အပိုင်း (၁၈၈)
Viewers 31k

Chapter 188 


ယွမ်ရှက မနက်ကိုးနာရီထိုးရန် ဆယ်မိနစ်အလိုတွင် ရုံးသို့ရောက်လာသည်။ 


ယခင်တစ်ပတ် အင်တာဗျူးအတွက် ဤနေရာသို့လာခဲ့စဉ်က ဤကုမ္ပဏီတွင် ဝန်ထမ်းများစွာ မရှိကြောင်း တွေ့ခဲ့ရသည်။ ယနေ့ ရောက်လာသည့်အခါ ဝန်ထမ်း ဆယ်ယောက်ခန့် ရှိနေပြီဖြစ်သည်။ သူမကို နိုင်ငံခြားဌာနခွဲ၏ ကြီးကြပ်သူက ခုံနေရာလိုက်ပြပေးသည်။ သူမ၏ လက်ဗွေရာကို စာရင်းသွင်းထားလိုက်ပြီးနောက် ရုံးနှင့်ဆိုင်သည့် စာရွက်စာတမ်း အချက်အလက်များကို ပေးလိုကိသည်။ သူမ ခုံတွင် ထိုင်လိုက်ချိန်၌ မနက်ကိုးနာရီကျော်နေပြီဖြစ်သည်။


ကုမ္ပဏီ၏ ပရိဘောဂများက အလွန်ကောင်းလှသည်။ သူမ၏ လုပ်ဖော်ကိုင်ဖက်များကလည်း လူသစ်များသာဖြစ်သည်။ လူသစ်များက ပထမဆုံးနေ့တွင် ကုမ္ပဏီ၏ လုပ်ငန်းလည်ပတ်မှုနှင့် လုပ်ရိုးလုပ်စဉ်များနှင့် အကျွမ်းတဝင်ဖြစ်အောင် နေရမည်ကို ယွမ်ရှသိသည်။ သို့ဖြစ်၍ ယနေ့အတွက် အလုပ်များများစားစားမရှိပေ။ သူမ၏ လုပ်ဖော်ကိုင်ဖက်များအတွက် စာရွက်စာတမ်းများ မိတ္တူကူး၍ ကူညီပေးချင်သော်လည်း သူတို့က လုပ်ခွင့်မပြုကြပေ။


ဘာမှလုပ်စရာမရှိသည့်အတွက် ယွမ်ရှ ယခင်ထက်ပိုပြီး ရေများများသောက်ကာ ‌သန့်စင်ခန်းသို့ မကြာခဏသွားနေရသည်။


သူမ ဘေစင်ရှေ့တွင်ရပ်ကာ လက်ဆေးနေစဉ် ဧည့်ကြိုမိန်း‌ကလေးက သန့်စင်ခန်းထဲ ဝင်လာသည်။


ဧည့်ကြိုမိန်းကလေးက စိုးရိမ်နေသည့်ပုံဖြင့် မေးလိုက်သည်။

" ဗိုက်မကောင်းလို့လား ... တကယ်လို့ နေမကောင်းဘူးရင် ကျွန်မ ဆေးရုံလိုက်ပြပေးရမလား ..."


ယွမ်ရှ လန့်သွားသဖြင့် ကတိုက်ကရိုက် ဖြေလိုက်ရသည်။ 

" မ ... မဟုတ်ပါဘူး ... ကျွန်မ ရေသောက်တာ များသွားလို့ပါ ..."


ဒီ ဧည့်ကြိုမိန်းကလေးက အရမ်းဖော်ရွေလွန်းတာပဲ ... သူမ သန့်စင်ခန်း ဘယ်နှခါသွားတယ်ဆိုတာပါ သတိထားကြည့်နေတာလား ...


ယွမ်ရှ ယခင်ကလည်း အလုပ်လုပ်ခဲ့ဖူးသည်။ သို့ရာတွင် လူတိုင်းက ကိုယ့်အလုပ်နှင့်ကိုယ်သာရှုပ်နေကြသည်က ပိုများသည်။ သူမ ဤမိန်းကလေးနှင့် အင်တာဗျူးဖြေသည့်အချိန်က တစ်ကြိမ်သာတွေ့ခဲ့ဖူးသော်လည်း သူမက ယွမ်ရှကို အလွန်ဂရုစိုက်လွန်းနေသည်။ ဧည့်ကြိုမိန်းကလေးက နွေးထွေးသူတစ်ယောက်ဟုသာဖြည့်တွေးလိုက်သည်။ လူမှုပတ်ဝန်းကျင်က စာနာစိတ်မရှိဟု တွေးနေသည်ကများသဖြင့် ဧည့်ကြိုမိန်းကလေး၏ အပြုအမူနှင့် အသားမကျ‌ခြင်း ဖြစ်နိုင်သည်။


" ကျေးဇူးတင်ပါတယ် ..."

ယွမ်ရှက ဧည့်ကြိုမိန်းကလေးကိုကြည့်ကာ ပြုံးပြလိုက်သည်။ သူမတို့နှစ်ယောက်က တူတူရပ်နေသည့်အတွက် သူမ စကားပြောရန် ခေါင်းစဉ်ရှာနေသည်။ 

" ဒီကုမ္ပဏီမှာ အလုပ်လုပ်တာ ကြာပြီလား ..."


ဧည့်ကြိုမိန်းကလေးက အံ့အားသင့်သွားသည့်ပုံပင်။


" နှစ်လရှိပါပြီ ... ဒီရုံးကို ကုမ္ပဏီ ပြောင်းလာတဲ့အချိန်ကပါ ..."


" ဒီနေရာက နည်းနည်းချောင်ကျတယ်နော် ..."

ယွမ်ရှ အဆက်အစပ်မရှိ ပြောလိုက်သည်။ သူမက သူစိမ်းများနှင့် စကားပြော‌မကောင်းလှပေ။


ဤနေရာတွင် ဗီလာများ မရှိပေ။ စုန့်မိသားစု ဗီလာဧရိယာက မြို့လယ်နှင့် အလှမ်းဝေးသည်။  ဤနေရာတွင် စျေးဝယ်စင်တာတစ်ခုနှင့် မြေအောက်ရထားဘူတာတစ်ခုရှိသော်လည်း လူဦးရေမများလှပေ။ ထို့အပြင် ရုံးအဆောက်အဦးကို နှစ်အနည်းငယ်အကြာမှသာ ဆောက်လုပ်ထားခြင်းဖြစ်၍ ဤနေရာသို့ လာရခြင်းက လူအများစုအတွက် အဆင်မပြေဖြစ်နိုင်သည်။ ဤရုံးအဆောက်အဦးတွက် ကုမ္ပဏီများစွာ မရှိသည်ကို ယွမ်ရှ သတိပြုမိသည်။


" သူဌေးက ဒီနေရာကို ရွေးထားတာပါ ... သူဌေးက ဒီနေရာကို တော်တော်ကြိုက်တယ်လို့ ကြားမိတာပဲ ..."


" အိုး ..."

ဤသို့သော ကိုးရို့ကားယား စကားဝိုင်းကို မည်သို့ဆက်ပြောရမည်ကို ယွမ်ရှ မသိတော့ပေ။


ဧည့်ကြိုမိန်းကလေးက ယွမ်ရှကိုကြည့်ကာ မေးလိုက်သည်။ 


" ကုမ္ပဏီရဲ့ ပရိဘောဂတွေကို ဘယ်လိုထင်လဲ ... ဒီနေရာကို သဘောကျရဲ့လား ... တကယ်လို့ တစ်ခုခုလိုအပ်နေတဲ့ နေရာရှိရင် ကျွန်မကိုပြောလို့ရပါတယ် ... ကုမ္ပဏီက ရှင့်ရဲ့ ... မဟုတ်ဘူး ... အားလုံးရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်အောင် ကြိုးစားပါ့မယ် ..."


" ကျွန်မကတော့ အားလုံး အဆင်ပြေတယ်လို့ထင်တယ် ..."

ယွမ်ရှက သူမလက်ကို တစ်ရှူးဖြင့် သုတ်နေသည်။


" ဒီနေရာက လူအားလုံးကလည်း ကောင်းကြပါတယ် ..."


ဤကဲ့သို့ ကုမ္ပဏီမျိုးနှင့် တွေ့ရသည်က ပထမဆုံးအကြိမ်ဖြစ်သည်။ သူမ၏ ယခင်ဘဝက အလုပ်တွင် ကုမ္ပဏီက ဝန်ထမ်းများ၏ ထင်မြင်ချက်ကို ဂရုမစိုက်ပေ။ ဝန်ထမ်းများ၏ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်က ပို၍ မဖြစ်နိုင်ပေ။ စုန့်ထင်ရှန်း၏ ကုမ္ပဏီကပင် ထိုသို့ ကောင်းကောင်း မဆက်ဆံပေးနိုင်ပေ။


ဧည့်ကြိုမိန်းကလေးက စိတ်သက်သာရာ ရသွားပုံဖြင့် သက်ပြင်းချလိုက်သည်။

" ဒါဆိုရင် အကြံပြုချက်တွေရေးတဲ့ ပုံးမှာ ကျွန်မကို ကောင်းတဲ့ တုံ့ပြန်ချက်လေး ရေးပေး‌ပါလား ..."


ဒါ ဘယ်လိုဟာကြီးတုန်း ...


ယွမ်ရှ သံသယမကင်းစွာဖြင့် မျက်တောင်ခတ်လိုက်သည်။

" ကောင်းတဲ့ တုံ့ပြန်ချက်တဲ့လား ..."


အခုခေတ် ဧည့်ကြိုတွေက တုံ့ပြန်ချက်ကောင်းကောင်းရဖို့လိုလို့လား ...


xxxxxxx