အပိုင်း (၁၈၁)
Viewers 31k

Chapter 181 


သူမ သံသယများကို ဘေးဖယ်ထားပြီးHRမန်နေဂျာက အမြန်ပြန်ဖြေလိုက်သည်။


" လုပ်ငန်း အတွေ့အကြုံရှိတဲ့နှစ်အပေါ် မူတည်ပါတယ် ... လူသစ်ဆိုရင်တော့ အစမ်းခန့်ကာလအတွင်း တစ်လစာ လုပ်အားခက ယွမ် ၆၀၀၀ကနေ ၈၀၀၀ကြားပါ ... အစမ်းခန့်ကာလပြီးသွားရင်တော့  ပြုပြင်ပြောင်းလဲစရာလေးတွေလုပ်ပြီးရင် သက်ဆိုင်ရာ ထောက်ပံ့ကြေးနဲ့ ဘောနပ်စ်တွေလည်း ပေးပါတယ် ..."


စုန့်ထင်ရှန်းက နောက်မေးခွန်းတစ်ခု ထပ်မေးလိုက်သည်။

" အဲ့ဒါက ဒီနယ်ပယ်ရဲ့ စံနှုန်းလား ..."


" ဟုတ်ပါတယ် ..."

HRမန်နေဂျာက သတိထားပြီးဖြေလိုက်သည်။


" ငါသိပြီ ..."


ဖုန်းချသွားပြီးသော်လည်း HRမန်နေဂျာက စိတ်ရှုပ်နေဆဲဖြစ်သည်။ နိုင်ငံခြားဌာနခွဲမှ ရုံးဝန်ထမ်းမျာ၏ လစာကို စီအီးအိုက သူမကို ဖုန်းဆက်မေးရသည့်အကြောင်းအရင်းကို သူမ နားမလည်နိုင်ပေ။

ကုမ္ပဏီမှာ အပြောင်းအလဲတွေလုပ်ပြီး လစာတိုးပေးမလို့များလား ... အရင်ကဆိုရင် စီအီးအိုစုန့်က ကုမ္ပဏီမှာ တစ်ခုခု ပြောင်းလဲမယ်ဆိုရင် ကိုယ်စားလှယ်တစ်ယောက်နဲ့ပဲ လွှဲလိုက်ပြီး သူကိုယ်တိုင် ဘာမေးခွန်းမှ မမေးပါဘူး ... သူဌေးတစ်ယောက်ရဲ့ စိတ်‌အခြေအနေကို ခန့်မှန်းရတာလဲ မလွယ်ပါဘူး ...


ယွမ်ရှ အင်တာဗျူးဖြေခဲ့သည့် ကုမ္ပဏီက အလွန်အမင်း အကျိုးခံစားခွင့်များ များလွန်းနေသည့်အတွက် စုန့်ထင်ရှန်းက လက်ထောက်ချန်းကိုခေါ်ပြီး ယွမ်ရှပေးပို့လိုက်သည့် ကုမ္ပဏီနာမည်နှင့် လိပ်စာကိုပေးကာ တရားဝင် ကုမ္ပဏီဟုတ်မဟုတ်  စုံစမ်းခိုင်းလိုက်သည်။ ယခုနောက်ပိုင်းတွင် ရာဇဝတ်သားများက နောက်ကွယ်မှ ထိန်းချုပ်နေသည့် အခွံသက်သက် ကုမ္ပဏီများစွာရှိသည်။


လက်ထောက်ချန်က အလွန်အားကိုးရသည်။ စုန့်ထင်ရှန်းက ထိုတာဝန်ကို မနက်ပိုင်းက ပေးလိုက်သော်လည်း နေ့လယ်ခင်းတွင် ပြန်ရောက်လာပြီး ထိုကုမ္ပဏီအကြောင်း အချက်အလက်များကို စုန့်ထင်ရှန်း၏ စားပွဲပေါ် တင်ပေးလိုက်သည်။


စုန့်ထင်ရှန်းက စာရွက်စာတမ်းများကို လှန်လျောကြည့်ပြီး ဂရုတစိုက် ဖတ်နေသည်။


လက်ထောက်ချန်းက ပြောလိုက်သည်။

" အဲ့ကုမ္ပဏီနဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေတာ မရှိပါဘူး ... အဲ့ဒီရုံး အဆောက်အဦးကို လွန်ခဲ့တဲ့ နှစ်လကမှ ပြောင်းလာခဲ့တာပါ ... ကျွန်တော်စုံစမ်းကြည့်ရသလောက်တော့ အပြင်မှာ တကယ်ရှိတဲ့ ကုမ္ပဏီရဲ့ ရုံးခွဲတစ်ခုပါပဲ ... အေဂျင်စီ တော်တော်များနဲ့ အဆက်အသွယ်ရှိပြီး စာရွက်စာတမ်းတွေကလည်း အပြည့်အစုံရှိပါတယ် ..."


စုန့်ထင်ရှန်း : " အမ် ..."


ထိုကုမ္ပဏီ၏ စာရွက်စာတမ်းများက အမှန်ပင် ပြဿနာ ရှိမနေပေ။ လိုအပ်သော အချက်အလက်များကို ဖိုင်များတွဲထားသည့်အတွက် ပင်မရုံးချုပ်ကိုပင် ခြေရာခံရန် ဖြစ်န်ုသည်။ ကုမ္ပဏီအတု တစ်ခုနှင့်လည်း မတူပေ။


ဒါဆိုရင် အဲ့ဒီကုမ္ပဏီက ဘာလို့ ယွမ်ရှကို လစာအများကြီးပေးတာလဲ ...


စုန့်ထင်ရှန်း အချိန်တစ်ခုအထိ နားမလည်နိုင် ဖြစ်နေသည်။ ကုမ္ပဏီရဲ့ နိုင်ငံခြားဌာနခွဲက အဆက်အသွယ်တွေကောင်းပြီး စီးပွားရေးကလည်း အဆင်ပြေလွန်းလို့များလား ...


တွေးတောပြီးသည့်နောက် စုန့်ထင်ရှန်းက လက်ထောက်ချန်ကို ပြောလိုက်သည်။

" မင်း အချိန်အားတိုင်း အဲ့ကုမ္ပဏီကို မျက်ခြည်မပြတ် စောင့်ကြည့်နေပါ ... တစ်ခုခု မှားနေတယ်ထင်ရင် ငါ့ကို ချက်ချင်းအတိပေး ..."


ယွမ်ရှကို ထိုကုမ္ပဏီတွင် အလုပ်မလုပ်စေချင်သော်လည်း သူမက အလုပ်အပေါ် အလွန်စိတ်အားတက်ကြွနေသည်။ သူတို့နှစ်ယောက် လက်ထပ်ထားသည်မှာ အလွန်ကြာပြီဖြစ်သော်လည်း အလုပ်လုပ်ရန် အားတက်သရောဖြစ်နေခြင်းကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ သူမကို အလွန်ပျော်ရွှင်နေသည့်ပုံစံဖြင့် မြင်နေရသဖြင့် မျက်စိစုံမှတ်ထားရန် တွေးလိုက်မိသည်။ အကယ်၍ ဤအလုပ်နှင့် ပတ်သက်၍ ပြဿနာတစ်ခုခု ရှိလာပါက သူမကို ကာကွယ်ပေးရမည်ဖြစ်သည်။


သူမ၏ ဆုံးဖြတ်ချက်ကို သူ မလွှမ်းမိုးချင်ပေ။  သူမက အရွယ်ရောက်ပြီးသူတစ်ယောက်ဖြစ်သည့်အတွက် ဤက်ိစ္စက သူမကိစ္စသာဖြစ်သည်။ သူမကိုကြည့်ရသည်မှာ ထိုနေရာတွင် အတော်လေး အလုပ်လုပ်ချင်နေပုံရသည်။ လက်ထောက်ချန်၏ စုံစမ်းမှုတွင်လည်း ပြဿနာမရှိသည့်အတွက် သူမကို တားမြစ်ရန် အကြောင်းပြချက်မရှိပေ။ သူမ ထိုနေရာတွင် အလုပ်လုပ်မည်ကို အားပေးရန်သာ ရှိတော့သည်။



အလုပ်ဆင်းချိန် ရောက်သည့်အခါ ယွမ်ရှက သူနှင့်ဝမ်လေးတို့ ကားပါကင်သို့ ရောက်နေပြီဖြစ်ကြောင်း မက်ဆေ့ပို့လိုက်သည်။ စုန့်ထင်ရှန်းက အလုပ်စားပွဲကို ရှင်းလိုက်ပြီးနောက် ပြန်ရန်ပြင်နေသည်။


သူ ရုံးခန်းထဲမှ ထွက်လာသည်ကိုမြင်သည့်အခါ အမြန် မတ်တပ်ရပ်လိုက်ပြီး သူ့နောက်မှ လိုက်လာကာ သတိပေးလိုက်သည်။

" စီအီးအိုစုန့် ဒီနေ့ အရေးကြီးတဲ့ ညစာစားပွဲတစ်ခု ရှိပါတယ် ..."


စုန့်ထင်ရှန်းက ပြောလိုက်သည်။

" VPကို ငါ့အစား သွားခိုင်းလိုက် .. ငါဒီနေ့ လုပ်စရာရှိသေးတယ် ..."


သူ ခဏရပ်သွားပြီး ထပ်ပြောလိုက်သည်။

" ငါ အဲ့ထက်ပို အရေးကြီးတဲ့ ညစာစားပွဲကို သွားရဦးမယ် ..."


စုန့်ထင်ရှန်း ပြောလိုက်ချိန်တွင် သူ့မျက်နှာပေါ်၌ ဖျောက်ဖျက်မရသော အပြုံးဖျော့ဖျော့တစ်ခု ပေါ်လာသည်။ သူ ပြုံးရုံသာ ပြုံးလိုက်သော်လည်း ၎င်းက အလွန်စစ်မှန်သည့်အပြုံးဟု ဆိုနိုင်သည်။


xxxxxx