှ ခေါ်ထုတ်လာခဲ့သည်။ ဟိုတယ်က မနက်စာစီစဉ်ပေးသော်လည်း ဘူဖေးစတိုင်ဖြစ်သည်။ ဝမ်လေးကိုခေါ်၍ ဟိုတယ်မှထွက်ကာ ၂၄နာရီဖွင့်သောစတိုးဆိုင်သို့သွားကာ ရှအန်းလိုအပ်နေသည့် သကြားညို ဝယ်လာခဲ့သည်။ အမျိုးသမီးလစဉ်သုံးများတင်ထားသည့် စင်မြင့်နားမှ ဖြတ်လာသည့်အခါ ၎င်းတို့ကို သူအချိန်အတော်ကြာကြည့်နေသည်။ 

သူမက ဝယ်ပေးဖို့ မလိုဘူးပြောတော့လည်း သူ ...


စတိုးဆိုင်များတွင် များပြားသောမနက်စာများရောင်းချသည့်အတွက် ရွေးချယ်စရာများ များပြားလှသည်။ စုန့်ထင်ရှန်းက ယွမ်ရှအတွက် ငှက်သိုက်ရည်ဝယ်လာသည်။ ထို့နောကိ ပေါက်စီ၊ ပဲနို့ပူပူနှင့် ကြက်ဥပြုတ်များလည်း ဝယ်လာခဲ့သည်။


ဝမ်လေး၏ နှလုံးသားထဲတွင် သူ့အမေသာရှိသည့်အတွက် သူကမေးလိုက်သည်။

" မာမားအတွက် မနက်စာဝယ်နေတာလား ..."


စုန့်ထင်ရှန်းပြန်ဖြေလိုက်သည်။

" ဟုတ်တယ်လေ ဘာလို့လဲ သားရောစားချင်လို့လား ... ပါပါးပိုဝယ်ခဲ့လိုက်မယ် ..."


" မဟုတ်ဘူး ..."

ဝမ်လေးက ခေါင်းခါလိုက်ပြီး အေးခဲအစားအစာများ ထည့်ထားသည့်ဘက်ကို ညွှန်ပြလိုက်သည်။

" မာမားအတွက် ရေခဲမုန့်ဝယ်သွားရအောင် ... သူက ရေခဲမုန့်အရမ်းကြိုက်တာ ..."


" သားကြိုက်တာလား ... မာမားကြိုက်တာလား ..."


ဝမ်လေးက ခြေဆောင့်နင်းလိုက်ပြီး နှုတ်ခမ်းစူသွားဖြင့် သူ့ပုံစံလေးက အလွန်ချစ်စရာကောင်းနေသည်။


" ပါပါး ဘာလို့အဲ့လိုပြောတာလဲ ... အဲ့ဒါကို မာမားကြိုက်တာပါ ... သား ဒီနေ့လုံးဝ မစားဘူး ... မာမားဖို့ ဝယ်ပေးလိုက်ပါ အဲ့ဒါမှ သူစားလို့ရမှာ ..."


ယွမ်ရှက ရေခဲမုန့်ကြိုက်သည်မှာ မှန်သော်လည်း သူမခန္ဓာကိုယ်အတွက် မစားပဲနေခြင်းဖြစ်သည်။ သို့ရာတွင် ဤအကြောင်းကို ဝမ်လေးမသိအောင် မလျှို့ဝှက်ထားနိုင်ပေ။ သူက သူ့အမေ ရေခဲမုန့်ကြိုက်ကြောင်းသိသည်။ ယခု သူ့အမေ နေမကောင်းဖြစ်နေသည့်အတွက် သူ့အမေကြိုက်သောအစားအစာများ ဝယ်ပေးသင့်သည်ကိုလည်းသိသည်။


သူ၏ ဝဝကစ်ကစ်သားလေးက စိတ်ကောက်သွားသည်ကိုမြင်၍ စုန့်ထင်ရှန်း အမြန်ချော့လိုက်ရသည်။


" အင်းပါ အင်းပါ မာမားက ရေခဲမုန့်ကြိုက်ပေမယ့် ဒီနေ့စားလို့ မရဘူး ..."


ဝမ်လေးက မေးလိုက်သည်။

" ဘာလို့လဲ ..."


စတိုးဆိုင်တွင် ဤကိစ္စများကို ထိုင်ရှင်းပြနေရန်မကောင်းသဖြင့် သူပြန်ဖြေလိုက်သည်။

" မာမားဆီကို မနက်စာသွားပို့ပေးပြီးရင် ရှင်းပြမယ် ဟုတ်ပြီလား ..."


ဝမ်လေး ခေါင်းငြိမ့်ပြလိုက်သည်။

" ဟုတ် ..."


စုန့်ထင်ရှန်းက ဝမ်လေးကို ဟိုတယ်သို့ ပြန်ခေါ်လာပြီးချိန်တွင် အိမ်အကူအန်တီက အိပ်ရာခင်းများလဲထားပြီး ယွမ်ရှ၏ မျက်နှာ အသားအရောင်ကလည်း ယခင်ထက် ပိုကောင်းလာပြီဖြစ်သည်။ သို့သော် သူမပုံစံက နွမ်းလျနေသည်။


စုန့်ထင်ရှန်းက စိတ်ရှည်လက်ရှည်ဖြင့် ရေနွေးတည်ပြီး သူမသောက်ရန် သကြားညိုကိုဖျော်ပေးနေသည်။


ပူနွေးနေသောပဲနို့ သောက်ပြီးသွားသည့်နောက်တွင် ယွမ်ရှ၏ ဝမ်းဗိုက်အောက်နားမှ နာကျင်မှုက အတော်လေး သက်သာသွားသည်။ သူမ ထိုင်ခုံတွင်ထိုင်ပြီး ပူပူနွေးနွေးပေါက်စီကို စားနေသည်ကိုကြည့်ပြီး စုန့်ထင်ရှန်း ဂနာမငြိမ်ဖြစ်နေသဖြင့် သူမအတွက် ဘာမှမခံစားပဲနေရန် မဖြစ်နိုင်ပေ။


လူတွေက နေမကောင်းသည့်အချိန်တွင် ပို၍ထိခိုက်လွယ်ကြသည်။ သူ၏ အားထုတ်မှုများအတွက် သူမရင်ထဲထိသွားမိသည်။


" ကျေးဇူးတင်ပါတယ် ..."

ယွမ်ရှ ရိုးသားစွာပြောလိုက်သည်။


xxxxxx