Chapter 182
စုန့်ထင်ရှန်း၏ "ပိုအရေးကြီးတဲ့ညစာစားပွဲ" က ယွမ်ရှနှင့် ဝမ်လေးတို့နှင့်တူတူဖြစ်ကြောင်း လက်ထောက်ချန်း မသိလိုက်ပေ။
ယွမ်ရှက မြို့ထဲတွင် နာမည်ကောင်းရထားသည့် စားသောက်ဆိုင်တစ်ဆိုင်တွင် ဘိုကင်ယူထားလိုက်သည်။ ကံကောင်းသည်မှာ ယနေ့က ရုံးဖွင့်ရက်ဖြစ်၍ စားပွဲတစ်ဝိုင်းစာဘိုကင်ယူရန် ပြဿနာမရှိပေ။ သူမတို့နှင့်အတူ ကလေးလည်းပါလာသဖြင့် ယွမ်ရှက အဆီနည်း ဟင်းခတ်အမွှေးအကြိုင်များ နည်းပါးသည့် ကန်တုံဟင်းပွဲများ ကြိုမှာထားလိုက်သည်။
ဝမ်လေးက စုန့်ထင်ရှန်း ဓာတ်လှေကားမှ ထွက်လာသည်ကို မြင်သည့်အခါ ပျော်ရွှင်စွာအော်လိုက်သည်။
" ပါပါးထွက်လာပြီ ... သားတွေ့လိုက်တယ် ..."
သားအဖနှစ်ယောက်က အလွန်ချစ်ခင်ကြကြောင်းကို ယွမ်ရှသိသည်။ ကားတံခါးဖွင့်ပေးလိုက်သည့်အခါ ဝမ်လေးက ကားထဲမှ အမြန်ပြေးထွက်သွားသည်။ သူ၏ ခြေထောက်တိုတိုလေးများဖြင့် လှုပ်တုပ်လှုပ်တုပ်ပြေးသွားပြီး စုန့်ထင်ရှန်း၏ ရင်ခွင်ထဲ ပြေးဝင်လိုက်သည်။ စုန့်ထင်ရှန်းက သူ့ကိုချီလိုက်သည်။ သားအဖနှစ်ယောက် စကားတတွတ်တွတ်ပြောလျက် အလွန်ပျော်ရွှင်နေသည်ဟု ထင်ရသည်။
သူတို့နှစ်ယောက် ပျော်ရွှင်နေသည်ကိုကြည့်ကာ ယွမ်ရှက သူမဆုံးဖြတ်ချက်အတွက် ပျော်ရွှင်နေမိသည်။ သူမနှင့် ဝမ်လေးအတွက် စုန့်ထင်ရှန်း၏ တည်ရှိမှုက အလွန်အရေးပါသည်။
စုန့်ထင်ရှန်းက ဝမ်လေးကိုချီလျက် လမ်းလျှောက်လာပြီး ကားတံခါးဖွင့်ကာ အထဲဝင်လိုက်သည်။
ဝမ်လေးက ယခုအခါ ထိုင်ခုံအမြင့်တွင် မထိုင်ချင်တော့ပေ။ သူ့အတွေးထဲတွင် ထိုထိုင်ခုံများက ကလေးပေါက်စလေးများအတွက်သာဖြစ်သည်။
သူက လေးနှစ်ပြည့်ပြီးလို့ မူလတန်းတက်နေပြီလေ ... ဘာလို့ အဲ့ထိုင်ခုံမှာ ထိုင်ရဦးမှာလဲ ...
" ပါပါး သား ဟိုထိုင်ခုံမှာထိုင် ..."
ဝမ်လေးက သူ့ခန္ဓာကိုယ်ကို တွန့်လိမ်ကာ ငြင်းဆိုရန် ကြိုးစားနေသည်။
စုန့်ထင်ရှန်းက သားဖြစ်သူကို အလွန်ချစ်သည့်အဖေ ဖြစ်သော်လည်း စည်းမျဉ်းစည်းကမ်းများနှင့် သက်ဆိုင်လာပါက အလွန်တင်းကြပ်သည့် အဖေတစ်ယောက်ဖြစ်သွားသည်။
" မရဘူး ..."
ဝမ်လေးက ထိုခုံတွင်ထိုင်ရန် ငြင်းဆိုနေသည်ကို သူသဘောမကျသည့်အတွက် ထိုင်ခုံခါးပတ်ပါ ပတ်ပေးလိုက်သည်။
မကျေနပ်သည့် ဝမ်လေးက အချေအတင်ပြောတော့သည်။
" သားအတန်းထဲက တခြားကလေးတွေက ထိုင်ခုံအမြင့်မှာ မထိုင်တော့ဘူး ..."
" အဲ့ဒါ သူတို့မိဘတွေက အရမ်းသဘောကောင်းကြလို့ပေါ့ ..."
ဤကဲ့သို့သောကိစ္စမျိုးတွင် ယွမ်ရှက စုန့်ထင်ရှန်းနှင့် တစ်ဖက်တည်းတွင်သာ ရပ်တည်သည်က သဘာဝပင်။ သူက လူဆိုးတစ်ယောက်အဖြစ် ပြုမူလိုက်ချိန်တွင် သူမက လူကောင်းအဖြစ် ဟန်မဆောင်လိုပေ။ သူတို့က ဝမ်လေးအပါအဝင် တခြားသူများ၏ရှေ့သို့ ရောက်ပါက အလိုလို စည်းလုံးသွားကြသည်။
" မာမားနဲ့ ပါပါးက ဝမ်လေးဘေးကင်းအောင်လို့ လုပ်ပေးတာလေ ... မာမားတို့ ကားမောင်းနေတုန်း ဝမ်လေးကို ဂရုမစိုက်မိတာဖြစ်နိုင်လို့ ဒီလိုထိုင်တော့ ဝမ်လေးလည်း ဘေးကင်းတာပေါ့ ... တခြားကိစ္စတွေက ဆွေးနွေးလို့ရပေမယ့် ဒီတစ်ခုတော့ မရဘူးနော် ကလေးလေး ..."
ဝမ်လေး : " ဒါဆို သားဘယ်တော့မှ ဒီမှာ မထိုင်ရတော့မှာလဲ ..."
" အခြေအနေအရပဲ ..."
ဝမ်လေး "....."
စုန့်ထင်ရှန်းက ဝမ်လေး၏ခေါင်းကို ခပ်ဖွဖွ ပွတ်ပေးလိုက်သည်။
"သားရဲ့မာမားပြောတာ မှန်တယ် ... မာမားစကားကို နားထောင်လေ ..."
ဝမ်လေး နှုတ်ခမ်းစူလိုက်သည်။
" မာမားနဲ့ ပါးပါးက အရမ်းတည့်နေတာပဲ ...တစ်ဖက်တည်းနေပြီး သားကိုအနိုင်ကျင့်ကြတယ် ..."
အရွယ်မရောက်သေးသည့် ကလေးတစ်ယောက်၏ စိတ်ခံစားချက်ကို ထုတ်ဖော်ပြောဆိုနိုင်စွမ်းတွင် ကန့်သတ်ချက်ရှိသော်လည်း စုန့်ထင်ရှန်းနှင့်ယွမ်ရှတို့ နှစ်ယောက်စလုံးက ဝမ်လေး ဆိုလိုသည်ကို နားလည်ကြသည်။
သူပြောသည့် "အရမ်းတည့်နေတာပဲ" ဟူသော စကားကြောင့် သူတို့ဆက်ဆံရေးက ကောင်းမွန်နေသည်ကို ဆိုလိုကြောင်း သိနိုင်သည်။
စုန့်ထင်ရှန်းနှင့် ယွမ်ရှ နှစ်ယောက်စလုံးက ဤစကားကို ချေပမပြောကြပေ။ သူတို့နှစ်ယောက်က တစ်ပြိုင်တည်း စကားလမ်းကြောင်းပြောင်းလိုက်သည်။
" ဒီနေ့ ကျောင်းမှာ ပျော်ခဲ့လား ..."
ဝမ်လေး၏ အာရုံက ချက်ချင်းပြောင်းသွားသည် ။ ကျောင်းတွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စအသေးအမွှားလေးများမှအစ သူ့မိဘများကို ဝေမျှနေသည်။
သူက ပျော်ရွှင်စွာနှင့် ခြေဟန်လက်ဟန်နှင့် စကားပြောနေသည်။ ယွမ်ရှက ကားမောင်းနေရသဖြင့် တစ်ခါတစ်ရံမှသာ သူပြောသည်ကို သံယောင်လိုက်ပေးနေသည်။ စုန့်ထင်ရှန်းကသာ ဝမ်လေးပြောသမျှကို စိတ်ရှည်လက်ရှည် နားထောင်ပေးနေပြီး တုံ့ပြန်မှုလိုအပ်တိုင်း ပြန်ဖြေပေးနေသည်။
ဝမ်လေး၏ ဖရဲသီးခေါင်းလေးက ကိစ္စများစွာဖြင့် ပြည့်နေသော်လည်း သူ့အမေက ယနေ့ စာမေးပွဲဖြေခဲ့သည်ကို အမှတ်ရနေဆဲဖြစ်သည်။ ထို့ကြောင့် သူက ဂရုစိုက်စွာဖြင့် မေးလိုက်သည်။
" မာမား ဒီနေ့စာမေးပွဲမှာ အမှတ် ၁၀၀ ရခဲ့လား ..."
ယွမ်ရှက ကားပါကင်ထိုးနေသည်ဖြစ်ရာ စုန့်ထင်ရှန်းက သူမကို စိတ်မပျံ့စေလိုသည့်အတွက် သူမအစားဖြေပေးလိုက်သည်။
" မာမားက ဒီနေ့ကောင်းကောင်းဖြေခဲ့တယ် ... သူမက အမှတ် ၁၀၀ရလာပြီး ပထမနေရာယူခဲ့တယ်လေ ... အဲ့ဒါကြောင့် ပါပါးတို့အားလုံး အပြင်မှာ ညစာထွက်စားပြီး ဆင်နွှဲပေးတာပေါ့ ..."
xxxxx