Chapter 200
ငိုကြွေးရန်ထိုက်တန်သူ
ချန်ရုံ၏မျက်စိရှေ့၌ပေါ်လာသူမှာ အပြာနုရောင်ဝတ်စုံနှင့် ကျောက်စိမ်းအဆင်တန်ဆာကိုဆံပင်၌ တပ်ဆင်ထားသော လူငယ်လေးတစ်ဦးဖြစ်သည်။ လူငယ်လေး၏ သေးသွယ်သောခါးနှင့် ကျယ်ပြန့်သော အင်္ကျီဝတ်ရုံလက်တို့ကြောင့် သူ့ကိုကြည့်ရသည်မှာ တောင်တန်းများမှ လေတစ်ချက်တိုက်လိုက်လျှင်ပင် လဲကျသွားတော့မည့်ပုံပေါက်နေသည်။
ထိုကဲ့သို့သော မျက်နှာသွင်ပြင်၊ ဖြူစင်ဝင်းမွတ်သည့်အသားအရေနှင့် တောက်ပသောမျက်လုံး...ထိုလူငယ်လေးသည် စွင်းယန် မှလွဲ၍ မည်သူဖြစ်ဦးမည်နည်း။
စွင်းယန်ကိုမြင်သောအခါ ချန်ရုံသည် တောက်ပစွာ ပြုံးလိုက်မိသည်။ အမွှေးနံ့သာအိတ်ကိုတပ်ဆင်၍ သစ်သားဖိနပ်များစီးထားကာ အထက်တန်းလွှာတစ်ဦးနှင့်တူနေသောစွင်းယန်ကို ချန်ရုံ သေချာအကဲခတ်လိုက်သည်။ စွင်းယန်နှင့် သူ၏နောက်မှ အစေခံများ၊ ကိုယ်ရံတော်များကိုကြည့်၍ ချန်ရုံသည် ရယ်ချင်စိတ်ကို မနည်းထိန်းကာ ပြောလိုက်သည်။
"ကျွန်မရဲ့ လူချောလေးပါလား...အားယန် ဘယ်တုန်းက အိမ်တော်ကို ပြန်ရောက်လာတာလဲ..."
စွင်းယန်က လက်ကိုဝှေ့ယမ်း၍ နောက်သို့မလှည့်ပဲ အမိန့်ပေးလိုက်သည်။
"ငါတို့နှစ်ယောက်တည်း စကားပြောချင်တယ်..."
အခြားလူများထွက်သွားသည့်အခါမှ စွင်းယန်က ချန်ရုံ့နားသို့လျှောက်လာသည်။
ချန်ရုံနှင့် ခြေလှမ်း သုံးလှမ်းမျှအကွာ၌ ရပ်ကာ စွင်းယန်သည် ချန်ရုံ့အား ခြေဆုံးခေါင်းဆုံးကြည့်လိုက်သည်။
ချန်ရုံ့အား သေချာကြည့်ပြီးသည့်အခါမှ
စွင်းယန်၏နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားကာ စနောက်သည့်လေသံဖြင့်ပြောလိုက်သည်။
"မင်းက ဘာကိုမှ သေချာမှန်အောင်မလုပ်နိုင်ဘူးပဲ အားရုံ...ငါ မင်းကို ကိုယ့်ဘာသာကိုယ်သေချာဂရုစိုက်နေဖို့ပြောသွားခဲ့တာ...အခုတော့ မင်းက သီလရှင်ဖြစ်နေတယ်တဲ့လား..."
ချန်ရုံက စွင်းယန်အားလှမ်းကြည့်လိုက်ရာ သူ၏မျက်လုံးများထဲ၌ ဝမ်းနည်းမှုကို မြင်လိုက်ရသည်။ ချန်ရုံသည် နှုတ်ခမ်းများကို တင်းတင်းစေ့၍ ပြောလိုက်သည်။
"အရင်ကထက်တော့ အများကြီး ပိုကောင်းနေပါပြီ..."
ထို့နောက် ချန်ရုံသည် ရင်ဘတ်ထဲ၌ ခံစားနေရသော ရင်းနှီးနွေးထွေးမှုကို မမြိုသိပ်နိုင်တော့ပဲ ဧကရာဇ်၏ကျောက်စိမ်းကို ဂရုတစိုက် ထုတ်ယူ၍ စွင်းယန်အားပြလိုက်သည်။
"ဒီမှာကြည့်ပါဦး...ဒါ ဧကရာဇ်ဆီက လက်ဆောင်လေ..."
ဧကရာဇ်ဟူသောအသံကိုကြားသောအခါ စွင်းယန်က မဲ့ပြုံးပြုံးလိုက်သည်။
ထို့နောက် စွင်းယန်သည် ချန်ရုံ့အားကြည့်၍ အင်္ကျီဝတ်ရုံလက်များကို လှုပ်ခတ်ကာ ပြောလိုက်သည်။
"လမ်းလျှောက်ထွက်ကြရအောင်..."
နှစ်ယောက်သားသည် ဘေးချင်းယှဉ်၍ တောင်၏အနောက်ဘက်သို့ လျှောက်သွားလိုက်ကြသည်။ ရာသီက နွေရာသီအစပင်ရှိသေးသောကြောင့် စိမ်းစိုသောသစ်ရွက်များက နေရာအနှံ့ အရိပ်များ ကျနေစေသည်။ ချန်ရုံတို့သည် သစ်ပင်များစီတန်းနေသော လမ်းကို လျှောက်နေကြကာ တစ်ခါတစ်ရံ၌ ကျောက်တုံးကြီးများကိုပါ ဖြတ်ကျော်လာကြသည်။ ထိုအချိန်အခိုက်အတန့်တွင် နှစ်ယောက်လုံး၌ ပြောစရာစကားများ များစွာရှိနေကြသော်လည်း ဘယ်ကစပြောရမည်မသိဖြစ်နေကြသည်။
"ငါ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျန့်ခန်းကိုရောက်လာတာ...ငါ့ရဲ့ ဆွေမျိုးတွေနဲ့လည်း တွေ့ပြီးပြီ..."
အချိန်အတော်ကြာသောအခါမှ စွင်းယန်က စပြောလိုက်သည်။
ထို့နောက် ဘာမှဆက်မပြောတော့ပဲ ရပ်သွားပြန်သည်။
ခဏအကြာမှ ခေါင်းကို ချန်ရုံ့ဘက်သို့လှည့်၍ ပြောလိုက်သည်။
"ငါ ကျန့်ခန်းကိုရောက်မှပဲ ဟူလူမျိုးတွေ ဘာဖြစ်လို့ စွမ်းအားအရမ်းကြီးနေကြလဲဆိုတာ သိတော့တယ်..."
ထို့နောက် နှုတ်ခမ်းများကို တင်းတင်းစေ့၍ ခေါင်းကို ခါယမ်းကာ ချန်ရုံ့ကိုကြည့်၍ ဆက်ပြောလိုက်သည်။
"အားရုံ...တပ်မှူးရန်က မင်းကို လက်ထပ်ချင်နေတယ်လို့ ငါကြားတယ်...ဒီတစ်ခေါက်မှာ မင်းကို ခေါ်သွားဖို့တောင် စီစဉ်ထားပေမယ့် မင်းက သူ့ကို ငြင်းလိုက်တယ်ဆို..."
ချန်ရုံက ခေါင်းငြှိမ့်လိုက်သည်။ ထို့နောက် သစ်ရွက်တစ်ရွက်ကို လှမ်းယူကာ လက်ထဲ၌ ချေမွှပစ်လိုက်သည်။
စွင်းယန်သည် ချန်ရုံ၏စိတ်ကို နားအလည်ဆုံးဖြစ်သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ထိုအကြောင်းကို ချန်ရုံမပြောချင်မှန်းသိလိုက်သည်။ ထို့ကြောင့် သက်ပြင်းသာတစ်ချက်ချ၍ ခပ်တိုးတိုးပြောလိုက်သည်။
"တပ်မှူးက အခု ငါ့အိမ်မှာ နေနေတာ ရက်တော်တော်ကြာပြီ...သူထုတ်မပြောပေမယ့် မင်းကို သူ သတိရနေတယ်ဆိုတာ ငါသိတယ်...မနေ့ညကဆိုရင် အရက်တွေအရမ်းမူးပြီး အရက်အိုးကိုဖက်ပြီး မင်းနာမည်ကိုခေါ်နေတာ ငါတွေ့လိုက်တယ်...အဲဒါလည်းပြီးရော ဒေါသတွေထွက်ပြီး ငါ့အိမ်ရဲ့ ခြံဝန်းတစ်ခုလုံးကို လိုက်ဖျက်ဆီးနေတော့တာပဲ..."
"အားရုံ...တပ်မှူးက မင်းကိုချစ်ပါတယ်...အခုလည်း မင်း သူ့ကို လက်ထပ်လို့ရနေသေးတာပဲလေ..."
"ကျွန်မ ချန်ဝေ့ကိုမကြိုက်ဘူး...ပြီးတော့ ကျွန်မက အခု အပျိုစင်လည်း မဟုတ်တော့ဘူးလေ..."
စွင်းယန်က သက်ပြင်းချလိုက်သည်။
"အင်း...ကံကြမ္မာက မင်းကို ကောင်းကောင်းကြီး စမ်းသပ်နေတာပဲ...မင်းသာ တခြားလူတစ်ယောက်နဲ့ မအိပ်ခဲ့ဘူးဆိုရင် ဒီလက်ထပ်ပွဲက ပျော်ပျော်ရွှင်ရွှင်နဲ့ ဇာတ်သိမ်းသွားမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်သွားမှာ..."
ပျော်ရွှင်ရမယ်တဲ့လား...
ချန်ရုံက ပြုံး၍ခေါင်းကိုခါကာ မေးလိုက်သည်။
"ချန်ဝေ့ရော နေကောင်းလား..."
"ချန်ဝေ့ ဟုတ်လား..."
စွင်းယန်က ခဏမျှစဉ်းစားလိုက်ပြီးမှ ချန်ဝေ့ဆိုသည်မှာ မည်သူဖြစ်သည်ကို မှတ်မိသွားသည်။ စွင်းယန်က ခေါင်းခါလိုက်သည်။
"အဲဒီမိန်းမအကြောင်းကတော့ ဘာမှအကောင်းပြောစရာမရှိဘူး...တစ်နေ့ တစ်နေ့ ဘာမှလည်းမလုပ်ပဲ ထိုင်ပျင်းပြီး စူပုပ်နေတာပဲ...ငိုရင်ငို မငိုရင် ရယ်နေတယ်...အရေးပါတာကို ဘာမှမလုပ်ဘူး...တပ်မှူးကလည်း သူ့ကို တော်တော်မုန်းနေတယ်..."
ရန်မင်းက ချန်ဝေ့ကို မုန်းနေသည်တဲ့လား။
ချန်ရုံက ရယ်လိုက်သည်။
"မဖြစ်နိုင်ပါဘူး...ရှင့်ရဲ့တပ်မှူးက ချန်ဝေ့ကို ဘယ်တော့မှ မုန်းမှာမဟုတ်ဘူး..."
စွင်းယန်က ချန်ရုံ့အား ကြည့်လိုက်သည်။
"တပ်မှူး ဘာအမှားလုပ်မိခဲ့လဲဆိုတာ အခု ငါသိသွားပြီ..."
စွင်းယန်က ထိုအကြောင်းကို တွေးလိုက်ပြီးမှ ဆက်ပြောလိုက်သည်။
"တပ်မှူးက ချန်ဝေ့ကို တကယ်မုန်းနေတာ...ငါ သူ့ကို ခဏခဏတွေ့တယ်...တွေ့တဲ့အခါတိုင်း တပ်မှူးက သူ့ကို ဒေါသထွက်နေတာကြီးပဲ...ဟုတ်တယ်...မနေ့ကဆိုရင် ချန်ဝေ့က တပ်မှူးရဲ့ ခြေထောက်ကိုတောင်ဖက်ပြီး ချန်ရုံလုပ်သမျှကိုပြောပါ...ချန်ရုံလုပ်တဲ့အတိုင်း သူလိုက်လုပ်ပါမယ်လို့ တောင်ပြောနေတယ်...တပ်မှူးကိုလည်း သူ့အပေါ် စိတ်မပျက်သွားဖို့ ခဏခဏကိုပြောတယ်...ဒါပေမယ့် အဲဒီအချိန်တုန်းက တပ်မှူးက အရက်မူးနေတော့ ချန်ဝေ့ကို ကန်ပစ်ပြီး 'အားရုံသာဆိုရင် တစ်ချက်ကြည့်လိုက်တာနဲ့ ဘာလုပ်ရမယ်ဆိုတာ နားလည်ပြီးသား...မင်းလိုမျိုး စောက်စကားတွေများနေမှာမဟုတ်ဘူး' လို့ အော်ပြောလိုက်တယ်...တပ်မှူး ဘယ်လောက် အားကြီးတယ်ဆိုတာ မင်းလည်း သိသားပဲ...ပြီးတော့ လူတွေအများကြီးရှေ့မှာ ကန်လိုက်တာဆိုတော့ အခု ချန်ဝေ့ တော်တော်လေးကို အရှက်ရနေတယ်..."
ထိုအကြောင်းကိုကြားသောအခါ ချန်ရုံ အနည်းငယ်အံ့ဩသွားမိသော်လည်း တစ်ချိန်တည်းမှာပင် ရယ်စရာကောင်းသည်ဟု ထင်လိုက်မိသည်။ ချန်ရုံသည် အဝေးမှတောင်တန်းများကို ငေးကြည့်၍ အချိန်အတော်ကြာအောင် စကားမပြောနိုင်ဖြစ်နေသည်။
စွင်းယန်ကလည်း လမ်းလျှောက်သည်ကို ရပ်၍ ချန်ရုံနှင့် မျက်နှာချင်းဆိုင်လိုက်သည်။
တာအိုဘာသာရေးဝတ်ရုံကို ဝတ်ဆင်ထားသော ချန်ရုံ့ကို ကြည့်ရင်းဖြင့် စွင်းယန်သည် ရုတ်တရက် ရှေ့သို့တိုး၍ ချန်ရုံ့အား ဆွဲဖက်လိုက်လေသည်။
စွင်းယန်၏အပြုအမူက မြန်ဆန်လွန်းသောကြောင့် စွင်းယန်၏ရင်ခွင်ထဲရောက်သွားသည်အထိ ချန်ရုံ ဘာမှမလုပ်လိုက်နိုင်ပေ။
"မင်းက တော်တော်ကို ခေါင်းမာတဲ့မိန်းကလေးပါလား အားရုံ..."
စွင်းယန်က ဆူလိုက်သည်။
"အရင်တုန်းက မင်းပြောခဲ့တာတွေကိုမှမထောက် အခု မင်းက ဝမ်ဟုန့်ဆီမှာ မင်းရဲ့ အပျိုစင်ဘဝကိုပေးလိုက်ရတာကြောင့် မင်းကိုယ်မင်း သူ့ရဲ့အပိုင်လို့ယူဆပြီး တခြားဘယ်သူ့ကိုမှ လက်ထပ်ဖို့ စိတ်မကူးတော့တာလား..."
"မင်း ဘာဖြစ်လို့ ဒီလောက်တောင် တုံးအနေရတာလဲ...တုံးအပြီး ခေါင်းကလည်း မာသေးတယ်...မင်းသာ ဝမ်ဟုန်နဲ့ မအိပ်ခဲ့ရင် မင်းအတွက် ကောင်းမွန်တဲ့မိသားစုရအောင် ငါရှာပေးနိုင်တယ်လေ...တကယ်တော့ ငါ ရှာတောင်ရှာပြီးနေပြီ..."
ချန်ရုံ့အား တစ်စုံတစ်ယောက်က ဤကဲ့သို့ ဂရုတစိုက်မရှိခဲ့သည်မှာ အချိန်ကြာလှပေပြီ။
ချန်ရုံ ပြန်၍တွေးကြည့်ရသလောက် ချန်ရုံသည် တစ်ယောက်တည်းသာ ရုန်းကန်နေရခြင်းဖြစ်သည်။ အထိန်းတော်ဖျင်နှင့် အဖိုးစွင်းမှလွဲ၍ ဤကမ္ဘာပေါ်၌ ချန်ရုံသေသည် ရှင်သည်ကို ဂရုစိုက်မည့်လူ မည်သူမျှမရှိချေ။ ထိုအထီးကျန်မှုမျိုးကို ချန်ရုံ ခံစားနေရသည်မှာ အလွန်ကြာရှည်ပြီဖြစ်သည်။ ဝမ်ဟုန်တစ်ယောက် ညလယ်ခေါင်၌ မြို့ထဲမှထွက်၍ ချန်ရုံ့အား လိုက်မရှာခင်အထိ ချန်ရုံ ထိုကဲ့သို့ အထီးကျန်နေခဲ့ရခြင်းဖြစ်သည်။
ထိုကဲ့သို့ ရင်ထဲ၌ အလွန်လှိုက်လှိုက်လှဲလှဲနွေးထွေးခံစားရခြင်းမှာ ဒုတိယအကြိမ်မြောက်ဖြစ်သည်။ ချန်ရုံသည် မငိုမိရန် မနည်းသတိထားနေချိန်တွင် စွင်းယန်က ချန်ရုံ့အား တွန်းထုတ်၍ ရယ်လိုက်သည်။
စွင်းယန်၏ ကျယ်လောင်သောရယ်သံသည် တောင်တန်းများတစ်လျှောက် ပဲ့တင်သံရိုက်ခတ်သွားသည်။
စွင်းယန်သည် အနီးအနားမှ ထင်းရှူးပင်အား လက်သီးနှင့်ထိုး၍ လှောင်ပြောင်ခနဲ့သည့်လေသံဖြင့်ပြောလိုက်သည်။
"တကယ်တော့ ငါကသာ အရူးပါ...မင်းရဲ့ အရည်အချင်းနဲ့ ရုပ်ရည်တွေနဲ့ဆိုရင် အခုအချိန်အထိ ကောင်းကောင်းမွန်မွန်နေနိုင်နေတာ မဆိုးပါဘူး...အဲဒီ ဝမ်ဟုန်ဆိုတဲ့ကောင်က မင်းအပေါ် ကောင်းတာတစ်ခုခုတော့ လုပ်ပေးထားတယ်ထင်ပါရဲ့..."
ထိုသို့ပြော၍ စွင်းယန်က ထပ်ရယ်နေပြန်သည်။
စွင်းယန်၏ရယ်သံရပ်သွားချိန်အထိ အချိန်မည်မျှကြာသွားမှန်း ချန်ရုံပင်မသိတော့ချေ။ စွင်းယန်၏ရယ်သံရပ်သွားချိန်တွင် မျက်နှာချင်းဆိုင်တောအုပ်ထဲမှ ရုတ်တရက် ငိုရှိုက်သံတစ်ခု ထွက်ပေါ်လာလေသည်။
ထိုငိုသံသည် စည်းချက်ကျစွာ၊ အားပြင်းစွာနှင့် လှပစွာ ထွက်ပေါ်လာခြင်းဖြစ်သည်။
စွင်းယန်၏လှုပ်ရှားမှုကရပ်သွား၍ ချန်ရုံသည်လည်း ထိုနည်းတူ ရပ်တန့်သွားမိသည်။
ခဏအကြာတွင်ရပ်သွား၍ ငိုသံမှတစ်ဆင့် ရယ်သံများအဖြစ်ပြောင်းသွားပြန်သည်။
စွင်းယန်က ထိုအသံရပ်သွားသည်အထိစောင့်နေပြီးမှ အော်ပြောလိုက်သည်။
"ခင်ဗျားက ငိုပြီးတော့ ရယ်နေတယ်...တစ်ခွက်တစ်ဖလားလောက် သောက်ချင်ပါသလား..."
စွင်းယန်၏အော်သံက လေထုကိုဖြတ်၍ ပျောက်ကွယ်သွားသည်အထိ တစ်ဖက်မှ ဘာသံမှ ထွက်မလာပေ။
နောက်ဆုံးတွင်မှ တောအုပ်ထဲမှ ကြည်လင်သောရယ်သံထွက်ပေါ်လာသည်။
"မင်းလို လူလေလွင့်တစ်ယောက်က ကမ္ဘာကြီးအတွက် မငိုပဲ မိန်းမတစ်ယောက်အတွက်ငိုနေမယ့်လူပဲ...မင်းလိုလူမျိုးနဲ့ အရက်သောက်ဖို့ ငါ့မှာ အချိန်ပိုမရှိဘူး..."
စွင်းယန်က အော်ရယ်လိုက်သည်။ ထို့နောက် ချိတ်ဆက်ထားသောလက်များကို မြှောက်လိုက်သည်။ သူ၏ချောမောသောမျက်နှာတစ်ဝိုက်၌ ဆံပင်များက လေကြောင့် တဖျတ်ဖျတ်လွင့်နေကြသည်။
"ဒီမိန်းကလေးက ဘယ်သူဆိုတာ နောင်ကြီးမသိပါဘူးလား...သူက စစ်မြေပြင်မှာ ယောင်္ကျားသားတွေကို ဦးဆောင်ပြီး တိုက်ခိုက်ခဲ့တဲ့ ချန်အိမ်တော်ရဲ့ အားရုံပါ...အခု သူ့ကို ဧကရာဇ်မင်းမြတ်က နတ်ဆရာမဟုန်ယွင်ကျီအဖြစ် ချီးမြှောက်ထားပါတယ်...ကျွန်တော့်အမြင်အရဆိုရင် ကမ္ဘာပေါ်က ယောင်္ကျားတွေအားလုံးကသာ အားရုံရဲ့ရှေ့ကိုရောက်ရင် ရှက်စိတ်နဲ့ ခေါင်းငုံ့နေကြသင့်တာပါ..."
စွင်းယန်၏အသံက ကျယ်လောင်စွာဖြင့် ကျယ်ပြန့်သောနေရာများဆီသို့ လွင့်ပျံသွားသည်။
ချန်ရုံက တစ်ဖက်သို့လှည့်၍ စွင်းယန်အား မယုံသင်္ကာသည့်မျက်လုံးများဖြင့်ကြည့်လိုက်သည်။
စွင်းယန်၏စကားများကို နားထောင်လိုက်ရုံဖြင့် သူမကို အလျင်အမြန် မိတ်ဆွေဖွဲ့ခဲ့သော ဤလူငယ်လေးသည် ယခုလည်း ပညာရှိများ နှစ်ခြိုက်မည့်စကားများဖြင့် ချန်ရုံ့အား နာမည်ကြီးစေရန်လုပ်နေမှန်း ချန်ရုံသိလိုက်သည်။
တောအုပ်ထဲမှ လူက ခဏမျှအသံတိတ်နေသည်။ ထို့နောက်တွင်မှ ပြောလိုက်သည်။
"အဲဒီမိန်းကလေးလား...သူဆိုရင်တော့ ငိုကြွေးဖို့ ထိုက်တန်ပါတယ်..."
"ငါက ချိုက်လီပါ...တရားဝင်နာမည်က ချိုက်ကျစ်ရှောင်း...မင်းက ဘယ်သူလဲ...ငါတို့ ဆုံဖူးကြလား..."
ချိုက်လီ၊ တရားဝင်အမည် ချိုက်ကျစ်ရှောင်းတဲ့လား။ ထိုလူသည် ကျန့်ခန်းမှ နာမည်ကျော် ပညာရှိတစ်ဦးဖြစ်ပေသည်။
ချန်ရုံ၏မျက်လုံးများ တောက်ပသွားကြသည်။ နာမည်ကျော်ကျန့်ခန်း ပညာရှိတစ်ယောက်နှင့်တွေ့နေသည်လား။
နှစ်ဘဝနေထိုင်ခဲ့ရပြီးဖြစ်သောကြောင့် ဤလောက၏ စည်းမျဉ်းစည်းကမ်းများနှင့် ချန်ရုံရင်းနှီးနေပြီဖြစ်သည်။ ချန်ရုံသည် ကောင်းမွန်သောဂုဏ်သတင်းကိုလိုချင်ပါက ပညာရှိများ၏ အသိအမှတ်ပြုမှုကို ရယူရမည်ဖြစ်သည်။ ထို့ကြောင့် ချန်ရုံ ပြန်လည်မွေးဖွားလာပြီးသောအခါ ဝမ်ဟုန်နှင့် နီးစပ်နိုင်သမျှ နီးစပ်စေရန် အစွမ်းကုန်ကြိုးစားခဲ့ခြင်းဖြစ်သည်။ ထိုသို့သောနာမည်ကျော်ပညာရှိများထံမှ ရရှိတတ်သော ချီးကျူးမှုနှင့်သာဆိုလျှင် ချန်ရုံကိုယ်တိုင်လည်း နာမည်အသင့်အတင့်ရ၍ သာမာန်လူလတ်တန်းစားများထဲမှ ချန်ရုံနှင့် သင့်တော်သူကို ရွေးချယ်နိုင်မည်ဖြစ်သည်။
သာမာန်လူတန်းစားများအတွက်လည်း ပညာရှိများ၏အသိအမှတ်ပြုခြင်းကိုခံရသော အမျိုးသမီးတစ်ဦးနှင့် လက်ထပ်ခွင့်ရခြင်းသည် အလွန်ကောင်းမွန်သော အခွင့်အရေးဖြစ်သည်။ ထို့ကြောင့် ကောင်းမွန်သော ဂုဏ်သတင်းက ချမ်းသာကြွယ်ဝမှုထက်ပို၍ အဖိုးတန်လေသည်။
ယခုအချိန်တွင်တော့ လက်ထပ်ခြင်းက အရေးမပါတော့သော်လည်း ကျန့်ခန်းမှ လွှမ်းမိုးမှုရှိသော လူနှင့် သိကျွမ်းခွင့်ရခြင်းကို ချန်ရုံ အလွန်ပျော်နေမိသည်။ ထိုပျော်ရွှင်မှုသည် ရယူပိုင်ဆိုင်လိုခြင်းများနှင့် မသက်ဆိုင်ပဲ နာမည်ကျော်ပညာရှိများကို သဘောကျနှစ်သက်မှု၊ ယုံကြည်ကိုးစားလိုမှုများမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
စွင်းယန်က ရယ်လိုက်သည်။
"ကျွန်တော်က စွင်းယန်ပါ...အသက်ငယ်သေးလို့ တရားဝင်နာမည်တော့မရှိသေးပါဘူး..."
ထို့နောက် သူ့ဘေး၌ရပ်နေသော ချန်ရုံ့ကို လက်ညှိုးထိုးပြလိုက်သည်။
"ကျွန်တော့်ဘေးမှာရပ်နေတာက ချန်အိမ်တော်က အားရုံပါ...သူက မိန်းကလေးတစ်ယောက်ပေမယ့် ယောင်္ကျားတွေထက်ပိုပြီး မြင့်မြတ်ပါတယ်..."
ချိုက်လီက ရယ်၍ပြောလိုက်သည်။
"ငါ့ရဲ့အမှားကို ခွင့်လွှတ်ပါ...မင်းတို့ စိတ်မရှိဘူးဆိုရင် ရှို့ဖန်ရေပန်းနားက လျှိုယွဲ့ရင်ပြင်နားကို ဒီညလာခဲ့ကြပါ...မင်းတို့နှစ်ယောက်လုံးကို ဧည့်ခံပွဲနဲ့ ငါတည်ခင်းပါ့မယ် ဟားဟား..."
ထို့နောက် ချိုက်လီသည် ချန်ရုံတို့ထံမှ အဖြေပြန်ပေးသည်ကိုမစောင့်ပဲ တစ်ကိုယ်တည်း ထွက်ခွာသွားပြီဖြစ်သောကြောင့် သူမ၏ရယ်သံများက တဖြည်းဖြည်းဝေးကွာသွားကြလေသည်။
ချိုက်လီ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ချန်ရုံက စွင်းယန်အား လှမ်းကြည့်လိုက်သည်။
ချောမောလှပသောလူငယ်လေးကိုကြည့်၍ ချန်ရုံက နူးညံ့စွာပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်...ရှင့်ရဲ့ ချီးမွမ်းမှုတွေအတွက် တကယ်ကို ကျေးဇူးတင်ပါတယ်..."
စွင်းယန်ကလည်း လှည့်၍ ချန်ရုံ့အား ကြည့်လိုက်သည်။
ချန်ရုံထက် ခေါင်းတစ်ဝက်စာလောက်မြင့်သော စွင်းယန်၏ ပိန်ပါးသော သဏ္ဍာန်သည် ညနေခင်းလေထဲ၌ ကြံ့ကြံ့ခံရပ်နေသော တောင်တန်းတစ်ခုနှင့် တူနေသည်။
စွင်းယန်က ဝံပုလွေကဲ့သို့ တောက်ပသော မျက်လုံးများဖြင့် ချန်ရုံ့အား ကြည့်လိုက်သည်။
"အားရုံ..."
စွင်းယန်က နားလည်ရခက်သော အပြုံးကိုပြုံး၍ ပြောလိုက်သည်။
"ငါ ကျန့်ခန်းမှာ နည်းနည်းကြာကြာနေဦးမယ်..."
ချန်ရုံက ပျော်ရွှင်စွာ ခေါင်းငြှိမ့်လိုက်သည်။
"အဲဒါ ကောင်းတာပေါ့..."
စွင်းယန်က ရယ်လိုက်၍ လက်များကို ချိတ်ဆက်ကာ ခပ်ဖြည်းဖြည်းပြောလိုက်သာ်။
"ငါ ဒီတစ်ခေါက် ကျန့်ခန်းမှာနေမှာ အကြောင်းအရင်း နှစ်ခုရှိတယ်...ပထမတစ်ခုက ဟူလူမျိုးတွေကို အတတ်နိုင်ဆုံး တွန်းလှန်နိုင်ဖို့...နောက်တော့ ဒုတိယအကြောင်းအရင်းက မင်းကြောင့်ပဲ..."
ချန်ရုံ့ကြောင့်?
စပ်စုစွာဖြင့် ချန်ရုံက ရယ်လိုက်သည်။
"ဘာဖြစ်လို့ ကျွန်မကြောင့်လဲ..."
စွင်းယန်က ချန်ရုံနှင့်ပို၍ နီးကပ်စေရန် ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်သည်။ ထို့နောက် ချန်ရုံ၏ပခုံးများကို ဆုပ်ကိုင်၍ ပြောလိုက်သည်။
"မင်းက ငါ့ရဲ့ ညီမလေးပဲလေ...မင်း အခက်အခဲတွေနဲ့ကြုံနေရင် ဘာတွေပဲဖြစ်နေပါစေ မင်းကို ငါ လာကယ်သင့်တယ်မဟုတ်လား..."
စွင်းယန်က ပြောရင်းဖြင့် မျက်လုံးတစ်ဖက်မှိတ်ပြလိုက်ပြီးမှ မျက်နှာက တည်သွားသည်။
"ဟိုအကောင် ဝမ်ဟုန်က မင်းကိုအသုံးချပြီး အမြတ်ထုတ်သွားတာလား...ငါ့ရဲ့ညီမက သူ အနိုင်ကျင့်တာကိုခံနေမယ့်လူမဟုတ်ဘူးဆိုတာ သူသိအောင် ငါပြရမယ်...အားရုံ...ငါက မင်းကို ကျန့်ခန်းမှာ အကောင်းတကာ့အကောင်းဆုံးဘဝမျိုးကို ရစေချင်တာ..."