အပိုင်း (၁၇၂)
Viewers 31k

Part 172 


စုန့်ထင်ရှန်းက သူမကို သူသကြားညိုရည် ထည့်ထားသည့်ခွက်ကို ကမ်းပေးလိုက်သည်။


" ပြဿနာမရှိပါဘူး ... ကိုယ် ဝမ်လေးကို အောက်ထပ်ခေါ်သွားပြီး မနက်စာစားလိုက်ဦးမယ် ... ကောင်းကောင်းအနားယူလိုက်ဦး ... ကိုယ်ဒီနေ့ ဝမ်လေးကို ကြည့်ထားပေးမယ် ဘယ်မှလည်းမသွားတော့ဘူး ... ဘေးအခန်းမှာပဲ ရှိနေမယ်နော် တစ်ခုခုလိုရင် ကိုယ့်ကိုခေါ်‌လိုက်ပါ ..."


ယွမ်ရှ ရင်ထဲထိသွားပြန်သည်။

" ကောင်းပါပြီ ..." 


ဝမ်‌လေးက သူ့အမေနှင့် မခွဲချင်သဖြင့် ထွက်သွားချိန်တွင် သူမကိုသာ လှည့်ကြည့်လှည့်ကြည့် လုပ်နေသည်။

" မာမား နေကောင်းရဲ့လား ..."


ယွမ်ရှက သူ့ကိုထပ်မံရှင်းပြလိုက်သည်။

" မာမာအဆင်ပြေပါတယ် ... စိတ်မပူနဲ့နော် ပေါင်ပေ့လေး ..."


" ဒါဆိုရင် သား ပါပါးနဲ့တူတူ မနက်စာသွားစားဦးမယ် ... အနားယူလိုက်ဦးနော် ... သားနဲ့တူတူဆော့ချင်တယ်ဆို ခေါ်လိုက်နော် ချက်ချင်းပြေးလာမယ် ..."

ဝမ်လေးက သူ့ဖုန်းမှနာရီကိုကြည့်ပြီးပြောလိုက်သည်။


" ကောင်းပါပြီ ကောင်းပါပြီ ..."

ယွမ်ရှ မနက်စာစားပြီးနောက်တွင် လှဲအိပ်နေလိုက်သည်။



စုန့်ထင်ရှန်းက ဝမ်လေးလက်ကိုဆွဲပြီး နှစ်ယောက်သား ဟိုတယ်စားသောက်ဆိုင်သို့သွားကြသည်။ သားအဖနှစ်ယောက်လုံး ပြတင်းပေါက်နားမှ တိတ်ဆိတ်သောနေရာတစ်ခုတွင် ထိုင်လိုက်ကြသည်။


ဝမ်လေးက ပန်းကန်ပြားပေါ်မှ မနက်စာကို စိတ်မဝင်စားပေ။ သူက သူ့အမေအကြောင်းကိုသာ တွေးနေသည်။ သူက ဇွဲမလျှော့သေးပဲ မေးလိုက်သည်။

" မာမားကို အခန်းထဲမှာ တစ်ယောက်တည်းထားခဲ့လို့ကောင်းပါ့မလား ... စောစောတုန်းက သွေးတွေ ထွက်နေတယ်လေ ..."


သူက အိပ်ရာခင်းပေါ်မှ သွေးကွက်နှင့် သူ့အမေ၏ အလွန်ဖြူဖျော့နေသောမျက်နှာကို သတိရသွားသည်။


စုန့်ထင်ရှန်း ပြဿနာတက်သွားသည်။ ဤကိစ္စကို သူ့သားလေးကို မည်သို့ရှင်းပြရမည်ကို သူမသိပေ။ ယွမ်ရှက ယနေ့ နေမကောင်းဖြစ်သည်မှာ သိသာလှသည်။ သူမက ဝမ်လေးကို ဘာမှမပြောသော်လည်း ထိုအဖြစ်အပျက်က သူ့စိတ်ထဲတွင်စွဲနေ၍ သူ့ကိုအရူးလုပ်ရန် မလွယ်တော့ပေ။


အမျိုးသမီးများ၏ ခန္ဓာကိုယ်နှင့်သက်ဆိုင်သည့် သိပ္ပံနည်းကျဖြစ်ရပ်မှန်များကို ရှင်းပြရတော့မည့်အတွက် စုန့်ထင်ရှန်းအတွက် ဖိအားကြီးတစ်ခု ဖြစ်ပေါ်လာသည်။


" ဝမ်လေး ယောက်ျားလေးနဲ့ မိန်းကလေးတွေကြားက ကွာခြားချက်ကို သိတယ်မလား ..."


" သားသိတယ် ပါပါးကယောက်ျားလေး မာမားက မိန်းကလေးလေ ဟုတ်တယ်မလား ..."


စုန့်ထင်ရှန်းက သူ့ကို လက်မထောင်ပြလိုက်သည်။

" ကျားမကွဲပြားတာ ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံ  ကွဲပြားတာကြောင့်ပဲ ... ပြောချင်တာက မာမားမှာ ရှိတဲ့အစိတ်အပိုင်းတွေက ပါပါးတို့မှာမရှိဘူး ... ပါပါးတို့မှာရှိတာလည်း မာမားမှာ မရှိဘူး ... အဲ့ဒါက ယောက်ျားလေးနဲ့ မိန်းကလေးတွေကြားက ကွာခြားချက်ပဲ ... မာမားက မိန်းကလေးလေ သူမ အသက်အရွယ်တစ်ခုကိုရောက်ရင် ခန္ဓာကိုယ်မှာ သိသာတဲ့ပြောင်းလဲမှုတွေဖြစ်တယ် ... အဲ့ဒီထဲကတစ်ခုက ဓမ္မတာလာတယ်ဆိုတဲ့ အရာပဲ ... ဓမ္မတာလာချိန်ကလည်း မိန်းကလေးတစ်ယောက်နဲ့တစ်ယောက် မတူကြဘူး ... တချို့မိန်းကလေးတွေက တစ်လတစ်ခါ တချို့က တစ်လခြားတစ်ခါလောက်ဖြစ်တတ်ကြတယ် ... အဲ့လိုအချိန်ဆို သူတို့ခန္ဓာကိုယ်က ရက်အနည်းငယ်လောက်သွေးထွက်တတ်တယ် ... အဲ့နောက်ပိုင်းဆိုရင် ကောင်းသွားတတ်တာဆိုတော့ စိတ်မပူပါနဲ့ ဒါက သာမန်ကိစ္စပဲ ..."


သူ့အဖေပြောနေသည်များကို ဝမ်လေး တစ်ခုမှမသိပေ။

  

" မာမားက တစ်လမှာတစ်ခါလောက် ရက်အနည်းငယ် သွေးထွက်လိမ့်မယ် အဲ့ဒါက ပုံမှန်ကိစ္စပဲ ... စိုးရိမ်စရာမလိုပါဘူး ... အဲ့ရက်တွေမှာ မာမားက ခံစားချက်တွေ မကောင်းနိုင်ဘူး အဲ့တော့ ဒီလိုအချိန်တွေဆို မာမားကိုစိတ်ဆိုးအောင် မလုပ်ရဘူးနော် ဝမ်လေး ... မာမားကို ဂရုစိုက်ကာကွယ်ပေးရမယ် နားလည်လား ..."

စုန့်ထင်ရှန်း ထပ်ပြောပြလိုက်သည်။


ဝမ်လေး၏ ယခုလက်ရှိ နားလည်မှုအဆင့်ဖြင့်ဆိုလျှင် ဓမ္မတာလာခြင်းဟူသောကိစ္စကို နားလည်ရန် မဖြစ်နိုင်ပေ။ သို့သော် သူ့အဖေက အမေဖြစ်သူ အဆင်ပြေသွားမည်ဟုပြောလျှင် အဆင်ပြေသွားမည်ဟု ယုံကြည်ထားလိုက်သည်။


ဝမ်လေးက ခေါင်းငြိမ့်ပြလိုက်သည်။

" သား သိပါပြီ ... မာမားကို စိတ်ဆိုးအောင် မလုပ်တော့ပါဘူး ... မာမားနေမကောင်းတဲ့အတွက် ကာကွယ်ပြီးဂရုစိုက်ပေးပါ့မယ် ..."


စုန့်ထင်ရှန်းက ဝမ်းမြောက်စွာပြောလိုက်သည်။

" ဝမ်လေးက အရမ်းလိမ္မာတာပဲ ..."


xxxxxxxx