Chapter 196:
ဝမ်ဟုန်က အင်ပါယာ၏အမိန့်ပြန်တမ်းကို ဖီဆန်လိုက်တယ်။
ချန်ရုံက အလျင်စလိုပင် သူ့အကြည့်ကိုရှောင်လိုက်သည်။
သူမကအလျင်အမြန်ပင် ထောင့်ထဲဝင်သွားသည်ကိုကြည့်ကာ ဝမ်ဟုန်ကသူ၏ဒဏ်ရာပေါ်တွင် လက်ကိုင်ပုဝါကိုဆတ်ခနဲတင်လိုက်ပြီး သူမဆီရောက်လာကာ သူ့လက်များကြားထဲပြန်ဆွဲသွင်းလိုက်သည်။
သူမက မရှောင်နိုင်ဘဲ သူ့ရင်ဘတ်ပေါ်ပြုတ်ကျလာလေသည်။ သူမ၏တံတောင်ဆစ်များကို သူ၏ဒဏ်ရာအား မဖိမိစေလိုသောကြောင့် ဘေးဘက်သို့လှည့်လိုက်သည်။
သွေးများက လက်ကိုင်ပုဝါပေါ်တွင်ချက်ချင်းဆိုသလို ရွှဲစိုလာပြီး သူ့အဝတ်များပေါ်စီးကျလာပြီးထိုမှတစ်ဆင့် ချန်ရုံ၏ဝတ်ရုံဆီသို့ရောက်လာသည်။
နီရဲနေသောအကွက်ကိုမြင်သောအခါ ချန်ရုံကသူမဝတ်ရုံလက်ထဲမှ လက်ကိုင်ပုဝါထုတ်ပြီး ဒဏ်ရာပေါ်တွင်ညင်သာစွာဖိပေးလာသည်။
ဝမ်ဟုန်ကိုမကြည့်ဘဲနှင့် သူမက အပြင်ဘက်ရှိအစောင့်များကိုအော်လိုက်သည်။
“ဆေးက ဘယ်မှာလဲ”
အစောင့်ငါးယောက်က ဝမ်ဟုန်ကိုတစ်ချက်ကြည့်လိုက်ပြီး ရိုသေလေးစားစွာ ရှေ့တိုးလာကြသည်။
သူတို့၏အကူအညီပင် မကြာမီတွင်ဒဏ်ရာကိုပတ်တီးစီးပြီးသွားပေသည်။ သူ့ဝတ်စုံကိုလည်း လဲလိုက်သည်။
ကန့်လန့်ကာက တစ်ခါထပ်ပြီးပြန်ကျသွားသည်။
ချန်ရုံက ဝမ်ဟုန်၏လည်ပင်းကို ချော့မြူလိုက်ပြီး ညင်သာစွာမေးလိုက်သည်။
“ချစ်ယောက်ျား နာနေလား”
သူမ၏အသံတွင် အချစ်နှင့်စိုးရိမ်ပူပန်မှုများပြည့်နေ၏။
ဝမ်ဟုန်က သူမ၏မေးစေ့ကိုမလာသောအခါ ချန်ရုံကလည်း သူနှင့်အကြည့်ဆုံရန် မော့ကြည့်လာသည်။
သူမမျက်လုံးထဲရှိအကြည့်များတွင် စိတ်ထိခိုက်မှုများပြည့်နှက်နေ၏။ သူမက သူ့ကိုနူးညံ့စွာကြည့်ပြီးနောက် ခေါင်းငုံ့ကာ သူ၏ဒဏ်ရာအား ဝတ်ရုံပေါ်မှနမ်းလိုက်သည်။
“နာနေမှာဘဲ ဟုတ်တယ်မလား”
ဝမ်ဟုန်က သူမကိုပြန်မဖြေလာပေ။
ချန်ရုံ၏ နူးညံ့သောလက်ချောင်းများက သူ့မေးစေ့မှစကာ ဒဏ်ရာရောက်သည်အထိပွတ်သပ်လာသည်။ သူမကသက်ပြင်းချကာ သူမမျက်နှာကို သူ့ပေါ်တွင် နူးညံ့စွာပွတ်သပ်လာသည်။ သူ၏ပုံစံအတိုင်း ချန်ရုံက သူ၏နှာခေါင်းထိပ်ကိုကိုက်ကာ ရေရွတ်လိုက်သည်။
“တကယ်လို့ ဒါမျိုးထပ်ဖြစ်လာမယ်ဆိုရင် အရှင့်အစား ကျွန်မဘဲ အဲ့ဒီဓားကိုလက်ခံလိုက်မယ်”
သူမ၏စကားလုံးများက ကြင်နာနေ၏။
သူမ၏အကြည့်က နူးညံ့နေသည်။
သူမ၏အမူအရာက ဂရုတစိုက်ဖြင့် စိုးရိမ်ကြောင့်ကြနေ၏။
ဤအရာအားလုံးသည် ဝမ်ဟုန်တွေ့ရန်မျှော်လင့်ခဲ့မိသောအရာများဖြစ်သည်။....သို့သော်ငြား သူက သူမကိုတိတ်ဆိတ်စွာသာစောင့်ကြည့်နေပြီး ထူးဆန်းစွာပင် သူကစိတ်အနားမရသလို ခံစားနေမိသည်။
ဒီအချိန်တွင် အပြင်ဘက်မှစည်တီးသံများထွက်လာသည်။
အလျင်အမြန်ပင် တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ချန်ရုံကအကြည့်လွှဲလိုက်ကာ သူမ၏ဝတ်စုံနှင့် ဆံပင်ပုံစံကိုပြင်လိုက်သည်။
သူမက ဝမ်ဟုန်ဘက်ကိုလှည့်ပြီး ကျက်သရေရှိစွာမေးလိုက်သည်။
“ကျွန်မ ကြည့်ရအဆင်ပြေရဲ့လား”
ဝမ်ဟုန်က သူမကိုအသံတိတ်ပြီး ကြည့်နေ၏။ သူမ၏မေးခွန်းကိုကြားသောအခါ သူက သူမကိုချီးမြှောက်သောအကြည့်တစ်ချက်ပေးလိုက်ပြီး လက်ဆန့်ကာ သူမဆံပင်ကိုနားနောက်သို့သွင်းပေးလိုက်သည် ။
“အခုအဆင်ပြေသွားပြီ”
“ကျေးဇူးပါ ယောက်ျား”
သူမက ရထားလုံးပေါ်မှဆင်းရန် ကန့်လန့်ကာကိုဘေးသို့ဆွဲလိုက်သည်။
“အားရုံ မင်းဘယ်သွားမလို့လဲ”
ဝမ်ဟုန်က သူမကိုပြန်ဆွဲကာ မေးလိုက်သည်။
ချန်ရုံကပြန်လှည့်ကြည့်ကာ ပြုံးပြလိုက်သည်။
“အရှင့်အတွက်တော့ သိသာမှာမဟုတ်ပေမယ့် ကျွန်မရဲ့နောက်ခံက နိမ့်ကျပါတယ်၊ တောင်ဘက်ကိုရွှေ့ပြောင်းလာကတည်းက အခြားလူတွေနားမှာ ကျွန်မကကြက်ဥခွံပေါ်လမ်းလျှောက်နေရသလိုဘဲ၊ စိတ်အေးလက်အေးမနေရဲခဲ့ဘူး၊ ကျန့်ခန်းကိုရောက်တာ အချိန်တစ်ချို့ကြာပြီဆိုပေမယ့် ကျွန်မရဲ့ပုံစံကြောင့် ကိုယ့်ကိုကိုယ်အလိုမလိုက်ရဲဘူး။ အခုတော့ အားလုံးကအဆင်ပြေသွားပြီ၊၊ အသက်ရှင်နေတုန်း ကိုယ့်ကိုကိုယ်သတိတရရှိပြီး သေတဲ့အခါကျရင်လဲ ကိုယ့်ခန္ဓာကိုယ်ကိုပြန်စုဆောင်းရမယ်၊ နောက်ဆုံးတော့ ကျွန်မလည်း အသက်ဝဝရှူနိုင်ပြီ”
သူမက သူ့လက်ကိုဖယ်ကာ ရထားလုံးမှဆင်းရန်ပြင်လိုက်သည်။
လှုပ်ယမ်းနေသော ကန့်လန့်ကာရှေ့တွင် သူမက ရုတ်တရက်ပြန်လှည့်ကြည့်လာပြီး သူ့ကိုအရိုအသေပြုလိုက်သည်။
“အရှင် ကျွန်မခနလောက် လမ်းလျှောက်ထွက်မလို့ပါ”
သူမက ဝတ်ရုံစကိုလွှဲကာ တီးမှုတ်သံများထွက်နေသောနေရာဆီသွားလိုက်သည်။
သူမက ခြေလှမ်းအနည်းငယ်လောက်သာ သွားရသေးချိန်တွင် အနောက်ဘက်မှဝမ်ဟုန်၏အသံကထွက်ပေါ်လာသည်။
“ပြန်လာခဲ့”
သူက နူးညံ့စွာပြောလာသော်လည်း ၎င်းကအမိန့်တစ်ခုပင်ဖြစ်သည်။
သိမ်မွေ့သောလက်က သူမပုခုံးကိုဖိလာသည်။
“နောက်တစ်ခေါက်မှပေါ့”
ဝမ်ဟုန်က သက်ပြင်းချလိုက်သည်။ သူကရထားလုံးပေါ်မှဆင်းလာကာ သူမလက်ကိုဆွဲပြီး ရထားလုံးဆီပြန်ခေါ်သွားလိုက်သည်။
ချန်ရုံက မဆန့်ကျင်ဘဲ သူ့နောက်မှနာခံစွာလိုက်လာလေသည်။
“သွားရအောင်”
“ဟုတ်ကဲ့ပါ အရှင်”
“ဘုရားကျောင်းကို”
“ဟုတ်ကဲ့”
အမိန့်ပေးလိုက်ပြီးနောက် ဝမ်ဟုန်က ချန်ရုံကို သူ၏ပေါင်ပေါ်သို့ဆွဲတင်လိုက်သည်။ သူ၏လှုပ်ရှားမှုကြောင့် လည်ပင်းရှိဒဏ်ရာက သွေးထပ်ထွက်လာသည်။
ထိုသည်ကို ချန်ရုံမြင်သောအခါ သူမက သွေးတိတ်သွားစေရန် ဒဏ်ရာပေါ်တွင်ဖိထားလိုက်သည်။
“မင်းမသိဘူးလား အားရုံ၊ ကိုယ်မင်းကိုပေးသေမှာမဟုတ်ဘူး”
ဝမ်ဟုန်က သူမကိုငုံ့ကြည့်ကာ ပြောလာသည်။
သူ၏အပြုံးက ဖျော့တော့နေလျှင်တောင်မှ ကျက်သရေရှိနေဆဲဖြစ်သည်။ သူ့လက်ချောင်းများက သူမဆံပင်များကို ဖြီးသင်ပေးနေသည်။
“လာ အဲ့ဒီလူကိုတစ်ချက်ကြည့်ကြည့်”
သူက ရထားလုံးနှင့် ခြေလှမ်းတစ်ရာအကွာတွင်ရှိနေသည့် ညစ်ပတ်ပေရေနေသော အမျိုးသမီးကို ညွှန်ပြလိုက်သည်။
“သူ့ကို ကိုးယောက်မြောက်မင်းသမီးကပို့လိုက်တာ၊ ဒီတစ်ယောက်၊ အဲ့ဒီတစ်ယောက်နဲ့ ဟိုနားကတစ်ယောက်လည်း အတူတူဘဲ”
သူက ချန်ရုံ၏ဆံပင်ကို ညင်သာစွာနမ်းရှိုက်လိုက်သည်။
“မင်းတစ်ယောက်ထဲထွက်သွားရင် အဲ့ဒီလူတွေကပျော်လွန်းလို့ ထခုန်ကြလိမ့်မယ်”
ချန်ရုံက ပြုံးပြီး ရှက်ကိုးရှက်ကန်းပြန်ဖြေလိုက်သည်။
“ကောင်းပါပြီ ကျွန်မသိပြီ”
သူမက သူ့လက်ကြားထဲသို့ပြန်တိုးဝှေ့ကာ ရေရွတ်လာသည်။
“အရှင်က လူဆိုးဘဲ၊ ကျွန်မလုပ်ချင်တာကိုပေးမလုပ်ဘူး အသက်ရှင်ရတာမလွယ်ကူပါဘူးဆို သေတာကိုလည်းခွင့်မပြုဘူး၊ အိုက်ယားးးကျွန်မယောက်ျားက တကယ်ကို မကောင်းတဲ့လူဘဲ”
သူမပြောသည်ကို ကြားသောအခါ ဝမ်ဟုန်ကရယ်လိုက်မိသည်။
ဤအချိန်မတိုင်ခင်ထိ သူ၏အပြုံးများသည် ဖျော့တော့ကာ အသက်မပါခဲ့သလို ဒီလိုမျိုး အသံကျယ်ကျယ်ဖြင့်အော်ရယ်လာသည်မှာ ရှားပေသည်။
သူက ဘယ်ဘက်လက်ကိုဆန့်ကာ ရထားလုံးနံရံကိုခေါက်လိုက်သည်။ စည်းချက်ညီသောခေါက်သံများအလယ်တွင် သူက သူမနှုတ်ခမ်းပေါ်တွင်လက်ညှိုးတင်ကာ အသံတိတ်ရန်အချက်ပေးလိုက်သည်။
“အားရုံ ဒီစကားတွေကို အရမ်းပေါ့ပေါ့တန်တန်ပြောလိုက်လို့မရဘူး....တကယ်လို့မင်းကကျန့်ခန်းမှာ ကိုယ့်ကိုကျိန်ဆဲရင် လူတွေက အဲ့ဒါအတွက်မင်းကိုအငြိုးထားကြလိမ့်မယ်”
ဝမ်ဟုန်၏ရယ်သံများကြားတွင် ရထားလုံးက သူ၏လမ်းကြောင်းအတိုင်းဆက်သွားနေ၏။
မကြာခင်တွင် သူတို့က ရှီရှန်ကျောင်းတော်၏တောင်ခြေသို့ရောက်လာကာ အရှိန်သတ်လိုက်သည်။
အနောက်ကိုမှီပြီး ဝမ်ဟုန်က ချန်ရုံ၏နောက်ကျောနှင့် သူမ၏အိစက်နေသော ဆံသားများကိုပုတ်ပေးကာ သူမ၏ညှို့ယူဖမ်းစားနိုင်သော အသွင်အပြင်ကိုရှူစားနေလိုက်သည်။ အခုလေးတင်သူတွေးလိုက်မိသည်မှာ ထူးဆန်း၏။...သူမက သူနှင့်အိပ်လိုက်ပြီးနောက် အခုဆိုလျှင်သူမတစ်ကိုယ်လုံးက မျက်စိကန်းလောက်အောင်တောက်ပကာ ဆွဲဆောင်နိုင်စွမ်းရှိနေပေသည်။ ဒီလိုရမ္မက်သွေးကြွစေသောဆွဲဆောင်မှုမျိုးက သူမဖုံးကွယ်ထားချင်သည်ဆိုလျှင်တောင် မဖုံးကွယ်နိုင်ပေ။ ၎င်းက သူမအား အရင်အဆင့်အတန်းနိမ့်မှုကို အရေခွံချွတ်ပေးလိုက်ပြီး ဟန်မူရာကြောမော့ကာ အောင်ပွဲခံနိုင်မှုများနှင့် အစားထိုးပေးလိုက်သလိုပင်ဖြစ်သည်။
၎င်းက သူမအား အရင်ကလို အလောတကြီးမဖြစ်စေတော့သလို၊ သူမက သေခြင်း၊ရှင်ခြင်းကို လုံးလုံးဂရုမစိုက်တော့သလို ပုံစံပေါ်နေစေ၏။.....အမ်းးး သူမက အဆုံးမှာပြောင်းလဲသွားပြီဘဲ။
သူကသူမကိုကြည့်နေရင်း သူမ၏ကုပ်ပိုးအား သူ၏လက်ချောင်းသွယ်သွယ်ဖြင့် တစ်ချက်တို့ကာ နူးနူးညံ့ညံ့ပြောလိုက်သည်။
“အားရုံ တစ်နေ့ပြီးတစ်နေ့ပိုပိုလှလာတော့ဘဲ၊ ဒါက ဘာကောင်းတာများလုပ်ပေးလို့လဲ”
သူ၏အသံက တီးတိုးသံအဖြစ်နိမ့်ဆင်းသွားသည်။
ချန်ရုံကလှည့်ကြည့်လိုက်သည်။
သူက သူမ၏မျက်ဆံတောက်တောက်များကိုကြည့်ကာ သူ့လက်ချောင်းများက သူမ၏ မျက်တောင်ရှည်များကို ပွတ်သပ်လာသည်။
“ကိုယ်လက်လွှတ်နိုင်ဖို့ကို ပိုပိုပြီးခက်ခဲလာအောင်လုပ်နေတာဘဲ၊ ဒါကကောင်းမှာမဟုတ်ဘူးနော်”
ချန်ရုံက အကြည့်လွှဲကာ ပြုံးလိုက်သည်။
“အရှင်က ဘာလို့ဒီလိုမျိုးပြောရတာလဲ၊ အရှင့်ဘက်မှာဘဲ ကျွန်မကိုချုပ်နှောင်ထားလိုက်ပြီမဟုတ်ဘူးလား တကယ်လို့တစ်စုံတစ်ခုကို အရမ်းအာရုံစိုက်နေရင် အဲ့ဒါက အရှားပါးဆုံးသောအနုစိတ်လက်ရာဆိုရင်တောင်မှ မကြာခင်ငြီးငွေ့သွားလိမ့်မယ်၊ ထပ်ပြီးတော့ သိမ်းဆည်းထားချင်တော့မှာမဟုတ်ဘူး”
သူမက သူ၏အဖြေကိုစောင့်မနေပေ။ သူမတစ်ဖက်လှည့်လိုက်သည်နှင့် တီးမှုတ်သံအတွဲလိုက်ကြီးက ရုတ်တရက်ထွက်ပေါ်လာသည်။
၎င်းက မြို့ထဲတွင်သူတို့ကြားခဲ့ရသည်နှင့် အတူတူပင်ဖြစ်သည်။ သို့သော်ယခုချိန်တွင် ၎င်းက ကျောင်းတော်အောက်ရှိ သူမ၏အနောက်တည့်တည့်တွင် တရွေ့ရွေ့လိုက်ပါနေခြင်းဖြစ်သည်။
ချန်ရုံက ထထိုင်ကာ ကန့်လန့်ကာမပြီး အပြင်ဘက်ကိုကြည့်လိုက်သည်။
စည်တီးသံက ပိုပိုပြီးနီးကပ်လာကာ အသက်မရှူနိုင်လောက်အောင်ဖြစ်နေသော လမ်းမ၏ထောင့်တိုင်းတွင် အာရုံကိုစိုးမိုးနေ၏။ သူမတစ်ချက်ကြည့်လိုက်သောအခါ လူစု၏နောက်တွင် ပွဲကြည့်ပရိသတ်အယောက်တစ်ရာကျော်ရှိနေသည်ကို တွေ့လိုက်ရသည်။
ထို့ပြင် သူတို့က သူမနှင့် ခြေလှန်းတစ်ရာစာလောက်သာ ကွာတော့သည်။
ရထားလုံးက ရပ်တန့်သွားသည်။ ချန်ရုံကပြန်လှည့်ကြည့်လာသောအချိန်တွင် ဝမ်ဟုန်က သက်ပြင်းချလိုက်သည်။
“အင်ပါယာမင်းမြတ်ရဲ့လူတွေမလား”
အင်ပါယာမင်းမြတ်ရဲ့လူတွေလား။
ချန်ရုံ တသိမ့်သိမ့်တုန်သွားကာ ဘေးတစ်ဖက်စီကိုကြည့်လိုက်မိသည်။
ကံကောင်းထောက်မစွာဖြင့် လူစုက သူမဆီရောက်မလာခင်တွင် ပွဲကြည့်ပရိသတ်အုပ်စုကြီးက လူစုကွဲသွားလေသည်။
လူစုမှာ တော်ဝင်အစောင့်များနှင့် စည်တီးသူအဖွဲ့တစ်ခုဖြစ်သည်။ အရှေ့ဘက်တွင် တော်ဝင်အမိန့်ပြန်တမ်းကို ကိုင်ဆောင်ထားသော မိန်းမစိုးတစ်ယောက်က ဦးဆောင်လာသည်။
ချန်ရုံက ခနလောက်တွေးကြည့်ပြီးနောက် ရထားလုံးပေါ်မှဆင်းလိုက်သည်။
“အားရုံ ရထားလုံးထဲပြန်လာခဲ့”
ဝမ်ဟုန်က သူမကိုခေါ်လိုက်သည်။
သူ၏အသံထဲတွင် ရှားပါးသည့်အေးစက်မှုတစ်စွန်းတစ်စကို ကြားနိုင်ပေသည်။
အံ့အားသင့်စွာဖြင့် ချန်ရုံကို သူ့ကိုတစ်ချက်ကြည့်လိုက်ရာ သူက လူစုအားစိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။ သူမက သူ့ဆီပြန်သွားကာ ရထားလုံးပေါ်တက်လိုက်သည်။
သူမအထဲရောက်ရောက်ချင်းပင် ဝမ်ဟုန်က သူမကိုကိုင်ကာ အသံတိုးတိုးဖြင့် ပြောလာသည်။
“သွား”
သူက ရထားလုံးမောင်းကို အမိန့်ပေးနေခြင်းဖြစ်သည်။
ရထားလုံးမောင်းက ပြန်တုံ့ပြန်ပြီး အလျင်အမြန်ပင်မြင်းကိုနှင်လိုက်သည်။
မိန်းမစိုး၏ စူးရှသောအသံက သူတို့ကိုခေါ်လာချိန်တွင် ဝမ်ဟုန်၏ရထားလုံးက သိပ်အဝေးကြီးမရောက်သေးပေ။
“ဒီမှာနတ်ဆရာမ ဟုန်ယွင်ကျီရှိပါသလား”
သူက ဝမ်ဟုန်၏ရထားလုံးနောက်လိုက်လာပြီး ချန်ရုံရထားလုံးဆီစကားပြောလာသည်။
အကုန်လုံးက တိတ်ဆိတ်နေ၏။
အကြည့်တိုင်းသည် ချန်ရုံ၏ဗလာဖြစ်နေသော ရထားလုံးဆီသာရောက်နေကြသည်။
ဤအချိန်တွင် ဝမ်ဟုန်က တိုးတိတ်စွာပြောလိုက်သည်။
“ဆက်သွား”
“ဟုတ်ကဲ့ပါ”
ရထားလုံးမောင်းသည် ဗလာဖြစ်နေသောရထားလုံးဆီမှ ခြေနှစ်လှမ်းအကွာသို့ရောက်သွားသည်။
ဝမ်ဟုန်က ကန့်လန့်ကာကိုဖြေးဖြေးချင်းမပြီး သူနှင့်ချန်ရုံ၏မျက်နှာကို လူအုပ်အားထုတ်ပြလိုက်သည်။
ဒီအချိန်တွင် လူတိုင်းက ကြက်သေသေသွားကြပြီးနောက် တီးတိုးရေရွတ်လာကြသည်။
လန်ယာရဲ့ ဝမ်ချီဆိုတာ ဘယ်လိုအမည်နာမမျိုးလဲ။ သိသာစွာပင် သူတို့အားလုံးက ဝမ်ချီလန်ကို သူဒီနေရာတွင် ပေါ်လာစရာမလိုအောင် ကောင်းကောင်းသိကြပေသည်။ ထိတ်လန့်စေသောအရာမှာ သူက လောကကြီးသိစေရန် သီလရှင်တစ်ယောက်ကို ပွေ့ဖက်ထားခြင်းဖြစ်သည်။
၎င်းက လူများအား ရူးချင်ယောင်ဆောင်ရန် မဖြစ်နိုင်တော့ပေ။
မိန်းမစိုးက ဝမ်ဟုန်ကိုတစ်ချက်ကြည့်ပြီးနောက် အကြည့်လွှဲလိုက်သည်။
သူ၏အပြုအမူများက အလွန်အေးဆေးတည်ငြိမ်နေသဖြင့် အစောကြီးကတည်းကသိနေသည်မှာထင်ရှား၏။ ချန်ရုံ၏ရင်ထဲတွင် သဘောပေါက်လာသည်။
မိန်းမစိုးက ဝမ်ဟုန်ကိုလျစ်လျူရှုပြီး ချန်ရုံကိုသာ ပြင်းပြင်းထန်ထန်စိုက်ကြည့်လာသည်။
“အရှင်မက နတ်ဆရာမ ဟုန်ယွင်ကျီလား”
သူကမေးလာသည်။
ချန်ရုံက မိန်းမစိုးအား အပြည့်အဝအရိုအသေမပေးနိုင်ခင်မှာဘဲ သူမခါးကိုဝမ်ဟုန်ကဆွဲလာသည်။ သူမသာ ခေါင်းညွှတ်ရုံသာလုပ်လိုက်နိုင်ပြီး ပြန်ဖြေလိုက်သည်။
“ဟုတ်ပါတယ်”
မိန်းမစိုးက သူမကိုစိုက်ကြည့်ပြီး ဖြေးဖြေးချင်းပြောလိုက်သည်။
“တော်ဝင်အမိန့်ပြန်တမ်းပါတယ်”
တော်ဝင်အမိန့်ပြန်တမ်းလား။
ချန်ရုံက တုန်ရီသွားက ထရပ်လိုက်သည်။ သူမက ရထားလုံးပေါ်မှဆင်းလာသောအချိန်တွင် ထုံးထမ်းစဉ်လာအရ မိန်းမစိုးကိုပြန်ဖြေလိုက်သည်။
“ဟုန်ယွင်ကျီက အမိန့်တော်ကိုလက်ခံရန် အသင့်ရှိပါတယ်”
ဤအချိန်တွင် မထိတထိရှုပ်ချသံများက ဘေးမှထွက်လာသည်။
“ရမ္မက်ကြီးတဲ့သီလရှင်ဘဲ၊ ယောက်ျားတစ်ယောက်ရဲ့အိပ်ရာထဲကထွက်လာရုံရှိသေးတယ်၊ အခုကျ အင်ပါယာမင်းမြတ်ရဲ့အမိန့်ပြန်တမ်းကိုလက်ခံနေပြီ”
ဤစကားလုံးများကို အသံမနှိမ့်ထားပေ။
ချန်ရုံက သူတို့ကိုလျစ်လျူရှုလိုက်သည်။ မိန်းမစိုးနောက်မှ အစောင့်တစ်ယောက်က လူစုကိုစိုက်ကြည့်လိုက်သည်။ သူ၏ခြိမ်းခြောက်သည့်အကြည့်က လူတိုင်းကိုအသံတိတ်သွားစေသည်။
မိန်းမစိုးက ချန်ရုံကိုစိုက်ကြည့်ကာ ဖြေးဖြေးချင်းခေါင်းညိတ်ပြပြီးနောက် အမိန့်ပြန်တမ်းကိုဖွင့်ကာ ကြေညာလိုက်သည်။
“ဟုန်ယွင်ကျီက တာအိုသီလရှင်တစ်ယောက်ဖြစ်ရန်တောင်းဆိုပြီးတာတောင် ဘာလို့များ သာမာန်လူ့လောကနဲ့ ရောယှက်ဆက်နွယ်နေသေးတာလဲ၊ သူမကိုအဖော်ပြုဖို့ ယောက်ျားတွေကိုခေါ်ထားတဲ့ သီလရှင်ဟာ အရှင်မင်းမြတ်အတွက် အရှက်တကွဲဖြစ်စေတယ်”
ဤနေရာတွင် မိန်းမစိုးက သူ့အနောက်မှ လူများကို မျက်စိမှိတ်ကာ အချက်ပြလိုက်သည်။
ရလဒ်အနေဖြင့် သစ်သားဗန်းကိုင်ထားသော နန်းတွင်းအစေခံသုံးဦးက ရှေ့သို့ဖြေးဖြေးချင်းထွက်လာသည်။
သူပြောပြီးပြီးချင်းပင် လူအုပ်ကပွက်လောရိုက်သွားသည်။ နန်းတွင်းအစေခံများက ရှေ့သို့သွားနေချိန်တွင် တီးတိုးသံများက အော်သံများ၊အံ့ဩသံများအဖြစ်ပြောင်းလဲသွားသည်။
ဤမြင်ကွင်းကို ထိုင်ခုံတွင်မှီပြီး ဂရုမစိုက်စွာကြည့်နေသော ဝမ်ဟုန်ပင်လျှင် အခုချိန်တွင် မတ်မတ်ထိုင်လာသည်။
နန်းတွင်းအစေခံသုံးဦးသည် သူတို့လက်ထဲတွင် ပစ္စည်းသုံးမျိုးကိုသယ်ဆောင်ထားသည်။
လက်ရာမြောက်သော ကြွေခွက်တစ်ခွက်၊ အဖြူရောင်ပိတ်စနှင့် ဓားမြှောင်တစ်ခုပင်.....
ဤပစ္စည်းများက ဘာကိုရည်ညွှန်းသည်ကို လူတိုင်းသိကြသည်။
တော်ဝင်မိသားစု၏ အာဏာကိုထိန်းသိမ်းရန်အတွက် အရှင်မင်းကြီးက ဒီရမ္မက်ကြီးသောသီလရှင်ကို သေဒဏ်ပေးလိုက်မည့်ပုံပင်။
အစေခံများက ရှေ့သို့သွားနေချိန်တွင် အော်ဟစ်သံများက ပိုကျယ်လောင်လာသည်။
လူတိုင်း၏မျက်လုံးများသည် ချန်ရုံနှင့်ဝမ်ဟုန်အပေါ်တွင်သာ ရှိနေကြသည်။
ချန်ရုံ ကြက်သေသေသွားသည်။
သူမက အမှန်ကိုထိတ်လန့်သွားပေသည်။
အရှင်မင်းမြတ်က သူမကိုသေဒဏ်ပေးလိုက်တာလား။
ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။
ဤအချိန်တွင် မိန်းမစိုး၏စူးရှသောအသံက သူမနားထဲတွင် မြည်ဟိန်းလာသည်။
“ဟုန်ယွင်ကျီ မင်း အမိန့်ကိုငြင်းဆန်ရဲလား”
သူ၏အသံက စူးရှကာ ခြိမ်းခြောက်နေပေသည်။
ချန်ရုံက ဖြေးဖြေးချင်းခေါင်းမော့လိုက်သည်။
သူမက မိန်းမစိုးကိုမျက်နှာချင်းဆိုင်လိုက်ပြီးနောက် လူအုပ်ကိုမကြည့်ခင်တွင် အစေခံများကိုတစ်ချက်ကြည့်လိုက်သည်။
သူမက ဖြေးဖြေးချင်း ဝမ်ဟုန်ကိုလှည့်ကြည့်လိုက်သည်။
သူမ၏အကြည့်ကိုခံစားမိသောအခါ လူအုပ်အားအေးစက်စွာကြည့်နေသော ဝမ်ဟုန်က သူမနှင့်အကြည့်ဆုံလိုက်သည်။
ဝမ်ဟုန်ကြည့်လာသည်ကို မြင်သောအခါ သူမပြုံးလိုက်မိသည်။
၎င်းက အလွန်တစ်မူထူးနေသော အပြုံးမျိုးပင်....ဝမ်းနည်းမှုကိုဖော်ပြနေသော်လည်း စိတ်သက်သာရာရသွားသလိုဖြစ်ကာ ပို၍တောင်လှပသွားစေသည်။
ဝမ်ဟုန်ကို အသံတိတ်စိုက်ကြည့်လိုက်ပြီးနောက် သူမကပြောလာသည်။
“ချီလန်”
သူမအသံက နူးညံ့ပြီးလွမ်းမောတမ်းတနေသည်မှာ လက်လျော့ရန် တွန့်ဆုတ်နေသလိုပင်။
“ချီလန် အရှင်ရှူံးသွားပြီ”
“အရှင်ရှူံးသွားပြီ”
သူမက ဝမ်းနည်းစွာရေရွတ်လိုက်သည်။
မိုက်မဲစွာသူ့ကိုကြည့်လိုက်ပြီးနောက် ချန်ရုံကပြုံးကာ တစ်ဖက်လှည့်သွားသည်။
သူမက နန်းတွင်းအစေခံသုံးဦးဆီလျှောက်သွားလိုက်သည်။
တွေဝေမှုမရှိဘဲ သူမက ဓားမြှောင်ကိုယူကာ ရုတ်တရက်ဖြစ်သွားသည့်တိတ်ဆိတ်မှုအလယ်တွင် လူတိုင်းကိုကြည့်ကာ ပြုံးလိုက်သည်။
“ဒါက မကြာတော့မယ့်အချိန်မှာ ဖြစ်လာမှာဘဲ....ကျွန်မလိုအပ်နေတဲ့ ဆုံးဖြတ်ချက်ကိုချီးမြှောက်ပေးလို့ အရှင်မင်းမြတ်ကို ကျေးဇူးတင်ပါတယ်”
သူမ၏ လက်သွယ်သွယ်လေးများက ဓားမြှောင်ဆီလှမ်းလာချိန်တွင် ဝမ်ဟုန်၏အသံနိမ့်သော်ငြား ချိုသာသည့်အသံထွက်လာသည်။
“ခနလေး”
လူတိုင်းက သူ့ကိုကြည့်ရန် တိတ်သွားကြသည်။
သူတို့၏အာရုံစိုက်မှုဖြင့် ဝမ်ဟုန်က စိုးရိမ်ပူပန်မှုမရှိစွာပင် မိန်းမစိုးအားအမိန့်ပေးလိုက်သည်။
“ငါ့ကို အမိန့်ပြန်တမ်းပေးကြည့်ပါဦး”
“အဓိပ္ပါယ်မရှိလိုက်တာ”
မိန်းမစိုးက စီခနဲအော်ဟစ်လာသည်။ သူကနောက်တစ်လှမ်းဆုတ်ကာ ဝမ်ဟုန်ကိုစိုက်ကြည့်ပြီး စူးရှစွာပြောလာသည်။
“အင်ပါယာရဲ့အမိန့်ပြန်တမ်းဆိုတာကို မင်းလိုမျိုးငဖျင်းတစ်ယောက်က ကြည့်ချင်တိုင်းကြည့်လို့ရမလား”