အပိုင်း (၁၇၅)
Viewers 31k

Part 175 


စုန့်ထင်ရှန်း ခေါင်းငြိမ့်ပြလိုက်သည်။


" ပြီးတော့ ဟယ်ဖေးအပေါ် ကိုယ်သဘောပေါက်သလောက်ကတော့ သူက သူ့ညီမလေးကို တော်တော်ဂရုစိုက်တယ် ... ပြီးတော့ ဟယ်ဖေးရဲ့ မိသားစုဝင်တွေက သာမန်လူတွေ မဟုတ်ကြဘူး ... ပထမတစ်ကြိမ် အဆက်အသွယ်ရပြီးနောက်ပိုင်းထဲက ကိုယ့်ညီတစ်ဝမ်းကွဲအကြောင်း စုံစမ်းပြီးလောက်ပြီ ... လူအားလုံးက ငတုံးမှမဟုတ်တာ ... ကိုယ့်အဒေါ်မိသားစုက အမြဲတမ်း တခြားလူတွေကို အရူးလုပ်နိုင်မယ် ထင်နေကြတာ ... ဟယ်ဖေးတို့သားအဖကို အထင်သေးလို့မရဘူး သူတို့က အရမ်းလိမ္မာပါးနပ်ကြတာ ... ကိုယ့်အဒေါ်တွေက ဟယ်မိသားစုနဲ့တော့ မယှဉ်နိုင်ကြပါဘူး ... အဲ့ဒါကြောင့် အဆုံးသတ်မှာ ဘယ်သူခံစားရမယ်ဆိုတာကို ကိုယ်စိတ်မပူတာ ... လောဘကြီးတဲ့လူတွေရဲ့ မသန့်စင်တဲ့ ရည်မှန်းချက်တွေက ဘယ်တော့မှ  အဆုံးသတ်မကောင်းနိုင်ဘူး ..."


စုန့်ထင်ရှန်း ရှင်းပြပြီးသည့်နောက်တွင် ယွမ်ရှ သူ့ကို စနောက်ချင်လာသည်။

" ဒါဆိုရင် ကျွန်မကိုရော အဆုံးသတ်ကောင်းမယ်ထင်လား ..."


စုန့်ထင်ရှန်း သူမပြောသည်ကို ချက်ချင်းနားမလည်လိုက်ပေ။ သူမ၏ကျီစယ်သော အပြုံးကိုမြင်သည့်အခါမှ ကူကယ်ရာမဲ့စွာ ပြန်ပြောလိုက်သည်။

" ကိုယ် မင်းကိုပြောချင်တာ မဟုတ်ပါဘူး ..."


" ရှင့်ကို စောင်းပါးရိပ်ခြည်ပြောနေတယ်လို့ ကျွန်မ မပြောမိပါဘူး ... ကျွန်မရော အဆုံးသတ်ကောင်းနိုင်လားလို့ ဒီတိုင်းမေးကြည့်တာ ..."


စုန့်ထင်ရှန်းစားပွဲပေါ်မှ အမဲသားကင်ကို ငုံ့ကြည့်လိုက်ပြီးနောက် သူမကိုပြန်ကြည့်ကာ လေးနက်တည်ကြည်သော မျက်နှာဖြင့် ပြောလိုက်သည်။


" မင်းကတော့ ကောင်းမှာပါ ..."


ယွမ်ရှက သူမဝိုင်ကိုကိုင်ကာ သူ့ခွက်ဖြင့် ထိလိုက်ပြီးအသံမြည်အောင် လုပ်လိုက်သည်။


" ရှင် ပြောတာတွေ တကယ်ဖြစ်လာပါစေလို့ မျှော်လင့်ပါတယ် ..."


စုန့်ထင်ရှန်း၏ ဇာတိမြေမှ ပြန်လာကြသည့်အခါ ယွမ်ရှက သူ့ကို လာဘ်ကောင်လေးဟု ထင်လိုက်မိသည်။ သူမထံတွင် ကောင်းသောအရာများ ဖြစ်လာလိမ့်မည်ဟု သူပြောပြီးသည့်နောက်တွင် အမျိုးသားနေ့ရွှေရောင် ရက်သတ္တပတ်ပြီးသည့်နောက် သူမထံ အီးမေးလ်တစ်စောင် ရောက်လာသည်။


ယွမ်ရှက ဤသို့ ပျင်းရိစရာဘဝနေထိုင်မှုမျိုးဖြင့် အသားကျ မသွားချင်သောကြောင့် အလုပ်တစ်ခုရှာမည်ဟု ပြောခဲ့သည်။ သို့ရာတွင် သူမက ငွေကြေးမချို့တဲ့နေသည့်အပြင် သူမ၏ အင်္ဂလိပ်စကားပြောကျွမ်းကျင်မှုကို တိုးတက်စေချင်ပြီး မုန့်ဖုတ်သင်တန်းသာ တက်နေခဲ့သည့်အတွက် အလုပ်ရှာခြင်းကိစ္စက သူမ၏ ဦးစားပေးထဲတွင် မပါဝင်ခဲ့ပေ။ သူမ၏ အလုပ်လျှောက်လွှာကို ပို့ထားသည်ဖြစ်၍ ဖုန်းအင်တာဗျူးများ ရခဲ့သော်လည်း သူမကို ဆက်သွယ်လာသည့် ကုမ္ပဏီများကို သူမ စိတ်တိုင်းမကျမိပေ။


ထိုအချိန်ကတည်းက စ၍ အချိန်မြောက်မြားစွာ ကုန်ဆုံးသွားပြီဖြစ်သော်လည်း ယနေ့မှ အီးမေးလ်တစ်စောင် ရောက်လာခဲ့သည်။ အရေးကြီးဆုံးအရာမှာ ဤကုမ္ပဏီ၏ အခြေအနေက သူမနှင့် လုံးဝ အံဝင်ခွင်ကျ ဖြစ်နေသည်။


ပထမတစ်ချက်အနေဖြင့် ကုမ္ပဏီက သူမအိမ်နှင့် အလွန်နီး၍ ကားနှင့်သွားမည်ဆိုပါက ဆယ်မိနစ်အတွင်း ရောက်နိုင်သည်။ ဤနေရာက ယာဉ်ကြောပိတ်ဆို့မှုများလည်း မရှိသလောက်နည်းပါးသည်။


ဒုတိယတစ်ချက်မှာ အလုပ်နေရာက နိုင်ငံခြားဌာနတစ်ခုတွင်ဖြစ်သည်။ အချိန်ကွာခြားချက်များကြောင့် ကုမ္ပဏီက ဝန်ယမ်းများအပေါ်  အလုပ်လုပ်ချိန်ကန့်သတ်မထားပေ။ ခွဲဝေထားသောတာဝန်များကို အချိန် အတိအကျကန့်သတ်မထားပဲ အချိန်မီပြီးရုံဖြင့် အဆင်ပြေသည်။


နောက်ဆုံးအနေဖြင့် လစာကို ရုံးအင်တာဗျူးတွင် ဆွေးနွေးမည်ဟု ပြောထားသော်လည်း အခြေခံလစာအပြင် ဘောနပ်စ်များ၊ နေရာထိုင်ခင်း ထောက်ပံ့မှုများ၊ စားသောက်စရိတ်များပါရှိပြီး အလုပ်အချိန်ဇယားမှာ တစ်ပတ်လျှင် ငါးရက်ဖြစ်ကြောင်း အီးမေးလ်တွင် ရှင်းရှင်းလင်းလင်း ရေးထားသည်။


အီးမေးလ်ထဲတွင် လစာကို ရှင်းလင်းတိကျစွာ မရေးထားသော်လည်း ထောက်ပံ့ကြေးကပင် ယွမ်နှစ်ထောင်ဝန်းကျင်ခန့်ရှိသည်။ ၎င်းက ယွမ်ရှမြင်ဖူးသမျှတွင် အရက်ရောဆုံး ကုမ္ပဏီတစ်ခုဖြစ်သည်။


ထောက်ပံ့ကြေးက အလွန်များသည်ဖြစ်ရာ လစာနှင့် ဘောနပ်စ်ကလည်း နည်းမည်မဟုတ်ပေ။


ထို့အပြင် ဤကုမ္ပဏီကို  မကြာသေးမီက တည်ထောင်ခဲ့ခြင်းဖြစ်သည်။  ဝန်ထမ်းများစွာမရှိသောကြောင့် လူအချင်းချင်းဆက်ဆံရေးက အတော်လေးရိုးရှင်းမည်ဖြစ်သည်။ အိမ်နှင့်နီးကာ လစာကောင်းသော အလုပ်တစ်ခုဖြစ်သည့်အတွက် ကုမ္ပဏီကို မမြင်ရသေးသော်လည်း ယွမ်ရှအလွန်စိတ်ဝင်စားနေပြီဖြစ်သည်။


သူမ မနက်ဖြန်တွင်လည်း လုပ်စရာကိစ္စမရှိသည့်အတွက် အင်တာဗျူးဖြေရန် သွားရမည်။ အကယ်၍ ကိစ္စအားလုံး အဆင်ပြေသွားပါက သူမ အလုပ်လုပ်ရန် အခက်အခဲ မရှိတော့ပေ။


သူမ နိုင်ငံခြားသားဆရာတစ်ယောက်နှင့် အင်္ဂလိပ်စာသင်နေခဲ့သည်မှာ အတော်ကြာပြီဖြစ်သည်။ ယခုချိန်က သူမ သင်ကြားထားခဲ့ရသည်များကို လက်တွေ့အသုံးချရတော့မည်ဖြစ်သည်။ သူမ အင်္ဂလိပ်စာသင်တန်းအတွက်လည်း အချိန်ပြောင်းရတော့မည်ဖြစ်သည်။ မုန့်ဖုတ်သင်တန်းကိုလည်း အချိန်ခဏရွှေ့ထားရတော့မည်။


စုန့်ထင်ရှန်းကို လာဘ်ကောင်လေးဟု ယွမ်ရှ ထင်မိလာသည်။


သူမ စိတ်ကြည်လင်ကာ ပျော်ရွှင်နေသဖြင့် ညစ်ကျယ်ကျယ်ပြုံးလိုက်ပြီး ဖုန်းထဲမှ စုန့်ထင်ရှန်း၏ နာမည်ကို လာဘ်ကောင်လေးစုန့်ဟု အမည်ပြောင်းလိုက်သည်။


xxxxx