အပိုင်း (၁၇၇)
Viewers 31k

Chapter 177 


သူမ ပြုံးလိုက်ချိန်တွင် မျက်လုံးထဲတွင် ကြယ်များ တလက်လက်တောက်နေသည်ဟုပင် ထင်ရသည်။ ထိုမြင်ကွင်းက အလွန်လှပကာ တောက်ပနေလွန်းသည်။ ယွမ်ရှ၏ ဝမ်းသာနေသည့်အမူအယာကြောင့် သူမကို ပထမဆုံးတွေ့သည့်အချိန်ကထက်ပင် ရင်သပ်ရှုမောလောက်အောင်အထိ လှပနေသည်ဟု ထင်ရသည်။


ယွမ်ရှက အထူးတလည်မဟုတ်သော်လည်း ယခုလက်ရှိ သူမက သူ့ကိုအိမ်နှင့်တူသည့် ခံစားချက်မျိုး ပေးနိုင်သည်ဟု ဝန်ခံရမည်ဖြစ်သည်။


ဝမ်လေးက သူ့ရေခွက်ကိုမြှောက်ပြီး ယွမ်ရှနှင့် ခွက်ချင်းတိုက်လိုက်သည်။


" မာမား မနက်ဖြန်စာမေးပွဲမှာ အမှတ်များများရပါစေလို့ ဆုတောင်းပေးမယ်နော် ..."


ယွမ်ရှ မျက်လုံးများမှိတ်သွားသည်အထိ ပြုံးလိုက်မိသည်။

" ကျေးဇူး‌ပါ ကလေးလေးရေ ... မာမား မနက်ဖြန် အမှတ်ကောင်းကောင်းရခဲ့ရင် အရသာရှိတာ တွေ အများကြီး ဝယ်ကျွေးမယ် ..."


ငွေရှိပြီး အားလပ်ချိန်များသော ဘဝက အံ့အားသင့်စရာကောင်းသော်လည်း ဤကဲ့သို့ လူနေမှုဘဝက သူမအတွက် မဟုတ်သည်ကို ယွမ်ရှသိလိုက်သည်။ သူမက သာမန်လူတစ်ယောက်သာဖြစ်သည့်အတွက် သာမန်လူတစ်ယောက်ကဲ့သို့ နေထိုင်ခြင်းကသာ သူမအတွက် စိတ်သက်သာရာ ‌ရစေလိမ့်မည်။


လွန်ခဲ့သည့် လအနည်းငယ်က ဖြစ်ပျက်ခဲ့သည်များက သူမငယ်စဉ်က ကာတွန်းကားကို ခိုးကြောင်ခိုးဝှက်ကြည့်ခဲ့ရသည်နှင့် ခံစားချက်ခြင်းတူသည်။ ပျော်စရာကောင်းသော်လည်း ကြောက်စိတ်က အမြဲရှိနေခဲ့သည်။  သေချာစဉ်းစားတွေးတောကြည့်သည့်အခါ သူမရင်ထဲက ခံစားချက်အတိုင်း မလုပ်ခဲ့ရသောကြောင့်ဖြစ်သည်ကို သတိထားမိလာသည်။


လူအများက စိတ်လှုပ်ရှားစရာကောင်းမှုနှင့် မြင့်မြတ်မှုနောက်သို့ လိုက်ကြသော်လည်း လူအများစုမှာ ဘဝကို တည်ငြိမ်စွာသာ ဖြတ်သန်းလိုကြသည်။



ယွမ်ရှက ဤအင်တာဗျူးကို အလွန်အလေးထားသည်။ သူမ မနက်စောစောအိပ်ရာထပြီး အင်တာဗျူအတွက် သင့်တော်မည့်ဝတ်စုံကို ထုတ်ထားကာ မိတ်ကပ်ကို ရိုးရိုးရှင်းရှင်းသာ လိမ်းထားသည်။ မူလပိုင်ရှင်၏ လိုအပ်သောစာရွက်စာတမ်းများကိုယူဆောင်၍ သူမကိုယ်ကို အားတင်းကာ ကုမ္ပဏီသို့ ကားမောင်းထွက်လာခဲ့သည်။


ယာဉ်ကြောပိတ်ဆို့ခြင်းမရှိသည့်အတွက် ကုမ္ပဏီသို့ ရောက်ရန် ဆယ်မိနစ်ခန့်သာ အချိန်ယူလိုက်ရသည်။


ယခုချိန်မှစ၍ အလုပ်သွားရန်အတွက် အိပ်ရာစောစောထရန် မလိုတော့ပေ။


ကုမ္ပဏီက မြို့လည်တွင် မရှိသည့်အတွက် ထိုနေရာတစ်ဝိုက်တွင် ရုံးအဆောက်အဦး များများစားစားမရှိပေ။ ထိုဧရိယာတစ်ဝိုက်က ယခုနောက်ပိုင်းနှစ်များမှ စတင်ဖွံ့ဖြိုးလာခြင်းဖြစ်သည်။ သူမ အင်တာဗျူးဖြေရမည့် အဆောက်အဦးကလည်း နှစ်အနည်းငယ်ကမှ တည်ဆောက်ထားခြင်းဖြစ်သည်။ အပြင်ဘက်မှ ကြည့်ရုံဖြင့် အလွန်သေသပ်ကျနသော ဒီဇိုင်းကို တွေ့ရသည်။ မှန်ချပ်များမှတစ်ဆင့် အတွင်းမှာဂရိဘောဂများက အသစ်ဖြစ်ကြောင်းလည်း သိလိုက်ရသည်။


ယွမ်ရှက အနီးတစ်ဝိုက်ကို လှည့်ပတ်ကြည့်နေသည်။ မလှမ်းမကမ်းတွင် ဈေးဝယ်စင်တာတစ်ခုနှင့် မြေအောက်ရထားဘူတာရုံတစ်ခုလည်း ရှိသည့်အပြင် စားသောက်ဆိုင်များစွာလည်း ရှိသည်။ အကယ်၍ နေ့လည်စာကို အိမ်ပြန်မစားနိုင်ပါက ဤနေရာတစ်ဝိုက်တွင်သာ စား၍ရသည်။


အဆောက်အအုံကြီးများအတွက် မြေအောက်ကားပါကင်ကလည်း အလွန်သင့်လျော်သည်။  လစဉ်ကတ် လျှောက်ထားပါက ကားပါကင်ခ လျှော့စျေးလည်း ပေးထားသည်။  ယွမ်ရှ ထိုအကြောင်းများသိသွားပြီးသည့်နောက် ကားရပ်ပြီး အင်တာဗျူးသွားဖြေရန်အတွက် ဓာတ်လှေကားပေါ်တက်သွားသည်။


သူမ၏ ရာထူးအတွက် ယှဉ်ပြိုင်သူ မများစေရန်သာ သူမ သတိထားနေရသည်။


မူလပိုင်ရှင်က အချို့ကဏ္ဍများတွင် ထူးချွန်သော်လည်း သူမက နှစ်အနည်းငယ်ခန့် အလုပ်မလုပ်ခဲ့သူဖြစ်သဖြင့် အင်တာဗျူးမည့်သူများ စိတ်ကွက်မည်ကို သူမ မသိပေ။


ယွမ်ရှ ဓာတ်လှေကားထဲမှ ထွက်လာသည်။ ဤအထပ်တွင် ကုမ္ပဏီတစ်ခုသာရှိသည်။ ကုမ္ပဏီက အခုမှ နေရာပြောင်းလာပုံရသည်။ သူမ ဝင်လာသည်နှင့် အမျိုးသမီးတစ်ယောက်က ခုံမှချက်ချင်းထလာသည်။


ဧည့်ကြိုမိန်း‌ကလေးက အပြုံးကြီးကြီးတစ်ခုဖြင့် ပြုံးပြလိုက်သည်။

" အင်တာဗျူးဖြေဖို့ ရောက်လာတာလားရှင့် ..."


" ဟုတ်ပါတယ် ..."


" ကျေးဇူးပြုပြီး ကျွန်မနောက်က လိုက်ခဲ့ပါ ..."

ဧည့်ကြိုမိန်းကလေးက သူမကို နှုတ်ဆက်ပြီး ကုမ္ပဏီထဲကို ခေါ်သွားသည်။


ယွမ်ရှ တွေးလိုက်မိသည်။

ဒီ ဧည့်ကြိုမလေးက တော်တော်ဖော်ရွေတာပဲ ... အရင်ဘဝက အင်တာဗျူးဖြေတုန်းကဆို ဧည့်ကြိုတွေက ဘယ်တော့မှ ဧည့်သည်တစ်ယောက်လို မဆက်ဆံကြဘူး ...


ကုမ္ပဏီ၏ ရုံးခန်းက သေးငယ်သည်ဟု သတ်မှတ်၍ မရပေ။ ပရိဘောဂများကလည်း အလွန်ကောင်းသည်  သို့ရာတွင် ဝန်ထမ်း များများစားစားမရှိပေ။ ယွမ်ရှက ဧည့်ကြိုမိန်းကလေးနှင့်အတူ အစည်းအဝေးခန်းထဲ လိုက်သွားသည်။


ယွမ်ရှ ထိုင်ပြီးသည်နှင့် ဧည့်ကြိုမိန်းကလေးက မေးလိုက်သည်။

" လက်ဖက်ရည်သောက်မလား ကော်ဖီသောက်မလားရှင့် ... လိ‌မ္မော်ရည်လည်း ရှိပါတယ် ..."


ယွမ်ရှက တွေးလိုက်သည်။

" ရေဆိုလည်း အဆင်ပြေပါတယ် ..."


ထိတ်လန့်စရာကောင်းသည်မှာ ဧည့်ကြိုမလေးက သူမအတွက်  သန့်စင်ထားသော Hermèsရေပုလင်းယူလာပေးသည်။


ဒီကုမ္ပဏီပိုင်ရှင်က အရမ်းချမ်းသာတာလား ...


xxxxxx