အပိုင်း (၁၈၇)
Viewers 31k

Chapter 187 


ယွမ်ရှ သက်ပြင်းချလိုက်မိသည်။ စုန့်ထင်ရှန်း၏ စကားများက လူချမ်းသာတစ်ယောက်၏ ယုံကြည်ချက်ရှိမှုသာ ဖြစ်သည်။


အတိတ်ဘဝကလည်း လတစ်လတိုင်းတွင် သူမ အလုပ်မသွားချင်သည့် ရက်အနည်းငယ် ရှိတတ်သည်။ သူမ အလွန်အကျူး နှိပ်ကွပ်ခံရသည့်ရက်များပင် ရှိခဲ့သည်။ သူမ အလုပ်ထွက်မည်ဟု ပြောချင်ခဲ့သော်လည်း ထိုစကားလုံးများကို မျိုချလိုက်ရုံသာ တတ်နိုင်သည်။


ဘာလို့လဲဆိုတော့ ... သူမ အိမ်ငှားခနဲ့ လစဉ်ကုန်ကျစရိတ်တွေ ပေးရဦးမယ်လေ ...


မည်သို့ပင်ဖြစ်စေ စုန့်ထင်ရှန်း၏ အကြံပြုချက်များကို ကြားရပြီးသည့်နောက် စိတ်အခြေအနေ ကောင်းမွန်လာသည်။ ခန္ဓာကိုယ်ကူးပြောင်းလာပြီးသည့်နောက်ပိုင်း သူမအလှက ရွှေလက်ချောင်းကဲ့သို့လှည့်စားမှုမျိုး ဖြစ်လာသော်လည်း သူမ နှစ်သက်သည့်ဘဝတွင် နှစ်သက်သည့်အရာများလုပ်ပြီး လွတ်လပ်ပျော်ရွှင်စွာ နေထိုင်လာနိုင်သည်။


သူမကြည့်ဖူးသည့် ရုပ်ရှင်ထဲမှ စာသားတစ်ခုကို သတိရသွားမိသည်။

( ဘဝမှာအောင်မြင်တယ်ဆိုတာ မင်းကိုယ်တိုင် ဘဝကို နေချင်သလိုနေနိုင်ခဲ့တဲ့ စွမ်းရည်တစ်ခုကို ဆိုလိုတာတဲ့ ...)


" ကောင်းပါပြီ ..."

ယွမ်ရှ ပြုံး၍ ခေါင်းငြိမ့်ပြလိုက်သည်။


ရုံးအဆောက်အဦးနား ရောက်သည့်အခါ ယွမ်ရှက ထိုင်ခုံခါးပတ်ကိုချွတ်ပြီး ကားထဲမှ ထွက်လိုက်သည်။


စုန့်ထင်ရှန်းက သူမကို ရုတ်တရက် ပြောလိုက်သည်။

" တကယ်လို့ ကိစ္စတစ်ခုခုရှိရင် ကိုယ့်ကို ဘယ်အချိန်မဆို ဖုန်းခေါ်လို့ရတယ် ..."


ယွမ်ရှ အားရပါးရရယ်လိုက်မိသည်။

" ကျွန်မက ရုံးပဲတက်မှာနော် ..."


စုန့်ထင်ရှန်း ရှက်သွားသဖြင့် သူ့နှာခေါင်းကိုသူ ထိကာ ရိုးသားစွာ ဝန်ခံလိုက်သည်။

" ကိုယ် နည်းနည်း စိုးရိမ်သွားလို့ပါ ..."


သေချာဂရုတစိုက်တွေးကြည့်တော့ ဒီလို ခံစားချက်မျိုးက ... ဝမ်လေး သူငယ်တန်း စတက်တဲ့နေ့က ခံစားချက်လိုမျိုးပဲ ... ဒါပေမဲ့ သူ့ကိုတော့ အဲ့အကြောင်း မပြောပြတော့ပါဘူး ...


ဝမ်လေး သူငယ်တန်းစတက်သည့်နေ့က စုန့်ထင်ရှန်း ခြေမကိုင်မိ လက်မကိုင်မိဖြစ်ကာ အပေါက်ဝတွင် နာရီပေါင်းများစွာ ရပ်စောင့်နေခဲ့သည်။ အကယ်၍ ရုံးတွင် အရေးကြီးကိစ္စတစ်ခုခု မပေါ်လာခဲ့ပါက ထိုနေရာတွင် တစ်နေ့လုံး ရပ်နေဦးမည်ဖြစ်သည်။


စုန့်ထင်ရှန်း သူမကို စိုးရိမ်နေကြောင်း ယွမ်ရှသိသည်။ သူမ ဤနေရာသို့ ကူးပြောင်းလာစဉ်ကနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။ ထိုစဉ်အချိန်က သူမ ဘာလုပ်လုပ် သူလုံးဝ စိတ်မပူခဲ့သော်လည်း ယခုအခါ စိုးရိမ်ပူပန်နေတတ်ပြီဖြစ်သည်။


" စိတ်မပူပါနဲ့ ... ကျွန်မ မပျော်တာပဲဖြစ်ဖြစ် မကျေမနပ်ဖြစ်တာပဲဖြစ်ဖြစ် ချက်ချင်း အလုပ်ထွက်လိုက်ပါ့မယ် ..."

ယွမ်ရှ ဂုဏ်ယူစွာပြောလိုက်သည်။


" ကျွန်မက အခု သူဌေးမကြီးဖြစ်နေပြီဆိုတော့ ကိုယ်ကြိုက်တာကိုယ်လုပ်လို့ရပြီ ..."


ငွေမြောက်များစွာရှိခြင်းက အလွန်ပျော်စရာကောင်းလှသည်။ အကယ်၍ အလုပ်တွင် မပျော်ခြင်း သို့မဟုတ် လုပ်ဖော်ကိုင်ဖက်များနှင့် အဆင်မပြေခြင်းတို့ ဖြစ်လာပါက ချက်ချင်း နှုတ်ထွက်စာတင်ပြီး အလုပ်ထွက်နိုင်သည်။


သူမ၏ အမူအယာကြောင့် စုန့်ထင်ရှန်းက အပျော်များ ကူးစက်သွားကာ ပြုံးလိုက်မိသည်။

" ကောင်းပါပြီ အလုပ်သွားတော့လေ ... ကိုယ် ဒီနေရာမှာ ကြာကြာကားရပ်ထားလို့မရဘူး ... ယာဉ်ထိန်းရဲ ရောက်လာလိမ့်မယ် ..."


ယွမ်ရှ ခေါင်းငြိမ့်ပြီး လက်ပြလိုက်သည်။

" အိုကေ ဘိုင့်ဘိုင် ..."


စုန့်ထင်ရှန်း ထပ်ပြောလိုက်သည်။

" မင်း ဒီနေ့ ကားမမောင်းလာဘူးဆိုတော့ ကိုယ်အလုပ်ကနေ စောစော ထွက်လာပြီး လာကြိုပေးမယ် ..."


ယွမ်ရှက မလိုအပ်ကြောင်း ပြောမည်အပြုတွင် စုန့်ထင်ရှန်း၏ အမူအယာက မငြင်းဆန်လိုသည့်ပုံပေါ်နေသဖြင့် သူမ စကားလုံးများကို မျိုသိပ်ထားလိုက်သည် ။

ဘာလို့ သူမကို ဒီနေ့မှ ပထမဆုံးရုံးစတက်တဲ့ ကလေးတစ်ယောက်လို ဆက်ဆံနေရတာလဲ ... မဟုတ်သေးဘူး တိတိကျကျ ပြောရရင် သူက ကလေးကို သူငယ်တန်းတက်ဖို့ လိုက်ပို့ပေးတဲ့ မိဘတစ်ယောက်လိုပဲ ... 


သူမ တစ်ဖက်သို့လှည့်ပြီး ရုံးအဆောက်အဦးဘက်ကို လျှောက်သွားလိုက်သည်။ စုန့်ထင်ရှန်းက ချက်ချင်းကားမောင်းမထွက်သွားပေ။  ထိုအစား သူမ အဆောက်အဦးထဲ ဝင်သွားသည်အထိ စောင့်ကြည့်နေသည်။


သူမ မြင်ကွင်းထဲမှ ပျောက်သွားမှ ကားစက်နှိုးပြီး ထွက်သွားသည်။ ဤနေရာတွင် ကားကွေ့ရ မလွယ်သဖြင့် ရုံးအဆောက်အဦးနားသို့ ပြန်‌ထွက်လာရသည်။ 


လမ်းမကြီးနှင့် ဆက်နေသည့် လမ်းငယ်တစ်ခုတွင်  ရပ်ထားသည့် ယာဉ်တစ်စီးရှိသည်။ ထိုကား၏ မှန်တံခါးများကို ဖွင့်ထားသည်။ 


စုန့်ထင်ရှန်း ကားမောင်းထွက်လာသည့်အခါ ထိုကားနားမှ ဖြတ်သွား၍ ကားပေါ်တွင် ထိုင်နေသည့်လူကို မြင်လိုက်သည်။ ထိုလူက မော့ကြည့်လိုက်သည့်အခါ သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားကြသည်။ ထိုလူက အလွန်ယဉ်ကျေးပြီး သူ့ကို နှုတ်ဆက်သည့်သဘောဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။


စုန့်ထင်ရှန်းကလည်း ခေါင်းငြိမ့်ပြလိုက်သည်။


xxxxx