အပိုင်း (၁၇၈)
Viewers 31k

Chapter 178 


ဧည့်ကြိုမလေး အစည်းအဝေးခန်းထဲမှ ထွက်သွားသည်နှင့် စီးပွားရေးလုပ်ငန်းရှင်ကဲ့သို့ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက် ဝင်လာသဖြင့် ယွမ်ရှ ချက်ချင်း မတ်တပ်ရပ်လိုက်သည်။


" ရပါတယ် ထိုင်ပါ ထိုင်ပါ ..."


ထို အမျိုးသမီးက သူ့ကိုယ်သူ မိတ်ဆက်သည်။

" မင်္ဂလာပါ ကျွန်မက ကုမ္ပဏီရဲ့HRမန်နေဂျာ လျှို့မီပါ ..."


ယွမ်ရှက လူမှုပတ်ဝန်းကျင်နှင့် ကင်းကွာနေခဲ့သည်မှာ ကြာပြီဖြစ်၍ စိတ်ထဲ မေးခွန်းတစ်ခု ရောက်လာသည်။

ခုခေတ် အင်တာဗျူးတဲ့လူတွေက ဒီလောက်ယဉ်ကျေးကြတာလား ... သူ့ကိုယ်သူ ကျွန်မလို့တောင် သုံးနှုန်းလိုက်တယ်...


သူမ အလုပ်ပြန်လုပ်ရန် ဆုံးဖြတ်လိုက်၍ တော်သေးသည်။ မဟုတ်ပါက သူမ၏ အေးအေးလူလူဘဝကို နှစ်အနည်းငယ် ထပ်မံဖြတ်သန်းလိုက်ပါက အင်တာဗျူးလုပ်ငန်းစဉ်များ မည်သို့ ပြောင်းလဲသွားသည်ကိုပင် မသိ‌ဖြစ်နေလိမ့်မည်။


ကံကောင်းသည်မှာ အင်တာဗျူး၏ နောက်ထပ်အပိုင်းက သူမ ယခင်ဘဝမှ အင်တာဗျူးနှင့် တူနေသည်။ 


" ရှင့်ရဲ့ ပရိုဖိုင်ထဲမှာ လက်ထပ်ပြီးသားလို့ ဖြည့်ထားတာတွေ့တယ် ..."


ခက်ခဲသည့် အပိုင်းတစ်ခုကို ရောက်လာပြီဖြစ်သည်။ အင်တာဗျူးသူအမြောက်အများက ထိုမေးခွန်းမျိုးမေးသည်ကို သူမသိသည်။


" ရှင်က လက်ထပ်ထားတာလား ..."


အကယ်၍ လက်ထပ်ထားသည်ဟု ဖြေလိုက်ပါက ...ကလေး ဘယ်နှယောက်ရှိသလဲ ... ထပ်ယူဦးမှာလားဆိုတဲ့ မေးခွန်းတွေ မေးတော့မှာ ...


" ဟုတ်ကဲ့ ကျွန်မက လက်ထပ်ထားတာပါ ..."

ယွမ်ရှ စိတ်ထင်သည်လား မပြောတတ်သော်လည်း သူမ အတည်ပြုလိုက်သည်နှင့် HRမန်နေဂျာက အံ့အားသင့်မှုကြောင့် ခဏတာ အေးခဲသွားသလိုပင်။


HRမန်နေဂျာက ထပ်မေးလိုက်သည်။

" ကလေးရော ရှိလား မသိဘူး ..."


" ရှိပါတယ် သူကအခု သူငယ်တန်းတက်နေပါပြီ ... ကျွန်မ အမျိုးသားနဲ့ကျွန်မက ကလေးနောက်တစ်ယောက်ထပ်ယူဖို့ အစီအစဉ်မရှိပါဘူး ..."

နောက်ထပ်မေးခွန်းများကို မစောင့်ဆိုင်းတော့ပဲ သူမက တက်ကြွစွာဖြေလိုက်သည်။


HRမန်နေဂျာက ပြုံးပြလိုက်သည်။


" ဒါဆိုရင် ကောင်းပါပြီ ... ခန့်မှန်းလစာ ဘယ်လောက်လိုချင်လဲရှင့် ... အဆင်ပြေတဲ့ ပမာဏကို တစ်ချက်ပြောပေးပါ ..."


သူမ ဘာကို ဆိုလိုတာလဲ ...

ယွမ်ရှ အတွေးများသွားသည်။ 


သူမ ဘယ်လောက်တောင်းတောင်း ပေးမယ်လို့ ပြောချင်တာလား ... ဒီကုမ္ပဏီက စိတ်ဝင်စားစရာကောင်းသားပဲ ...


" ဒီရာထူးအတွက် ပုံမှန်လစာက ဘယ်လောက်ပေးတာလဲရှင့် ..."

ယွမ်ရှက ယဉ်ကျေးစွာပင် မေးလိုက်သည်။


HRမန်နေဂျာက တွေးနေသည်။

" ကျွန်မတို့ဆီမှာက ပုံသေ လစာပမာဏမရှိဘူး ..

အကယ်၍ ရှင့်မှာ အရည်အချင်းရှိတယ်ဆိုရင်တော့ ကိုယ်လိုချင်တဲ့ ပထမကို အရင်ပြောလို့ရတယ် ... မစ္စယွမ် လစာက ယွမ်တစ်သောင်းဆိုရင် သင့်တော်မယ်လို့ထင်လား ...


ယွမ် ယွမ် တစ်သောင်းတဲ့ ...


ယွမ်ရှ မျက်လုံးများ ပြူးကျယ်သွားသည်။  နိုင်ငံခြားရေးဌာန၏ ရာထူးများက အလွန်နာမည်ကြီးသည်ဟု သူမ ဤနေရာသို့ မလာမီက တွေးခဲ့မိသည်။ သို့ရာတွင် သူမက သာမန်ရုံးအလုပ်ရာထူးကိုသာလျှောက်ထားခြင်းဖြစ်၍ ယွမ် ထောင်ဂဏန်းခန့်သာ ရမည်ဟု တွေးခဲ့သည်။


HR မန်နေဂျာက သူမကို ထပ်ကြည့်လိုက်သည်။


" တကယ်လို့ အဆင်မပြေဘူးထင်ရင်လည်း ကျွန်မ ကုမ္ပဏီခေါင်းဆောင်နဲ့ ဆွေးနွေးပေးလို့ရပါတယ် ..."


" မဟုတ်ပါဘူး အဲ့လိုမဟုတ်ပါဘူး ..."

ယွမ်ရှ အလျင်အမြန်ပင် လက်ကာပြလိုက်သည်။


" အဆင်မပြေဘူးလို့ မထင်ပါဘူးရှင့် ..."


HRမန်နေဂျာက စိတ်အေးသွားပုံဖြင့် သက်ပြင်းချလိုက်သည်။


" ဘောနပ်စ်ကတော့ လတစ်လတာရဲ့ စွမ်းဆောင်ရည်နဲ့ ဆိုင်ပါတယ် အနည်းဆုံးကတော့ ယွမ် ၅၀၀၀ က စတာပါ ... အများဆုံး ကန့်သတ်ချက်ဆိုပြီးတော့ မရှိပါဘူး ..."


ယွမ်ရှ ပင့်သက်ရှိုက်လိုက်သည်။

ဒါဆိုရင် လစာနဲ့ ဘောနပ်စ်ရယ် ထောက်ပံ့ကြေးတွေရယ်ဆို ယွမ်နှစ်သောင်းနီးပါးပေါ့ ...


ဘုရားရေ ... ဒီကုမ္ပဏီက ဘယ်လိုတောင်လဲ ...



ယွမ်ရှ ကုမ္ပဏီမှ ထွက်လာသည့် အချိန်ထိ အံ့ဩမှင်သက်နေဆဲဖြစ်သည်။ HRမန်နေဂျာက သူမကို အပေါက်ဝထိ လိုက်ပို့ကာ ဓာတ်လှေကားခလုတ်ကိုပင် နှိပ်ပေးခဲ့သည်။


ကားပါကင်သို့ ရောက်သည့်အခါ ယွမ်ရှ ရေတစ်ငုံသောက်လိုက်ပြီး စိတ်နှင့်လူကပ်အောင် သတိထားလိုက်သည်။ စုန့်ထင်ရှန်းကို Wechatတွင် စာပို့ရန်ပင် မစောင့်နိုင်တော့ပေ။ 

( ကျွန်မ အင်တာဗျူးအောင်တယ် ... HRမန်နေဂျာပြောတာတော့ ဘာကိစ္စမှ အထွေအထူးမရှိရင် နောက်တစ်ပတ်တနင်္လာနေ့ကစပြီး အလုပ်ဆင်းလို့ ရပြီတဲ့ ... စုန့်ထင်ရှန်း ကျွန်မရဲ့ လစာကို မှန်းကြည့်ပါဦး ... ထောက်ပံ့ကြေးတွေ ဘောနပ်စ်တွေပါ ပေါင်းလိုက်ရင် တစ်လကို ယွမ်နှစ်သောင်းတဲ့ ... အား ကျွန်မ ချမ်းသာတော့မယ် ...)


သူမက ယခုလက်ရှိတွင် ချမ်းသာနေပြီဖြစ်သော်လည်း တစ်လစာယွမ်နှစ်သောင်းရမည့် အလုပ်အင်တာဗျူးကို အောင်ခဲ့ခြင်းက သူမအတွက် အိမ်မက်တစ်ခုကဲ့သို့ ဖြစ်နေသညိ။


ယွမ်နှစ်သောင်းတဲ့ ...


တကယ်ကို ကံကောင်းနေတာပဲ ... အိမ်နဲ့လည်းနီး အလုပ်ကလည်း အရမ်းမများတဲ့အပြင် လစာကလည်း တော်တော်ကောင်းတယ် ...


ဘုရားသခင်က ဒီနေရာကို နေရာကူးပြောင်းလာပြီးမှ ချက်ချင်း အမေတစ်ယောက်ဖြစ်သွားလို့ သူမအတွက် ဝမ်းနည်း‌တဲ့အနေနဲ့ ကံကောင်းအောင် လုပ်ပေးလိုက်တာများလား ...


xxxxxxx