Chapter 198
ချန်ရုံက တထိတ်ထိတ်ခုန်နေသော နှလုံးဖြင့် ဒူးထောက်လိုက်သည်။ ကျယ်ပြန့်သော အင်္ကျီဝတ်ရုံလက်အောက်၌ သူမ၏ လက်များကို အချင်းချင်းဆုပ်နယ်ကာ ချန်ရုံတွေးနေမိသည်။
ဒီတစ်ခေါက်တော့ ငါ့ကို အန္တရာယ်ပေးဖို့ရည်ရွယ်ချက်နဲ့ရေးထားတဲ့ ကြောင်တောင်တောင်အမိန့်ပြန်တမ်းတွေ မဟုတ်လောက်တော့ဘူးမလား...
မိန်းမစိုးငယ်က အမိန့်ပြန်တမ်းစာလိပ်ကို ဖြန့်၍ ဖတ်လိုက်သည်။
"ယခင်က ချန်ရုံ လို့ ခေါ်တွင်တဲ့ နတ်ဆရာမ ဟုန်ယွင်ကျီ..."
ဒီအမိန့်က တော်ဝင်အမိန့်ပြန်တမ်းနဲ့လည်း မတူပါလား...ဒါပေမယ့် အဲဒါကြောင့်ပဲ ဒါက တကယ် ဧကရာဇ်မင်းမြတ်ရေးထားတာဖြစ်နိုင်တယ်...
မိန်းမစိုးက ဆက်ဖတ်လိုက်သည်။
"မောယန်ဟာ ဟူလူမျိုးတွေလက်ထဲ ကျရောက်နေတဲ့အချိန်တုန်းက ဟုန်ယွင်ကျီဟာ ခင်မင်ရင်းနှီးမှုအတွက်နဲ့ သူမကိုယ်သူမ အန္တရာယ်တောထဲကို တိုးဝင်ခဲ့တယ်...နောက်တော့ နန်ယန်မြို့ အဝိုင်းခံနေရချိန်မှာလည်း ယောင်္ကျားသားတွေနဲ့ ပြည့်နေတဲ့မြို့မှာ ဒီမိန်းကလေးတစ်ယောက်သာလျှင် လူရိုင်းတွေရဲ့ သွေးကို မြေခအောင်လုပ်ဖို့ ယောင်္ကျားတွေကို ဦးဆောင်နိုင်တဲ့ ရဲစွမ်းသတ္တိရှိခဲ့တယ်...ဟုန်ယွင်ကျီရဲ့ လုပ်ဆောင်မှုမှန်သမျှကို ကိုယ်တော် အလွန်လေးစားမိတယ်...ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတုန်းတည်းကလည်း အမျိုးသမီးတွေဟာ စစ်တပ်တွေကို ဦးစီးခဲ့ကြတယ်...ဟန်ခေတ်က ကျောက်ကျွင့်ဟာ သူမရဲ့ ရဲစွမ်းသတ္တိကြောင့် နာမည်ကျော်ကြားခြင်းဖြစ်တယ်...အခုလည်း ကိုယ်တော်တို့ဟာ ကံကောင်းစွာနဲ့ပဲ ကောင်းကင်ဘုံကပေးအပ်တဲ့ ဟုန်ယွင်ကျီကို လက်ခံရရှိထားပြီးဖြစ်တယ်...
မိန်းမစိုး၏အသံက ပို၍ ကျယ်လောင်လာသည်။
"ဒါကြောင့် ဒီအမျိုးသမီးဟုန်ယွင်ကျီကို ကိုယ်တော် တော်ဝင်အိမ်တော်ဝန်အဖြစ် ခန့်အပ်တော်မူတယ်...အခုအချိန်ကစပြီး ဟုန်ယွင်ကျီဟာ ဟူလူမျိုးတွေရဲ့ ကိစ္စတွေနဲ့ ပတ်သတ်ပြီး အကြံဉာဏ်ပေးသူအဖြစ်တာဝန်ယူရမယ်...ငါကိုယ်တော် ဘုရင်မင်းမြတ်ရဲ့ အမိန့်တော်..."
မိန်းမစိုးငယ်က အမိန့်ပြန်တမ်းစာလိပ်ကို ဖြည်းညှင်းစွာပြန်လိပ်ရင်းက တောင့်တင်းနေသော ချန်ရုံ့အား ကြင်နာစွာပြုံးပြလိုက်သည်။
"မင်းက ဘာဖြစ်လို့ အမိန့်ကို နာခံမနေတာလဲ..."
ချန်ရုံက မော့ကြည့်၍ တွေးလိုက်သည်။
ငါ ဒီအမိန့်ပြန်တမ်းကို လက်ခံလိုက်ရင် နောက်ရက်နည်းနည်းတော့ အေးအေးဆေးဆေးနေရမှာပဲ...နောက်ထပ်လည်း အမိန့်တွေ မလာလောက်တော့ဘူးထင်တယ်...
"ဒီက သစ္စာစောင့်သိတဲ့ ပြည်သူက ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်ကို နာခံပါတယ်..."
ချန်ရုံက လေးနက်စွာ ဦးညွှတ်၍ ပြောလိုက်ကာ အမိန့်ပြန်တမ်းကို လက်ခံရန် ရှေ့သို့ လှမ်းလိုက်သည်။
ချန်ရုံက အမိန့်ကို လက်ခံလိုက်သည်ကို မြင်သောအခါ မိန်းမစိုးလေးက ပြုံးလိုက်သည်။ မိန်းမစိုးလေးသည် ချန်ရုံ့နားသို့ တိုးကာ မျက်လုံးတစ်ဖက်မှိတ်ပြ၍ တိုးတိုးလေးပြောလိုက်သည်။
"အရှင်မင်းမြတ်က မင်းကို နှစ်သက်တော်မူတယ်...ဒီရာထူးနဲ့ဆိုရင် သူ့အတွက်လည်း ပိုအဆင်ပြေသွားတာပေါ့..."
ထို့နောက် မိန်းမစိုးလေးက လက်ကိုဝှေ့ယမ်း၍ အဖွဲ့ကို ဦးဆောင်ကာ ပြန်လှည့်သွားတော့သည်။
ချန်ရုံက ဝင်နေဆဲနေရောင်အောက်၌ရပ်၍ ထိုလူများ ထွက်ခွာသွားသည်ကို ငေးကြည့်နေမိသည်။
ယခု ချန်ရုံလက်ခံလိုက်သော အမိန့်ပြန်တမ်းသည် ယခင်ပြန်တမ်းများနှင့်ယှဉ်လျှင် ပို၍ ပုံမှန်ဖြစ်နေသည်တော့မဟုတ်ပါ။
သီလရှင်တစ်ဦးအား တော်ဝင်အိမ်တော်ဝန်အဖြစ် ခန့်အပ်ခြင်းဆိုသည်ကို တစ်ခါမှ မကြားဖူးသည့်အပြင် အမိန့်ပြန်တမ်းအား လမ်းလယ်ခေါင်၌ ထုတ်ပြန်ခြင်းကလည်း အလွန်ပင် ဆန်းကြယ်သောအပြုအမူဖြစ်သည်။ ဧကရာဇ်မင်းမြတ်သည် ထိုကဲ့သို့ စနောက်ကျီစယ်ရခြင်းများကို နှစ်သက်ပုံရလေသည်။
အမိန့်ပြန်တမ်းကြေငြာသည့်အဖွဲ့က မြင်ကွင်းမှ လုံးဝပျောက်ကွယ်သွားချိန်အထိ ဘေးမှကြည့်နေသူများက တုတ်တုတ်မလှုပ်ကြသေးပေ။
ချန်ရုံက ဖြည်းညှင်းစွာအနောက်သို့လှည့်ကြည့်လိုက်သည်။
သူမ၏နောက်၌ ဝမ်ဟုန့်ကို မတွေ့တော့ချေ။
ချန်ရုံက ရထားလုံးနားသို့လျှောက်သွားသောအခါ အနောက်မှလူများက လက်ညှိုးများထိုး၍ တီးတိုးပြောစပြုလာကြသည်။
"ဘုရား ဘုရား...အမိန့်ပြန်တမ်း သုံးခုဆက်တိုက်တောင်..."
"နောက်တစ်မိနစ်လောက်ထပ်စောင့်ရင် အမိန့်ပြန်တမ်းတွေ ထပ်ရောက်လာကြဦးမယ်ထင်တယ်..."
"တကယ်ကို မယုံနိုင်စရာပဲ..."
"မင်းတွေ့လား...သူ့ကို ကာကွယ်ဖို့အတွက် လန်ယာဝမ်ချီက လူမြင်ကွင်းမှာတောင် လူတစ်ယောက်ကို သတ်ပစ်လိုက်တာ...သွေးတွေစင်သွားတဲ့အချိန်မှာ ဝမ်ချီက မျက်နှာတစ်ချက်မပျက်ဘူးနော်...တော်တော်ကြောက်စရာကောင်းတာပဲ..."
"ငါ့အမြင်မှာတော့ ဧကရာဇ်က ဟုန်ယွင်ကျီကို သူနဲ့နီးနီးမှာထားချင်လို့ အိမ်တော်ဝန်ရာထူးပေးလိုက်တာလို့ထင်တယ်...အဲဒီမိန်းကလေးဟာ သင့်တော်တာတွေ မသင့်တော်တာတွေ ဘာမှမစဉ်းစားပဲ ဧကရာဇ်နဲ့ ဝမ်ချီကို သူ့အတွက်နဲ့ ရန်တိုက်ပေးနေသလိုပဲ..."
ချန်ရုံသည် ထိုဆိုးရွားလှသည့် စကားသံများထံမှ အမြန်လွတ်မြောက်ရန် ခြေလှမ်းကို ပိုမြန်လိုက်သည်။
မကြာခင်မှာပင် ရထားလုံးများနားသို့ ရောက်လာသည်။
ချန်ရုံက ဝမ်ဟုန်၏ရထားလုံးကို တစ်ချက်လှမ်းကြည့်၍ သူမ၏ကိုယ်ပိုင်ရထားလုံးနားသို့ လျှောက်သွားလိုက်သည်။
သို့သော် ချန်ရုံ ခြေမလှမ်းရသေးခင်မှာပင် ဝမ်ဟုန်၏အသံ ထွက်ပေါ်လာလေသည်။
"ဒီနားကို လာခဲ့..."
ချန်ရုံ၏ခြေလှမ်းများရပ်သွားသည်။
ချန်ရုံသည် ခေါင်းကိုလှည့်ကြည့်၍ ခဏမျှ တုံ့ဆိုင်းနေပြီးမှ ဝမ်ဟုန်၏ရထားလုံးနားသို့သွားကာ လိုက်ကာကိုမ၍ ဝင်လိုက်သည်။
ဝမ်ဟုန်က ခုံနောက်ကျောကိုမှီကာ ထိုင်နေသည်။ သူသည် ချန်ရုံ့ကို မကြည့်ပဲ အပြင်သို့သာ ဗလာမျက်လုံးများဖြင့် ငေးကြည့်နေလေသည်။
ချန်ရုံက ဝမ်ဟုန့်နားသို့သွားလိုက်သည်။ ရထားလုံးက လှုပ်သွားသောအခါ ချန်ရုံကမေးလိုက်သည်။
"ဘာဖြစ်နေတာလဲ..."
ဝမ်ဟုန်က မလှည့်လာပဲ အပြင်သို့သာ ဆက်ကြည့်နေသည်။ အချိန်အနည်းငယ်ကြာသောအခါမှ ပြုံး၍ပြောလိုက်သည်။
"တစ်ယောက်ယောက်ကတော့ အကောင်အထည်ဖော်လိုက်ပြီပဲ..."
ထို့နောက် ခေါင်းကိုလှည့်၍ ချန်ရုံ့အား ဘေးကိုစောင်း၍ ကြည့်လိုက်ပြီးသောအခါ ဝမ်ဟုန်သည် အော်ရယ်လိုက်တော့သည်။ အစကတော့ ခပ်တိုးတိုး ရယ်နေသော်လည်း နောက်ပိုင်းတွင် ရယ်သံက တဖြည်းဖြည်း ပို၍ကျယ်လောင်လာသည်။
ဝမ်ဟုန်၏ရယ်သံများက ညဉ့်လေနှင့်အတူ လွင့်ပျံ၍ တောင်များကို ပဲ့တင်သံရိုက်ခတ်နေတော့သည်။
ထိုအချိန်၌ ကျောင်းတော်ထဲမှ လူများထွက်လာကြ၍ ချန်ရုံတို့နားသို့ ရောက်လာကြသည်။ သူတို့သည် ပထမဆုံးသော အမိန့်ပြန်တမ်းအဖွဲ့ရောက်လာစဉ်တည်းက ရှိနေကြသော်လည်း အနားသို့ မလာရဲဖြစ်နေကြခြင်းဖြစ်သည်။
ရထားလုံးက လူအုပ်ကို ကျော်ဖြတ်၍ ကျောင်းတော်ထဲသို့ ဝင်သွားသည်။ ကျန့်ခန်းမင်းသား၏အိမ်တော်မှပြန်ရောက်စဉ်က ချန်ရုံနိုးထလာခဲ့သော အဆောင်သို့ ရောက်သည့်အခါမှပင် ရထားလုံးက ရပ်သွားသည်။
ဝမ်ဟုန်က ရယ်နေသည်ကိုရပ်၍ ရထားလုံးပေါ်မှ ဆင်းကာ အဆောင်ထဲသို့ ပေါ့ပါးစွာ လျှောက်သွားသည်။
ချန်ရုံက သူ့နောက်မှ ထပ်ချပ်မကွာ လိုက်သွားလိုက်သည်။
သစ်သားအိမ်လေးသည် သန့်ရှင်း၍ တိတ်ဆိတ်နေကာ လိုအပ်သည့်ပရိဘောဂများမှလွဲ၍ အခြားပစ္စည်းများများစားစားမရှိချေ။
ဝမ်ဟုန်သည် အခန်းအလယ်သို့လျှောက်သွားပြီးမှ ရပ်ကာ ချန်ရုံ့ကို လှည့်ကြည့်လိုက်သည်။
ရယ်ထားမှုကြောင့် ဝမ်ဟုန်၏မျက်နှာက အနီဖျော့ဖျော့သမ်းနေကာ ကျောက်စိမ်းတုံးပေါ်၌ သွေးများစွန်းထင်းနေသကဲ့သို့ ဖြစ်နေသည်။
အနောက်ဘက်ဆီသို့ ဝင်စပြုနေသော နေ၏အလင်းရောင်က ပြတင်းပေါက်မှတစ်ဆင့် ဝမ်ဟုန်၏ ခန္ဓာကိုယ်နှင့် မျက်နှာပေါ်သို့ ဖြာကျနေသည်။
ထိုအခိုက်အတန့်တွင် ဝမ်ဟုန်၏ ရင်သပ်ရှုမောဖွယ်ကောင်းအောင်ပင် ချောမောလှပသောမျက်နှာ၌ အထီးကျန်မှုနှင့် ဆောက်တည်ရာမရဖြစ်မှုများက အထင်အရှားပေါ်နေသည်။
နေရောင်အောက်တွင် ဝမ်ဟုန်၏ ကြည်လင်၍ အဆင့်အတန်းမြင့်သည့် မျက်လုံးများသည် ချန်ရုံနှင့် နီးစပ်နေ၍ တစ်ချိန်တည်းမှာပင် ဝေးကွာသကဲ့သို့ဖြစ်နေသည်။ တောက်ပ၍ တစ်ချိန်တည်းမှာပင် မှောင်မိုက်နေလေသည်။
ဝမ်ဟုန်သည် ချန်ရုံ့အား အလွန်နက်ရှိုင်းစွာချစ်မြတ်နိုးသောမျက်လုံးများဖြင့်ကြည့်နေသည်။ ထိုမျက်လုံးများသည် တစ်စုံတစ်ခုကို နက်နဲစွာစဉ်းစားနေသည့်ပုံပေါက်သော်လည်း တကယ်တော့ အထီးကျန်မှုက ပိုများနေသည်။
ချန်ရုံသည် ဝမ်ဟုန့်နားသို့ ဖြည်းညှင်းစွာလျှောက်သွားလိုက်သည်။
ထို့နောက် ဝမ်ဟုန့်အားမော့ကြည့်၍ နူးညံ့စွာမေးလိုက်သည်။
"ချီလန်...ဘာတွေဖြစ်နေတာလဲဟင်..."
ထိုမေးခွန်းကို ချန်ရုံမေးသည်မှာ နှစ်ခါမြောက်ဖြစ်သည်။
ဝမ်ဟုန်က ပြုံး၍ ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ လှမ်းကြည့်လိုက်သည်။
"ဧကရာဇ်မင်းမြတ်က တစ်ခါတစ်လေ အရက်မူးနေတတ်တယ်...အဲဒီလိုအချိန်တွေမှာဆိုရင် အဓိပ္ပာယ်မရှိတဲ့အရာတွေကိုကောက်ရေးပြီး သူ့ရဲ့တံဆိပ်တုံးကို ထုနှိပ်ရတာကို သဘောကျတယ်..."
ဝမ်ဟုန်က ခဏရပ်လိုက်ပြီးမှ ဆက်ပြောလိုက်သည်။
"အမူးပြေသွားရင်တော့ အရှင်မင်းမြတ်က သူလုပ်ခဲ့တာတွေကို မေ့သွားရော..."
အခြေအနေကို ချန်ရုံသဘောပေါက်သွားပြီဖြစ်သည်။
ဧကရာဇ်မင်းမြတ်သည် ထိုကဲ့သို့ အကျင့်ဆိုးရှိနေရာ ဧကရာဇ်ဘေးမှလူများက ဧကရာဇ်မူးနေချိန်တွင် သူ၏နာမည်ကို အသုံးချ၍ အမိန့်များ ချမှတ်နေကြခြင်းဖြစ်ပေသည်။ တော်ဝင်အမိန့်တစ်ခုကို များသောအားဖြင့် တံဆိပ်တုံးကိုသာကြည့်၍ ဆုံးဖြတ်ခြင်းဖြစ်ရာ တံဆိပ်တုံးအစစ်သာ ပါနေပါက အမိန့်တော်အစစ်ဟုသာ ကောက်ချက်ချကြသည်။ ပေစာပေါ်မှ စာများက ဧကရာဇ်ကိုယ်တိုင်ရေးထားခြင်း ဟုတ် မဟုတ်သည်က အရေးမကြီးတော့ချေ။
ချန်ရုံနားလည်သွားသည်ကို မြင်သောအခါ ဝမ်ဟုန်က ပြုံး၍ ပြတင်းပေါက်အပြင်သို့ လှမ်းကြည့်လိုက်ပြန်သည်။
ချန်ရုံက ဝမ်ဟုန့်အားကြည့်ရင်း တွေးနေမိသည်။
ပထမဆုံးအမိန့်မှာ ငါ ယောင်္ကျားတွေနဲ့ ရင်းရင်းနှီးနှီးနေတာက ဧကရာဇ်ရဲ့ ထူးကဲထင်ရှားမှုကို နှိမ့်ချရာရောက်တယ်လို့ မသိမသာ ပြောထားတယ်...အဲဒါ ဘယ်သူ့ရဲ့ အကြံဉာဏ်ပါလိမ့်...ကိုးယောက်မြောက်မင်းသမီးလား...ဒါမှမဟုတ် လန်ယာဝမ်အိမ်တော်က လူတွေပဲလား...
ဒုတိယအမိန့်ကကျတော့ ငါ့ကို ဂုဏ်သရေရှိပြီး လေးစားဖွယ် ဟုန်ယွင်ကျီဆိုတဲ့ ဂုဏ်ပုဒ်တပ်ဖို့ပြောထားတယ်...ရန်မင်းအကြောင်းလည်းပါတယ်...အဲဒါကရော ဘယ်သူ့ရဲ့ အကြံဉာဏ်ပါလိမ့်...
ထိုကဲ့သို့သော အမိန့်ပြန်တမ်းမျိုးကို ကိုးယောက်မြောက်မင်းသမီးကဲ့သို့သော အမျိုးသမီးများ ရေးခြင်းမဟုတ်နိုင်သည်ကိုတော့ ချန်ရုံသိသည်။ ထိုလူများသည် ရန်မင်းက ကျန့်ခန်းသို့လာသွားခြင်းကို သိနိုင်ကကမည်မဟုတ်ချေ။
တတိယအမိန့်တော်ကတော့ ဧကရာဇ်မင်းမြတ် အမူးပြေသွားတဲ့အချိန်မှာ သူလုပ်ထားတာတွေကို သတိရသွားပြီး ထပ်ရေးပေးလိုက်တာဖြစ်မယ်...ငါ့ကို ကယ်ဖို့အတွက်ရယ်...သူ့ကိုယ်သူလည်း အပြစ်တင်မခံရအောင်ရယ်ပေါ့...
ချန်ရုံက ရုတ်တရက်ရယ်၍ ခပ်တိုးတိုးပြောလိုက်သည်။
"တော်ဝင်အိမ်တော်ဝန်တဲ့လား...ချီလန် ချီလန်...တစ်ရက်ပဲရှိသေးတာကို အခု ကျွန်မက ဧကရာဇ်မင်းမြတ်ရဲ့ အမိန့်တော်နဲ့ တော်ဝင်အိမ်တော်ဝန်ဖြစ်သွားပြီ..."
ချန်ရုံသည် ထိုအကြောင်းကို စဉ်းစားလေ ပို၍ ရယ်ချင်လေဖြစ်နေတော့သည်။
ချန်ရုံ၏ရယ်သံကြောင့် ဝမ်ဟုန်က ဒေါသထွက်လာမိသည်။
ဝမ်ဟုန်သည် ဖြည်းညှင်းစွာလှည့်၍ ချန်ရုံ့အား ကြည့်လိုက်သည်။
ပျော်ရွှင်နေသောချန်ရုံနှင့်မတူစွာ ဝမ်ဟုန်ကတော့ မျက်နှာပျက်နေသည်။ ချန်ရုံရယ်နေသည်ကို တိတ်ဆိတ်သောမျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။ မျက်နှာမှနီမြန်းမှုများက ပျောက်ကွယ်သွားပြီဖြစ်၍ အလွန်ဖျော့တော့နေသောမျက်နှာ၌ အေးစက်မှုက အစားထိုးဝင်ရောက်လာလေသည်။
ထို့နောက် ဝမ်ဟုန်သည် နှုတ်ခမ်းများကို တွန့်ကွေး၍ ပြုံးလိုက်သည်။
"မင်းက အခု တော်ဝင်အိမ်တော်ဝန်ဖြစ်သွားပြီဆိုတော့ ကိုယ့်ကို ယောင်္ကျားလို့တောင် မခေါ်တော့ပဲ ချီလန် ပြန်ဖြစ်သွားပြီပေါ့..."
ချန်ရုံ၏မျက်နှာမှအပြုံးက တဖြည်းဖြည်းပျောက်ကွယ်သွားသည်။ ချန်ရုံသည် ခေါင်းကိုစောင်းကာမေးလိုက်သည်။
"အရှင် သိပြီးသားကိစ္စတွေကို ဘာဖြစ်လို့မေးနေတာပါလဲ ချီလန်..."
ထို့နောက် ဝမ်ဟုန့်ဘက်သို့လှည့်၍ ချန်ရုံက ပြုံးပြလိုက်သည်။
"အရှင့်ကို ကျွန်မက အစတည်းက ယောင်္ကျားလို့ခေါ်ချင်ခဲ့တာမှမဟုတ်ပဲ..."
ဝမ်ဟုန်၏အပြုံးက တောင့်တင်းအေးစက်သွားသည်။
"မင်း ကိုယ့်ကို ယောင်္ကျားလို့ခေါ်တာတောင် မကြာသေးဘူးလေ...မင်းဘက်က အဲဒီလိုခေါ်ဖို့ကို အရင်စပြောလာပြီး ကိုယ့်ရဲ့ကိုယ်လုပ်တော် ဖြစ်ချင်ပါတယ်လို့ မင်းဘက်ကပဲ သဘောတူခဲ့တာလေ...အခုကျတော့ ဒါက မင်းလိုချင်တာမဟုတ်ဘူးဆိုပြီး ပြောနေပြန်ပြီ...မင်းက တော်တော်ရက်စက်ပါလား အားရုံ..."
ဝမ်ဟုန်၏အပြုံးက ဖျော့တော့၍ စကားအသုံးအနှုန်းများကလည်း နူးညံ့ကာ မျက်လုံးများကလည်း ကြင်နာရိပ်များသမ်းနေသည်။ သို့သော် စကားများကတော့ အေးစက်နေကြလေသည်။ နူးညံ့စွာပြောလိုက်သော စကားတစ်ခွန်းချင်းစီက ချန်ရုံ၏နှလုံးသားကို သံဆူးချွန်ဖြင့် ထိုးဆွနေသကဲ့သို့ ဖြစ်နေကြလေသည်။
ချန်ရုံက ဝမ်ဟုန့်အားမော့ကြည့်လိုက်သည်။
အချိန်ခဏအကြာမှ အကြည့်ကိုအောက်ချ၍ ပြုံးကာပြောလိုက်သည်။
"အရှင်လည်း သိပြီးသားဖြစ်မှာပါ ချီလန်..."
ချန်ရုံ၏အသံက စနောက်နေသည့်ပုံပေါက်သော်လည်း တစ်ချိန်တည်းမှာပင် အလေးအနက်ပုံလည်း ပေါက်နေသည်။
"အရှင်နဲ့အတူရှိဖို့က ကျွန်မအတွက်တော့ သေရမှာထက် ပိုကြောက်ဖို့ကောင်းပါတယ်..."
ဝမ်ဟုန်၏နှုတ်ခမ်းများက တင်းတင်းစေ့သွားကြသည်။
ချန်ရုံကတော့ ဝမ်ဟုန်၏အေးစက်မှုကို ဂရုမထားပဲ ဝမ်ဟုန်၏ရင်ဘတ်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
ဝမ်ဟုန်၏ ဝတ်ရုံအား ချန်ရုံ၏လက်ချောင်းများက ထိတွေ့နေချိန်တွင် ချန်ရုံက ဝမ်ဟုန့်အားမော့ကြည့်၍ ပြုံးပြလိုက်သည်။
"အရှင် မသိဘူးလား...ကျွန်မက တစ်ခုခုကို သဘောကျမိပြီဆိုရင် ရုန်းထွက်ဖို့ကို အရမ်းခေါင်းမာတတ်တယ်လေ..."
ထို့နောက် ချန်ရုံက သူမ၏လက်အား ဝမ်ဟုန်၏ရင်ဘတ်ပေါ်သို့ တင်လိုက်သည်။
"အရှင့်နားကိုရောက်တဲ့အခါတိုင်း ကျွန်မ အသက်ရှူဖို့တောင် ကြောက်လွန်းလို့ ကျွန်မရဲ့ ရင်ဘတ်တောင် ဆို့နင့်ရပါတယ်..."
ဝင်ကာစ ရွှေရောင်နေရောင်ခြည်အောက်တွင် ချန်ရုံ၏အပြုံးကလှပလွန်းနေကာ မျက်လုံးများထဲမှ ချစ်မြတ်နိုးမှုကလည်း အဆုံးအစမရှိအောင် ကြီးမားလွန်းနေသည်။
ဝမ်ဟုန်သည် သူ၏အေးစက်မှုကို သိမ်မွေ့ညင်သာသောဟန်ပန်အောက်၌ ဖုံးကွယ်ထား၍ ချန်ရုံ၏အပြုံးနှင့် မျက်လုံးများကိုကြည့်၍ ချန်ရုံ၏စကားများကို နားထောင်နေမိသည်။ သူ၏ ဒေါသထွက်နေသော နှလုံးသားက တဖြည်းဖြည်း တုန်လှုပ်လာသည်။
ဝမ်ဟုန်သည် စိတ်ထဲမှမတွေးပဲ ချန်ရုံ၏လက်ကို လှမ်းကိုင်လိုက်မိသည်။
သို့သော် ချန်ရုံကတော့ အကိုင်မခံပဲ လှည့်ထွက်ကာ နေဝင်နေသည့်ဘက်သို့ လျှောက်သွားလိုက်သည်။
ချန်ရုံ၏ပုံရိပ်လေးသည် ညနေခင်း၏ရွှေရောင်အလင်းတန်းများအောက်တွင် အလွန်ပင် လှပစွာ တောက်ပနေကာ လက်လှမ်း၍ မမှီနိုင်သကဲ့သို့ဖြစ်နေသည်။
ချန်ရုံသည် ပြတင်းပေါက်နားသို့ လျှောက်သွားလိုက်သည်။
အဝေးမှမြင်နေရသော တောင်များနှင့် တဖြည်းဖြည်း ဝင်နေသော နေကိုကြည့်ရင်းဖြင့် ချန်ရုံက အေးစက်စွာ ရယ်လိုက်သည်။
"လန်ယာဝမ်အိမ်တော်မှာ သာမာန်နဲ့မတူပဲ အရမ်းကိုလှပတဲ့ မိန်းကလေးတွေ ရှားမှာမဟုတ်ပါဘူး...အခုမှ ကျွန်မစဉ်းစားကြည့်မိတာ အရှင်က ဆန့်ကျင့်ဘက်လိင်ကို သတိထားမိလာတဲ့အရွယ်တည်းကစပြီး အရှင့်ရဲ့ မိသားစုက အရှင့်ရဲ့နှလုံးသားဆန္ဒအတိုင်း ဘာမဆို လုပ်ခွင့်ပြုခဲ့မှာပဲနော်...ဒါပေမယ့် အရှင်လည်း တကယ်ချစ်မိသွားရော အဲဒီမိန်းမက အရှင့်ရဲ့အချစ်နဲ့မထိုက်တန်ဘူးဆိုတာကို ပြဖို့ သူတို့တွေက အကုန်လုံးကိုဖျက်ဆီးလိုက်ကြရော...ဒီကမ္ဘာပေါ်မှာ ဘယ်မိန်းမကမှ အရှင့်ရဲ့အချစ်နဲ့ မထိုက်တန်ဘူးထင်ပါတယ်..."