အပိုင်း (၁၈၀)
Viewers 35k

Chapter 180 


ယွမ်ရှ အလွန်ပျော်ရွှင်နေသည်။

" စုန့်ထင်ရှန်း ညနေကျရင်အားလား ... တကယ်လို့ အားတယ်ဆိုရင် ကျွန်မ ညစာဝယ်ကျွေးမယ် ... ကျွန်မတို့ ဆင်နွှဲသင့်တာပေါ့ ..."


သူမတွင် အလုပ်အကိုင်ရှာ‌ဖွေရခြင်း အတွေ့အကြုံ မရှိပေ။  ယခု ဤမျှ ကောင်းမွန်သော အလုပ်တစ်ခုကို ရှာတွေ့ခဲ့သဖြင့် ပျော်ရွှင်မှု ဟူသော စကားလုံးဖြင့် သူမ မည်ကဲ့သို့ ခံစားနေရသည်ကို ဖော်ပြရန် မလုံလောက်ပေ။


စုန့်ထင်ရှန်းက အချိန်ဇယားကိုကြည့်လိုက်သည့်အခါ ထိုညနေတွင် ည‌စာစားရန် ချိန်းဆိုထားမှုတစ်ခု ရှိသော်လည်း ယွမ်ရှကို ပြန်ဖြေလိုက်သည်မှာ ...


" အားပါတယ် ... ကိုယ် မင်းရဲ့ ပိုက်ဆံတွေ ထပ်ဖြုန်းရ‌ဦးမှာပေါ့ ..."


" ပိုက်ဆံဖြုန်းတာကို ဘယ်သူဂရုစိုက်လို့လဲ ... ဒီနေ့ ညစာကို တစ်ဝကြီးစားပစ်လိုက် ... ဒါဆို အခုပဲ ဘိုကင်လုပ်လိုက်တော့မယ်နော် ..."


သူမက ထိန်းချုပ်မထားပဲ ထိုစကားများပြောလိုက်သည့်အခါ စုန့်ထင်ရှန်း အားရပါးရရယ်လိုက်မိသည်။

" ဒါဆိုရင်လည်း ကိုယ့်ကို လာကြိုပေးပါဦး ..."


သူ ခဏရပ်ပြီးနောက် ဟာသလုပ်လိုက်သည်။

" ဂတ်စ် မဖြုန်းတီးချင်လို့လေ ..."


ယွမ်ရှ : " ကောင်းပါပြီ ဝမ်လေးကို ခေါ်ပြီးတာနဲ့ လာကြိုပေးမယ် ..."


စုန့်ထင်ရှန်း :"  ကြိုပြီး ဘိုကင်လုပ်ထားဖို့ မမေ့နဲ့ဦး ကိုယ် Pizza Hutမှာ ထပ်မစားချင်တော့ဘူး ..."


ယွမ်ရှ : " စိတ်မပူပါနဲ့ ... ဒီနေ့ ကလေးလေး ဘာစားချင်လဲ မမေးတော့ဘူး .."


ဇနီးမောင်နှံနှစ်ယောက်က ဝမ်လေး၏ ထင်မြင်ချက်ကို မယူကြတော့ရန် ဆုံးဖြတ်လိုက်သည်။

ကလေးတွေလည်း တစ်ခါတစ်ရံ လူကြီးတွေရဲ့အကြိုက်ကို လိုက်စားပေးသင့်တယ်လေ...


ဖုန်းမချမီ စုန့်ထင်ရှန်းက အမှတ်တမဲ့ဟန်ဆောင်ကာ မေးလိုက်သည်။ 


" ကိုယ့်ကို မင်းဒီနေ့ အင်တာဗျူးဖြေခဲ့တဲ့  သူဌေးကို သိမယ်ဆို နည်းနည်းစုံစမ်းကြည့်လို့ရတယ် ..."


ဒါက နောက်ဖက် တံခါးပေါက်က ဝင်တာမျိုး မဟုတ်ဘူးလား ... အဲ့လိုတော့ မဟုတ်လောက်ပါဘူး ... စုန့်ထင်ရှန်းက ဒီလိုလူမျိုးလို့ မထင်ရဘူး ...


ယွမ်ရှသည်လည်း သူမ ယနေ့သွားခဲ့သော ကုမ္ပဏီက အနည်းငယ်ထူးဆန်းသည်ဟု ထင်လိုက်သည်။ ၎င်းက အလွန်မဆိုးသည့်အပြင် အကောင်းလွန်နေသည်။ ဧည့်ကြိုမိန်းကလေးဖြစ်စေ HRမန်နေဂျာဖြစ်စေ သူမအပေါ် ဆက်ဆံပုံက ‌ကောင်းလွန်းနေပြီး အလွန်အားတက်သရော ဖြစ်နေသည်။ သူမ၏ ယခင်ဘဝက အင်တာဗျူးများနှင့်လည်း လုံးဝကွာခြားနေသည်။ သူမ ယခင်က တွေ့ခဲ့ဖူးသော ဧည့်ကြိုများက ယဉ်ကျေးကြသော်လည်း ဤမျှလောက်အထိ မဟုတ်ပေ။

သူတို့က သူမကို သူတို့သူဌေးလိုမျိုး ဆက်ဆံနေတာပဲ ...


သူမ အစောပိုင်းက အလွန်ပျော်နေခဲ့၍ မတွေးမိသော်လည်း စိတ်တည်ငြိမ်သွားသည့်အခါ စုန့်ထင်ရှန်း ပြောသည်ကို ချက်ချင်း လက်ခံလိုက်မိသည်။


" အိုကေ အိုကေ ကျွန်မကို စုံစမ်းပေးပါဦး MLMကုမ္ပဏီကြီးဖြစ်နေရင် ဒုက္ခရောက်နေဦးမယ် ..."


သူမ အင်တာဗျူးသွားမဖြေမီက ကုမ္ပဏီအကြောင်းကို လိုင်းပေါ်မှသာ အကြမ်းဖျင်းကြည့်လိုက်မိသည်။ သို့သော်လည်း အသေးစိတ်အချက်အလက်များ မပါဝင်ပေ။ သူမက ထိုကိစ္စကို ထူးဆန်းသည်ဟု မထင်လိုက်မိပေ။  အသစ်ထူထောင်ထားသည့် ကုမ္ပဏီအများစုက သတင်းအချက်အလက်များကို အင်တာနက်ပေါ်တွင် အသေးစိတ် မတင်ထားတတ်ကြပေ။


သူမ၏ ခန့်မှန်းချက်ကြောင့် စုန့်ထင်ရှန်း ရယ်လိုက်မိသည်။

" အိုကေ ကိုယ်စုံစမ်းထားလိုက်ပါ့မယ် ..."


သူရယ်လိုက်သံကို ယွမ်ရှကြားသဖြင့် ချောင်းဟန့်လိုက်သည်။


" အခွင့်အရေးကောင်းတစ်ခု ရလာဖို့ဆိုတာ မလွယ်ဘူး ... တကယ်လို့ ရှင်စုံစမ်းလိုက်တာ ဘာမှမတွေ့ဘူးဆိုရင် နောက်တစ်ပတ် အလုပ်စလုပ်တော့မယ်နော် ... MLMဈေးကွက်ထဲ ရောက်သွားပြီး လှည့်စားခံရမှာက ကိစ္စ သေးသေးလေးမဟုတ်ဘူး ..."


ဖုန်းချပြီးသည့်နောက် ယွမ်ရှ၏ MLM ဈေးကွက်အပေါ် စိုးရိမ်မှုနှင့် ပတ်သက်ကာ စုန့်ထင်ရှန်း ရယ်ချင်လာပြန်သည်။ ထိုသို့အတွေးဖြင့် သူ့ရုံးဖုန်းဖြင့် HRဌာနကို ခေါ်လိုက်သည်။


စီအီးအိုစုန့်က သူမထံ ဖုန်းခေါ်သဖြင့် HRမန်နေဂျာပင် ပဟေဠိ ဖြစ်သွားသည်။ စီအီးအိုက ပုံမှန်ဆိုလျှင် HRကိစ္စများကို စစ်ဆေးလေ့မရှိပေ။ 

သူ ဘာလို့ ဖုန်းခေါ်ပါလိမ့်...


သူမ စွမ်းအင်များကို ၁၂၀%အထိ မြှင့်တင်လိုက်သည်။


" နိုင်ငံခြားဌာနခွဲအတွက် သာမန်ရုံးဝန်ထမ်းတစ်ယောက်ကို လစာဘယ်လောက်ပေးလဲ ..."

စုန့်ထင်ရှန်း မေးလိုက်သည်။


HR မန်နေဂျာ : “…”


xxxxxxx