အပိုင်း (၁၈၄)
Viewers 31k

Chapter 184 


ယွမ်ရှက စိတ်တည်ငြိမ်လာစေရန် မနည်းကြိုးစားလိုက်ရသည်။ သူမ ယခင်ကလည်း သမီးရည်စားဆက်ဆံရေးမျိုး မရှိခဲ့‌ဖူပေ။ သူမနှင့် စုန့်ထင်ရှန်းကြားတွင် တစ်စုံတစ်ခု ရှိခဲ့ပါကလည်း ဤကဲ့သို့ ပျာရာခတ်မနေသင့်ပေ။ သူမစိတ်ကို အမြန်ထိန်းချုပ်လိုက်ပြီး ဂရုတစိုက်ဖြင့် သစ်သီးများ ရွေးနေသည်။


ယွမ်ရှ ဈေးဝယ်ပြီးသည်နှင့် စုန့်ထင်ရှန်းက ပိုက်ဆံအိတ်ထဲမှ ခရက်ဒစ်ကတ်ကို အလိုလို ထုတ်လိုက်မိသည်။


စုန့်ထင်ရှန်းက သစ်သီးအိတ်များကို ကိုင်ထားသည့်အတွက် ဝမ်လေးက သူ့အဖေ လက်မအားသည်ကို မြင်သောကြောင့် ကားပါကင်သို့အပြန်တွင် ဝမ်လေးက သူ့ကို ယွမ်ရှနှင့် လက်ချင်းမတွဲခိုင်းတော့ပေ။


ကောင်းကင်က လုံးဝမမှောင်သေးပေ။  ယွမ်ရှက စုန့်ထင်ရှန်းနောက်မှ လိုက်လာသည်။ သူ၏ အရပ်ရှာ်၍ တောင့်တင်းသော ခန္ဓာကိုယ်ကြောင့် ရုပ်ရှင်ထဲမှ ဇာတ်ကောင်တစ်ယောက်နှင့်ပင် တူနေသည်။


လာဘ်ကောင်လေးစုန့်က သူမရင်ကို ပြောင်းပြန်အောင်လုပ်ရာတွင် အလွန်တော်သည်။  သူမလက်ကို ကိုင်လိုက်၍ ယွမ်ရှစိတ်ထဲတွင် ထိတ်လန့်နေစဉ်တွင် သူက တည်ငြိမ်ပြီး အေးအေးဆေးဆေးပင်ဖြစ်သည်။


စုန့်ထင်ရှန်းက သူမထင်သကဲ့သို့ မတည်ငြိမ်သည်ကို သူမ သတိမထားမိပေ။


ယွမ်ရှလက်ကို ဘာကြောင့်ကိုင်လိုက်မိသည်ကိုပင် သူမသိပေ။ သေချာရေရာသည့် အကြောင်းပြချက်တစ်ခုကိုပင် ရှာမ‌ရပေ။ ထိုသို့ရင်မခုန်ခဲ့ရသည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ သူ့ထံတွင် နည်းလမ်းကျသည့်အကြောင်းပြချက် မရှိခဲ့ပဲ စိတ်စေရာအတိုင်း လုပ်ခဲ့မိခြင်းဖြစ်သည်။


သူ့ဘဝတွင် အသက်သုံးဆယ်ကျော်အထိ နေလာပြီးသည့် မည်သည့်ကိစ္စတွင်မ‌ဆို ခြေလှမ်းမမှားလိုသည့်အတွက် အခြေအနေအားလုံးကို ခြုံငုံစဉ်းစားပြီးမှ ဆုံးဖြတ်ခဲ့သည်။ ဤအခိုက်အတန့်တွင် သူ၏ စိတ်အားထက်သန်သော လုပ်ရပ်၏ အကျိုးဆက်ကို မတွေးချင်တော့ပေ။ 

ဒီလုပ်ရပ်ကြောင့် နောက်နေ့မနက် အိပ်ရာနိုးလာရင် နောင်တရနေမိမှာလား ...


အိမ်အပြန်လမ်းတွင် စကားအဆက်မပြတ်ပြောခဲ့သည့် ဝမ်လေးကြောင့် စုန့်ထင်ရှန်းနှင့် ယွမ်ရှတို့ တစ်ယောက်နှင့် တစ်ယောက် စကားမပြောတော့သည်ကို သတိပြုဖွယ်ရာ မဖြစ်ခဲ့ပေ။ ကလေးလေးက သူ့မိဘနှစ်ပါး၏ အခြေအနေက ထူးဆန်းနေသည်ကို သတိမပြုမိပေ။


လူကြီးများ၏လောကတွက် တစ်စုံတစ်ခုကို ပြုလုပ်မည်ဆိုပါက မျက်နှာမပျက်ရန် အမြဲစဉ်းစားရသည်။ စုန့်ထင်ရှန်း သူမလက်ကို အဘယ့်ကြောင့်ကိုင်သည်ကို  ယွမ်ရှ ကျယ်လောင်စွာမေးပစ်လိုက်ချင်သည်။ သို့ရာတွင် ဤသို့သောအခြေအနေက ဇာတ်လမ်းတွဲများတွင် ကြည့်ကောင်းသည်ဖြစ်ရာ သူမ သွားမေးလိုက်မိပါက ငတုံးတစ်ယောက်နှင့် တူသွားလိမ့်မည်။ 


" မာမားက ပါပါးလိုမျိုး နေ့တိုင်းအလုပ်သွားရတော့မှာလား ..."

ဝမ်လေးက ရုတ်တရက် မေးလိုက်သည်။


ယွမ်ရှက လေးနက်စွာ ပြောလိုက်မိသည်။

" အင်းပေါ့ ..."


သူမ ခဏတာရပ်သွားသည်။ စုန့်ထင်ရှန်းကို နာမည်တပ်မပြောလိုက်သော်လည်း သူမမေးခွန်းက သူ့ကို ရည်ညွှန်းလိုက်ကြောင်း သိသာသည်။

" အမ် ... အဲ့ကုမ္ပဏီက တစ်ခုခု မှားမနေဘူးမလား ..."


စုန့်ထင်ရှန်းက သူမနောက်ကျောကို ကြည့်လိုက်သည်။ 

" လက်ထောက်ချန်က အဲ့ကုမ္ပဏီအကြောင်း စုံစမ်းခဲ့တယ် ... လောလောဆယ်တော့ ဘာပြဿနာမှ မရှိပါဘူး ... မင်း အဲ့နေရာမှာ အလုပ်လုပ်လို့ရတယ် ... အလုပ်မှာ မပျော်ရင်တော့ အချိန်မရွေးထွက်လိုက်ပေါ့ ..."


စုန့်ထင်ရှန်း၏ စကားများကို ကြားပြီးသည့်နောက် ယွမ်ရှ စိတ်အေးသွားသည်။ သူမသည်လည်း ကုမ္ပဏီ၏ ထူးဆန်းမှုများကို တွေးနေခဲ့မိသည်။ ကုမ္ပဏီက ဝန်ထမ်းများအားလုံးကို ယဉ်ကျေးပျူငှာစွာနှင့် နွေးနွေးထွေးထွေး ဆက်ဆံသည့် အလွန် လူသားဆန်သော ယဉ်ကျေးမှုတစ်ခု ရှိနေခြင်းလည်း ဖြစ်နိုင်သည်။ စုန့်ထင်ရှန်းက အဆက်အသွယ်များသော လူတစ်ယောက်ဖြစ်သည့်အတွက် သူက ပြဿနာမရှိဟု ပြောပါက ထိုကုမ္ပဏီက အနည်းဆုံး အပြင်ပိုင်းတွင် ပြဿနာမရှိနိုင်ပေ။ သူမက ထိုတေရာတွင် အစမ်းခန့်ဝန်ထမ်းအဖြစ်သာ အလုပ်ဝင်မည်ဖြစ်၍ ထိုကုမ္ပဏီနှင့် မသင့်လျော်ပါက အချိန်မရွေး အလုပ်ထွက်နိုင်သည်ဖြစ်သည်။


" ကျွန်မ လစာရရင် ..."

ယွမ်ရှ ခဏတွေးလိုက်သည်။


" အဲ့အချိန်ဆို နိုဝင်ဘာလောက် ရောက်ပြီထင်တယ် ... ရှင်နဲ့ ဝမ်လေးအတွက် ကုတ်အင်္ကျီဝယ်ပေးမယ်လေ ..."


သူမတွင် ငွေများစွာရှိသော်လည်း သူမလုပ်အားခရသည့်ငွေဖြင့် သားအဖနှစ်ယောက်ကို ပစ္စည်းများ ဝယ်ပေးခြင်းက ပို၍ အထူးတလည်ဖြစ်နေလိမ့်မည်ဖြစ်သည်။


စုန့်ထင်ရှန်း ခေါင်းငြိမ့်ပြလိုက်သည်။

" ကောင်းပါပြီ ..."


xxxxxx