အပိုင်း (၁၈၆)
Viewers 31k

Chapter 186 


ထိုညက လီကျင်း စိတ်တိုဒေါသထွက်ခဲ့ရသည်။ သူမ မည်သူ့ကို စကားသွားပြောရမည်ကိုလည်း မသိခဲ့ပေ။ သူမအတွေးများကို တစ်စုံတစ်ယောက်ကို ပြောပြလျှင်လည်း မည်သူမျှ နားလည်နိုင်မည်မဟုတ်ပေ။ တစ်ယောက်ယောက်ကို ရင်ဖွင့်မိပါက သူမကို အကျင့်သိက္ခာမရှိသူအဖြစ် ကဲ့ရဲ့ ရှုံ့ချကြလိမ့်မည်။


သူမ အစ်ကိုဖြစ်သူကလည်း အလွန်ဖိအားပေးနေသည်။ 

အလုပ်ထွက်ဖို့ပဲ ရွေးချယ်စရာရှိတော့ာများလား ...


အခြားရွေးချယ်စရာများကို လီကျင်းတွေးမရပေ။ သူမ စိုးရိမ်ပူ‌ပန်နေပြီး ကူကယ်ရာမဲ့စွာဖြင့်သာ စိတ်ပူနေရသည်။


သူမ လေကောင်းလေသန့်ရှုရန် အပြင်သို့ ထွက်လာသည်။ သူမ၏ စိတ်ပျက်နေသော အမူအယာကို မဖုံးကွယ်ထားနိုင်သည့်အတွက် သူမ မိဘများက မေးမည်ကိုလည်း စိုးရိမ်နေရသည်။ သူမ အနီးတစ်ဝိုက်တွင် လမ်းလျှောက်နေစဉ် အနောက်မှ အမျိုးသမီးတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။

" လီကျင်း နင်လား ..."


လီကျင်း နောက်လှည့်ကြည့်လိုက်သည်။ ထိုအမျိုးသမီးကို မမှတ်မိသဖြင့် အနေခက်ကာ ဘာပြောရမည်မသိ ဖြစ်သွားသည်။


" ငါ့ကို မမှတ်မိဘူးလား ... ငါတို့ အရင်တုန်းက ကလပ်တစ်ခုတည်းပဲလေ ..."

ထိုအမျိုးသမီးက အပြုံးတစ်ခုဖြင့် သူမနားကိုကပ်လာသည်။


" ဒီမှာ ပြန်တွေ့ရတာ တိုက်ဆိုင်လိုက်တာ ... နင် အရင်တုန်းက ငါ့ကို အရမ်းဂရုစိုက်ပေးခဲ့တာ ... အခု အချိန်ရလား ... ရတယ်ဆို ငါတစ်ခုခု ဝယ်တိုက်ချင်လို့ ..."


နာမည်ကို မိတ်ဆက်ပြီးသည့်နောက် လီကျင်းက ထိုမိန်းကလေးကို နာမည်နှင့်လူ တွဲမိသွားသည်။ ထိုအချိန်က ကလပ်တွင် လူများစွာရှိခဲ့သည်ဖြစ်သည်။ သူမ နာမည်ကို မမှတ်မိသော်လည်း ပုံပန်းသွင်ပြင်ကို အမှတ်ရလိုက်သည်။


ထိုမိန်းကလေးက အလွန်ဖော်ရွေသဖြင့် လီကျင်း သူမကို မငြင်းတော့ပဲ အနီးမှ ဘားတစ်ခုကို လိုက်သွားလိုက်သည်။ သူမ အချိန်အားလပ်နေသည့်အပြင် စိတ်ဖိစီးမှုများလည်း ဖြေလျှော့ရန် လိုအပ်နေသည်။



တနင်္လာနေ့ ရောက်လာ၍ ယွမ်ရှ ပထမဆုံးအလုပ်တက်ရမည့်နေ့ဖြစ်သည်။ သူမ မနက်စောစောနိုးလာသည်။ သူမ အလုပ်မလုပ်ရသည်မှာ လပေါင်းများစွာကြာပြီဖြစ်၍ ကျင့်သားမရဖြစ်နေပြီး စိတ်လှုပ်ရှားနေမိသည်။ 


သူမတွင် ကိုယ်ပိုင်ကားရှိသော်လည်း စုန့်ထင်ရှန်းက  လိုက်ပို့ပေးမည်ဟု ပြောလိုက်သည်။ စုန့်ထင်ရှန်း အဘယ့်ကြောင့် ထိုသို့ပြောသည်ကို သူမ မသိသော်လည်း မငြင်းဆန်လိုက်ပေ။ သူမ သဘောတူသည့် သဘောဖြင့် ခေါင်းငြိမ့်ပြလိုက်ပြီး ရုံးမှ အပြန်တွင် တက္ကစီငှားစီးရန် တွေးလိုက်သည်။ 


ယွမ်ရှက ယနေ့ အဖြူရောင် အဝတ်အစားကို ဝတ်ဆင်ထားသည်။ ၎င်းက ရုံးအတွက် သင့်တော်သည့်အပြင် သူမနှင့်လိုက်ဖက်နေသည်။ သူမ၏ ကော်ဖီခွက်ကို ယူသွားရန်လည်း မမေ့ပေ။ 


စုန့်ထင်ရှန်းက သူမစိတ်လှုပ်ရှားနေသည်ကိုကြည့်ပြီး ဝမ်လေးက နွေဦးရာသီတွင် အပြင်ထွက်ရမည်ကို ပျော်ရွှင်နေသည့်ပုံနှင့်တူသည်ဟု ထင်လိုက်မိသည်။ သူ့အမြင်တွင် သူမ၏ လက်ရှိပုံစံ အတော်အသင့် အဆင်ပြေလှသည်။ ထိုကုမ္ပဏီက အလွန်ရက်ရောလွန်းသည့်အတွက် သံသယဝင်စရာကောင်းသော်လည်း သူမပျော်နေသရွေ့ ပြဿနာမရှ်ိပေ။ သူမကို ပိုက်ဆံမည်မျှပေးပါစေ သူမကိုယ်တိုင်ရှာသည့်လုပ်အားခကြောင့်ရသော ပျော်ရွှင်မှုနဲ့ နှိုင်းယှဉ်၍ရမည် မဟုတ်ပေ။ 


သူမအလုပ်နှင့် အိမ်က ယာဉ်ကြောပိတ်ဆို့မှုမရှိသည့်အတွက် အကွာအဝေးတိုလေးတစ်ခုသာဖြစ်သည်။ စုန့်ထင်ရှန်း ကားမောင်းနေစဉ် ယွမ်ရှက ခရီးသည်ခုံတွင် ထိုင်နေသည်။


စုန့်ထင်ရှန်း သူ့စိတ်အခြေအနေက မည်သို့ဖြစ်နေသည်ကိုပင် မသိတော့ပေ။ သူမကို အကြုံပေးချင်သည်များရှိနေ၍ ကားမောင်းနေစဉ်မှာပင် စကားပြောမပြတ်ခဲ့ပေ။

" အလုပ်မှာ ဝင်ဆံ့ဖို့ တအားဖိအားပေးပြီး မကြိုးစားပါနဲ့ အရမ်းလည်း စိတ်မပူနဲ့ မင်းက လူသစ်လေ ... ကိုယ်လုပ်ရမယ့် တာဝန်တွေကိုပဲ ကောင်းကောင်းလုပ်ပါ ... မင်းက ခုမှအလုပ်ဝင်တာဆိုတော့ စီနီယာတွေက နေ့လယ်စာမှာခိုင်းတာတို့ ကော်ဖီဖျော်ခိုင်းတို့ မိတ္တူကူးခိုင်းတာတို့ အဲ့လိုကိစ္စတွေ ခိုင်းလိမ့်မယ်... ဒါပေမဲ့ အဲ့ဒါက သာမန်ပါပဲ ... ဘယ်ဌာနမဆို လူသစ်တွေက ဒါမျိုးကိစ္စတွေနဲ့ ကြုံရတတ်တယ် ... သူတို့တောင်းဆိုချက်တွေက အရမ်းအလွန်အကျွံမဟုတ်ပဲ မင်းလည်း လုပ်ချင်တယ်ဆိုရင်တော့ လုပ်ပေးလိုက်ပါ ..."


သူမကို အကြံပြုနေသည့် စုန့်ထင်ရှန်းကိုကြည့်ပြီး သူမ ပျော်ရွှင်နေမိသည်။ သူမက ခုမှ အလုပ်လုပ်ဖူးသည့်လူ မဟုတ်သည့်အတွက် ထိုစည်းမျဉ်းများအကြောင်း သိပြီးဖြစ်သည်။ သို့သော်လည်း သူ၏အကြံပေးမှုများက အသုံးဝင်ပုံ ဟန်ဆောင်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။


" ဟုတ် ကျွန်မ သိပါပြီ ... တခြားတစ်ခုခု ရှိသေးလား ..."


" များများလေ့လာ များများနားထောင်ပြီး မသိတာရှိရင် မေးပါ ... တကယ်လို့ မင်းရဲ့လုပ်ဖော်ကိုင်ဖက်တွေကို မေးရမှာတစ်မျိုးဖြစ်နေတဲ့ ကိစ္စမျိုးတွေရှိရင် ရုံဆင်းမှ ကိုယ့်ကို‌မေးလေ ... တကယ်တော့ အရေးကြီးဆုံးက မင်းပျော်ဖို့ပါပဲ ... တကယ်လို့ မင်းရဲ့ အလုပ်ပတ်ဝန်းကျင်က လုပ်ဖော်ကိုင်ဖက်တွေက မင်းကို စိတ်ညစ်အောင်လုပ်ရင်တော့ အလုပ်ထွက်လိုက်ပါ ... အချိန်ယူပြီး မင်းပျော်တဲ့အလုပ်သစ်တစ်ခုကို ရှာလို့ ရတာပဲ ..."


xxxxxxx