အပိုင်း (၁၇၄)
Viewers 31k

Chapter 174 


စုန့်ထင်ရှန်းက သူ့သူငယ်ချင်း ဟယ်ဖေးနှင့် ကော်ဖီဆိုင်တွင် တွေ့ကြသည်။ အမှန်တွင် သူတို့နှစ်ယောက်က စပ်တူစီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေခြင်းမရှိပေ။ ဟယ်ဖေးက မြို့တော်တွင် ကုမ္ပဏီတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်၍ မြို့တော်မှ အခြေအနေကို ရှင်းလင်းစွာမသိသောကြောင့် စုန့်ထင်ရှန်းထံတွင် လာရောက်မေးမြန်းခြင်းဖြစ်သည်။


သူတို့အလုပ်ကိစ္စများပြောပြီးသည်နှင့် ဟယ်ဖေးက နောင်တရနေသည့်ပုံနှင့် ပြောလိုက်သည်။ 

" ငါကြားတာတော့ မင်း ဆရာဝမ်ရဲ့မွေးနေ့ကို မင်းမိန်းမကို ခေါ်လာတယ်ဆို ... ငါလည်းသွားမယ်လုပ်ပြီးမှ လေယာဉ်နောက်ကျလို့ အချိန်မီ မရောက်တော့တာ နှမျောစရာပဲ ... နောက်ဆုံးတစ်ခေါက် သူမကိုတွေ့ခဲ့တာ မင်း သားလေးရဲ့ ရက်တစ်ရာမွေးနေ့မှာထင်တယ် ... သုံးနှစ်ဆိုတဲ့အချိန်ကလည်း မြန်လိုက်တာကွာ ..."


" ငါတို့တွေ့မှာကို သူမနဲ့ ဝမ်လေးကို ဘာလို့ မခေါ်လာတာလဲ ..."


စုန့်ထင်ရှန်းက သူ့အမေးကြောင့် တစ်ချက်ကြည့်လိုက်သည်။


" သူ နေမကောင်းလို့ ဟိုတယ်မှာနားနေတာ ... မင်းလည်း စီးပွားရေးလုပ်ငန်းတွေက မြို့တော်မှာပဲ လုပ်တော့မှာဆိုတော့ နောက်ဆို တွေ့ဖို့ အခွင့်အရေး ပိုများလာပါပြီ ..."


ဟယ်ဖေးက ကျိုးကြောင်းဆီလျော်သည်ဟု တွေးမိပြီး ခေါင်ငြိမ့်ပြလိုက်သည်။ ထို့နောက် သူက စပ်စပ်စုစုဖြင့် မေးလိုက်သည်။

" မင်းနဲ့သူမနဲ့ ဆက်ဆံရေးအခြေအနေက အ‌ဆင်ပြေတယ်မလား ..."


ဟယ်ဖေးက အရိပ်အကဲနားလည်သူတစ်ယောက်ဟု ဆိုနိုင်သည်။ ယခင်က ဝမ်လေး၏ ရက်တစ်ရာပြည့်မွေးနေ့တွင် စုန့်ထင်ရှန်းနှင့် ယွမ်ရှတို့က ဆက်ဆံရေးကောင်းပုံမရသည်ကို သူအာရုံခံမိသည်။ သူတို့ကိုကြည့်ရသည်မှာ ရင်းနှီးကျွမ်းဝင်ပုံလည်း မရပေ။ သူတို့က လက်ထပ်ထားသောစုံတွဲနှင့်မတူပဲ သာမန်သူငယ်ချင်းဟု ပြောပါကလည်း ချဲ့ကားသည်ဟု ထင်ရမည်မဟုတ်ပေ။


စုန့်ထင်ရှန်းက ခေါင်းမာစွာပြောလိုက်သည်။

" ငါတို့ ဆက်ဆံရေးက အရင်တည်းက ကောင်းပါတယ် ..."


ဟယ်ဖေးပြုံးလိုက်သည်။

" ကောင်းပါပြီ အခုမင်းတို့နှစ်ယောက် အဆင်ပြေနေတာဝမ်းသာပါတယ် ဂုဏ်ပြုပါတယ်..."


သူ ယခင်ကလည်း ထိုမေးခွန်းကို မေးခဲ့ဖူသည်။ ထိုအချိန်က စုန့်ထင်ရှန်းက တိတ်ဆိတ်သွားပြီး " မင်းနဲ့ဘာဆိုင်လဲ " ဟူသည့် အမူအယာဖြင့်သာ တုံ့ပြန်ခဲ့သည်။


စုန့်ထင်ရှန်းက စကားဖြင့်သာ ပုံမှန်အတိုင်းတုံ့ပြန်လိုက်သော်လည်း သူနှင့်ယွမ်ရှက အခြေအနေကောင်းမွန်နေကြောင်း သိရှိရန် လုံလောက်နေပြီဖြစ်သည်။


စုန့်ထင်ရှန်း ဘာမှဆက်မပြောတော့သဖြင့် ဟယ်ဖေးသက်ပြင်းချလိုက်သည်။

" ပထမဆုံး လက်ထပ်ခြင်းက အကောင်းဆုံးပဲလို့ ပြောကြတယ် ... မင်းတို့နှစ်ယောက်မှာ ကလေးလည်းရှိတယ်ဆိုတော့ တစ်ယောက်နှင့်တစ်ယောက် ဂရုစိုက်ကြပြီး ရည်မှန်းချက်လည်း တူညီတယ်လို့ ပြောရမယ် ... လက်တွေ့ကျကျပြောရမယ်ဆို မင်းအလုပ်ကြိုးစားနေတာက မင်းရဲ့သားလေးကို ပိုကောင်းတဲ့ အနာဂတ်နဲ့ ပတ်ဝန်းကျင်ကို ပေးချင်လို့မလား ... ငါတို့နှစ်ယောက်လုံးက ယောက်ျားတွေဆိုတော့ ပွင့်ပွင့်လင်းလင်းပဲပြောပြမယ် ... မင်း ကွာရှင်းလိုက်ပြီး မိန်းမတစ်ယောက်ထပ်ယူရင်တောင် အဲ့ဒီမိန်းမက မင်းရဲ့သားလေးလောက် အရေးကြီးမှာ မဟုတ်ဘူးမလား ..."


စုန့်ထင်ရှန်းက စိတ်မရှည်တော့ပေ။

" ငါတို့ မကွာရှင်းပါဘူး ... အဲ့လို ရမ်းသမ်းပြောမနေစမ်းပါနဲ့ ..."


ဟယ်ဖေးက လက်များကိုအုပ်လိုက်သည်။

" ကောင်းပါပြီ  ကောင်းပါပြီ ငါထပ်မပြောတော့ဘူးနော် ..."


စုန့်ထင်ရှန်း ဟယ်ဖေးကို နှုတ်ဆက်ခဲ့ပြီး ပြန်ထွက်လာချိန်တွင် တွေးနေမိသည်။

ဒီလူတွေ ဘာဖြစ်နေကြတာလဲ ... သူက ဘာကိစ္စ ယွမ်ရှနဲ့ ကွာရှင်းရမှာလဲ ... သူတို့နှစ်ယောက်က ဘယ်တော့မှကွာရှင်းမှာ မဟုတ်ဘူး ...



ညနေစာ မစားမီအထိ စုန့်ထင်ရှန်းက အတန်းဖော်ဟောင်းဟယ်ဖေးနှင့် သွားတွေ့သည်ကို ယွမ်ရှမသိပေ။ ထိုနာမည်က သူမအတွက် ရင်းနှီးနေသည်။ စုန့်ထင်ရှန်း၏ အဒေါ်အိမ်တွင် ထိုနာမည်ကို ကြားခဲ့ဖူးသည်။ သူမ မရဲတရဲဖြင့်ပေးလိုက်သည်။

" ဒီနေ့တွေ့ခဲ့တဲ့သူငယ်ချင်းက ရှင့်အဒေါ်အိမ်မှာပြောပြခဲ့ဖူးတဲ့တစ်ယောက်ပဲလား ..."


ယွမ်ရှ မှတ်မိနေလိမ့်မည်ဟု သူထင်မှတ်ထားပုံမရပေ။ ထို့နောက် သူခေါင်းငြိမ့်ပြလိုက်သည်။

" အာ ဟုတ်တယ် သူပဲ ..."


" ဒါဆိုရင် ရှင့် အဒေါ်မိသားစုက သိပ်မကောင်းဘူးဆိုတာ သူ့ကိုပြောပြထားသေးလား ... သူ့ညီမလေးက ဟို နာမည်ဘယ်သူမှန်းမသိတဲ့တစ်ယောက်နဲ့ အဆက်အသွယ်ရှိနေတယ်မလား... "

ယွမ်ရှက စုန့်ထင်ရှန်း၏ တစ်ဝမ်းကွဲနာမည်ကို မေ့သွား၍ "နာမည်ဘယ်သူမှန်းမသိတဲ့တစ်ယောက်" ဟု သုံးနှုန်းလိုက်သည်။


စုန့်ထင်ရှန်း အံ့အားသင့်သွားသည်။

" မပြောပြရသေးဘူး ..."


ယွမ်ရှလည်း အံ့ဩသွားသည်။

" ရှင်နဲ့သူက သူငယ်ချင်းကောင်းတွေ မဟုတ်ဘူးလား ..."


နည်းလမ်းကျကျပြောရမယ်ဆိုရင် ဒါမျိုးကိစ္စကို သူ့သူငယ်ချင်းကို အသိပေးသင့်တာ မဟုတ်ဘူးလား ... သူ့သူငယ်ချင်းရဲ့ညီမလေးသာ အဲ့လိုမိသားစုက တစ်ယောက်ယောက်ကို လက်ထပ်လိုက်ရရင် ငရဲပြည်ကို ခုန်ဆင်းသလို ဖြစ်သွားမှာလေ ...


ပဟေဠိဖြစ်နေသော စုန့်ထင်ရှန်းက ဖြေလိုက်သည်။


" သူက သူငယ်ချင်းကောင်းဆိုပေမယ့် သူများမိသားစုကိစ္စတွေမှာ ဝင်စွက်ဖက်တာ မကောင်းဘူးလားလို့လေ ..."


ယွမ်ရှ သံသယမကင်းဖြစ်သွားသည်။

" အဲ့လိုလား ..."


ကြည့်ရတာတော့ ယောက်ျားတွေနဲ့ မိန်းမတွေက ဒါမျိုးကိစ္စတွေကို ကိုင်တွယ်ပုံ ကွာခြားတယ်ထင်တယ် ...


xxxxxx


.