Chapter 7
Viewers 2k

【Volume 1 : ဆင်းရဲခြင်းနတ်ဘုရားလေး ၀၇】


Chapter 7


မွန်းတည့်ချိန်နီးလာသည်နှင့်အမျှ ဆောက်လုပ်ရေးလုပ်ငန်းခွင်က စည်ကားလာသည်။


စူးချုံသည် အုတ်တွန်းလှည်းကို ပြင်းပြင်းထန်ထန် တွန်းလိုက်ရာ အပူချိန်သည် သုညအောက်သို့ ကျဆင်းနေသာ်လည်း လှည်းကို အကြိမ်အနည်းငယ် တွန်းလိုက်ရာ သူ့ခန္ဓာကိုယ်အတွင်းမှ ပူနွေးလာကာ လုံးဝမအေးတော့ပေ။


၎င်းသည် လာမည့်နှစ်တွင် ဖွင့်လှစ်ရန် မျှော်လင့်ထားသည့် အလယ်အလတ်တန်းစား လူနေရပ်ကွက်တစ်ခုဖြစ်ပြီး တည်နေရာသည် အနည်းငယ်ဝေးသော်လည်း နှစ်အနည်းငယ်အတွင်း အနီးနားရှိ အထောက်အကူပြု အဆောက်အဦးများ ဆောက်လုပ်မည်ဖြစ်ပြီး စီးပွားရေးဇုန်အသစ်ကို ဖွဲ့စည်းနိုင်သည်ဟု ဆိုသည်။ ... စူးချုံသည် တစ်လခွဲလောက် စားသောက်ရေးအတွက် ဝင်ငွေရှာချင်နေတာမို့ ဒါတွေကို သိပ်ဂရုမစိုက်တော့ဘဲ ရံဖန်ရံခါ လူတွေပြောနေကြတာကို ကြားသော်လည်း သူဌေးနာမည်ကို မသိတာကြောင့် လျစ်လျူရှုလိုက်သည်။


ထို့ကြောင့် စူးချုံသည် လှည်းတစ်စီးကို တွန်းနေသောအခါ ခေါင်းဆောင်များကဲ့သို့ ဝတ်စုံဝတ်ထားသော လူတစ်စုတို့ကိုပင် မကြည့်ခဲ့ပေ။


ထို့ကြောင့် ယနေ့ ကုမ္ပဏီ၏ အသစ်ပြုလုပ်ထားသော အိမ်ခြံမြေလုပ်ငန်းခွင်ကို စစ်ဆေးနေသည့် လင်ဖုသည် စူးချုံနှင့် သုံးမီတာအကွာတွင် ရပ်နေပြီး သူ၏ချစ်စရာလေးက ခေါင်းပေါ်တွင် လုံခြုံရေး ဦးထုပ်ဆောင်းပြီး ဖုန်မှုန့်‌တွေနဲ့မျက်နှာဖြင့် ညစ်ပတ်သော အလုပ်လက်အိတ်တစ်စုံကို ဝတ်ကာ အုတ်လှည်းကို တွန်းနေချိန်တွင် ကူကယ်ရာမဲ့ ကြည့်နေလေသည်။ 


"...မစ္စတာလင်? ခင်ဗျား ဘာဖြစ်နေတာလဲ။" ပရောဂျက်ခေါင်းဆောင်က ဆောက်လုပ်ရေးလုပ်ငန်းခွင်အခြေအနေကို အစီရင်ခံနေပြီး အလေးအနက်ထားပြီး နားထောင်နေသော လင်ဖုက ချက်ချင်းဆိုသလိုပဲ မိုးကြိုးပစ်ခံရသလို သူ့အမူအရာ ပြောင်းသွားသည်။


"ဘာမှမဟုတ်ပါဘူး" လင်ဖုက သူ့မျက်နှာအမူအရာကို အမြန်ပြင်လိုက်ပြီး သူ့အကြည့်တွေကတော့ စူးချုံနှင့် သူ့အုတ်လှည်းနောက်ကို လိုက်နေကာ "ဆက်ပြောပါ"


ပရောဂျက်ခေါင်းဆောင်က ထက်မြက်စွာ အစီရင်ခံလေသည်။


လင်ဖု၏မျက်နှာသည် သူ့ဝိညာဉ် စုပ်ယူခံလိုက်ရသလိုမျိုး မျက်နှာသေဖြစ်နေ၏။


ရှောင်ကျန်းသည် ပရောဂျက်ခေါင်းဆောင်ကို စာနာစိတ်ဖြင့် စိုက်ကြည့်လိုက်သည်...


ဒီအချိန်မှာ ငါတို့ရဲ့မစ္စတာလင်းက ရှေ့ကို အပြေးအလွှားသွားပြီး သူ့ရဲ့ချစ်စရာလေးကို သူ့ရင်ခွင်ထဲကို ထွေးပွေ့ချင်တာ၊ သူက မင်းပြောတာကို လုံးဝနားထောင်ချင်စိတ်မရှိဘူး!


"ဟိုဘက်ကို သွားကြည့်ရအောင်။" အစီရင်ခံပြီးနောက် လင်ဖုသည် သူ့လက်ကို မြှောက်ကာ စူးချုံရှိတာဘက်ကို ညွှန်ပြလိုက်သည်။


ထို့ကြောင့် ကြီးမားသော စစ်ဆေးရေး အဖွဲ့တစ်ဖွဲ့က လိုက်လာခဲ့သည်။


နေ့လယ်စာစားချိန်ဖြစ်ပြီး စူးချုံသည် ထမင်းဘူးနှင့်အတူ သစ်ပင်အောက်တွင် ထိုင်ကာ ထမင်းစားနေစဉ် အုတ်လှည်းတွန်းသော အခြားဦးလေးနှင့် စကားစမြည်ပြောဆိုနေသည်။


"ဒီနှစ် အိမ်ကအခြေအနေ ဘယ်လိုရှိလဲ။" စူးချုံက လုံးဝန်းသော အားလူးသီးအသေးလေးကို ကောက်ယူကာ စားလိုက်သည်။


"အရမ်းကောင်းတယ်။" ဦးလေးက လက်ထဲရှိ စီးကရက်ကို တောက်ရင်း "မင်းအိမ်ကော ဘယ်လိုလဲ။"


"ကျွန်တော့်မိသားစုက မြေမရှိလို့ အရမ်းဆင်းရဲတယ်။" စူးချုံက ပွင့်လင်းစွာ ပြန်ဖြေပြီး ဦးလေး၏စာနာစိတ်အောက်မှာ ကြက်ဥပြုတ်တစ်လုံးကို ကောက်ယူပြီး ကျေနပ်စွာ ကိုက်လိုက်ကာ ပျော်ရွှင်စွာ မျက်လုံးကိုမှိတ်ထားပြီး ပြောသည်။ "ဒီနေ့ စားဖို့ ကြက်ဥရှိတာ တကယ်ကောင်းတယ်။"


လင်ဖုသည် သူ့နှလုံးသွေးများ ယိုစီးလာသလို ရုတ်တရက် ခံစားလိုက်ရပြီး သူသည် ထိုနေရာသို့သွားကာ အဲဒီလူကို ချက်ချင်း ခေါ်ဆောင်သွားချင်ခဲ့သည်။


ဒါကိုမြင်တော့ ရှောင်ကျန်းက ရှေ့ကိုရောက်လာပြီး လင်ဖုကို တိုးတိုးပြောသည်။ "မစ္စတာလင်း၊ ဒီနေ့နေ့လယ်စာအဖြစ် ကြက်ပေါင်တစ်ချောင်း အပိုပေးရမယ်ဆိုပြီး တာဝန်ခံလူကြီးကို ကျွန်တော်ပြောဖို့လိုသေးလား။"


လင်ဖုက သူ့အား သဘောကျစွာ စိုက်ကြည့်ကာ အင်း ဟု အသံပြုလိုက်သည်။


ရှောင်ကျန်းက လိမ္မာပါးနပ်ပြီး အရည်အချင်းရှိသည်။ "ကျွန်တော် ချက်ချင်း သွားလိုက်မယ်။"


ခဏတုန်းက မစ္စတာလင်ရဲ့မျက်လုံးတွေထဲမှာ နှလုံးသားနာကျင်ခြင်း လေးပိုင်း၊ သနားခြင်း သုံးပိုင်း၊ လွှမ်းမိုးချုပ်ကိုင်ခြင်း နှစ်ပိုင်းတို့ လင်းလက်နေတယ်။ သူက ချစ်စရာလေးရဲ့ရှေ့ကို ချက်လက်မှတ် 10 သန်းတစ်စောင် ပစ်ပေးချင်နေပြီ! သူ့က်ု နည်းနည်းလေးတောင် ဒုက္ခမပေးနိုင်ဘူး!


ထို့ကြောင့် ထိုနေ့မွန်းတည့်ချိန်တွင် ဆောက်လုပ်ရေးလုပ်ငန်းခွင်ရှိ လူတိုင်းသည် သူတို့၏နေ့လယ်စာဘူးများတွင် မွှေးကြိုင်ပြီး အရည်ရွှမ်းသော ကြက်ပေါင်ကို ကိုင်ဆောင်ထားကြသည်။


တစ်နေ့တာအလုပ်ပြီးသွားတော့ စူးချုံက သူ့လစာအသစ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲကနေ သီချင်းညည်းရင်း ထွက်လာခဲ့သည်။


ဒါက နောက်ဆုံးနေ့ပဲ၊ သူအလုပ်ဆက်လုပ်ရင် ဆောက်လုပ်ရေးလုပ်ငန်းခွင်က တစ်ခုခုဖြစ်သွားမှာကို သူစိုးရိမ်သည်။ စူးချုံသည် လမ်းလျှောက်ရင်း မနက်ဖြန် ပန်းကန်ဆေးအလုပ်ရှာဖို့ စဉ်းစားနေသည်။


သူ့မှာ ပိုက်ဆံရှိတုန်း ဆန်တစ်ခွက်လောက်ဝယ်ပြီး သိမ်းထားရမလား။ ဒါမှမဟုတ် ဖိနပ်အသစ်တစ်ရံ ဝယ်ရမလား။

[Note: တစ်ခွက်(လေးဘူး), နှစ်ခွက်(ရှစ်ဘူး)=တစ်ပြည်၊ စူးချုံ ဝယ်မဲ့ဆန်က တစ်ပြည်တောင်မပြည့်ပါဘူး။]


စူးချုံသည် အလေးအနက်တွေးကာ ပြဲလုနီးနီးဖြစ်နေသော ခြေထောက်ပေါ်ရှိ ဖိနပ်ကို ငုံ့ကြည့်လိုက်သည်။


"စူးချုံ" ဒီအချိန်မှာ ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာသည်။


စူးချုံ မော့ကြည့်လိုက်တော့ လင်ဖုသည် ကားတစ်စီးကိုမှီရင်း ဘေးတိုက်ရပ်နေကာ လက်ပိုက်ထားသည်။ ဈေးကြီးပြီး ကြည့်ကောင်းသောဝတ်စုံက သူ၏အသွင်အပြင်ကို ချောမောပြီး ဖြောင့်စင်းစေသည်။


"အိုး...?" စူးချုံက ခဏတာ အံ့အားသင့်သွားသော်လည်း ဆောက်လုပ်ရေးလုပ်ငန်းခွင်တံခါးဝတွင် လင်ဖုနှင့်တွေ့မယ်လို့ မမျှော်လင့်ထားပေ။


"ကိုယ် ကားပြောင်းလိုက်တာ" လင်ဖုက သူ့နှုတ်ခမ်းထောင့်တွေကို မြှောက်လိုက်ပြီး သူ့နောက်ကနေ Chery ကို လက်မလေးနဲ့ လှလှပပ ညွှန်ပြလိုက်သည်။ "တက်လေ"


[19]


"ဒါက... မင်းရဲ့ကားလား။" စူးချုံက မျက်လုံးကို အနည်းငယ်ဖွင့်လိုက်ပြီး ခရီးသည်ထိုင်ခုံကို မယုံနိုင်စွာ ဝင်သွားသည်။


"ကိုယ် အခုလေးတင် ဝယ်ခဲ့တာ၊ တစ်ပတ်ရစ်ကားလေ" အရပ် 1.86 မီတာရှိသော လင်ဖုသည် ဒီကားသေးလေးထဲတွင် ကျဉ်းကျပ်နေမဲ့ပုံရသည်။ သူသည် လီဗာကို နင်းပြီး ကားကို လမ်းပေါ်တွင် ဖြည်းဖြည်းချင်း မောင်းလာခဲ့သည်။ လင်ဖုက လွှမ်းမိုးချုပ်ကိုင်စွာ ပြောသည်။ "အရင်ဆုံး အဝတ်အစားဝယ်ဖို့ ကိုယ်နဲ့လိုက်ခဲ့၊ ပြီးရင် ညစာသွားစားမယ်။ မင်း ငြင်းပိုင်ခွင့်မရှိဘူး။"


"အာ… ကောင်းပါပြီ။" စူးချုံက နာခံမှုရှိစွာ တုံ့ပြန်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်များက မထိန်းနိုင်ဘဲ မြှောက်တက်သွားကာ စိမ့်စမ်းရေများကဲ့သို့ နူးညံ့သော နွေးထွေးမှုများက သူ့နှလုံးသားကို ပြည့်လျှံစေသည်။


လင်ဖုသည် ကားကို ဖြည်းဖြည်းမှန်မှန် မောင်းလာခဲ့သည်။ စူးချုံသည် ကားထဲတွင် ဘယ်ညာကြည့်ကာ သူ့လက်ချောင်းများကို စိတ်လှုပ်ရှားစွာ လှုပ်ယမ်းပြီး မေးလိုက်သည်။ "မင်း ဒီကားကို ဝယ်ခဲ့တာ… ငါ့အတွက်လား။"


အဖြေက ရှင်းနေပေမဲ့ ဆင်းရဲခြင်းနတ်ဘုရားလေးက အဲဒါကို မယုံနိုင်ဘူး။


"ဟုတ်တယ်" လင်ဖုက အမှန်အတိုင်းဖြေသည်။ "မင်းကို တင်ဖို့လေ"


မင်း ဘာလို့ ငါ့အပေါ် ဒီလောက်ကောင်းနေရတာလဲ…


သူ ဘာမှ မသိသေးတာ သေချာပါတယ်…


စူးချုံသည် စိတ်ရှုပ်ထွေးပြီး စကားမပြောနိုင် ဖြစ်သွား၏။ သူက လင်ဖု၏။ချောမောသော ရုပ်သွင်ကိုသာ စိုက်ကြည့်နေသည်။


လင်ဖုသည် စူးချုံကို လျင်မြန်စွာ တစ်ချက်ကြည့်လိုက်ပြီး စနောက်လေသည်။ "ဒီကားသာ ထပ်ပျက်ရင် နောက်နောင် မင်းကိုတင်ဖို့ ကိုယ်စက်ဘီးစီးရလိမ့်မယ်။"


‌အလွန်ဈေးကြီးသော ဇိမ်ခံပစ္စည်းများဝတ်ထားသည့် လင်ဖုက သူ့ကိုတင်ဖို့ စက်ဘီးစီးနေသည့်မြင်ကွင်းကို စူးချုံ ‌မတွေးကြည့်ဘဲမနေနိုင်ပေ။ ရှောင်ကျန်းသည် သူ့နောက်ကနေ ဇိမ်ခံကားကိုစီးရင်း ဖြည်းညှင်းစွာ လိုက်လာနေသည်။ ဒါကိုတွေးကြည့်ပြီး သူ မနေနိုင်ဘဲ အော်ရယ်လိုက်ချင်သည်။


လင်ဖုလည်း ပြုံးကာ လက်ဆန့်ပြီး စူးချုံ၏ ဆံပင်ကို ချစ်ခင်စွာ တို့ထိပြီး ပြောသည်။ "မင်းမှာ စိတ်ဝင်စားစရာကောင်းတဲ့ ခန္ဓာကိုယ်ရှိတယ်။"

[Note: စူးချုံရဲ့ခန္ဓာကိုယ်ကထိလိုက်တိုင်း ပစ္စည်းတွေပျက်သွားတာကို လင်ဖုဆိုလိုတာပါ။ ညစ်ပတ်တာတွေမတွေးပါနဲ့။]


စူးချုံက ရှက်ပြီး သူ့လည်ပင်းကို ကျုံ့ထားလိုက်သည်။ သူ့မျက်တောင်ရှည်များက အနည်းငယ်တုန်ခါနေ၏။ "ငါတောင်းပန်ပါတယ်… မင်းကြိုက်တဲ့ကားကို မမောင်းနိုင်အောင် ငါလုပ်လိုက်မိတယ်။"


"ဒါကို ဘယ်သူပြောတာလဲ။" လင်ဖုသည် စတီယာရင်ကို လက်ဖြင့်ပုတ်ကာ ချီးကျူးသည်။ "ဒီကားက မဆိုးပါဘူး၊ လိုက်လျောညီထွေရှိတယ်၊ ကျစ်လစ်တယ်၊ စွမ်းအင်ချွေတာပြီး မီးခိုးငွေ့ထုတ်လွတ်မှုကလည်း သက်သာစေတယ်၊ ရပ်နားရတာလည်း လွယ်ကူတယ်၊ အသွင်အပြင်က အရမ်းချစ်စရာကောင်းတယ်… ကိုယ်က ချစ်စရာလေးတွေ သဘောကျတယ်။"


‘ချစ်စရာ’ဟူသော စကားလုံးကို သူပြောသောအခါ လင်ဖုသည် သူ့အသံကို တမင်တကာ လျှော့လိုက်သည်။


တိုးလျသောသံလိုက်အသံသည် စူးချုံ၏ နားစည်ကို အလွန်ညင်သာစွာ ကုတ်ခြစ်နေသော လက်ငယ်လေးနှင့်တူပြီး စူးချုံ၏ နားရွက်များ ချက်ချင်းနီသွားစေသည်။


"စကားမစပ်..." စူးချုံသည် အနည်းငယ် စိတ်ရှုပ်သွားသလို ခံစားလိုက်ရသဖြင့် ဖုံးကွယ်ဖို့ ကြိုးစားရင်း အလျင်အမြန် ပြောလိုက်သည်။ "ငါဒီမှာရှိနေတာကို မင်းဘယ်လိုသိတာလဲ။"


လင်ဖုက နူးညံ့စွာပြောသည်။ "ဒီနေ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ကိုယ်မင်းကို တွေ့လိုက်တယ်။"


"မင်းဘာလို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ရောက်နေတာလဲ။" စူးချုံ၏ပါးစပ်က O ပုံသဏ္ဌာန်လို ဟနေခဲ့သည်။


"ဒီအိမ်ခြံမြေက ကိုယ်တို့ကုမ္ပဏီက တည်ဆောက်ထားတာ။ ဒီနေ့ ပရောဂျက်ရဲ့ တိုးတက်မှုကို ကိုယ်လာကြည့်ချင်ခဲ့တာ..." လင်ဖုသည် ခေတ္တရပ်လိုက်ပြီး မီးနီကို စောင့်ရင်း စူးချုံဘက်သို့ကိုင်းကာ နှုတ်ခမ်းများနဲ့ စူးချုံ၏နားရွက်ကို ပွတ်သပ်လိုက်သည်။ "နောက်ဆုံးတော့ ကိုယ် မင်းကိုပဲ ကြည့်လိုက်တယ်။"


စူးချုံသည် အလွန်စိတ်လှုပ်ရှားနေသဖြင့် ပါးစပ်ကို မဖွင့်နိုင်တော့ပေ။ သူသည် နီရဲနေသောမျက်နှာဖြင့် 'အင်း'ဟုသာ အသံပြုပြီး ရင်ခုန်နေခဲ့သည်။ သူသည် မျက်လွှားများကိုချကာ သူ့ခြေမ ပေါက်ထွက်ခါနီးနေသော သူ့ခြေထောက်ပေါ်က ဖိနပ်များကို တည့်တည့်စိုက်ကြည့်နေသည်။


လင်ဖုသည် အသံမကြားအောင် သက်ပြင်းချပြီး မေးလိုက်သည်။ "မင်း ဒီမှာ အလုပ်လုပ်နေတာ ရပ်လို့ရမလား။"


စူးချုံသည် သူ့လက်များကို အကြိမ်အနည်းငယ် ဝှေ့ယမ်းပြီး ပြောလိုက်သည်။ "အစကတည်းက မနက်ဖြန် မလာတော့ဖို့ ငါစီစဉ်ထားတာပါ။ စိတ်မပူပါနဲ့၊ ငါ သုံးရက်ပဲ အလုပ်လုပ်ထားတာဆိုတော့ ပျက်စီးမှုအများကြီး မရှိလောက်ပါဘူး။ ဒီပရောဂျက်ကလည်း မပြီးသေး‌ဘူးဆိုတော့…"


"ကိုယ် အဲဒီလိုဆိုလိုတာမဟုတ်ဘူး။" ဂြိုဟ်ဆိုးအနေနဲ့ သူက သူ့ကို သဘောမကျဘူးလို့ စူးချုံ နားလည်မှုလွဲသွားမှန်း လင်ဖု သိလိုက်ရသည်။ ထို့ကြောင့် သူက အလျင်စလို ကြားဖြတ်လိုက်ပြီး ပွင့်လင်းစွာ ပြောလိုက်သည်။ "မင်းအတွက် ကိုယ်စိတ်မကောင်းဘူး။"


စူးချုံက နှလုံးသားမဲ့သောအပြုံးမျိုး ပြလိုက်သည်။ "ငါ့အတွက် စိတ်မကောင်းမဖြစ်ပါနဲ့။ ငါ မနက်ဖြန် ပန်းကန်ဆေးတဲ့အလုပ်ရှာပြီး ရက်ပိုင်းလောက်လုပ်လိုက်မယ်။ ဒါက အများကြီးပိုလွယ်ပါတယ်။"


လင်ဖု၏နဖူးတွင် သွေးကြောများထောင်ထနေပြီး လမ်းဘေးတွင် ကားရပ်လိုက်သည်။ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် သူသည် အသက်ပြင်းပြင်းရှူကာ တစ်ဖက်ကိုလှည့်ပြီး စူးချုံကို မျက်နှာမူရင်း ပြောလိုက်သည်။ "ကိုယ်ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်… ကိုယ်တို့သိတာ သိပ်မကြာသေးဘူးဆိုပေမဲ့ ကိုယ်မင်းကို အရမ်းသဘောကျတယ်။"


စူးချုံက အံ့အားသင့်သွားပြီး လင်ဖုကို ပြူးကျယ်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။


"ကိုယ်နဲ့အတူလိုက်နေဖို့ ကြိုးစားကြည့်ပါလား။" တစ်ပတ်ရစ် Chery ကားကိုမောင်းနေသော လင်ဖုသည် ယုံကြည်မှုကင်းမဲ့စွာ ခပ်တိုးတိုး ပြောလိုက်သည်။ "ကိုယ်မင်းကို ကောင်းကောင်း ဂရုစိုက်ပြီး မင်းကို ထပ်ပြီးဒုက္ခမခံစေရဘူး။"