Chapter 199
လက်ဆောင်နှစ်မျိုး
ထို့နောက် ချန်ရုံက ရုတ်တရက် ဝမ်ဟုန့်ဘက်သို့လှည့်၍ ပန်းပွင့်လေးကဲ့သို့ နူးညံ့စွာပြုံးလိုက်သည်။
"အရှင့်ရဲ့အိပ်ယာထဲမှာ ကျွန်မနိုးလာတဲ့နေ့တုန်းက အရှင် ကျွန်မကို လက်ထပ်နိုင်မလားလို့ ကျွန်မမေးခဲ့တယ်...အရှင်က ကျွန်မကို အရှင့်ရဲ့ ဂုဏ်သရေရှိကိုယ်လုပ်တော် လုပ်ခွင့်ပေးမယ်လို့ပြန်ဖြေခဲ့တယ်လေ..."
ချန်ရုံက ဝမ်ဟုန့်နားသို့ တိုးကပ်သွားလိုက်သည်။ သူမ၏ခန္ဓာကိုယ်လေးက ရွှေရောင်အလင်းတန်းများအောက်တွင် ယိမ်းနွဲ့နေသည်။ ချန်ရုံသည် ဝမ်ဟုန့်အား ပြုံးပြ၍ ဝမ်ဟုန်၏ရင်ဘတ်ပေါ်သို့လက်ကိုတင်ကာ နူးညံ့စွာပြောလိုက်သည်။
"အဲဒီအဖြေကို ကျွန်မ မျှော်လင့်ပြီးသားဖြစ်ပေမယ့် အရှင်ကိုယ်တိုင်က ပြောလိုက်တဲ့အချိန်မှာတော့ ကျွန်မ သေချာသဘောပေါက်သွားတော့တယ်...ချန်အိမ်တော်ရဲ့အားရုံက အရှင်ကတိပေးထားတဲ့ ကိုယ်လုပ်တော်ရာထူးကလွဲပြီး တခြားနေရာကို မရနိုင်တော့ဘူးဆိုတာကိုလေ...ကျွန်မက အရှင်နဲ့အတူ မောယန်မှာ အသက်ကိုစွန့်လွှတ်ရလောက်တဲ့အထိ အတူရှိနေပေးခဲ့လို့သာ အရှင်က ကျွန်မကို ပြန်ပြီး ကျေးဇူးဆပ်နေတာပဲမဟုတ်လား..."
ချန်ရုံက ဝမ်ဟုန့်နားသို့ ပို၍တိုးကပ်ကာ ဝမ်ဟုန်၏လည်ပင်းကို သိုင်းဖက်လိုက်၍ ပြုံးကာဆက်ပြောလိုက်သည်။
"ကျွန်မအတွက်တော့ ဒီအသည်းကွဲမှုက ဘာမှမပြောပလောက်ပါဘူး...တစ်ညလုံး တစ်ယောက်တည်းထိုင်ပြီး မိုးလင်းမှာကိုစောင့်နေရတာကလည်း ဘာမှမထူးဆန်းတော့ပါဘူး..."
ဝမ်ဟုန်၏နှုတ်ခမ်းများက တဆတ်ဆတ်တုန်လာကြသည်။
ချန်ရုံက ပို၍ပြုံးလိုက်ကာ စကားလုံးတစ်လုံးချင်းစီကို သေချာစွာပြောလိုက်သည်။
"အခုတော့ အရှင်လည်း သိသွားပြီပေါ့...အရှင့်ကို ကျွန်မ ထပ်ချစ်ဦးမယ်ဆိုရင်တောင် အရှင် ကြိုက်သလို ကစားနိုင်တဲ့အရုပ်တစ်ရုပ်တော့ ဘယ်တော့မှဖြစ်လာတော့မှာမဟုတ်ဘူး..."
ချန်ရုံက ဝမ်ဟုန်၏လည်ပင်းဆီမှလက်များကို ဖယ်လိုက်၍ ဝမ်ဟုန်၏ရင်ဘတ်ပေါ်သို့ ပြန်တင်လိုက်သည်။ ချန်ရူံ၏မျက်လုံးများက ဆောင်းဦးရာသီ၏ရေကန်က လှိုင်းများထနေသကဲ့သို့ တလဲ့လဲ့တောက်ပနေသည်မှာ နတ်ဘုရားမတစ်ဦးက အလှပဆုံး ဆွဲဆောင်နေသည်နှင့်တူနေတော့သည်။
"ချီလန် ကျွန်မက တော်ဝင်အိမ်တော်ဝန်ဆိုတဲ့ ရာထူးပေးအပ်ခံထားရရင်တောင်မှ အရှင့်ရဲ့ တရားမဝင်ဇနီးကတော့ ဖြစ်နေဦးမှာပါ...ဒါပေမယ့် အရှင့်ကိုတော့ ကျွန်မ ကြိုက်သလိုခေါ်ခွင့်ရှိပါတယ်...ချီလန်ပဲဖြစ်စေ...အရှင်ပဲဖြစ်စေ....ယောင်္ကျားပဲဖြစ်စေ...အဲဒါကြောင့် ကျွန်မတို့ တူတူရှိနေသည်ဖြစ်စေ ဝေးကွာနေသည်ဖြစ်စေ...အရှင်က ကျွန်မကို စွန့်ပစ်သွားသည်ဖြစ်စေ ကာကွယ်ပေးသည်ဖြစ်စေ...အရှင်ကြိုက်သလိုလုပ်နိုင်ပါတယ်..."
ဝမ်ဟုန်က ချန်ရုံ့အား တိတ်ဆိတ်စွာ ကြည့်နေဆဲဖြစ်သည်။
နောက်ဆုံးတွင်တော့ ဝမ်ဟုန်သည် အကြည့်ကိုအောက်ချကာ သက်ပြင်းချလိုက်သည်။
"အားရုံ..."
ဝမ်ဟုန်၏အသံက ယူကြုံးမရဖြစ်အောင်ဝမ်းနည်းနေသည့်အသံပေါက်နေကာ အပြင်သို့ ငေးကြည့်ရင်းဖြင့် ပြောလိုက်သည်။
"မင်းကို ကိုယ့်ရဲ့ ကိုယ်လုပ်တော်အဖြစ် လုပ်ခွင့်ပေးမယ်လို့ပြောတာက..."
ဝမ်ဟုန်၏ လည်ချောင်းက ခြောက်သွေ့လာသည်ဟု ခံစားလိုက်ရသည်။
"မောယန်မှာ ကိုယ်နဲ့အတူ မင်းရဲ့အသက်ကိုပါ စွ့န့်လွှတ်ဖို့ဆုံးဖြတ်ခဲ့တဲ့အတွက်ကြောင့် မဟုတ်ပါဘူး..."
ဝမ်ဟုန်သည် လက်ကို ဖြည်းညှင်းစွာဆန့်၍ ချန်ရုံ၏ပခုံးကိုကိုင်လိုက်သည်။ ချန်ရုံ၏ပခုံးကိုကိုင်လိုက်သည်နှင့်တစ်ပြိုင်နက် ဝမ်ဟုန်၏လက်များက တုန်ခါနေကြသည်ကို ချန်ရုံ ခံစားလိုက်မိသည်။
"ကိုယ် မင်းကို တကယ်ချစ်တာပါ အားရုံ...မင်း တစ်ခြားလူတစ်ယောက်ရဲ့ ဇနီးဖြစ်သွားမှာကို ကိုယ်မလိုလားဘူး..."
ထို့နောက် မည်သို့စကားဆက်ပြောရမည်ကိုမသိတော့ပဲ ဝမ်ဟုန်သည် ပြတင်းပေါက်အပြင်သို့သာ လှမ်းကြည့်နေတော့သည်။ အစဉ်အမြဲ တည်ငြိမ်နေသော ဝမ်ဟုန်၏မျက်နှာသည် ယခုတွင်တော့ အနည်းငယ် မှိုင်တွေနေသည်။
ချန်ရုံက ဝမ်ဟုန်၏မျက်နှာကို တစ်ချက်လှမ်းကြည့်ပြီးမှ အကြည့်ပြန်လွှဲလိုက်သည်။
ချန်ရုံက အနည်းငယ်လှုပ်လိုက်သောအခါ ချန်ရုံ့ပခုံးကိုကိုင်ထားသော ဝမ်ဟုန်၏လက်များက တင်းကျပ်သွားကြသောကြောင့် ချန်ရုံသည် ဝမ်ဟုန့်ရှေ့၌ကပ်၍ ငေးကြည့်နေရုံသာ တတ်နိုင်တော့သည်။
ချန်ရုံသည် လှုပ်၍မရသောကြောင့် ထိုပုံစံအတိုင်းသာ ရပ်နေလိုက်သည်။
သူမသည် ဝမ်ဟုန်၏လက်များပေါ်သို့မှီနွဲ့ရင်း တိတ်ဆိတ်မှုနှင့် သာယာမှုကို ခံစားနေလိုက်သည်။
ထိုအချိန်၌ ဝင်နေဆဲ နေမှ ရွှေရောင်အလင်းတန်းများက ပြတင်းပေါက်မှတစ်ဆင့် ချန်ရုံနှင့် ဝမ်ဟုန်တို့၏ ဆံပင်များနှင့် ဝတ်ရုံများပေါ်သို့ ဖြာကျနေလေသည်။
အချိန်က ထိုအခိုက်အတန့်လေး၌သာ ရပ်တန့်နေသကဲ့သို့ ဖြစ်နေသည်။
ဝမ်ဟုန်သည် ချန်ရုံ၏ပခုံးများကို ကိုင်ထားရင်းနှင့် မျက်လုံးများကတော့ အဝေးသို့သာ ငေးကြည့်နေသည်။ နောက်ဆုံးတွင်မှ အသိပြန်ဝင်လာကာ ပြောလိုက်သည်။
"အားရုံ...တော်ဝင်အိမ်တော်ဝန်ဆိုတဲ့ ရာထူးကို သီလရှင်မပြောနဲ့... ဘယ်မိန်းမကမှ လက်ခံရရှိတာမျိုး မရှိဖူးဘူး...ဒါကြောင့် ဧကရာဇ်ရဲ့ အမိန့်ကို မင်း လက်ခံလိုက်တယ်ဆိုရင်တောင်မှ ဘယ်သူကမှ သေချာလက်ခံကြမှာမဟုတ်ဘူး..."
"ကျွန်မသိပါတယ်..."
ချန်ရုံက ပြန်ပြောလိုက်သည်။
ဝမ်ဟုန်၏လက်သည် ချန်ရုံ့ကို ဆက်ကိုင်ထားရမည်လား လွှတ်လိုက်ရမည်လားမသိသကဲ့သို့ တရွရွလှုပ်နေသည်။ ခဏအကြာမှ ချန်ရုံ၏မေးစေ့ကိုကိုင်၍ မျက်နှာကို ဆွဲမော့ကာ ချန်ရုံ၏မျက်လုံးများကို တည့်တည့်စိုက်ကြည့်လိုက်သည်။
"စစ်မားမိသားစုက အပြုအမူတွေ အမူအယာတွေကို သိပ်အလေးမနက်မထားတတ်ဘူး...ဒါပေမယ့် မင်း ဧကရာဇ်နဲ့ရှိနေတဲ့အချိန်မှာတော့ မင်းရဲ့ စကားနဲ့ အပြုအမူတွေကို သေချာဂရုစိုက်ပါ...အမှားလုပ်မိတာထက် ဧကရာဇ်ဆီက ငြိုငြင်မှုကိုပဲရတာက ပိုကောင်းတယ်မဟုတ်လား..."
"ဟုတ်ကဲ့..."
ဝမ်ဟုန်သည် ချန်ရုံ၏ဆံပင်များကိုသပ်၍ ခဏစဉ်းစားပြီးကာမှ ဆက်ပြောလိုက်သည်။
"တော်ဝင်အိမ်တော်ဝန်ဆိုတာက ရိုးရိုးဘွဲ့ထူးတစ်ခုပဲ...ဧကရာဇ်က မင်းကိုခေါ်ရင် သွားတွေ့လိုက်...မခေါ်ရင် မင်းဘာသာမင်း အိပ်ချင်ရင်အိပ်နေလို့ရတယ် တခြားလူတွေနဲ့ စကားပြောချင်ရင်ပြောနေလို့ရတယ်...တခြားလူတွေက အခုလက်ရှိနိုင်ငံရေးအခြေအနေတွေ...နန်ယန်နဲ့ မောယန်က စစ်ပွဲတွေအကြောင်းစပြောလာရင်တော့ မင်းက သဘာဝရှုခင်းတွေ ဂီတနဲ့ နောက်ဆုံး အခုလက်ရှိခေတ်စားနေတဲ့ ဝတ်စားဆင်ယင်ပုံတွေအကြောင်းတွေ ပြောပြီး စကားလမ်းကြောင်းလွှဲပါ...ဘယ်တော့မှ စကားကို မဆင်မခြင်ပဲ ပြီးစလွယ် မပြောမိပါစေနဲ့..."
ထိုစကားမှာ လေးနက်သောအမှာစကားဖြစ်သည်။
ဝမ်ဟုန်၏လက်မောင်းများကြားထဲတွင် ချန်ရုံသည် တစ်ခဏမျှ စိတ်ကူးယဉ်မိသွားသည်။
ငါ့ကို သူ့လက်မောင်းတွေကြားထဲမှာ ပွေ့ဖက်ထားတဲ့ အထက်တန်းလွှာအမျိုးသားလေးက...ဧကရာဇ်ထက်တောင် လူတွေရဲ့လေးစားအားကျတာကိုခံရတဲ့...အထက်တန်းလွှာတွေကြားထဲမှာ နာမည်အကြီးဆုံးဖြစ်တဲ့ လန်ယာဝမ်အိမ်တော်ရဲ့ အမွေဆက်ခံသူ အမျိုးသားလေးက...ငါ့ကို ချစ်နေတယ်တဲ့လား...ဘယ်လိုတောင် ကြည်နူးဖို့ကောင်းလိုက်တဲ့ ပုံရိပ်လေးပါလိမ့်...
ချန်ရုံသည် မျက်လုံးများကို မှိတ်၍ နှုတ်ခမ်းများက ပြုံးသွားမိသည်။
သို့သော် ချန်ရုံသည် ပြုံးနေစဉ်မှာပင် သူမ၏မျက်နှာက အေးစက်၍ တည်ငြိမ်နေသည်။
ဝမ်ဟုန်က ခေါင်းကိုငုံ့၍ ချန်ရုံ၏မျက်နှာလေးကို လက်နှစ်ဖက်လုံးနှင့် ကိုင်ကာ သေချာကြည့်လိုက်သည်။
"မင်းမှာ တခြားလူတွေနဲ့မတူပဲ ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးတွေရှိတယ်...အခု တော်ဝင်အိမ်တော်ဝန်အဖြစ် ခန့်အပ်ခြင်းခံလိုက်ရတော့ လူတွေရဲ့ စိတ်ဝင်စားမှုကို ရှောင်လွှဲလို့မရမှာ အသေအချာပဲ...ဒီလောက်အချိန်တိုလေးအတွင်းမှာ မင်းကို ဒီကိစ္စတွေအကြောင်းလည်း သေချာနှံ့စပ်အောင် ရှင်းပြလို့မရဘူး..."
ဝမ်ဟုန်သည် ခါး၌ချိတ်ထားသောအိတ်ထဲမှ အမွှေးနံ့သာအိတ်ကို ထုတ်၍ ချန်ရုံ့ပေါ်၌ တပ်ပေးလိုက်သည်။
ချန်ရုံက ထိုအမွှေးနံ့သာအိတ်ကိုကြည့်၍ ပြောလိုက်သည်။
"ဒီလိုဟာမျိုး အရင်တစ်ခေါက်ကလည်း အရှင် ကျွန်မကို ပေးဖူးတယ်..."
"ဒီဟာက အရင်ဟာနဲ့ မတူဘူး...ဒီအမွှေးနံ့သာအိတ်က ကိုယ် ၁၂ နှစ်သားအရွယ်တည်းက ကိုင်ဆောင်လာခဲ့တာ...ကိုယ့်ရဲ့လူတွေအကုန်လုံးက ဒီအိတ်ကို မှတ်မိနေကြလိမ့်မယ်...အခုအချိန်ကစပြီး နန်းတော်ထဲကိုသွားရင် ဒီအိတ်ကို ဆောင်သွားပါ...မင်း တစ်ခုခုဖြစ်တယ်ဆိုတာနဲ့ ကိုယ့်ရဲ့ လူတွေက လာကူညီလိမ့်မယ်..."
ချန်ရုံက "ဟုတ်ကဲ့..." ဟု ပြန်ဖြေလိုက်သည်။
ဝမ်ဟုန်သည် ခေါင်းကို ဖြည်းညှင်းစွာမော့၍ ချန်ရုံ့အား ကြည့်လိုက်သည်။
ထို့နောက် ညှိုးနွမ်းစွာပြုံး၍ပြောလိုက်သည်။
"ကိုယ်မှားသွားတယ်ထင်ပါတယ်..."
ချန်ရုံက မျက်တောင်တစ်ချက်ခတ်၍ နားမလည်သလိုကြည့်လိုက်သည်။
ဝမ်ဟုန်သည် ချန်ရုံ၏မျက်နှာလေးကိုကိုင်၍ သူ၏ ရှည်သွယ်သောလက်ချောင်းများဖြင့် ချန်ရုံ၏ မျက်ခုံး၊ မျက်လုံးနှင့် နှာခေါင်းများကို ယုယစွာ ကိုင်နေသည်။ ထို့နောက် ဖြည်းညှင်းစွာ ခေါင်းကိုငုံ့၍ သူ၏နှုတ်ခမ်းများကို ချန်ရုံ၏နဖူးနှင့် ထိကပ်ကာ နူးညံ့စွာပြောလိုက်သည်။
"အားရုံ...ကိုယ်ပြောတာကိုယုံပါ...မင်းကို အရုပ်တစ်ရုပ်လိုကစားဖို့ ကိုယ်ဘယ်တုန်းကမှ မရည်ရွယ်ခဲ့ပါဘူး..."
ထို့နောက် ဝမ်ဟုန်သည် ချန်ရုံ့အား ဖြည်းညှင်းစွာ လွှတ်ပေးလိုက်၍ တံခါးဘက်သို့ လှည့်လိုက်သည်။
လမ်းတစ်ဝက်ခန့်ရောက်သောအခါ ဝမ်ဟုန်သည် အနောက်သို့လှည့်၍ ချန်ရုံ့အား ထပ်ကြည့်လိုက်သည်။
ရွှေရောင်အလင်းရောင်အောက်တွင် ဝမ်ဟုန်၏မျက်နှာသည် ဆေးရောင်ခြယ်ထားသကဲ့သို့ဖြစ်နေ၍ သူ၏ကြည်စင်သောမျက်လုံးများ၌ နွေးထွေးကြင်နာမှုများဖြင့် ပြည့်နေလေသည်။
ချန်ရုံသည် ထိုကဲ့သို့သော ကြင်နာမှုမျိုးကို မခံစားနိုင်တော့၍ မျက်လွှာချကာ ဝမ်ဟုန်၏မျက်လုံးများထံမှရှောင်လွှဲလိုက်သည်။
ခဏအကြာမှ ဝမ်ဟုန်လည်း သက်ပြင်းချ၍ တံခါးမှ တိတ်ဆိတ်စွာထွက်သွားတော့သည်။
သစ်သားတံခါးက ညနေခင်းလေ၏အောက်တွင် လှုပ်ခတ်နေသည်။
ဝမ်ဟုန်သွားသည့်လမ်းအတိုင်းလိုက်၍ တံခါးဆီသို့ ချန်ရုံရောက်သွားချိန်တွင် ဝမ်ဟုန်က ရထားလုံးထဲသို့ပင် ဝင်နေပြီဖြစ်သည်။
ဝမ်ဟုန်သည် ချန်ရုံ၏အကြည့်များကို ခံစားသိရှိနိုင်သည့်အလား လိုက်ကာကိုမ၍ လှည့်ကြည့်လိုက်သော်လည်း ချန်ရုံက သစ်သားတံခါးကို ပိတ်လိုက်ပြီးဖြစ်သည်။
အချိန်အနည်းငယ်ကြာသောအခါ ခြေသံများထွက်ပေါ်လာသည်။
ချန်ရုံက ခပ်တိုးတိုးခေါ်လိုက်သည်။
"အထိန်းတော်..."
"ဟုတ်ကဲ့ မမလေး..."
ချန်ရုံ၏ နှုတ်ခမ်းများက တဆတ်ဆတ်တုန်နေသည်။
"ချီလန့်ရဲ့အင်္ကျီတွေကိုလျှော်ဖွပ်ပြီးရင် သူ့ဆီ ပြန်ပို့ပေးလိုက်ပါ..."
ရန်မင်းကြောင့် ဒဏ်ရာရသွားခဲ့စဉ်က ဝမ်ဟုန်က အဝတ်အစားများကို လဲခဲ့သောကြောင့်ဖြစ်သည်။
အထိန်းတော်ဖျင်က ချန်ရုံ့အား အချိန်အတော်ကြာ နားမလည်သကဲ့သို့ ကြည့်နေပြီးမှ ခေါင်းငြှိမ့်ပြလိုက်သည်။
"ဟုတ်ကဲ့..."
ချန်ရုံက ဘာမှဆက်မပြောတော့သောအခါ အထိန်းတော်ဖျင်က အနားသို့ ကပ်လာ၍ တိုးတိုးလေးမေးလိုက်သည်။
"မမလေး...ဒီနေ့ရောက်လာတဲ့ တော်ဝင်အမိန့်တော်တွေက ဘာတွေဖြစ်နေကြတာလဲ..."
အချိန်အနည်းငယ်စောင့်နေသော်လည်း ချန်ရုံ့ထံမှ ဘာအဖြေမှမရချေ။ ထိုအခိုက်၌ အထိန်းတော်ဖျင်က ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားသည်။
"ဟုတ်သားပဲ မမလေး...မမလေး ဒီမနက် နန်းတော်ကိုသွားပြီးမကြာဘူး...မမလေးရဲ့ အစ်ကို ရောက်လာတယ်...သူ့ကိုကြည့်ရတာ တစ်ခုခုအရေးကြီးနေသလို သုတ်သီးသုတ်ပျာနဲ့..."
အစ်ကို?
ချန်ရုံက မော့ကြည့်၍မေးလိုက်သည်။
"သူ့ကိုကြည့်ရတာဘယ်လိုလဲ...ဒဏ်ရာရနေတာတွေ နာမကျန်းဖြစ်နေတာတွေ ရှိလား..."
အထိန်းတော်ဖျင်က ခဏမျှ စဉ်းစားလိုက်ပြီးမှ ခေါင်းခါလိုက်သည်။
"ဒဏ်ရာရတာတွေ နေမကောင်းဖြစ်နေတာတွေ မရှိဘူးဆိုရင် အရေးမကြီးပါဘူး..."
ချန်ရုံက ပြုံးလိုက်သည်။ အခြေအနေက တကယ်အရေးကြီးနေသည်ဆိုလျှင်တောင်မှ အစ်ကို၏ ရွံစရာမိန်းမနှင့် သူမ၏အစ်ကိုများအကြောင်းသာဖြစ်ပေလိမ့်မည်။
ချန်ရုံတို့စကားပြောနေချိန်တွင် နောက်ထပ်ခြေသံများ ထွက်ပေါ်လာပြန်သည်။ မကြာခင်မှာပဲ ယင်းကူ၏အသံက လှေကားထစ်များထံမှထွက်ပေါ်လာသည်။
"အရှင်မလေး...ဧကရာဇ်မင်းမြတ်က လက်ဆောင်ပဏာအနေနဲ့ ကိုယ်ရံတော်ငါးဦး ပို့ပေးလိုက်ပါတယ်..."
ကိုယ်ရံတော်ငါးဦး?
ချန်ရုံက ခေါင်းကိုအမြန်မော့၍ ယင်းကူအား လှမ်းကြည့်လိုက်သည်။
ယင်းကူက ရိုသေစွာ ဦးညွှတ်လိုက်သည်။
"ဧကရာဇ်မင်းမြတ်ရဲ့လူတွေအတွက် နေရာထိုင်ခင်းကိုလည်း ကျွန်မ စီစဉ်ထားပြီးပါပြီ..."
ယင်းကူက ပြောလိုက်သည်။
"ပြီးတော့ သူတို့တွေက မနက်ဖြန်မနက် ညီလာခံကိုလည်း နောက်မကျဖို့ သတိပေးလိုက်ပါတယ်..."
မနက်ပိုင်းညီလာခံ?
ချန်ရုံ၏မျက်လုံးများ ဝိုင်းသွားကြသည်။
ထိုအခိုက်မှာပင် ယင်းကူက ချန်ရုံ့ရှေ့၌ ခါးကိုကိုင်းကာ သစ်သားသေတ္တာတစ်ခုကို မြှောက်ပြလိုက်သည်။
"ဒါက ဧကရာဇ်မင်းမြတ်ရဲ့လက်ဆောင်ပါ အရှင်မလေး...ခြေမြန်တော်က အလျင်လိုနေတာကြောင့် အရှင်မလေးကို မပြောခိုင်းပဲ ဒီတိုင်းပဲ ပေးသွားခဲ့တာပါ...အရှင်မလေးကိုယ်စား ကျွန်မပဲ လက်ခံထားလိုက်ပါတယ်..."
ဧကရာဇ်က ငါ့အတွက် လက်ဆောင်ပေးလိုက်တယ်တဲ့လား...
ချန်ရုံက ယင်းကူနားသို့သွား၍ အုပ်ထားသော အနီရောင်အဝတ်စကို ဖယ်လိုက်သောအခါ မြစ်ချောင်းများနှင့် တောင်တန်းများကို ခမ်းနားလှပသေသပ်စွာ ထွင်းထုထားသော သေးငယ်သည့် သစ်သားသေတ္တာလေးတစ်ခု ပေါ်လာသည်။
ချန်ရုံက သေတ္တာကို လက်ထဲသို့လှမ်းယူ၍ နှစ်ခြိုက်သည့်ပုံဖြင့် အချိန်အတော်ကြာ ကြည့်နေပြီးမှ ပြုံး၍ပြောလိုက်သည်။
"ချစ်ဖို့ကောင်းလိုက်တာ..."
ထို့နောက် ရယ်မောရင်းဖြင့် သေတ္တာလေးကိုဖွင့်လိုက်သည်။
သေတ္တာထဲ၌ ကျောက်စိမ်းအပိုင်းအစတစ်ခုရှိနေသည်။ ထိုကျောက်စိမ်းပေါ်၌ "ဧကရာဇ်မင်းမြတ်ကိုယ်စား" ဟုထွင်းထုထားသည်။
ဧကရာဇ်မင်းမြတ်ကိုယ်စား...?
ချန်ရုံက အသံထွက်၍ ဖတ်လိုက်သည်။
ထိုစကားများကိုကြားသောအခါ ယင်းကူက ပင့်သက်ရှိုက်လိုက်သည်။ ကြောင်အစွာဖြင့် ယင်းကူသည် ကျောက်စိမ်းတုံးအား ငေးကြည့်၍ ပြောလိုက်သည်။
"ဒီ..ဒီပေါ်မှာ 'ဧကရာဇ်မင်းမြတ်ကိုယ်စား' လို့ ထွင်းထားတာလား..."
ယင်းကူက ထိုသို့ ပြောလိုက်သောအခါ ချန်ရုံက မျက်မှောင်ကျုံ့လိုက်မိသည်။
သို့သော် ချန်ရုံ၏မကျေမနပ်ဖြစ်သွားမှုကို မည်သူကမှ သတိမထားမိကြပေ။ ယင်းကူက ဝိုင်းစက်သောမျက်လုံးများဖြင့် ကျောက်စိမ်းတုံးအား အထိတ်တလန့်ငေးကြည့်၍ ခပ်တိုးတိုးပြောနေသည်။
"ဧကရာဇ်မင်းမြတ်ကိုယ်စား ဟုတ်လား...ဧကရာဇ်မင်းမြတ်ကိုယ်စား တဲ့လား!..."
ထိုစကားကို အကြိမ်ပေါင်းများစွာ တဖွဖွရွတ်ဆိုပြီးကာမှ ယင်းကူသည် ခေါင်းကိုမော့၍ ချန်ရုံ့အားအော်ပြောလိုက်သည်။
"ဂုဏ်ယူပါတယ်...ဂုဏ်ယူပါတယ် အရှင်မလေး..."
ယင်းကူသည် နားမလည်နိုင်ဖြစ်နေသော ချန်ရုံ့အား အလေးအနက် အရိုအသေပေးလိုက်၍ ပျော်ရွှင်စွာ ပြောလိုက်သည်။
"ဒီကျောက်စိမ်းရဲ့ ကာကွယ်ပေးမှုနဲ့ဆိုရင် ဘယ်သူကမှ အရှင်မလေးကို နှစ်ခါမတွေးပဲ ဒုက္ခပေးရဲတော့မှာမဟုတ်ဘူး...ကျွန်မ တကယ် ဂုဏ်ယူဝမ်းသာမိပါတယ် အရှင်မလေး..."
ဘယ်သူကမှ ငါ့ကို ဒုက္ခမပေးရဲတော့ဘူးတဲ့လား...
ချန်ရုံက ပထမတွင်တော့ ကြောင်အသွားသော်လည်း ခဏအကြာ၌ မနေနိုင်တော့ပဲ ရယ်လိုက်မိသည်။
"ဘယ်သူကမှ ငါ့ကို ဒုက္ခမပေးရဲတော့ဘူးတဲ့လား..."
ချန်ရုံက ရယ်၍ အရှေ့သို့လျှောက်သွားလိုက်သည်။ ထင်းရှူးပင်နားသို့ရောက်သောအခါ နှစ်ပေါင်းကြာမြင့်စွာတည်ရှိနေသည့်ပင်စည်ကို ပွတ်သပ်လိုက်သည်။
"ဘယ်သူကမှ ငါ့ကို ဒုက္ခမပေးရဲတော့ဘူးတဲ့လား..."
သို့သော် ချန်ရုံ ရယ်နေသော်လည်း မျက်လုံးများကတော့ မျက်ရည်များဝဲနေကြသည်။
ယင်းကူက အနောက်မှရောက်လာကာ ပြောလိုက်သည်။
"အရှင်မလေး...ဒီကျောက်စိမ်းတုံးက အရမ်းကို အဖိုးမဖြတ်နိုင်လောက်အောင် ထိုက်တန်ပါတယ်...ဒီကျောက်စိမ်းတုံးကို ဘယ်တော့မှ မပျောက်အောင် မကွဲမရှအောင် ထိန်းသိမ်းပါနော်..."
"အင်း..."
ချန်ရုံက တုန်လှုပ်စွာဖြင့် ခေါင်းငြှိမ့်လိုက်သည်။
ယင်းကူက ချန်ရုံ့အားကြည့်၍ သက်ပြင်းချလိုက်သည်။
"အရှင်မင်းမြတ်က အရှင်မလေးကို တကယ်ကို အမြတ်တနိုးရှိတာပဲ..."
ချန်ရုံက တိမ်များဖြင့် ဖုံးကွယ်နေသော တောင်၏ထိပ်ကို လှမ်းကြည့်၍ ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။
"ဟုတ်တယ်...ကျွန်မကို တစ်ယောက်ယောက်က အမြတ်တနိုးနဲ့ ကောင်းကောင်းမွန်မွန်ဆက်ဆံတာ အရမ်းရှားတယ်..."
ဒီလိုကံလေးက အချိန်တော်တော်ကြာကောင်းနေပါစေလို့ပဲ ငါဆုတောင်းပါတယ်...
ထိုသို့တွေးရင်းဖြင့် ချန်ရုံ ရယ်လိုက်မိပြန်သည်။
"ဒီလို ဝမ်းသာစရာသတင်းကို ချီလန့်ကို ကျွန်မ အသိပေးသင့်တယ်..."
ယင်းကူက ပြောလိုက်သည်။
"အရှင်မလေး အဆင်ပြေပါရဲ့လား..."
ဘာဖြစ်လို့မပြေရမှာလဲ?...
ချန်ရုံက ကျောက်စိမ်းတုံးကိုပွတ်သပ်ကာပြုံးလိုက်သည်။
"အသိပေးလိုက်ပါ..."
"ဟုတ်ကဲ့..."
ယင်းကူ၏ခြေသံများက တဖြည်းဖြည်းဝေးကွာသွားသည်။ သို့သော် မကြာခင်မှာပဲ ခြေသံများက အနားပြန်ရောက်လာပြန်သည်။ ချန်ရုံမေးမည်ကို မစောင့်တော့ပဲ ယင်းကူက လက်များကို ချိတ်ဆက်၍ သတင်းပေးလိုက်သည်။
"အရှင်မလေး...ကျန့်ခန်းချန်အိမ်တော်က အရှင်မလေးကို ဒီည ဧည့်ခံပွဲကိုဖိတ်ကြားဖို့ လူလွှတ်လိုက်ပါတယ်...ကျွန်မ ဘာပြန်ပြောလိုက်ရပါမလဲ..."
အိမ်တော်က လူလွှတ်လိုက်သည်တဲ့လား...
သူတို့က ငါ့ကို မျိုးရိုးတော်တယ်လို့ မသတ်မှတ်တော့ဘူးမဟုတ်လား...ဟုတ်သားပဲ...သူတို့လည်း သတင်းတွေကြားလို့ အခု ငါ့ဆီကို လူလွှတ်လိုက်တာဖြစ်မယ်...ငါ့ကို အရမ်းအထင်ကြီးနေကြတယ်ဆိုရင်လည်း အရမ်းအချိန်တိကျတဲ့ ကျန့်ခန်းချန်အိမ်တော်က ဘာဖြစ်လို့ ဖိတ်ကြားချက်ကို စောစောမပို့ပဲ နေဝင်တဲ့အထိစောင့်နေရတာလဲ...
ထိုအတွေးများကြောင့် ချန်ရုံက ခေါင်းခါလိုက်သည်။
"ကျွန်မ ပင်ပန်းနေပြီမို့လို့ အိပ်ခန်းဆောင်ဝင်သွားပြီလို့သာ ပြောလိုက်ပါ..."
"ဟုတ်ကဲ့..."
ချန်ရုံက တဖြည်းဖြည်းဝေးကွာသွားသော ယင်းကူ၏ပုံရိပ်ကို ကြည့်နေရင်းမှ တစ်ဖက်သို့လှည့်၍ တောင်အောက်မှ တိမ်များကို လှမ်းကြည့်လိုက်သည်။ သို့သော် ထိုအချိန်မှာပင် ယင်းကူ၏ခြေသံများပေါ်လာပြန်သည်။
"အရှင်မလေး...အရှင်မလေးရဲ့ မိတ်ဆွေဟောင်း ဆိုတဲ့လူတစ်ယောက်က အရှင်မလေးကို မရမကတွေ့ခွင့်တောင်းနေပါတယ်...ကျွန်မ ဝင်ခွင့်ပြုလိုက်ရပါမလား..."
မိတ်ဆွေဟောင်း?...
ချန်ရုံ အနောက်သို့ လှည့်လိုက်သည်။