Chapter 183
စကားတစ်ခွန်းအပေါ်တွင် ဝမ်လေး၏ အာရုံစိုက်သည့် နေရာများက အမြဲထူးဆန်းလှသည်။ သူ့ကို လေးနှစ်တာ ထိန်းကျောင်းလာသည့် စုန့်ထင်ရှန်းသည်ပင် လက်ရှိ သူတွေးနေသည်များကို မခန့်မှန်းနိုင်ပေ။ ယခုကိစ္စကိုပင် ဥပမာပြရလိမ့်မည်။
ဝမ်လေးက မေးလိုက်သည်။
" ပါပါး ဘယ်လိုသိတာလဲ ..."
စုန့်ထင်ရှန်း အံ့အားသင့်သွားမိသည်။
" မာမားက ပါပါးကို ဖုန်းခေါ်တယ်လေ ..."
ဝမ်လေးက သဝန်တိုသွားပြီး "ဟမ့်" ဟု ပြောလိုက်သည်။
" မာမားက ပါပါးကိုတော့ ဖုန်းဆက်တယ် ... သားကိုတော့ မဆက်ဘူး ..."
သူဘာကို စိတ်ဆိုးသွားပါလိမ့် ... ဒါက ဝမ်လေးရဲ့ ရင်ထဲမှာ အဓိကလား...
ကားထဲမှ ထွက်လာပြီးသည့်နောက် ယွမ်ရှက ဝမ်လေးကို နောက်တစ်ကြိမ်တွင် သေချာပေါက် ဖုန်းဆက်မည်ဖြစ်ကြောင်း ထပ်ခါထပ်ခါ ကတိပေးလိုက်သည့်အခါမှ ကျေနပ်သွားသည်။
ယွမ်ရှ၏ လည်ပင်းကိုဖက်ထားလျက် ဝမ်လေးက မေးလိုက်သည်။
" မာမား ပါပါးကို သဘောကျလား သားကိုသဘောကျလား ..."
ယွမ်ရှက မယုတ်မလွန်ဖြစ်အောင် ဖြေလိုက်သည်။
" သားလေးကိုလည်း သဘောကျတယ် ပါပါးကိုလည်း သဘောကျတယ်လေ အဲ့လိုမရဘူးလား ..."
ကြည့်ရတာ ဒီကလေးပိစိလေးက တစ်ဖက်လူက သူ့အဖေဖြစ်နေတာတောင် သဝန်တိုတတ်တဲ့ပုံပဲ ...
" မရဘူး ... သားကိုပဲ သဘောအကျဆုံးဖြစ်ရမှာ ... ပါပါးကို နောက်မှာထားခဲ့ ..."
ဝဝကစ်ကစ် ကလေးလေးက သူ့အမေ၏ ရင်ထဲတွင် ပထမဆုံးနေရာသာ ရလိုပြီး ဒုတိယနေရာကို. သဘောမကျပေ။
စုန့်ထင်ရှန်း "....."
ဝမ်လေးက ဤကိစ္စနှင့် ပတ်သက်ပြီး အနည်းငယ်သဝန်တိုလိုက်သော်လည်း လျင်မြန်စွာပင် မေ့ပျောက်သွားသည်။
မိသားစုဝင်သုံးယောက် ပျော်ရွှင်စွာ ညစာစားခဲ့ကြသည်။ စားသောက်ဆိုင်မှ အစားအစာများက အလွန်အရသာရှိလှသည်။ ဝမ်လေးက ယွမ်ရှသာ မတားမြစ်ခဲ့ပါက ဝက်သားကင်တစ်ပန်းကန်လုံးကို စားပစ်တော့မည်ဖြစ်သည်။ ဝမ်လေးက အသားစားရသည်ကိုသာ သဘောကျပြီး ဟင်းသီးဟင်းရွက်များကို မနှစ်သက်ပေ။ သို့ဖြစ်၍ ဝဝကစ်ကစ်လေး ဖြစ်လာခြင်းမှာလည်း မမှားပေ။
ညစာစားပြီးနောက် ယွမ်ရှက စားသောက်ဆိုင်နှင့် မျက်နှာချင်းဆိုင်တွင် သစ်သီးဈေးတန်းတစ်ခုကို မြင်လိုက်သည်။ လမ်းတစ်ဖက်ခြမ်းတွင် ကားပါကင်ထိုးရန်နေရာမတွေ့သဖြင့် ယွမ်ရှက သစ်သီးဝယ်ပြီးမှ ကားဆီသို့ပြန်လာပြီး အိမ်ပြန်ကြမည်ဟု သူတို့ကို ပြောလိုက်သည်။
စုန့်ထင်ရှန်းနှင့် ဝမ်လေးက မငြင်းဆန်ကြပေ။ ယွမ်ရှက သူတို့ကို သူမနှင့်အတူလိုက်မည်လားဟုပင် မေးလရန် မလိုလိုက်ပေ။။ သူတို့ကလက်ဦးမှုယူပြီး သူမဝယ်လာသည့်ပစ္စည်းများသယ်ရန် လိုက်လာမည်ဟု ပြောကြသည်။
သူတို့ လမ်းကူးသည့်အခါတိုင်း စုန့်ထင်ရှန်းက ဝမ်လေးကို ချီလေ့ရှိသည်။ ဝမ်လေးက နာခံတတ်သည့် ကလေးတစ်ယောက်ဖြစ်သော်လည်း ကလေးငယ်လေးအရွယ်သာ ရှိသေးသည်။ စုန့်ထင်ရှန်းက ဝမ်လေးကိုချီပြီး လမ်းကူးရန်ပြင်လိုက်စဉ် ဝမ်လေးက သူ့လက်မောင်းကို ဖွဖွလေး ထိုးလိုက်သည်။
စုန့်ထင်ရှန်းက နွေးထွေးစွာဖြင့် မေးလိုက်သည်။
" သားလေး ဘာလို့လဲ ..."
ဝမ်လေးက ယွမ်ရှကို လက်ညိုးထိုးပြလိုက်သည်။
" ပါပါး မာမားလက်ကို ကိုင်ထားပါလား ... လမ်းကူးရတာ အန္တရယ်များတယ် ..."
ယွမ်ရှ အမြန်ပြောလိုက်ရသည်။
" ပါပါးဘေးကို ကပ်ပြီးလျှောက်ရင် ရပါတယ် ..."
ဝမ်လေး စိတ်တိုသွားသည်။။လူကြီးတစ်ယောက်ကဲ့သို့ သတိပေးလိုက်သည်။
" လမ်းကူးရတာ အန္တရာယ်များတယ် ပါပါး ... မာမားလက်ကို ကိုင်လိုက်ပါဆိုနေ ..."
ယွမ်ရှက ဝမ်လေးကိ အရူးလုပ်ရန်နည်းလမ်းစဉ်းစားနေစဉ်မှာပင် စုန့်ထင်ရှန်းက သူမလက်ကို ကိုင်လိုက်သည်။ လက်ပေါ်တွင် အသားမာ ပါးပါးလေးများရှိသော်လည်း။သူ့လက်နှင့် ထိလိုက်သည့် တစ်ခဏတွင် သူမ နွေးထွေးမှုကို ခံစားလိုက်ရသည်။
စုန့်ထင်ရှန်းက ဝမ်လေးကို လက်တစ်ဖက်ဖြင့် ချီထားပြီး အခြားလက်တစ်ဖက်က ယွမ်ရှလက်ကိုဆွဲထားသည်။ ရှေ့ကို တည့်တည့်ကြည့်ပြီးနောက် အလျင်မလိုပဲ ဖြည်းဖြည်းမှန်မှန် လမ်းကူးလိုက်သည်။
ယွမ်ရှ သူ့ကို လှမ်းကြည့်လိုက်ပြီးနောက် သူမလက်ကို ငုံ့ကြည့်လိုက်သည်။ သူမ ရင်ခုန်သံများ ရုတ်တရက် မြန်ဆန်လာပြီး ဘာပြောချင်သည်ကိုပင် သတိမရတော့ပေ။
သူ ဘာကို ဆိုလိုချင်နေတာလဲ ...
စုန့်ထင်ရှန်းက သူမလက်ကိုလွှတ်လိုက်ပြီး ဈေးဆိုင်တန်းထဲ ဝင်သည်အထိ ယွမ်ရှ မိန်းမောနေမိသည်။
တစ်ဖက်တွင် သူမက ကိစ္စများကို အတွေးမလွန်ရန် သူမကိုယ်သူမ ဖြည့်တွေးနေရသည်။ သူတို့က လမ်းကူးရမည်ဖြစ်၍ စုန့်ထင်ရှန်းက အချိန်မဖြုန်းလိုသည့်အပြင် ဝမ်လေးကလည်း တဗျစ်တောက်တောက် ပြောနေသဖြင့် သူမလက်ကို ကိုင်လိုက်ခြင်းဟု တွေးနေသည်။
သို့သော် အခြားတစ်ဖက်တွင်မူ အမျိုးသမီးများ၏ အလိုလိုသိစိတ်အရ ထိုကိစ္စများက အကြောင်းအရင်းတစ်ခုတည်း မဟုတ်သည်ကို သိလိုက်သည်။
သူ့ရဲ့ အပြုအမူတွေက စိတ်ကူးယဉ်ဆန်တယ်လို့ စွန့်စားပြီး တွေးလိုက်သင့်လား ...
xxxxxx