Chapter 176
ယွမ်ရှက နောက်နေ့မနက် အင်တာဗျူးဖြေရမည်ကို စုန့်ထင်ရှန်းထံမှ လျှို့ဝှက်မထားခဲ့ပေ။ စုန့်ထင်ရှန်း အလုပ်မှ ပြန်လာပြီးသည့်နောက် ညစာစားကြသည့်အခါ သူမက တည့်တိုးသာပြောလိုက်သည်။
" ကျွန်မ မနက်ဖြန်မနက် အလုပ်အင်တာဗျူးတစ်ခု သွားဖြေရမယ့် ... ဝမ်လေးကို ကျောင်းလိုက်မပို့နိုင်တော့ဘူး ရှင်လိုက်ပို့ပေးလို့ ရမလား .. ဒါမှမဟုတ် ကျောင်းကားနဲ့ သွားခိုင်းရမလား ..."
ဝမ်လေးက ကြက်တောင်ပံတစ်ချောင်းကို ကိုင်ထားပြီး ထိုစကားများကြားသည့်အခါ သူမကို မေးလိုက်သည်။
" မာမား အင်တာဗျူးဆိုတာ ဘာလဲ ..."
" အင်တာဗျူးကလည်း စာမေးပွဲတစ်မျိုးပဲ ... မာမားက အလုပ်လုပ်ချင်တာလေ ... အဲ့တော့ အင်တာဗျူးမှာအဆင်ပြေသွားရင် ဝမ်လေးနဲ့ အရင်လို မဆော့ပေးနိုင်တော့ဘူး ... ဝမ်လေး အဲ့ဒါကို ဘယ်လိုထင်လဲ ..."
ဝမ်လေးက ခဏစဉ်းစားပြီးနောက် ဖြေလိုက်သည်။
" မာမား အလုပ်က အရမ်းပင်ပန်းမှာလား ..."
" မပင်ပန်းပါဘူး အရင်လောက် အချိန်မအားတော့တာပဲရှိမှာ ..."
" အလုပ်က မာမားကို ပျော်အောင်လုပ်ပေးမှာလား ..."
" အင်း ... မာမားရဲ့ဘဝကို တက်ကြွနေစေမှာပေါ့ ... ဝမ်လေး သူငယ်တန်းစတက်ချိန်ကလိုပဲပေါ့ ..."
ဝမ်လေးက မဆိုင်းမတွ ခေါင်းငြိမ့်ပြလိုက်သည်။
" မာမား ပျော်မယ်ဆို အလုပ်သွားလုပ်သင့်တာပေါ့ ... သားလည်း ကျောင်းမှာ သူငယ်ချင်းတွေရှိတယ် မာမားလည်း သူငယ်ချင်းတွေ ရှိသင့်တာပေါ့ ..."
ကောင်းပြီ ... သူမ သားလေးကတော့ မငြင်းဘူး ... အခုတော့ "ခင်ပွန်း" ဖြစ်သူက ဘယ်ပြောမယ်ဆိုတာပဲ ကြည့်ရတော့မယ် ...
စုန့်ထင်ရှန်းကလည်း ငြင်းဆန်လိမ့်မည်ဟု သူမ မခန့်မှန်းထားပေ။ ထို့အပြင် သူ့ထံ၌ ငြင်းဆန်စရာအကြောင်းအရင်းလည်း မရှိပေ။
စုန့်ထင်ရှန်းကလည်း အမှန်ပင် ငြင်းဆန်ရန် ရည်ရွယ်ချက်မရှ်ိပေ။ ဆန့်ကျင်ဘက်ကပင် သူက သူမကို ထောက်ခံအားပေးနေသေးသည်။
" အလုပ်လုပ်ရတာ ကောင်းမယ်လို့ထင်ရင် လုပ်ကြည့်သင့်တယ် ... တကယ်လို့ သဘောမကျရင်တော့ အလုပ်ထွက်ခဲ့ပေါ့ ... လူတွေက ကိုယ်ကြိုက်တာကိုယ်လုပ်ပြီး ဘဝကို ဖြတ်သန်းသင့်တယ်လေ ..."
သို့သော်လည်း သူမအင်တာဗျူးသွားဖြေရမည့် ကုမ္ပဏီကို သူသိချင်နေသေးသည်။
" ကုမ္ပဏီက ဘယ်နားမှာလဲ ..."
ထိုကုမ္ပဏီအကြောင်း သူမေးသည့်အခါ ယွမ်ရှအလွန်ပျော်ရွှင်သွားသည်။ သူမ ညစာစားနေသည်ကိုပင် စိတ်မဝင်စားတော့ပေ။
" ကျွန်မကို ဆက်သွယ်လာသမျှထဲမှာ ဒီကုမ္ပဏီက အသင့်တော်ဆုံးပဲ ... အိမ်နဲ့လည်းနီးတယ် ကားနဲ့ဆို ဆယ်မိနစ်လောက်ပဲ သွားရမှာ ... အဲ့ဒီနေရာတစ်ဝိုက်က ရုံးအဆောက်အဦးတွေက အခုနောက်ပိုင်းမှ ဆောက်ထားလို့ထင်တယ် ကားလည်းမပိတ်ဘူး... အဲ့တော့ အိမ်နဲ့ရုံး သွားတာနဲ့တင် အများကြီးအချိန်မကုန်တော့ဘူး ... အဲ့တစ်ခုတည်းနဲ့တင် ကျွန်မတော်တော်သဘောကျတယ် ..."
စုန့်ထင်ရှန်း : " အင်း ဒါဆိုရင် တော်တော်လေး အဆင်ပြေတာပဲ ... အချိန်ကုန် ငွေကုန် သက်သာတယ် ဂက်စ်လည်း ချွေတာပြီးသား ဖြစ်သွားတာပေါ့ ..."
ယွမ်ရှက ဆက်ပြောပြနေသည်။
" ကျွန်မက နိုင်ငံခြားရေးဌာနမှာ အင်တာဗျူးဖြေရမှာ ... အီးမေးလ်မှာပြောထားတာတော့ အချိန်ကွာခြားမှုကြောင့် အလုပ်ချိန် မသတ်မှတ်ထားဘူးတဲ့ ... ပေးထားတဲ့အလုပ်ကို ပြီးနေသရွေ့တော့ ဘယ်အချိန်လုပ်လုပ် ကိုယ်တိုင်သတ်မှတ်လို့ရတယ်လို့ပြောတယ် ... အား ဒီလို ကြင်နာတတ်ပြီး အဆင်ပြေတဲ့ ကုမ္ပဏီလိုမျိုးမှာ ပထမဆုံးအင်တာဗျူးဖြေဖူးတာပဲ ..."
ဂရုတစိုက်တွေးကြည့်အခါ သူမ ဤကမ္ဘာသို့ ရောက်လာချိန်မှစ၍ မည်သည့်ကုမ္ပဏီတစ်ခုတွင်မှ အင်တာဗျူး မဖြေရသေးပေ။
စုန့်ထင်ရှန်း မျက်ခုံးပင့်လိုက်သည်။
" အကျိုးကျေးဇူးတွေက များသားပဲ ... ကြည့်ရတာ ကုမ္ပဏီသူဌေးက အတော်လေးငယ်ပြီး လုပ်ရိုးလုပ်စဉ်တွေကို သဘောမကျဘူးထင်တယ် ..."
" အမ် ကုမ္ပဏီထောင်ထားတ သိပ်မကြာသေးဘူးထင်တယ် ... ဝန်ထမ်းတွေတောင် အများကြီးမရှိသေးဘူး... ရိုးရှင်းတဲ့ လူမှုဆက်ဆံရေးတွေရှိတဲ့ ကုမ္ပဏီတွေကိုပဲ ကျွန်မ သဘောကျတယ် ... လစာကို အီးမေးလ်မှာ မရေးထားပေမယ့် မဆိုးဘူးလို့ ထင်တာပဲ ..."
ယွမ်ရှ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
" လစာကတော့ သေချာပေါက် အရေးမကြီးပါဘူး ... ကျွန်မ အလုပ်မလုပ်ရတာလည်း အတော်ကြာပြီဆိုတော့ ယွမ်အနည်းငယ်ရရင်ကို အဆင်ပြေပါတယ် ... အနည်းဆုံးတော့ ဝမ်လေးကို အင်္ကျီ အဝတ်အစားလေးတွေ ဝယ်ပေးလို့ရတယ်လေ ..."
ထိုစကားကြောင့် ဝမ်လေး ပျော်သွားရုံမက စုန့်ထင်ရှန်းပါ ဝမ်းသာမိသွားသည်။
" အင်တာဗျူးအောင်ပါစေလို့ ကိုယ်ဆုတောင်းပေးပါတယ် ..."
" ကျေးဇူးတင်ပါတယ် ~ "
xxxxx