Chapter 197
တော်ဝင်အမိန့်ပြန်တမ်းကိုနာခံခြင်း
ဝမ်ဟုန်က တစ်ချက်ကြည့်လာသောအခါ မိန်းမစိုး၏ကျန်စကားလုံးများက လည်ချောင်းထဲတွင်သာ တစ်သွားသည်။...အလွန်တိတ်ဆိတ်ပြီး အကြည့်တစ်ချက်သာဖြစ်သော်လည်း မိန်းမစိုးက အေးစိမ့်စိမ့်ခံစားလိုက်ရသည်။
အေးစိမ့်မှုက တိုတောင်းကာ ပျောက်ကွယ်သွားပြီးနောက် မိန်းမစိုးက သူ့တာဝန်ကိုပြန်တွေးလိုက်သည်။ သူကအံကြိတ်ကာ ချန်ရုံကိုအော်လိုက်သည်။
“နတ်ဆရာမ မင်းကအင်ပါယာရဲ့အမိန့်ပြန်တမ်းကို ငြင်းဆန်ရဲတယ်လား”
ဒီအချိန်တွင် ချန်ရုံ၏လက်က ဓားမြှောင်ပေါ်ရောက်နေပြီဖြစ်သည်။ ဝမ်ဟုန်ပြောသည်ကို ကြားပြီးသောအခါ သူမက နူးညံ့သွားလှည့်လာပြီး သူ့ကိုအသံတိတ်သာကြည့်နေလိုက်သည်။
သူမက မိန်းမစိုးဘက်သို့ ဖြေးဖြေးချင်းပြန်လှည့်လာပြီး ပျင်းရိစွာပြောလိုက်သည်။
“ဘာလို့အရမ်းတွေ စိုးရိမ်နေရတာလဲ”
သူမက သူမဝန်မခံချင်သည့်မျှော်လင့်ချက်ကို ကွယ်ဝှက်ထားသည့် ပြုံးနေသောဝမ်ဟုန်ကို ကြည့်လိုက်သည်။
“ကျွန်မကို ဒီလိုမျိုးကာကွယ်ပေးမယ့်သူကို ရှာဖို့ဆိုတာ အရမ်းခက်ခဲတယ်၊ ဘာဖြစ်လို့အလျင်လိုနေရတာလဲ”
မိန်းမစိုး၏မျက်နှာက မည်းမှောင်လာသည်။ သူ့ထံတွင် ဝမ်ဟုန်ကိုပြန်ကြည့်နိုင်သည့် ရဲရင့်မှုမရှိသော်လည်း ချန်ရုံကိုကြည့်ရန်မှာမူပြသနာမရှိပေ။ သူကရှေ့တိုးပြီး သူမကိုအော်လိုက်သည်။
“အဓိပ္ပါယ်မရှိလိုက်တာ၊အစောင့်တွေ ဒီသီလရှင်ဆီကို ဝိုင်ယူလာခဲ့ကြ”
သူ၏အမိန့်တွင် ယောက်ျားနှစ်ယောက်က ရှေ့ထွက်လာသည်။
ဤအချိန်တွင် ဝမ်ဟုန်၏ပျင်းရိနေသောအသံထွက်လာသည်။
“ငါ့အတွက် အမိန့်ပြန်တမ်းကိုသွားယူပေး”
မိန်းမစိုးက ရပ်သွား၏။
သူပဟေဠိဖြစ်နေချိန်တွင် ဝမ်ဟုန်၏အစောင့်က သူ့ဆီလှစ်ခနဲရောက်လာသည်။ အစောင့်အတွက် မိန်းမစိုးဆီရောက်ရန် ခြေလှမ်းအနည်းငယ်သာယူလိုက်ရသည်။ သူကလက်ဆန့်ကာ မိန်းမစိုးလက်ထဲမှ အမိန့်ပြန်တမ်းကိုယူလိုက်သည်။
မိန်းမစိုးက ဒေါသထွက်သွားသည်။ သူကထိတ်ထိတ်ပျာပျာဖြင့် အော်ဟစ်လာသည်။
“အတင့်ရဲလို့ အစောင့်တွေ သူ့ကိုဖမ်းကြ”
သူ၏စူးရှသောအော်သံက တောင်များကြားတွင် ပဲ့တင်ရိုက်သွားသည်။ သို့သော် ဘယ်သူကမှရှေ့မထွက်လာရဲသည်မှာ အစောင့်ကဝမ်ဟုန်ဆီပြန်ရောက်သွားချိန်ထိပင်။
မိန်းမစိုးက ကြောက်လန့်တကြားနောက်ဆုတ်ပြီး မြေကြီးကိုကော်ကပ်ထားသလိုကြည့်နေသည့် လူအုပ်ကိုဒေါသတကြီးလှည့်ကြည့်လိုက်သည်။
မိန်းမစိုးက မည်းပြာလာသည်။အင်ပါယာ၏အမိန့်ပြန်တမ်းက သူ့လက်ထဲမှဆုံးရှူံးသွားသည်ကို တွေးလိုက်မိသောအခါ ခြေထောက်များပျော့ခွေလာသည်။
အစောင့်က အမိန့်ပြန်တမ်းကို ဝမ်ဟုန်ဆီပေးလာသည်။
နေရောင်အောက်တွင် ဝမ်ဟုန်က အမိန့်ပြန်တမ်းကိုဖြန့်ကာ အကြိမ်အနည်းငယ်ကြည့်လိုက်ပြီးနောက် ရထားလုံးပေါ်မှဆင်းလာသည်။
သူက ချန်ရုံဆီလျှောက်လာကာ သူမကိုတစ်ချက်ကြည့်ပြီးနောက် သူမဆီလက်ဖြန့်ပေးလာသည်။
ချန်ရုံက မျက်စိကိုပုတ်ခတ်ပုတ်ခတ်လုပ်လိုက်မိသည်။
သူမကခေါင်းစောင်းကာ သူ့ကိုခနလောက်စိုက်ကြည့်လိုက်သည်။ သူဆိုလိုချင်သည်ကို နားလည်သွားသောအခါ ဓားမြှောင်ကိုယူပြီး သူ့လက်ထဲထည့်ပေးလိုက်သည်။
ဝမ်ဟုန်ကပြုံးလိုက်သည်။ သူက သူ၏ဝတ်ရုံကိုရမ်းကာ မိန်းမစိုးဆီလျှောက်လာသည်။
သူ့လက်ထဲရှိ ဓားမြှောင်က လေးလံသည့်အေးစက်မှုကို ရောင်ပြန်ဟပ်နေသော်ငြား မိန်းမစိုးက ဘာလုပ်ရမည်ကို မသိတော့ပေ။ သူကဝမ်ဟုန်ကို စိုက်ကြည့်ပြီး အားမွေးကာအော်လိုက်သည်။
“ဝမ်ချီလန် မင်းဘာလုပ်နေတာလဲ၊ အင်ပါယာရဲ့အမိန့်ပြန်တမ်းကိုငြင်းဆန်နေတာလား”
“အင်ပါယာရဲ့အမိန့်ပြန်တမ်းကို ငြင်းဆန်တာလား”
ဝမ်ဟုန်၏နှုတ်ခမ်းများက ကွေးညွှတ်သွားကာ ပေါ့ပေါ့ပါးပါးပြောလာသည်။
“ဒါဆိုရင် ငါကဝမ်ချီလန်ဆိုတာကိုတော့ သိသေးတယ်ပေါ့”
သူ့စကားများကြားတွင် သူ့လက်ကရှေ့သို့ ထိုးသွင်းလာသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူကလက်ထဲတွင်ဓားမြှောင်ကိုကိုင်ကာ မိန်းမစိုး၏ရှေ့တွင်ရပ်နေပြီဖြစ်သည်။
သူ၏ဝတ်ရုံစက ဝေ့ရမ်းနေပြီး သူ၏နူးညံ့သောစကားလုံးများနှင့်အတူ လူအုပ်က ဓားထိုးသံတစ်ခုကိုကြားလိုက်ရသည်။
“အားးးး”
လူတိုင်းက အော်ဟစ်ကာ ကြောက်လန့်တကြားနောက်ဆုတ်သွားကြသည်။
သွေးများကရှေ့သို့ ပန်းထွက်လာသည်။
ဝမ်ဟုန်က ဘာမှမထူးခြားသလိုပင် သွေးများကိုရှောင်ရန် နောက်ဆုတ်လိုက်သည်။ သူကမျက်မှောင်ကြုတ်ကာ ဝတ်ရုံစကိုရမ်းလိုက်သည်။
“ငါဘယ်သူလဲ သိတာတောင် ငါ့မိန်းကလေးကို အမိန့်ပြန်တမ်းအတုနဲ့ လှည့်စားရဲသေးတယ်လား”
သူက ဂရုမစိုက်စွာဝတ်ရုံစကိုရမ်းကာ နောက်လှည့်ပြီး ရထားလုံးဆီလျှောက်သွားလိုက်သည်။
သွေးများက မိန်းမစိုး၏လည်ပင်းမှပန်းထွက်နေဆဲဖြစ်သည်။ သူကဝမ်ဟုန်ကိုလက်ညှိုးထိုးလာသော်ငြား ဘာမှမပြောနိုင်ပေ။
ဤအချိန်တွင် ကိစ္စအလှည့်အပြောင်းများကြောင့် ထိတ်လန့်နေရသော လူအုပ်သည် တံတွေးကိုသာ မြိုချလိုက်ရသည်။
တစ်ချိန်တည်းတွင် ချန်ရုံက ဝမ်ဟုန်ကိုကြည့်နေသည်။
သူက သူမဘေးသို့လျှောက်လာကာ လက်ကမ်းပေးလာချိန်တွင် နောက်ထပ်စူးရှသောအသံတစ်ခုက တောင်ကြားထဲတွင် ပဲ့တင်ခတ်လာသည်။
“နတ်ဆရာမ ဟုန်ယွင်ကျီဘယ်မှာလဲ၊ တော်ဝင်အမိန့်ပြန်တမ်း-....”
တော်ဝင်အမိန့်ပြန်တမ်းကြေငြာချက်နောက်တစ်ခုကြောင့် လူတိုင်းအံ့ဩသွားကြရပြန်သည်။ ဝမ်ဟုန့်ကို ကြည့်ရင်းဖြင့် လူများသည် မနေနိုင်ပဲတွေးမိကုန်ကြသည်။
ဝမ်ဟုန်က တကယ်ကို အရူးလုပ်လို့မရဘူးပဲ...တစ်ချက်လှမ်းကြည့်ရုံနဲ့ အမိန့်ပြန်တမ်းအတုကို တန်းသိနိုင်နေတယ်...
ထို့နောက် လူများက ဆက်တွေးကြပြန်သည်။
နတ်ဘုရားနဲ့တူတဲ့ဝမ်ဟုန်က တကယ်ပဲ လူကြားထဲမှာ လူတစ်ယောက်ကို သတ်ပစ်လိုက်တာလား...
တောင်စောင်းပေါ်၌ခြေသံများနှင့် ဗုံသံများက ပို၍ နီးကပ်လာကြသည်။
ဝမ်ဟုန်က ချန်ရုံ့အား တစ်ချက်လှမ်းကြည့်၍ ရှေ့သို့ လျှောက်သွားလိုက်သည်။
ချန်ရုံကလည်း ဝမ်ဟုန့်နောက်သို့ အမြန်လိုက်သွားလိုက်သည်။ မကြာမီမှာပင် ချန်ရုံက ဝမ်ဟုန့်ကိုကျော်တက်သွားသည်။ ဝမ်ဟုန်က အချိန်မှီ ရှောင်လွှဲလိုက်နိုင်လိုက်သော်လည်း သူ၏ အဖြူရောင်ဝတ်ရုံက သွေးများအနည်းငယ်စွန်းပေနေသောကြောင့် ဖုံးကွယ်ထားသည်မှာ ပို၍ အဆင်ပြေမည်ဖြစ်သည်။
ခြေလှမ်း ငါးဆယ်ခန့်လှမ်းပြီးသောအခါ ယခင်တစ်ခေါက်ကကဲ့သို့ပင် လူအုပ်တစ်အုပ် ရောက်လာပြန်လေသည်။
ထိုလူအုပ်ကို ဦးဆောင်လာသူမှာ အသက်လေးဆယ်ခန့်ရှိသော မိန်းမစိုးတစ်ဦးဖြစ်သည်။ မိန်းမစိုးသည် ချန်ရုံ့ကို မြင်သောအခါ မျက်မှောင်ကျုံ့လိုက်သည်။
ထင်ထားသည့်အတိုင်းပင် ထိုမိန်းကလေးနောက်၌ ရှိနေသည်က လန်ယာဝမ်ချီ ဖြစ်နေပါလား...
ဝမ်ဟုန့်အားတစ်ချက်လှမ်းကြည့်ပြီးသောအခါမှ မိန်းမစိုးက ခေါင်းငုံ့၍ အရိုအသေပေးနေသော ချန်ရုံ့အားပြန်ကြည့်လိုက်သည်။
"မင်းက နတ်ဆရာမ ဟုန်ယွင်ကျီ ဆိုတာလား..."
မိန်းမစိုးက စူးရှသောအသံဖြင့် မေးလိုက်သည်။
"ဟုတ်ပါတယ်..."
ချန်ရုံက ပြန်ဖြေလိုက်သည်။
မိန်းမစိုးက ခေါင်းငြှိမ့်၍ ပြောလိုက်သည်။
"ဟုန်ယွင်ကျီ...ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်ပြန်တမ်းကို လက်ခံဖို့ အသင့်ပြင်ပါ..."
ချန်ရုံက အလျင်အမြန်ပင် ဦးညွှတ်လိုက်သည်။
မိန်းမစိုးက ချန်ရုံ့အား တစ်ချက်ထပ်ကြည့်၍ အမိန့်ပြန်တမ်းကို ဖြန့်ကာ ချန်ရုံ့အားပြောလိုက်သည်။
"အရှင်မင်းမြတ်ရဲ့ အမြင်အရ မင်းဟာ အမျိုးသမီးတစ်ဦးဖြစ်ပေမယ့် စံနမူနာယူထိုက်တဲ့ ဉာဏ်ရည်နဲ့ အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့လူတစ်ယောက်ဖြစ်တယ်...ဟူလူမျိုးတွေကို ခုခံခဲ့တဲ့ဖြစ်စဉ်မှာလည်း မင်းဟာ ကျင်းလူမျိုးတွေအားလုံး အသိအမှတ်ပြုပေးသင့်တဲ့ လေးစားဖွယ်လုပ်ရပ်တွေကို လုပ်ဆောင်ခဲ့တယ်..."
ချန်ရုံက ထိုစကားများကို နားထောင်ရင်းဖြင့် မိန်းမစိုးအားမော့ကြည့်လိုက်သည်။
ယခုတစ်ခေါက် အမိန့်ပြန်တမ်းသည် အလွန်ပင် ပွင့်လင်းစွာ ချီးမြှောက်လွန်းနေ၍ ယခင်တစ်ခေါက် အမိန့်ပြန်တမ်းနှင့် လုံးဝကွဲပြားခြားနားနေသည်။ ထို့အပြင် ချန်ရုံသည် ထိုအမိန့်ထဲကအတိုင်း မိမိကိုယ်ကိုယ် အလွန်ထက်မြက်လေးစားဖွယ်ကောင်းနေသည်ဟုလည်း မထင်မိပါ။
ချန်ရုံသာမက အနောက်မှ တိတ်ဆိတ်နေကြသော လူအုပ်ကြီးကလည်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေမိကြသည်။
ဒီလိုချီးကျူးမှုမျိုးက မိန်းမတစ်ယောက်ကို လွယ်လွယ်နဲ့ပေးတတ်တဲ့ ချီးကျူးမှုမှမဟုတ်တာ...ပြီးတော့ ဒီလို ရဲစွမ်းသတ္တိကို ချီးကျူးတာကတော့ ဟုတ်ပါပြီ...ဒါပေမယ့် သာသနာ့ဘောင်ထဲကို ရောက်နေပြီဖြစ်တဲ့ အမျိုးသမီးတစ်ယောက်ကို ဒီလိုတွေ ဂုဏ်ပုဒ်တပ်ပေးနေတာတော့ ထူးဆန်းတယ်မဟုတ်လား...
"ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်အရ..."
မိန်းမစိုးက အသံစူးစူးဖြင့် ဆက်ပြောလိုက်သည်။
"အခုအချိန်ကစပြီး ဟုန်ယွင်ကျီကို ဂုဏ်သရေရှိပြီး လေးစားဖွယ် နတ်ဆရာမတစ်ဦးအဖြစ် အသိအမှတ်ပြုလိုက်တယ်...ဟုန်ယွင်ကျီဟာ ဧကရာဇ်မင်းမြတ်ရဲ့ကိုယ်စား စစ်သည်သူရဲကောင်း ငါးထောင်ကို ဦးဆောင်ပြီး မြောက်ပိုင်းသူရဲကောင်းနဲ့ တွေ့ဆုံရန် အမိန့်ချမှတ်လိုက်တယ်..."
ထိုသို့ပြောပြီးသောအခါ တီးတိုးစကားပြောသံများကြား၌ မိန်းမစိုးက ချန်ရုံ့နားကပ်၍ တိုးတိုးလေးပြောလိုက်သည်။
"မြောက်ပိုင်းသူရဲကောင်းက မင်းရဲ့မိတ်ဆွေဆိုတော့ သူနဲ့တွေ့ရမှာ မင်းလည်း ပျော်နေမှာပါ..."
သေလေ...
ချန်ရုံ့ရင်ထဲ၌ ဒေါသမီးများက ရုတ်တရက်တောက်လောင်လာမိသည်။
ချန်ရုံသည် နှုတ်ခမ်းကိုကိုက်၍ ဒေါသတကြီးတွေးလိုက်မိသည်။
တိုင်းပြည်အတွက် အားကြိုးမာန်တက် တိုက်ခိုက်ပေးနေတဲ့လူတွေအားလုံးက လေးစားစရာလူတွေပဲလေ...နန်းတော်က ငါ့ရဲ့ တာအိုဘာသာရေးနာမည်ရှေ့မှာ ဂုဏ်သရေရှိတာတွေ လေးစားဖွယ်တွေတပ်ပြီး ငါ့ကို သံအမတ်လုပ်ခိုင်းနေတာပဲ....ဒါက တိုက်ခိုက်ပေးနေတဲ့လူတွေကို စော်ကားနေတာနဲ့တူတူပဲမဟုတ်လား...မြောက်ပိုင်းသူရဲကောင်းက တကယ်ပဲ ရန်မင်းဖြစ်နေတယ်ဆိုရင် ဒီလို အရှက်ခွဲမှုမျိုးကို သူလုံးဝသည်းခံနိုင်မှာမဟုတ်ဘူး...နန်းတော်က ဘာဖြစ်လို့များ ဒီလို အမှားနဲ့ အမှန်ကို ရောထွေးနိုင်ရတာပါလိမ့်...
ချန်ရုံသည် ဒေါသဖြင့် မျက်နှာက နီစွေးနေချိန်တွင် မိန်းမစိုးနှင့် သူ့နောက်မှ လူများထံမှ လှောင်ပြောင်လိုမှုများကို ရုတ်တရက် သတိထားလိုက်မိသည်။
ထိုလှောင်ပြောင်နိမ့်ချနေသည့်အကြည့်များက ရေခဲရေနှင့်ပက်လိုက်သကဲ့သို့ ချန်ရုံ့အား နိုးထသွားစေသည်။ ချန်ရုံ၏စိတ်သည် ချက်ချင်းပင် ပြန်၍ ကြည်လင်ကာ ရှင်းရှင်းလင်းလင်းပြန်တွေးနိုင်သွားသည်။
ဟင့်အင်း ငါဒေါသထွက်နေလို့မဖြစ်ဘူး...ကျန့်ခန်းလိုနေရာမျိုးမှာ နိုင်ငံရေးနဲ့ စစ်ပွဲတွေအကြောင်းပြောလို့မရဘူး...ဟွမ်းမိသားစုက လူငယ်လေးကိုပဲကြည့်လေ...သူက ဘာမှတောင်သေချာမပြောရသေးပဲနဲ့ အသတ်ခံလိုက်ရတယ်...ပြီးတော့ အဲဒီလိုဖြစ်ရင် ဘယ်သူကမှလည်း ဝင်ပြောပေးကြမှာမဟုတ်ဘူး...
နိုင်ငံရေးနှင့် စစ်ပွဲများအကြောင်းမပြောရန်မှာ အိမ်တော်များအားလုံးနှင့် တော်ဝင်မိသားစုတို့ တစ်ပြေးညီသဘောတူထားသော အရာတစ်ခုဖြစ်သည်။
စိတ်က ကြည်လင်နေပြီဖြစ်သော်လည်း ချန်ရုံ၏ မျက်နှာကတော့ ဒေါသဖြင့် နီနေဆဲဖြစ်သည်။
မိန်းမစိုးက ဒေါသထွက်နေသော ချန်ရုံ့အားအော်ပြောလိုက်သည်။
"ဘာဖြစ်လို့ ဒေါသထွက်နေတာလဲ နတ်ဆရာမ...မင်း လက်မခံချင်လို့လား..."
မိန်းမစိုး၏အသံက ချန်ရုံ့အား ဒေါသပိုထွက်စေရန် ဆွပေးနေသကဲ့သို့ရှိသည်။
ချန်ရုံက မျက်လွှာချလိုက်သည်။
ထို့နောက်အနောက်သို့ အနည်းငယ်ဆုတ်၍ ခေါင်းခါကာပြောလိုက်သည်။
"ကျွန်မက သွေးတွေကိုမြင်ရတာ ကြောက်လာပြီး ကျွန်မရဲ့နှလုံးသားကလည်း ငြိမ်းချမ်းမှုမရတော့လို့ သီလရှင် လုပ်ခဲ့တာပါ..."
ချန်ရုံသည် လက်များကို ယဉ်ကျေးစွာမြှောက်ပြလိုက်၍ ရိုးရှင်းစွာပင် ပြောလိုက်သည်။
"ဒီလို ဂုဏ်သရှေရှိပြီး လေးစားဖွယ်ဆိုတဲ့ ဂုဏ်ပုဒ်တွေကို ကျွန်မ လက်မခံဝံ့ပါဘူး...အဲဒါကြောင့် ဧကရာဇ်မင်းမြတ်ကိုလည်း ဒီအမိန့်ပြန်တမ်းကို ပြန်ရုတ်သိမ်းပေးဖို့ တောင်းဆိုပါရစေ..."
ထို့နောက် ခေါင်းကိုငုံ့၍ နောက်သို့ ပြန်လာလိုက်သည်။
မိန်းမစိုးက အလွန်ဒေါသထွက်သွားသည်။
"မင်းက ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်ကို ဖီဆန်နေတာလား..."
မိန်းမစိုးက အော်ပြောလိုက်သည်။
သူ၏အသံက ခြိမ်းခြောက်နေသည့်ပုံပေါက်နေသည်။
ချန်ရုံက မော့မကြည့်ပဲ ပြန်ပြောလိုက်သည်။
"ကျွန်မက လောကီကမ္ဘာမှာ မရှိတော့တာကြောင့် ဒီအမိန့်ကိုလည်း နာခံစရာမလိုပါဘူး..."
"တော်ဝင်အမိန့်ပြန်တမ်းကို မင်းက ဖီဆန်ရဲတယ်ပေါ့..."
"ကျွန်မက လောကီကမ္ဘာမှာ မရှိတော့တာကြောင့် ဒီအမိန့်ကိုလည်း နာခံစရာမလိုတော့တာပါ..."
မိန်းမစိုးက ရယ်လိုက်သည်။
"ဪ...အဲဒီလိုပေါ့..."
ထို့နောက် မိန်းမစိုးသည် အင်္ကျီလက်ကို လှုပ်ခတ်၍ အော်ပြောလိုက်သည်။
"သွားကြလေ..."
အဖွဲ့လည်း အမိန့်အောက်တွင် နောက်သို့ ပြန်လှည့်လိုက်ကြသည်။
ထိုအခိုက်မှာပင် တောင်ခြေမှ ဗုံတီးသံများကို ထပ်၍ ကြားလိုက်ရပြန်သည်။
လူအုပ်ထဲမှလူများသည်လည်း တုံးအသူများမဟုတ်ကြသောကြောင့် ဂီတသံကိုကြားသောအခါ ဆူဆူညံညံဖြစ်နေသည့်အသံများက ပြန်တိတ်သွားကြသည်။
ချန်ရုံလည်း ခေါင်းကိုမော့ကြည့်လိုက်ကာ သစ်ပင်များဖြင့် ဖုံးကွယ်နေသော တောင်ခြေသို့ လှမ်းကြည့်၍ မထိန်းနိုင်ပဲ ပြောလိုက်မိသည်။
"နောက်ထပ် သတင်းပေးသူတွေ...ရောက်လာပြန်တာလား..."
ချန်ရုံက ဝမ်ဟုန့်ဆီသို့ လှည့်ကြည့်လိုက်သည်။ တိတ်ဆိတ်နေ၍ ခပ်ဖွဖွလေးပြုံးနေသော ဝမ်ဟုန့်အားမြင်သောအခါ ချန်ရုံ အကြည့်ကို ပြန်လွှဲလိုက်သည်။ အတွေးထဲနစ်မြုပ်နေဟန်ရှိသောဝမ်ဟုန်သည်လည်း တစ်စုံတစ်ခုကို သံသယဝင်နေပုံရသည်။
ထို့ကြောင့် ချန်ရုံသည် မိန်းမစိုးထံသို့ အကြည့်ပြန်ရွှေ့လိုက်သည်။
ထိုအချိန်၌ မိန်းမစိုးက အိမ်စေများနှင့် အစောင့်စစ်သည်များကို ဦးဆောင်၍ ပြန်ထွက်သွားနေပြီဖြစ်သည်။ သူ့မျက်နှာကတော့ ဒေါသ၊မုန်းတီးမှုများဖြင့် ပြည့်နေသည်။
"တကယ်ကို ရှုပ်တာပဲ...တကယ် အရှုပ်ထုပ်ပဲ..."
မိန်းမစိုးကပြောရင်းဖြင့် အင်္ကျီလက်ကို လှုပ်ခတ်ကာ အော်ပြောလိုက်ပြန်သည်။
"သွားမယ်လေ..."
ထိုအခိုက်၌ မိန်းမစိုးက အခြားအဖွဲ့နှင့် မျက်နှာချင်းဆိုင်မိလျက်သားဖြစ်သွားသည်။
အဖွဲ့နှစ်ဖွဲ့က ရုတ်တရက် ငြိမ်သက်သွားပြီးမှ ချက်ချင်းပင် ပုံမှန်အတိုင်း ဗုံများကိုတီးခတ်၍ ရှေ့သို့ဆက်သွားကြသည်။
မကြာမီမှာပင် ချန်ရုံနှင့် ရင်းနှီးနေသော အသံတစ်သံက စူးရှစွာထွက်လာသည်။
"မင်းက နတ်ဆရာမ ဟုန်ယွင်ကျီလား..."
ထိုအသံစူးစူးမှာ မနက်က ချန်ရုံ့အား နန်းတော်ဆီသို့ ခေါ်ဆောင်သွားခဲ့သည့် ငယ်ရွယ်သော မိန်းမစိုး၏အသံဖြစ်နေသည်။
ထိုရင်းနှီးနေသော မိန်းမစိုး၏မျက်နှာကို ကြည့်ရင်းနှင့်မှပဲ ချန်ရုံသည် သက်ပြင်းချလိုက်နိုင်တော့သည်။
ဒီတစ်ခါတော့ တကယ်ပဲ ဧကရာဇ်ရဲ့ အမိန့်တော်အစစ်ဖြစ်မှာပါ...
ချန်ရုံက ချိတ်ဆက်ထားသောလက်များကို အမြန်မြှောက်ပြ၍ ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့..."
မိန်းမစိုးငယ်လေးက ခေါင်းငြှိမ့်လိုက်သည်။ ထို့နောက် ချန်ရုံ့ရှေ့သို့ လာရပ်၍ ကြေငြာလိုက်သည်။
"ဟုန်ယွင်ကျီ...ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်ပြန်တမ်းကို နာခံဖို့ အသင့်ပြင်ပါ..."