အပိုင်း (၁၇၃)
Viewers 31k

Part 173 


ယွမ်ရှက တစ်နေ့တာအချိန်ကို သက်တောင့်သက်သာဖြင့် ဖြတ်သန်းခဲ့ရသည်။


 စုန့်ထင်ရှန်းက မနက်ပိုင်းတွင် သူမအတွက် မနက်စာဝယ်လာပေးခဲ့ပြီး နေ့လယ်စာကို ဟိုတယ်စားသောက်ဆိုင်မှ လာပို့ရန် မှာထားခဲ့သည်။ သူမ ကုတင်ပေါ်လှဲပြီး နာရီများစွာအိပ်လိုက်ကာ ပြန်နိုးလာချိန်တွင် သကြားညိုရည်သောက်လိုက်သည်။ သူမ အတော်လေး နေကောင်းလာပြီဖြစ်သည်။ ဓမ္မတာလာလာခြင်း ပထမဆုံးနေ့တွင် မသက်မသာဖြစ်သည်က ပုံမှန်ဖြစ်သော်လည်း နောက်တစ်ရက်တွင် ပြန်ကောင်းသွားတတ်သည်။ ယနေ့ တစ်နေ့လုံး ကောင်းမွန်စွာ အနားယူထားခဲ့၍ သူမ၏အသားအရည်က ဖြူဖျော့မနေတော့ပေ။


ထိုနေ့ ည၌ ဝမ်လေးက လိမ်လိမ်မာမာနေပြီး စုန့်ထင်ရှန်းနှင့်သာ သွားအိပ်ခဲ့သည်။ ဘေးနားတွင် ကလေးလေးမရှိသည့်အပြင် တစ်ကိုယ်လုံး နုံးချိနေသောကြောင့် ညဆယ်နာရီမထိုးမီ သူမအိပ်ပျော်သွားခဲ့သည်။ 


နောက်နေ့မနက်နိုးလာချိန်တွင် သူမစိတ်ထဲ လန်းဆန်းသွားပြီဖြစ်သည်။


စုန့်ထင်ရှန်းက သူငယ်ချင်းတစ်ယောက်နှင့်တွေ့ဆုံရန် ကြိုတင်ချိန်းဆိုပြီးသားဖြစ်၍ အချိန်ရွှေ့မရတော့သည့်အတွက် ဝမ်လေးကို ယွမ်ရှထံတွင် ထားခဲ့ရမည်ဖြစ်သောကြောင့် အနည်းငယ် ပူပန်နေသည်။


" နေကောင်းသွားပြီလား ... ဝမ်လေးကို ကိုယ်ပဲခေါ်သွားရမလား ..."


ယွမ်ရှ လက်ကာပြလိုက်သည်။

" ကျွန်မ အဆင်ပြေသွားပါပြီ ... လုပ်စရာရှိတဲ့ကိစ္စသွားလုပ်ပါ ..."


အကယ်၍ စုန့်ထင်ရှန်းက သူငယ်ချင်းဖြစ်သူနှင့် မတွေ့သည်မှာကြာ၍ ရှေးဟောင်းနှောင်းဖြစ်များပြောရန် သွားတွေ့ပါက ဝမ်လေးကို ခေါ်သွားလိမ့်မည်ဖြစ်သည်။ သူက ဝမ်လေးကို သူမနှင့်ထားခဲ့ရန် ပြောလာသဖြင့် တခြားကိစ္စများ ရှိနေနိုင်သည်။  သူ့သူငယ်ချင်းနှင့် အလုပ်ကိစ္စများ ဆွေးနွေးမည်ဖြစ်၍ ကလေးကို မခေါ်သွားနိုင်ရခြင်း ဖြစ်လိမ့်မည်။ ယွမ်ရှလည်း အခြေခံစည်းမျဉ်းများကို သဘောပေါက်ပါသည်။


ဝမ်လေးက လူကြီးတစ်ယောက်ကဲ့သို့ သူ့ရင်ဘတ်ကို ပုတ်လိုက်သည်။


" ပါပါး လုပ်စရာရှိတာသွားလုပ်ပါ ... သားကိုယ်တိုင် မာမားကို ဂရုစိုက်ထားလိုက်မယ် ... စိတ်မပူပါနဲ့ ..."


သားအမိနှစ်ယောက် စုန့်ထင်ရှန်း ထွက်သွားသည်ကို ကြည့်နေပြီးနောက် ဝမ်လေးက ကုတင်ပေါ်မှ ခေါင်းအုံးကို ပုတ်ပြလိုက်သည်။

" မာမား ပြန်လှဲပြီး အနားယူနေလေ ဘယ်မှမသွားနဲ့ ..."


ယွမ်ရှ ရယ်လိုက်မိသည်။ 

ကလေးလေးက သူ့ကို ဖျားနေတဲ့လူနာတစ်ယောက်လို ဆက်ဆံနေတာပဲ ... ဒါပေမဲ့ ဒီ ဝဝကစ်ကစ်ကလေးလေးရဲ့ ဂရုစိုက်ခံရတာ ကောင်းသားပဲ ...


သူမ တုန့်ဆိုင်းခြင်းမရှိပဲ ကုတင်ပေါ်တွင် လှဲချလိုက်သည်။ ‌ကလေးလေးက ခြေထောက်တိုတိုဖြင့် ဩတ်သုတ်ပျာပျာ ပြေးနေသည်ကို သူမကြည့်နေမိသည်။ သူက ခေါက်တုံ့ခေါက်ပြန်ပြေးလွှား၍ သူမကို လက်ဖက်ရည်နှင့် ပေါင်မုန့်များယူပေးကာ ဧကရီတစ်ပါးကို ခစားသကဲ့သို့ ပြုမူနေသည်။


ကလေးများကို ပြုစုပျိုးထောင်ရခြင်း၏ ပျော်စရာကောင်းမှုကို သူမအနည်းငယ် သဘောပေါက်လာသည်။


မိဘဖြစ်ရခြင်းက အချိန်အများစုတွင် ပင်ပန်းနွမ်းနယ်နေရတတ်သော်လည်း ကလေးများက သူတို့ကိုပျော်ရွှင်မှုများစွာ ယူလာပေးသည်ကိုလည်း မငြင်းဆိုနိုင်ပေ။ ပျော်ရွှင်မှုပမာဏက နွမ်းလျမှုများကို ယူပစ်သလိုပျောက်သွားနိုင်စေသည်ဟုသာ သူမ မပြောနိုင်ပေ။ 


ကလေးတစ်ဦးကို ပြုစုပျိုးထောင်ခြင်းက စိတ်ဝင်စားဖွယ်ကောင်းသည်ဟု သူမထင်မြင်နိုင်သည်မှာ ကိုယ်ဝန် ဆယ်လနှင့် ကလေးမွေးဖွားခြင်း၏ ပင်ပန်းခက်ခဲမှုနှင့် နာကျင်မှုကို တွေ့ကြုံခံစားရန် မလိုအပ်ခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ထို့အပြင် သူမ ဤနေရာသို့ ကူးပြောင်းလာခဲ့စဉ်က ကလေးလေးက လေးနှစ်ပြည့်လုနီးပါးသာ ရှိသေးပြီး သူငယ်တန်း တက်ရတော့မည့်အရွယ်ဖြစ်သည်။ ထို့အပြင် စုန့်မိသားစုက အိမ်အကူနှင့် ကလေးထိန်းအန်တီများ ငှားရမ်းနိုင်သည်အထိ ငွေကြေးအင်အားရှိသောကြောင့် ဝမ်လေး၏ နေ့စဉ်ဘဝကိုလည်း သူမစိတ်ပူရန် မလိုအပ်ပေ။


အကယ်၍ သူမ၏ အခြေအနေက ယခင်သူမ၏ လုပ်ဖော်ကိုင်ဖက်ကဲ့သို့ အလုပ်လုပ်နေလျက် သူမ အမျိုးသားကလည်း မကူညီသောကြောင့် ကလေးကို သူမ တစ်ယောက်တည်း ပြုစုပျိုးထောင်နေရပါက ထိုယောက်ျား၏မိဘဖြစ်ရန် ပံ့ပိုးချက်က သုတ်ပိုးတစ်ခုတည်းသာဖြစ်သည့်အတွက် မုဆိုးမတစ်ယောက်ဖြစ်နေသကဲ့သို့သော ထိုအိမ်ထောင်ရေးကို သူမ တောင့်ခံနိုင်မည်မဟုတ်သည်မှာ သေချာသည်။


ထိုသို့ နှိုင်းယှဉ်ကြည့်လိုက်ပါက စုန့်ထင်ရှန်းမှာ မျိုးသုန်းလုနီးပါးဖြစ်နေသည့် ယောက်ျားကောင်းတစ်ယောက်ဟုပင် ဆိုနိုင်သည်။ သူက အလုပ်လုပ်နိုင်ပြီး ငွေကောင်းကောင်းရှာနိုင်သည့်အပြင် ဇနီးနှင့် သားဖြစ်သူကိုလည်း ငွေကြေးအရ ကောင်းကောင်းထောက်ပံ့ပေးနိုင်သည်။ ထို့အပြင် ကလေးကို ပျိုးထောင်ရာတွင်လည်း မလစ်ဟင်းပေ။ ဝမ်လေးကို ပြုစုပျိုးထောင်သည့် ကိစ္စအားလုံးကို ယွမ်ရှကို မလွှဲထားသကဲ့သို့ သူကိုယ်တိုင်ကလည်း ထိုသို့ လုပ်ပေးနေရခြင်းကို ဝန်ထုပ်ဝန်ပိုးဟု မထင်ပေ။


ယွမ်ရှ လက်မောင်းကိုခေါင်းအုံးပြီး လှဲနေကာ သူမရင်ထဲ ပီတိဖြစ်နေမိသည်။ ယောက်ျားကောင်းတစ်ယောက်ရှိသော မိန်းကလေး၏ ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းလာရခြင်းကို သူမ မထိုက်တန်ဟု ထင်နေမိသည်။ သူမက နာမည်ခံဇနီးသည်သာ ဖြစ်နေသော်လည်း ယခင်ဘဝက ကမ္ဘာကြီးကို ကယ်တင်နိုင်ခဲ့၍ ကံကောင်းနေသည့်ပုံပင်။


ယွမ်ရှ၏ စိတ်ထဲတွင် အဆင့်တက်သွားသည်ကို စုန့်ထင်ရှန်းက သိမည်မဟုတ်ပေ။


xxxxxx