အပိုင်း (၁၇၉)
Viewers 31k

Chapter 179 


.


ဤကဲ့သို့ အခြေအနေကောင်းသည့် ကုမ္ပဏီတွင် အင်တာဗျူးဖြေဆိုခဲ့ရသည့်အပြင် သူမကိုလည်း ကောင်းကောင်းမွန်မွန်ဆက်ဆံသဖြင့် ယွမ်ရှက ထိုသတင်းကို တစ်စုံတစ်ယောက်နှင့်မျှဝေရန် မစောင့်နိုင်တော့ပေ။ သို့ဖြစ်၍ ထိုကိစ္စများကို ပြောပြရန် သူမ ဆုံးဖြတ်လိုက်သည့်လူက စုန့်ထင်ရှန်း ဖြစ်နေသည်။


စုန့်ထင်ရှန်းက ယခုအချိန် အလုပ်များမများကို မသိသဖြင့် သူမ မက်ဆေ့ဆစ်စောင်ထပ်ပို့လိုက်သည်။

( လောလောဆယ် ဖုန်းပြောဖို့ အဆင်ပြေလား ...)


စုန့်ထင်ရှန်းနှင့် အဆင်ပြေပြေနေလာနိုင်ပြီးနောက်တွင် သူနှင့် ပိုရင်းနှီးလာသည်ဟု ခံစားမိလာသည်။ သူမက ပုံမှန်အချိန်တွင် အင်္ဂလိပ်စာ တိုးတက်အောင်သင်ကြားနေရခြင်းနှင့် မုန့်ဖုတ်သင်တန်းတက်နေရခြင်းနှင့် အလုပ်များနေတတ်သည်။ အချိန်အားပါကလည်း ဝမ်လေးနှင့် အချိန်ဖြုန်းနေရသဖြင့် သူမတွင် သူငယ်ချင်းအသစ်ရှာချိန် မရှိပေ။ သို့ဖြစ်၍ ကိစ္စကောင်းတစ်ခုနှင့် ကြုံတွေ့ရပါက ထိုသတင်းများကို မျှဝေစရာလူက စုန့်ထင်ရှန်း တစ်ယောက်သာရှိသည်။


စုန့်ထင်ရှန်း စားပွဲပေါ်တွင် တင်ထားသည့်ဖုန်းက ဒုတိယအကြိမ် တုန်ခါလာသည်။ ဖုန်းကိုကြည့်လိုက်သည့်အခါ ယွမ်ရှထံမှ မက်ဆေ့ဖြစ်နေသဖြင့် သူမကို ဖုန်းခေါ်လိုက်သည်။


သူမက အမြန်ပင် ဖုန်းကိုင်လိုက်သည်။ ယွမ်ရှ၏ စိတ်လှုပ်ရှားနေသောအသံကို ကြားလိုက်ရသည်။

" စုန့်ထင်ရှန်းရေ ... ကျွန်မ အင်တာဗျူးအောင်တယ် ... ဒီနေ့ ကိစ္စအားလုံးက အဆင်ပြေနေတယ် ...  သူတို့အင်တာဗျူးတာ ကျွန်မတစ်ယောက်ပဲ ရှိသေးတာထင်တယ် ..."


စုန့်ထင်ရှန်း အချိန်ကိုကြည့်လိုက်သည်။ ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းဆိုပါက ဤအချိန်က အင်တာဗျူးပြီးရမဲ့အချိန်ဖြစ်သည်။ စုန့်ထင်ရှန်းက ပြုံး၍ ရိုးသားစွာပင် ပြောလိုက်သည်။

" ဂုဏ်ပြုပါတယ် ..."


ထိုသို့ တက်ကြွပျော်ရွှင်နေသည့် ယွမ်ရှကို သူသဘောကျသည်။ ဤအချိန်ကာလအတွင်း သူမ များစွာပြောင်းလဲသွားသည်ဟု ခံစားမိလိုက်သည်။ ကံကောင်းသည်မှာ သူမပြောင်းလဲသွားသည်က ကောင်းသော ပြောင်းလဲခြင်းများ ဖြစ်နေခြင်းပင်။


အကယ်၍ သူမက သူတို့လက်ထပ်စဉ်အချိန်မှစ၍ ထိုကဲ့သို့ ပြုမူခဲ့ပါက သူတို့၏ဆက်ဆံရေးက ကွဲပြားသွားနိုင်သည်ဟု စုန့်ထင်ရှန်း ရံဖန်ရံခါ မတွေးမိပဲ မနေနိုင်ပေ။


ယွမ်ရှ နေရခက်သွားသည့်ပုံဖြင့် ရယ်လိုက်သည်။

" ကျွန်မ ပြောပြဦးမယ် ... ဒီကုမ္ပဏီက မထင်မှတ်ထားပဲ အခြေအနေကောင်းတွေရှိနေတယ် ... မနေ့က ညစာစားတုန်းက ကုမ္ပဏီက အိမ်နဲ့နီးပြီး အလုပ်ချိန်ကို ကိုယ်တိုင်သတ်မှတ်လို့ရတဲ့အကြောင်း ပြောပြခဲ့တယ်လေ ... HRမန်နေဂျာကလည်း အင်တာဗျူးနေတုန်း လစာအကြောင်းပြောပြတယ် ... ကျွန်မရဲ့ လစာက ဘယ်လောက်လဲလို့ မှန်းကြည့်ပါဦး ... ရှင် ခန့်မှန်းနိုင်မှာ မဟုတ်ဘူး ..."


စုန့်ထင်ရှန်း တွေးလိုက်မိသည်။ ကုမ္ပဏီအရွယ်အစား မည်သို့ပင်ရှိစေကာမူ နိုင်ငံခြားဌာန၏ ရာထူးများကို လစာကောင်းကောင်းပေးလေ့ရှိသည်။ သို့ရာတွင် ယွမ်ရှက  ရုံးဝန်ထမ်းရာထူးအတွက်သာ အင်တာဗျူးဝင်ခဲ့ပြီး အရောင်းရာထူး နေရာမဟုတ်ပေ။ ဤရာထူးအတွက်လစာက သာမန်ရုံးဝန်ထမ်းတစ်ယောက်ကို ပေးသည်ထက် များနိုင်သော်လည်း အလွန်များနေမည်မဟုတ်သဖြင့် သူဖြေလိုက်သည်။

" ဒီလိုရာထူးမျိုးဆိုရင် တစ်လကို ယွမ် ၅၀၀၀ ၆၀၀၀လောက်ပေါ့ ..."


" မှားတယ် ..."

ယွမ်ရှ ကျယ်လောင်စွာရယ်လိုက်သည်။


" အဲ့ နှစ်ဆလို့ ဖြေလိုက်ရမှာ ... အစမ်းခန့်ကာလမှာတော့ လစာက ယွမ်တစ်သောင်းတဲ့ ... အမြဲတမ်းဝန်ထမ်းဖြစ်သွားရင်တော့ ယွမ် တစ်သောင်းကနေ နှစ်သောင်းကို တိုးပေးလိမ့်မယ် ..."


လစာအကြောင်း စကားစလိုက်သည်နှင့် ယွမ်ရှ မရယ်ပဲ မနေနိုင်ပေ။ သူမက အားသာချက်ကြီးတစ်ခုကို ရရှိထားသကဲ့သို့ ခံစားလိုက်မိသည်။


ဆန့်ကျင်ဘက်အားဖြင့် စုန့်ထင်ရှန်းက ထိုစကားကိုကြားသောအခါ အံ့အားသင့်သွားသည်။

" အဲ့လောက်တောင် များလား ..."


" ဟုတ်ပါတယ်ဆို ... ပြီးရင် လတိုင်းဘောနပ်စ်ပေးဦးမှာ ... HRမန်နေဂျာပြောတာတော့ တစ်လနဲ့တစ်လ မတူဘူးတဲ့ .. အနည်းဆုံးက ယွမ်၅၀၀၀ ပြီးတော့ ထောက်ပံ့ကြေးတွေ ပေါင်းလိုက်ရင်တော့ ကျွန်မတစ်လကို ယွမ်နှစ်သောင်းလောက် ရနိုင်တယ်..."


ယွမ်ရှ စိတ်လှုပ်ရှားနေသော်လည်း စုန့်ထင်ရှန်းက တည်ငြိမ်နေသည်။


HR ဌာနတွင် တာဝန်ရှိသူများရှိသည့်အတွကိ ကုမ္ပဏီ၏ ကဏ္ဍတိုင်းတွင် သူကိုယ်တိုင် ပါဝင်မပတ်သက်သော်လည်း သဘာဝအားဖြင့် အလုပ်အကိုင်စျေးကွက်ကို သူသိသည်။

နိုင်ငံရပ်ခြား ရုံးအတွက် ရုံးဝန်ထမ်းတစ်ယောက်ရဲ့ လစာက ဒီလောက်တောင် မြင့်နေပြီလား...


သူမ၏ စိတ်အားထက်သန်မှု အပေါ် ရေခဲရေ မလောင်းချလိုသည့်အတွက် ယွမ်ရှကို ပြောလိုက်သည်။


" ဒါဆိုရင် ဒီကုမ္ပဏီက တော်တော်လေး အဆင်ပြေတာပဲ ... အိမ်နဲ့နီးတယ် အလုပ်ချိန်ကလည်း ကိုယ့်ဘာသာ သတ်မှတ်လို့ရတယ် ပြီးတော့ လစာလည်း မြင့်သေးတယ် ... မင်းလိုချင်တဲ့အချက်တွေနဲ့ ကွက်တိပေါ့ ဂုဏ်ပြုပါတယ် ..."


xxxxx