အပိုင်း 195
Viewers 24k

Chapter 195
အပျော်မယား / ရန်မင်း



ချန်ရုံက လုံးဝကိုငြိမ်သက်သွားလေသည်။

ဒီအချိန်တွင် သူမ၏ ငိုသံများက ရပ်တန့်သွားသည်

“ကျွန်မ သိပါပြီ”

အဆုံးတွင် သူမကပြန်ဖြေလာသည်။

သူမက အခုသိသွားပြီဖြစ်သည်။

ဝမ်ဟုန်က သူမကိုငုံ့ကြည့်နေ၏။ သူမ၏အဖြေကိုကြားသောအခါ သူက သူမမေးစေ့ကိုဆွဲကာ သူ့ကိုမော့ကြည့်စေလိုက်သည်။

သူမ၏ငိုထားသောမျက်လုံးများက ရောင်ရမ်းနေသော်ငြား သူမပြုံးပြလာသောအခါ မသေချာမှုများရှိမနေတော့ချေ။

ဝမ်ဟုန်က သူ၏မျက်နှာကို သူမနှင့် ကပ်လာပြီး နူးနူးညံ့ညံ့မေးလိုက်သည်။
“အချစ်ရေ မင်းထပ်ပြီးမငိုတော့ဘူးလား”

“အင်း ကျွန်မ မငိုတော့ဘူး”
ချန်ရုံ၏ အသံက အက်ကွဲနေဆဲဖြစ်သည်။

ဝမ်ဟုန်က သူမ၏နှာခေါင်းထိပ်ကို နူးညံ့စွာကိုက်လိုက်ပြီး ထပ်မေးလာသည်။
“ဒါဆို မင်းကိုယ့်ကို မမုန်းတော့ဘူးလား”

“ကျွန်မ ရှင့်ကိုမမုန်းတော့ဘူး”
သူမ၏အပြုံးက တောက်ပနေ၏။

သူမက သူ့ကိုတွန်းထုတ်လိုက်ကာ‌ ဖြေးဖြေးချင်းထထိုင်လိုက်သည်။ ကန့်လန့်ကာစကိုမကာ အပြင်ဘက်သို့တစိချက်ကြည့်ပြီးနောက် သူမကပြုံးကာတွေးလိုက်မိသည်။
တကယ်လို့ လွတ်လမ်းမရှိ‌ဘူးဆိုရင် ငါမပြေးနေတာကိုရပ်လိုက်သင့်ပြီ။

ဝမ်ဟုန်က အနောက်ဘက်မှနေ၍ ချန်ရုံကိုတိတ်တဆိတ်သာကြည့်နေ၏။

သူ၏အကြည့်များကိုခံစားမိသောအခါ သူမကလှည့်ကြည့်လိုက်သည်။ အခုလေးတင်ခြောက်သွားသည့် မျက်ရည်များက သူမမျက်နှာအား နူးညံ့သည့်သစ်တော်ပန်းလေးမိုးစိုနေသလိုဖြစ်နေစေပေသည်။ တစ်ခုခုပြောရန် သူ၏ပါးစပ်လှုပ်လာသောအခါ သူမက ရှေ့သို့ကိုင်းလာပြီး သူ၏နှုတ်ခမ်းများကို နူးညံ့စွာနမ်းလိုက်သည်။

ဒါက လုံးဝကိုတည်ကြည်ရှင်းလင်းသောအချိန်တွင် သူမဘက်မှသူ့ကိုစနမ်းလိုက်သည့် ပထမဆုံးအကြိမ်ဖြစ်သည်။

ဝမ်ဟုန်က ခနလောက် အေးခဲသွားလေသည်။

သူမ၏နှင်းဆီရောင်နှုတ်ခမ်းများက ညို့ယူနိုင်စွာ‌မွှေးကြိုင်နေပြီး သူမ၏ ဖမ်းယူဆွဲဆောင်နိုင်သော မျက်လုံးများက သူကိုကြည့်နေ၏။

“ကျွန်မရဲ့ အရှင်ခင်ပွန်း”

ဝမ်ဟုန်၏ ထိုအမည်နာမကိုကြားရသောအခါ တုန်ရီသွားလေသည်။

ချန်ရုံတစ်ယောက် သူမဘာပြောလိုက်မိသည်ကိုမသိဘဲ သူ့ကိုနူးညံ့စွာထပ်မံနမ်းရှိုက်လာသည်။ သူတို့၏နှုတ်ခမ်းများထိစပ်နေကော အသက်ရှူသံများက ရောယှက်နေပြီး သူမကရှက်ကိုးရှက်ကန်းဖြင့်ပြောလာ၏။

“အရှင်က ကျွန်မကိုဆက်မချစ်တော့ရင်တောင်မှ အရှင်ကကျွန်မကို အမြဲတမ်းကာကွယ်ပေးနေရမယ်”

ဤအရာက သူမ၏တောင်းဆိုမှုပင်ဖြစ်သည်။

သူမက အလွန်တိတ်ဆိတ်သောသူဖြစ်သော်လည်း သူမဘက်မှလက်ဦးမှုယူကာ သူ့ကိုပထမဆုံးအကြိမ်နမ်းလာခြင်း၊ ပထမဆုံးအကြိမ်ခင်ပွန်းဟု ခေါ်လာခြင်းတို့က သူ၏ကာကွယ်မှုကို တောင်းဆိုရန်အတွက်သာဖြစ်သည်။

ဝမ်ဟုန်လည်ချောင်းထဲတွင် လှိုင်းတံပိုးများတအိအိလိမ့်လာလေသည်။ သူက တိတ်ဆိတ်စွာ အေးအေးဆေးဆေးစဉ်းစားနိုင်ရန်အတွက် ချန်ရုံ၏မျက်နှာကို တစ်ဖက်သို့လှည့်လိုက်သည်။

သူမက သူ၏ခိုင်မာနေသောအကြည့်ကိုမရှောင်ရှားပေ။ ထိုအစားက သူ့၏လက်များကြားထဲတွင် အနားယူရန်ကိုင်းညွှတ်လိုက်သည်။

သူ၏ခါးပတ်ရှိ အမွှေးအိတ်နှင့်ဆော့ကစားပြီး သူမကချိုသာစွာပြောလာသည်။

“အရှင့်အိမ်တော်ကို ကျွန်မလိုက်လို့မရဘူး၊ ကျွန်မက ဘုရားကျောင်းမှာဘဲဆက်နေရမယ်၊ ဒါမှမဟုတ် အရှင်က ကျွန်မအတွက် အခြားအိမ်တော်တစ်ခုပေးလိုက်လေ၊ ကျန့်ခန်းနဲ့ဝေးတဲ့ တစ်နေရာရာက အိမ်တော်ဆိုလည်းရတယ်။ အခုကစပြီး ကျွန်မက အရှင့်ရဲ့အပျော်မယားပေါ့၊ အရှင်တွေ့ချင်တယ်ဆိုရင် လာခဲ့လေ၊ တကယ်လို့မတွေ့ချင်တော့ဘူးလို့ အရှင်ဆန္ဒရှိလာရင်ရပ်လိုက်ပေါ့”

(Tn: ဒီအပျော်မယားဆိုတဲ့နေရာမှာသူက 外室 ဒီစကားလုံးကိုသုံးသွားတာပါ၊ ကိုယ်လုပ်တော်နဲ့မတူဘဲ အပျော်မယားဆိုတာဟာ ယောက်ျားဖြစ်သူရဲ့ အိမ်တော်အစိတ်အပိုင်းထဲမှာမပါဝင်ပါဘူး၊ အိမ်တော်စည်းမျဉ်း၊ ရာထူးအဆင့်ဆင့်တွေနဲ့ မချုပ်နှောင်ထားပါဘူး၊ ဒါပေမယ့် အပျော်မယားကမွေးလာတဲ့ကလေးတွေဟာ တရားမဝင်သားသမီးဖြစ်ပြီး ကိုယ်လုပ်တော်ဖွားသားသမီးတွေထက် အဆင့်နိမ့်ပါတယ်)

သူမ၏စကားလုံးများကိုကြားသောအခါ မိန်းမောနေသောဝမ်ဟုန်က လှုပ်ရှားမှုအနည်းငယ်ပြုလာသည်။

သူ၏နှုတ်ခမ်းက ဖျော့တော့တော့အပြုံးအဖြစ်ပုံဖော်လာသည်။ သူက သူမဆံပင်ကိုတစ်ချက်နမ်းလိုက်ပြီးနောက် တောင့်တင်းစွာပြောလာသည်။

“ကိုယ်လာချင်ရင်လာပြီး၊ မလာချင်ရင် မလာနဲ့တော့ပေါ့ ဟုတ်လား၊ ဒါဆိုရင် မင်းက မနာလိုတာ၊မုန်းတီးတာနဲ့ နာကျည်းတာတွေမရှိတော့ဖို့ပြင်ဆင်ထားတယ်ပေါ့.....အချစ်တောင်မှလား”

ချန်ရုံက ချောင်းဟန့်လိုက်သည်။
“အရှင်က အရမ်းထက်မြက်တာဘဲ ချီလန်”

သူမက သူ့ကိုဝန်ခံလာ၏။

ဝမ်ဟုန်က သူမကိုကြည့်ရန် သူ့လက်များကိုပြန်ဖယ်လိုက်သည်။ ထို့နောက် သူကမျက်ခုံးများကိုဖြေလျော့ကာ ပြုံးပြလိုက်သည်။

“ကောင်းပြီ”

သူက သူမ၏နှာခေါင်းထိပ်ကို ထပ်ကိုက်လာပြီး ဒီတစ်ကြိမ်တွင်အားပြင်းသွားသောကြောင့် သူကအရာတစ်ခုတောင်ချန်ခဲ့မိလေသည်။

“ကိုယ်တို့တွေ မင်းလုပ်ချင်တာမှန်သမျှ လုပ်ကြမယ်”

ချန်ရုံက သူမမျက်လုံးများကိုမှိတ်လိုက်သည်။ သို့သော် သူမ၏နှုတ်ခမ်းထောင့်များက ဖျော့တော့ကာ အေးချမ်းသော်ငြား ရွဲ့တဲ့တဲ့အပြုံးတစ်ခုကို ချိတ်ဆွဲထားဆဲဖြစ်ပေသည်။

တစ်ပုံစံတည်းပင် သူမကိုငုံ့ကြည့်နေသောဝမ်ဟုန်ကလည်း ပြုံးလိုက်သည်။

ဤအချိန်တွင် ရထားလုံးကဆတ်ခနဲလှုပ်ကာ ရပ်တန့်သွားလေသည်။

ချန်ရုံက ခေါင်းမော့ကာ အပြင်ဘက်သို့ကြည့်လိုကါသည်။ သူတို့က လမ်းမကြီးပေါ်မှ ထွက်လာရုံသာရှိသေးကာ အရပ်သားအများအပြားရှိသည့် လမ်းသွယ်ထဲသို့ ကွေ့နေခြင်းဖြစ်သည်။

“ဘယ်သူလဲ” အပြင်ဘက်တွင် ရထားလုံးမောင်း၏အသံကိုကြားလိုက်ရသည်။


သိချင်စွာဖြင့် ချန်ရုံက ကန့်လန့်ကာကိုမရန် ဝမ်ဟုန်၏လက်ထဲမှထွက်လိုက်သည်။ သူမတွေ့လိုက်သောအရာက သူမအားဝမ်ဟုန်နောက်တွင် ပြေးပုန်းသွားစေသော်လည်း သူမက လမ်းတစ်ဝက်တွင်ရပ်လိုက်သည်။ ထိုလူ၏ခက်ထန်နေသောအကြည့်ကို သူမက မထူးခြားစွာပြုံးပြပြီး ခေါ်လိုက်သည်။

“အရှင်ပါလား တပ်မှူးရန်”

သေချာပေါက်ပင် ရထားလုံးမောင်း၏မြင်းဇက်ကြိုးအားဆွဲပြီး သူတို့ရထားလုံးအား စိုက်ကြည့်နေသောသူမှာ ရန်မင်းဖြစ်သည်။

သူ၏မျက်လုံးများက ချန်ရုံနှင့် သူမအနောက်မှဝမ်ဟုန်အပေါ် အေးစက်စွာရောက်လာသည်။
သူ၏နှုတ်ခမ်းပါးပါးများကို လှုပ်ကာပြောလာ၏။
“ချန်အိမ်တော်က အားရုံ ဒီတစ်ကြိမ်တော့ မင်းသူ့ကိုမကာကွယ်တော့ဘူးမလား”

ဤစကားများကိုကြားသောအခါ အနေယက်ဘက်တွင်မှီပြီး ခပ်ဖျော့ဖျော့ပြုံးကာ ထိုင်နေသောဝမ်ဟုန်ကလည်း ချန်ရုံကိုကြည့်လာသည်။

ချန်ရုံကမျက်လွှာချကာ ပြန်ဖြေလိုက်သည်။
“ကျွန်မသူ့ကိုကာကွယ်ပေးစရာမလိုပါဘူး”
သူမက ရန်မင်းကိုကြည့်ကာ ထပ်ပြောလိုက်သည်။
“အရှင်တို့နှစ်ယောက်လုံးက လူတိုင်းရဲ့ချစ်မြတ်နိုးမှုကိုခံရတဲ့သူတွေပါ။ ကျွန်မလိုအဆင့်နိမ့်မိန်းကလေးက ကာကွယ်ပေးဖို့လိုပါ့မလား”

သူမက ရှက်ကိုးရှက်ကန်းပြုံးပြီး သူမဘာသာရေရွတ်လိုက်သည်။

“ဘယ်လိုဖြစ်ပြီး ကျွန်မကိုကျွန်မအထင်ကြီးရဲမှာလဲ”

ထိုသို့ပြောပြီးနောက် သူမ၏ရထားလုံးထဲရှိထောင့်သို့ ပြန်ဆုတ်သွားကာ အပြင်ဘက်ကိုကြည့်ရန်ခေါင်းလှည့်လိုက်ပြီး သူမရှေ့တွင်ဘာဖြစ်နေသည်ကို အကြည့်တစ်ချက်တောင်ပေးမလာတော့ချေ။

ရန်မင်းက အော်ရယ်သွားမိသည်။

သူကပြောစရာမဲ့စွာ ချန်ရုံနှင့်ဝမ်ဟုန်ကို စိုက်ကြည့်လိုက်ပြီး ရှေ့တိုးလာကာ သူ၏ညာလက်ကိုရမ်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် အေးစက်ကာထက်ရှသောဓားသွားက သူ့ဝတ်ရုံထဲမှထွက်လာပြီး ဝမ်ဟုန်၏လည်ပင်းကိုချိန်ထားလိုက်လေသည်။

သူက အလွန်လျင်မြန်ကာ ရုတ်တရက်ဆန်လွန်းသောကြောင့် အစောင့်များက ဝမ်ဟုန်၏လည်ပင်းပေါ်သို့သူ့ဓားမရောက်ခင်တွင် မတားနိုင်လိုက်ပေ။

နေရောင်က ဓားသွားပေါ်တွင် ကခုန်နေပြီး သွေးတစ်စက်လောက်ကျသွားသည်နှင့် ဖြစ်ပေါ်‌လာသော ရောင်စဉ်တန်းများကို အလင်းပြန်ပေးနေ၏။

ဝမ်ဟုန်က လက်မြှောက်လိုက်ပြီးနောက် ရန်မင်းကိုပြုံးပြလိုက်သည်။

“မင်းကို အားရုံအတွက်နဲ့ကျန့်ခန်းမှာ လက်နက်ထုတ်သုံးလာလိမ့်မယ်လို့ ငါမထင်ထားခဲ့မိဘူး၊ မင်းရဲ့အင်ပါယာဆိုင်ရာရည်မှန်းချက်တွေက အလှလေးရဲ့အပြုံးတစ်ခုကို ကောင်းကောင်းမကျော်ဖြတ်နိုင်ဘူးလား”

အလျင်မလိုစွာပင် တည်ငြိမ်အေးဆေးနေ၏။

ရန်မင်းက လှောင်လိုက်သည်။ သူ့လက်ထဲရှိဓားက ဝမ်ဟုန်၏လည်ပင်းမှ သွေးများကို ပိုမိုစီးကျလာစေသည်။
“ဝမ်ချီ မင်းကိုမင်း အရမ်းမြင့်မြင့်ကိုတွေးထားတာဘဲ၊ ငါ့မှာလာဖို့သတ္တိရှိတယ်ဆိုမှတော့ ငါဆန္ဒရှိသလိုထွက်သွားလို့ရနေလို့ပေါ့”

‌ဓားအနည်းငယ်က ချက်ချင်းပင် သူ့ကိုဝန်းရံလာသည်။

“အရှင့်ကို လွှတ်‌လိုက်”

“ဘယ်လိုတောင် လုပ်ရဲတာလဲ၊ ဓားကို ပြန်သိမ်းလိုက်”

“ဓားကိုသိမ်းလိုက်”

လူငါးယောက်၏သတိပေးမှုကို ရန်မင်းက ဂရုမစိုက်ပေ။ သူက ထိုသူများအား ဓားနှင့်ပေးရွယ်ထားလိုက်ပြီး သူတို့၏ခြိမ်းခြောက်မှုများက ပိုမိုအလောကြီး‌လာသောအခါ သူ့လက်ထဲမှဓားကိုပိုအားထည့်လိုက်သည်။

၎င်းက ဝမ်ဟုန်၏လည်ပင်းထဲ ထိုးဝင်သွားကာ သွေးများစီးကျလာစေသည်။

သူ့နောက်မှ ‌အစောင့်ငါးယောက်သည် ချက်ချင်းပင်လက်နက်ချလိုက်ကြသည်။

သူတို့လက်နက်ချထားသည်ကို အာရုံခံမိသောအခါ ရန်မင်းကနှာခေါင်းရှုံ့ပြီး သူ၏ဓားသွားကို အားလျှော့လိုက်သည်။

သူက ထိုလူများကိုနည်းနည်းလောက်သာ ဂရုစိုက်ပြီး နေရာတွင်သက်တောင့်သက်သာအနားယူကာ သူ့အား သိသိသာသာကိုရယ်ချင်စွာကြည့်နေသည့် ဝမ်ဟုန်ကိုသာ စိုက်ကြည့်နေလိုက်သည်။

“ဝမ်ဟုန်”

ရန်မင်းက ခေါ်လာသည်။ သူကရှုခင်းကြည့်နေဆဲဖြစ်သော ချန်ရုံကိုတစ်ချက်ကြည့်လိုက်ပြီးနောက် အေးစက်စွာပြောလိုက်သည်။

“မင်း ငါ့အမျိုးသမီးကိုခိုးယူသွားတဲ့ ကိစ္စကို ငါဘယ်တော့မှ မ‌မေ့ဘူး”

သူ၏လေသံတွင် သတ်ဖြတ်လိုမှုများ ထူထဲနေ၏။

နောက်ဆုံးတွင် ချန်ရုံကလှည့်ကြည့်လာသည်။ သူမက မတက်နိုင်ဘဲ ဝမ်ဟုန်၏သွေးထွက်နေသော လည်ပင်းကိုတစ်ချက်ကြည့်လိုက်ကာ တိတ်တဆိတ်ကြားဝင်ဖြတ်ပြောလာသည်။

“တပ်မှူးရန်”

သူမ၏အသံက လူထု၏အာရုံကို‌ဆွဲဆောင်လိုက်သည်။

သူမက ရန်မင်းကိုမော့ကြည့်ပြီး နူးညံ့စွာပြောလာသည်။

“ဒီနေ့မနက်တုန်းက နန်းတော်ဂိတ်တံခါးဝမှာ ဟွမ်းအိမ်တော်ရဲ့ တိုက်ရိုက်မျိုးဆက်ငယ်လေးတစ်ယောက်က သေတဲ့အထိအပြစ်ပေး ခံလိုက်ရတာကို ကျွန်မမြင်ခဲ့တယ်”

သူမက ရန်မင်းကို နီးကပ်စွာကြည့်လိုက်သည်။

“သူက ဒီကဗျာကိုဆိုတဲ့အတွက်ကြောင့်နဲ့ လုတိုင်းရဲ့‌အရှေ့မှာ အသတ်ခံလိုက်ရတာ။ !သူမကဝတ်ရုံလက်ကိုလွှဲလိုက်တယ်၊ အနီရောင်အခန်းရဲ့အလှ၊ ချမ်းသာတဲ့အိမ်တော်မှာ ဖြုန်းတီးဖို့ စားစရာတွေပေါများလှတယ်။ ! အရှင်လည်းကောင်းကောင်းသိမှာပါ တပ်မှူးရန် ကျန့်ခန်းမှာ မင်းမျိုးမင်းနွယ်ဝင်တစ်ယောက်ကို လူသိရှင်ကြား သတ်ဖြတ်လို့မရဘူးဆိုတာ”

ရန်မင်းတင်မက ဝမ်ဟုန်ကပါ သူမအားအံ့ဩတကြီးလှည့်ကြည့်လာသည်။....ဒီလိုမိန်းကလေးမျိုးက ဘယ်လိုဖြစ်ပြီး လက်ရှိအရှုပ်အထွေးတွေအပေါ် စေ့စေ့စပ်စပ်စူးစမ်းတတ်ရတာလဲ။

ချန်ရုံက သူတို့ကိုလျစ်လျူရှုလိုက်သည်။
“သူတို့က မင်းမျိုးမင်းနွယ်ဝင်တစ်ယောက်ကို ကဗျာလေးတစ်ပုဒ်ကြောင့်နဲ့ သတ်လိုက်တာ၊ ဒါကသာမာန်အရေးမပါတဲ့ ကိစ္စလေးဘဲလို့ အရှင်မတွေးမိဘူးလား”

သူမက ရန်မင်းဆီမှအကြည့်လွှဲလိုက်ပြီး အလျင်မလိုစွာ ဆက်ပြောလာသည်။

“ကျွန်မကြားတာတော့ အရှင်က ဟူစစ်သည်တွေကို တိုက်ထုတ်ဖို့ ဂျင်လူမျိုးတွေနဲ့ ပေါင်းစည်းချင်တယ်ဆို၊.....ကျန့်ခန်းကစိတ်လှုပ်ရှားလွယ်တဲ့အမျိုးသားတွေကလည်း စိတ်ပါလာကြတယ်ဆိုဘဲ”

သူမက ပြုံးလိုက်သည်။

“အရှင်ရောက်လာတာကို ကျန့်ခန်းကဘယ်သူကမှ သတိမထားမိဘူးလို့ ယူဆထားမှာဘဲ၊ ဒါပေမယ့် တစ်ခါနန်ယန်မှာတုန်းက အင်ပါယာအရှင်မင်းမြတ်က အရှင့်နားမှာ သတင်းပေးတစ်ယောက်ထားခဲ့ဖူးတယ်ဆိုတာကို အရှင်မေ့သွားတာလား။ ဒီတစ်ကြိမ်မှာလည်း အခြားသူလျိုတစ်ယောက်ယောက်က အရှင့်နားမှာရှိနေမလားဆိုတာ မသိနိုင်ဘူးလေ”

ချန်ရုံက သက်ပြင်းချလိုက်သည်။
“ မြှားဦးက အရှင့်ကိုဦးတည်နေမှာကို ကျွန်မစိုးရိမ်မိတယ်”

သူမ၏ ကျိုးကြောင်းဆီလျော်ကာ ရှင်းလင်းသော ခွဲခြမ်းစိတ်ဖြာချက်က သူမသည် အမှန်တကယ်ကို ကျန့်ခန်းမှ နိုင်ငံရေးလှုပ်ရှားမှုများအား ထိုးထွင်းမြင်နိုင်သည်ကို ဖော်ပြနေပေသည်။

ဤယောက်ျားများသည် သူတို့‌ခေတ်ကာလ၏ အရည်အချင်းရှိသူများဖြစ်သော်လည်း ချန်ရုံပြောသည်ကို နားထောင်လိုက်မိသောအခါ သူမ၏ဉာဏ်ပညာက သူတို့နှင့်ယှဉ်ပါက မနိမ့်ကျနိုင်ဟု ခံစားမိလာသည်။

တစ်ခနလောက် ယောက်ျားနှစ်ယောက်လုံးက ကြက်သေသေသွားကြသည်။

ဝမ်ဟုန်က ချန်ရုံက တိတ်တဆိတ်ကြည့်နေလိုက်သည်။ တောင်ဘက်သို့ခရီးတွင် သူ၏အာရုံကို ဆွဲဆောင်နိုင်ခဲ့သောအရာမှာ သူမ၏အသိဉာဏ်ပညာဖြစ်သည်ကို သူသတိရလာ၏။....သူမေ့လုနီးပါးဖြစ်သွားပေသည်။

သူတို့မျက်လုံးများက သူမအပေါ်တွင်ရောက်နေပြီး ချန်ရုံကမူ ရန်မင်းကိုသာ အသံတိတ်ကြည့်နေလိုက်သည်။ ဒီယောက်ျားက အမြဲတမ်းလိုလို ပြတ်ပြတ်သားသား‌သတ်ဖြတ်တတ်ကာ ဝမ်ဟုန်၏လည်ပင်းပေါ်တွင်ရွယ်ထားသော ဓားက သူ့အတွက်ဘာအဓိပ္ပါယ်မှရှိမနေပေ။ သူမကပြုံးကာ ပေါ့ပေါ့ပါးပါးဆိုလိုက်သည်။

“တပ်မှူးယန်က အရှင့်ကိုသတိမပေးခဲ့ဘူးလား တပ်မှူးရန်၊ ကျန့်ခန်းဆိုတာ ပြသနာများတဲ့နေရာ မလိုအပ်တဲ့ပြသနာတွေမှာ ကိုယ့်ကိုကိုယ်ဝင်မပါမိစေနဲ့‌ဆိုတာလေ”

ရန်မင်း၏နှုတ်ခမ်းက မျဉ်းဖြောင့်အဖြစ်ဆန့်တန်းသွားသည်။ သူက သူမကိုမျက်တောင်မခတ်ပဲ စိုက်ကြည့်နေလိုက်သည်။

အချိန်အတော်ကြာသွားပြီးနောက် သူကအက်ကွဲစွာရယ်ပြီး ရေရွတ်လာသည်။

“မင်းက တကယ်ကို သူ့အတွက်ကြိုးစားပေးနေတာဘဲ”

ချန်ရုံက ခေါင်းခါပြလိုက်သည်။
“အရှင်မှားနေပြီ၊ ဟုတ်တယ် ကျွန်မဒါကိုသူ့အတွက်လုပ်ပေးနေတာ ဒါပေမယ့်ဒီလောကကြီးထဲမှာ သူပုန်တွေကိုနှိမ်နင်းဖို့ရည်မှန်းချက်ရှိတဲ့ ယောက်ျားဆိုတာ သိပ်အများကြီးမရှိလို့လည်း ပါတယ်။ အရှင့်ရဲ့အတွင်းပိုင်းပဠိပက္ခတွေက ရှီဟူနဲ့ မူရုံခယ်ကိုဘဲ အကျိုးရှိစေလိမ့်မယ်”

ရန်မင်းက ချန်ရုံ၏စကားများကိုကြားသောအခါ လှောင်လိုက်မိသည်။

သူက ဝမ်ဟုန်ဘက်ကိုလှည့်လိုက်သည်။

ဝမ်ဟုန်က နောက်ကိုမှီထားဆဲဖြစ်ကာ ချန်ရုံအား ညင်သာသောအပြုံးတစ်ခုဖြင့် ကြည့်နေ၏။

“အားရုံက တကယ်ကို အရမ်းဉာဏ်ထက်တာဘဲ”

ဝမ်ဟုန်စကားပြောလာသည့် တစ်ချိန်တည်းတွင် အမောတကောဖြစ်နေသောအမျိုးသမီးအသံကထွက်ပေါ်လာသည်။

“အရှင်ခင်ပွန်း”

ခေါ်လာသူက ချန်ဝေ့ဖြစ်ကာ သူတို့နှင့်သိပ်မဝေးသောနေရာတွင်ရပ်နေပြီး အမျိုးသားဝတ်စုံကိုဝတ်ဆင်ထားသည်။ သူမကအလွန်ပိန်ပါးကာ သူမ၏မျက်နှာကို ကြီးမားသည့်အနားပြန့်ခမောက်အောက်တွင် ဖုံးကွယ်ထား၏။ သူမအသံကိုကြားသောအခါ ချန်ရုံကမော့ကြည့်လိုက်မိပြီးနောက် ထပ်ပြီးအာရုံစိုက်မနေတော့ပေ။

ချန်ဝေ့က သူမနှုတ်ခမ်းကိုကိုက်ကာ သူမပုံစံက ငိုတော့မည့်ပုံပင်။

“အရှင် သွားရအောင်လေ၊ ကျွန်မတောင်းဆိုနေတာပါ သွားရအောင်လို့”

“တိတ်စမ်း”

ရန်မင်းက သူမကိုပြင်းထန်စွာတစ်ချက်ကြည့်ပြီး အော်ငေါက်လိုက်သည်။

ချန်ဝေ့၏ မပြောရသေးသောစကားလုံးများက သူမလည်ချောင်းထဲတွင် တစ်သွားလေသည်။

ရန်မင်းက ချန်ရုံနှင့် ဝမ်ဟုန်ကို ထပ်မံလှည့်ကြည့်လိုက်သည်။ သူကဖြေးညှင်းစွာမဲ့ပြုံးပြုံးလာပြီး ဝမ်ဟုန်၏လည်ပင်းဆီသို့ ဓားကိုထပ်မံဖိသွင်းလာသည်။

အနည်းငယ်မျှသောအားစိုက်မှုလေးက ဝမ်ဟုန်ဆီမှ ပိုများသောသွေးများကိုထွက်လာစေသည်။

သူက ဝမ်ဟုန်ကိုစိုက်ကြည့်ကာ နှာခေါင်းရှုံ့လိုက်သည်။

“ဒီတစ်ကြိမ်မှာ ငါမင်းအသက်ကိုယူဖို့ ဆန္ဒမရှိဘူး”

ဝမ်ဟုန်က ခေါင်းညိတ်ရုံလောက်သာ ညိတ်ပြလိုက်သည်။

ရန်မင်းက ဝမ်ဟုန်ကိုဒေါသတကြီးစိုက်ကြည့်ပြီး အံကြိတ်ကာ အေးစက်စက်ပြောလာသည်။

“ဒါပေါ့၊ မင်းက ငါ့ဇနီးကိုခိုးသွားတယ်ဆိုတာကို ဘယ်တော့မှမေ့မှာမဟုတ်ဘူး”

ဒီတစ်ကြိမ်တွင် ဝမ်ဟုန်က ချက်ချင်းစိုက်ကြည့်လာ၏။ ထို့နောက်တွင်မှ သူကမျက်လွှာပြန်ချလိုက်သည်။

ရန်မင်းက သူပြောချင်သည်ကို ပြောပြီးသောအခါ သူကလည်ချောင်းရှင်းလိုက်ပြီး ဓားကိုပြန်သိမ်းလိုက်သည်။

သူက ချန်ရုံကိုကြည့်လာသည်။

သူ့မျက်လုံးထဲရှိ အကြည့်များ ရှုပ်ထွေးနေပေသည်။ သူက သူမကိုလာမတွေ့ခဲ့သင့်ပေ။ အခုတောင်မှ သူက ဒီသုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းထဲတွင် ပိုပြီးမရစ်ပတ်နေတော့ရန် ဆန္ဒရှိနေခဲ့ခြင်းဖြစ်သည်။ သို့သော် ဘာအကြောင်းကြောင့်မှန်းမသိ၊ သူကအမှတ်တမဲ့ဖြင့် သူတို့နှစ်ဦး ရထားလုံးထဲတွင် ပွေ့ဖက်နေသည်ကိုမြင်လိုက်ရသောအခါ ရထားလုံးကိုရပ်ပြီး ဝမ်ဟုန်ကိုဓားဖြင့်ရွယ်ရန် မထိန်းချုပ်နိုင်လိုက်ပေ။

သူမက အမျိုးသမီးတစ်ယောက်သာသာဘဲရှိတာ၊ ဒီအတိုင်းအမျိုးသမီးတစ်ယောက်ဘဲလေ.....

ချန်ရုံက သူမမျက်လုံးများကို အကြည့်လွှဲသွားသောအခါတွင်မှ ရန်မင်းက စိုက်ကြည့်နေသည်ကို ရပ်လိုက်ပြီး ထွက်သွားရန် သူ၏ဝတ်ရုံစကိုရမ်းလိုက်သည်။

ချန်ဝေ့နှင့် ခမောက်ဆောင်းထားသည့်အခြား အမျိုးသားနှစ်ဦးက သူ့နောက်မှ လိုက်သွားလေသည်။

ရန်မင်းထွက်သွားသည်ကို ကြည့်နေပြီးနောက် ဝမ်ဟုန်က သူ့ရင်ဘတ်ထဲမှ လက်ကိုင်ပုဝါတစ်ခုကို ထုတ်ပြီး သူ၏ဒဏ်ရာပေါ်တွင် အုပ်လိုက်သည်။

“ငါသူနဲ့တွေ့ခဲ့တာကို ဘယ်သူမှမသိသွားစေဖို့ ဂရုစိုက်လိုက်”

“ဟုတ်ကဲ့ပါ အရှင်”

သူက ခနလောက်တွေးလိုက်ပြီးနောက် ထပ်ပြောလိုက်သည်။
“တပ်မှူးရန်ကို ခက်ခဲအောင်မလုပ်ဖို့ ငါတို့လူတွေကိုပြောလိုက်ဦး၊ ဟမ်းးတတ်နိုင်ရင် သူ့ကိုကူညီပေးလိုက်ပါ”

သူ၏စကားလုံးများက ချန်ရုံအား အံ့အားတကြီးမော့ကြည့်လာစေသည်။ သူက သူမအကြည့်ကိုခံစားမိသလိုပင် ဝမ်ဟုန်ကပြုံးလာသည်။
“တကယ်လို့ ကိုယ့်ရဲ့အချစ်လေးက တိုင်းပြည်ရဲ့ကောင်းကျိုးချမ်းသာအတွက် ဦးစားပေးပြီး အစီအစဉ်တွေချမှတ်နိုင်ရင် ကိုယ်ကလည်း နောက်ကောက်ကျကျန်နေခဲ့လို့ ဘယ်ဖြစ်မလဲ”

သူက နောက်လှည့်လာပြီး သူမကို အသံတိတ်စောင့်ကြည့်နေလိုက်သည်။