အပိုင်း (၁၈၅)
Viewers 31k

Chapter 185 


အားလပ်ရက်ရှည်ကြီးမှ ပြန်လာပြီးသည့်နောက်တွင်  ဘဏ္ဍာရေးဌာန၌ လီကျင်းအတွက် အလုပ်များများစားစားမရှိပေ ။ အဘယ့်ကြောင့်ဆိုသော် လဆန်းပိုင်းသာ ရှိသေးသောကြောင့်ဖြစ်သည်။ သို့ရာတွင် သူမက အလုပ်တွင် ည၈နာရီအထိ နေခဲ့သည်။ ကုမ္ပဏီမှ လမ်းလျှောက်ထွက်လာပြီးသည့်နောက် သူမရှေ့တွင် ကားတစ်စီးလာရပ်သည်။ ထိုကားက သူမအစ်ကို၏ကားဖြစ်ကြောင်းသိလိုက်၍ သူမစိတ်ထဲ မပျော်မရွှင်ဖြစ်သွားမိသည်။ အခြားနည်းလမ်းမရှိတော့၍ စိတ်မပါလက်မပါဖြင့် ကားတံခါးကိုဖွင့်ပြီး ကားထဲဝင်လိုက်သည်။


လီယွမ်ဟန့်က ယခုနောက်ပိုင်းတွင် အလွန်အလုပ်များနေ‌ခဲ့သော်လည်း ဤကိစ္စကို မမေ့ခဲ့ပေ။ သူ့ညီမလေးကို ဤကဲ့သို့ ပုံစံဖြင့် တွေ့ရသောကြောင့် သူလည်း အဆင်မပြေဖြစ်နေသည်။ သို့ရာတွင် သူ့ညီမလေး လမ်းလွဲ ရောက်သွားသည်ကို ကြည့်မနေနိုင်သဖြင့် မေးလိုက်သည်။

" အလုပ်ထွက်စာ တင်လိုက်ပြီလား ... အဆင်မပြေဖြစ်နေရင် လောင်စုန့်ကို နင့်အစားပြောပေးမယ် ..."


" အစ်ကိုကြီး ..."

လီကျင်း ခေါင်းမော့လိုက်သည့်အခါ သူမ မျက်လုံးများက နီရဲနေသည်။ 


" ဒီကိစ္စထဲ ဝင်မပါလို့ မရဘူးလား ... အစ်ကိုစုန့်က ညီမကို သဘောမကျတာ သိပါတယ် ... ညီမလေး ဒီမှာနေရင်တောင် သူက သတိထားမိမှာ မဟုတ်ဘူး ဒါပေမဲ့ သူရှိတဲ့နေရာလေးမှာပဲ နေချင်လို့ပါ ... သူ့ကို တစ်ခါတစ်ရံပဲ တွေ့ရရင်တောင် ဝမ်းသာပါတယ် ... အနည်းဆုံးတော့ ဒါလေးတစ်ခုတောင် လိုက်လျောပေးလို့ မရဘူးလား ..."


သူမက အလွန်အကြူးတောင်းဆိုနေသည် မဟုတ်ပေ။ သူမ စုန့်ထင်ရှန်းနှင့် အနည်းငယ် နီးစပ်ချင်လာရုံသာဖြစ်သည်။

အဲ့ဒါကရော အဆင်မပြေဘူးလား ... သူမအစ်ကိုက ဘာလို့ ဖိအားအရမ်းပေးနေရတာလဲ ...


လီယွမ်ဟန့် သက်ပြင်းရှည်ကြီးချလိုက်သည်။

" ငါက လောင်စုန့်ရဲ့ အကျင့်စာရိတ္တကို ယုံပေမယ့် နင့်ကို မယုံဘူး ရှောင်ကျင်း ..."


ထိုစကားများကို ပြောနေချိန်တွင် ရယ်စရာကောင်းသည်ဟု ခံစားလိုက်ရသော်လည်း သူပြောနေသည်များက အမှန်တရားဖြစ်သည်။


" အစ်ကိုကြီးက အတွေ့အကြုံရှိတဲ့ လူတစ်ယောက်မို့ ပြောနေတာ ... နင့် ယောင်းမကို လက်မထပ်ခင်ကလည်း ငါ့မှာ ကြိုက်ခဲ့တဲ့လူတစ်ယောက်ရှိလို့ ညီမလေးရဲ့ ခံစားချက်ကို ကောင်းကောင်းနားလည်တယ် ... ငါလည်း အရင်ကတော့ လူတစ်ယောက်ကို ကြည့်နေရုံနဲ့ ပျော်ရွှင်ရမယ် ထင်ခဲ့တာ ဒါပေမဲ့ ခံစားချက်တွေရှိလာရင်တော့ အဲ့လောက်နဲ မကျေနပ်နိုင်တော့ဘူး ... အချိန်ကြာလေ နင်သူ့ကို ပိုသဘောကျလေ ဖြစ်လာမှာပဲ ... သူ့ကိုကြည့်နေရုံနဲ့ မလုံလောက်နိုင်တော့ဘူး ... ရှောင်ကျင်း နင်ကငယ်ပါသေးတယ်... အချစ်အတွက်နဲ့ အရာရာကို လျစ်လျူရှု့နိုင်မယ်များ ထင်နေလား ...နင့်ရဲ့အချစ်ကို ကြီးကျယ်ခမ်းနားပြီး စံနမူနာယူစရာတစ်ခုလို့ ထင်နေလိမ့်မယ် ဒါပေမဲ့ အစ်ကိုကြီး နင့်ကို တစ်ခုတော့ ပြောလိုက်မယ် လူနဲ့တိရစ္ဆာန်တွေကို ခွဲခြားနိုင်တဲ့အရာက ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်မှုနဲ့ ကိုယ့်ရဲ့ စောင့်ထိန်းရမယ့်ကျင့်ဝတ်တွေကို သိမြင်မှုပဲ ..."


" နင် သူ့ကို ချစ်တယ်ဆိုတာနဲ့ သူများတွေကို နာကျင်အောင် လုပ်လို့မရဘူး ... လောင်စုန့်နဲ့ငါ တစ်ယောက်နဲ့တစ်ယောက်သိတာ ကြာလှပြီ ... နင်က သူ့ရဲ့ အပြင်ပိုင်းကိုပဲ သိသေးတယ်ဆိုတာ ပြောနိုင်တယ် ... သူနဲ့ သူ့ဇနီးက ဆက်ဆံရေးမကောင်းဘူးဆိုတဲ့ ကောလဟာလတွေရှိတာ မှန်ပမယ့် သူဘာလို့ ကွာမရှင်းတာလဲဆိုတာ မတွေးမိဘူးလား ... သူ့အနေအထားနဲ့ဆိုရင် သူ့ဘေးမှာနေစေမယ့် မိန်းမ မရှားဘူး ... ဒါပေမယ့် အခု သူ့ဘေးမှာ တခြားဘယ်မိန်းမကိုများ မြင်ဖူးလို့လဲ ..."


" ပထမတစ်ချက် သူက ဖောက်ပြန်ဖို့ကို စိတ်မဝင်စားဘူး ... ဒုတိယတစ်ချက်က သူ့မိသားစုကို သူစောင့်ရှောက်ချင်တယ် ... တစ်ယောက်ယောက်က သူ့မိသားစုဝင်တစ်ယောက်ကို နာကျင်အောင်လုပ်ပြီး သူတို့ကို ခွဲဖို့ကြိုးစားမယ်ဆိုရင် အဲ့လူကို အလွတ်ပေးမှာ မဟုတ်ဘူး ... အဲ့လူက ငါ့ညီမ ဖြစ်နေရင်တောင်မှပေါ့ ... သူ့က ငါ့ကို ဒီကိစ္စတွေ အသိပေးတယ်ဆိုတာ ငါ့ကိုမျက်နှာသာပေးပြီး ဒီကိစ္စကို ဖြေရှင်းခိုင်းလိုက်တာပဲ ... ငါ သေချာမရှင်းနိုင်ရင်တော့ သူကိုယ်တိုင်ရှင်းတော့မှာ ..."


လီကျင်း ထိုစကားများကို ကြားသည့်အခါ စိတ်မသက်မသာဖြစ်ပြီး ဒေါသထွက်လာသည်။


" နင်က ငါ့ညီမလေး သူကလည်း နှစ်ပေါင်းများစွာခင်လာတဲ့ သူငယ်ချင်း ... အဲ့တော့ သေချာစဉ်းစားကြည့်ပါဦး သူက နင့်ကို အရေးပေးလို့လား...  မပေးဘူးလေ  ...သူက အလုပ်နဲ့ ကိုယ်ရေးကိုယ်တာကို ခွဲခြားထားတယ် ငါ့ညီမဖြစ်နေလို့ နင့်ကို အထူးတလည် ဆက်ဆံမယ်ထင်လား ... ရှောင်ကျင်း ငါ လောင်စုန့်နဲ့ သူငယ်ချင်း ဆက်ဆံရေးကို မပျက်စီးချင်ဘူး ... ဒီတော့ အဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာမရှာရင်ကောင်းမယ် ငါပြောတာကို သဘောပေါက်လား ..."


လီကျင်း၏ ပုံစံက သူပြောနေသည်များကို နားထောင်ဟန်မပေါ်သဖြင့် လီယွမ်ဟန့်ကသာ ပြောလိုက်သည်။


" ငါ နင့်ကို အိမ်မှာ ချပေးခဲ့မယ် ... ငါအရင်က ပြောထားတဲ့အတိုင်းပဲ မြန်မြန်အလုပ်ထွက်ပါ ... တစ်ပတ်အတွင်း အလုပ်မထွက်ရသေးဘူးဆိုရင် ငါ လောင်စုန့်နဲ့ တိုက်ရိုက် ပြောရလိမ့်မယ် ..."


xxxxxxx