အပိုင်း 201
Viewers 24k

Chapter 201
လှေစီးထွက်ခြင်း



အကောင်းဆုံးဘဝမျိုးတဲ့လား။

ချန်ရုံက ရယ်လိုက်၍ စွင်းယန်၏ အင်္ကျီလက်ကိုကိုင်ကာ သက်ပြင်းချလိုက်သည်။
"အားယန်ရယ်..."

ချန်ရုံက သက်ပြင်းချ၍ ခပ်လေးလေးပုံစံဖြင့်ပြောလိုက်သော်လည်း ပျော်ရွှင်မှုများဖြင့် ပြည့်နေသည်ကတော့ ဖုံးဖိ၍မရပါ။

ချန်ရုံ သက်ပြင်းချရသည်မှာ ကျန့်ခန်း၌ များပြားလှသော အထက်တန်းလွှာများရှိနေသောကြောင့်ဖြစ်သည်။ စွင်းယန်သည် ယခုမှ မြို့ကို ရောက်လာသည်ဖြစ်၍ မြဲမြံစွာ ရပ်တည်နိုင်ရန် နေရာတစ်နေရာကို ရှာနေရဆဲဖြစ်ရာ ချန်ရုံ့ကို ကာကွယ်ပေးနိုင်ဖို့ဆိုသည်မှာ ဝေးကွာသေးသည်။ သို့သော်လည်း စွင်းယန်၏စကားကြောင့် ချန်ရုံ ပျော်မိပါသည်။

ချန်ရုံသည် စွင်းယန်ကို မော့ကြည့်နေ၍ အချိန်အတော်ကြာမှသာ နူးညံ့စွာပြုံး၍ ပြောလိုက်သည်။
"ရှင့်နဲ့ဆုံတွေ့ခဲ့ရတာက ကျွန်မဘဝရဲ့ တစ်ခုတည်းသော အမှန်ကန်ဆုံးဖြစ်ရပ်ပါပဲ..."

စွင်းယန်က အော်ရယ်လိုက်သည်။

ချန်ရုံတို့သည် သူမ၏အဆောင်ဆီသို့ ပြန်လျှောက်လာကြသည်။ သွားနေရင်းဖြင့် ဖြစ်ပျက်ခဲ့သမျှ ကိစ္စများကို ချန်ရုံက ပြောပြလာသည်။ ချန်ရုံပြောပြနေစဉ်တွင် စွင်းယန်၏မျက်နှာက အံ့ဩသွားလိုက်၊ မယုံနိုင်ဖြစ်သွားလိုက်နှင့် ‌ပြောင်းလဲနေလေသည်။

ချန်ရုံ၏အခန်းသို့ရောက်သောအခါ တံခါးကိုတွန်းဖွင့်၍ ချန်ရုံ ဝင်သွားသည်ကိုကြည့်၍ စွင်းယန်က ရုတ်တရက် ခေါ်လိုက်သည်။
"အားရုံ..."

ချန်ရုံက တံခါးကိုမှီ၍ ပြန်လှည့်ကြည့်လိုက်သည်။

စွင်းယန်က လက်ကိုပိုက်ထားကာ ချန်ရုံ့ကို သေချာအကဲခတ်ကြည့်၍ ပြောလိုက်သည်။
"အားရုံ...ဒီည ဧည့်ခံပွဲအတွက် ကြိုက်သလိုသာ ဝတ်ခဲ့လိုက်တော့...အခုကစပြီးလည်း မင်းလုပ်ချင်တာကို လုပ်ခွင့်ရှိသွားပြီ..."

စွင်းယန်က သွားများပေါ်အောင် ကလေးလေးကဲ့သို့ ပြုံးလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ် မင်းရဲ့ တာအိုဘာသာရေးဂုဏ်ပု‌ဒ်ကလည်း ဒီလောက်ကြီး အစစ်အမှန်ဖြစ်နေတာမှမဟုတ်တာ..."

ချန်ရုံက ခဏစဉ်းစားလိုက်ပြီးမှ ခေါင်းညိတ်လိုက်သည်။

အခန်းထဲသို့ ပြန်ရောက်သောအခါ ချန်ရုံသည် အပြာနုရောင်ဝတ်စုံကို ပြောင်းဝတ်လိုက်သည်။

ချန်ရုံ အပြင်သို့ ပြန်ထွက်လာသောအခါ စွင်းယန်က ရထားလုံးထဲ၌ ထိုင်နေပြီဖြစ်သည်။ မိုးကုတ်စက်ဝိုင်း၌ နေက ဝင်နေပြီဖြစ်၍ ညမြူများလည်း တငွေ့ငွေ့နှင့် တောင်များကို ဖုံးအုပ်လာပြီဖြစ်သောကြောင့် ချန်ရုံလည်း အမြန်လျှောက်လာလိုက်သည်။

အနားသို့ ချန်ရုံရောက်လာသောအခါ စွင်းယန်က လှမ်းပြောလိုက်သည်။
"ဗျပ်စောင်းကိုပါ ယူခဲ့လိုက်လေ..."

အထိန်းတော်ဖျင်လည်း အခန်းသို့ပြန်ပြေးကာ ဗျပ်စောင်းကိုသွားယူလိုက်သည်။

ခဏအကြာတွင် ရထားလုံးက တောင်ပတ်ဝန်းကျင်ရှိလမ်းများ၌ မောင်းနှင်နေတော့သည်။

အချိန်အနည်းငယ်အကြာတွင် အပြင်မှ ရထားလုံးမောင်းသူ၏အသံထွက်ပေါ်လာသည်။
"ရောက်ပါပြီ..."

ချန်ရုံက အသံပြန်ပေးလိုက်၍ စွင်းယန်နှင့်အတူ ရထားလုံးပေါ်မှ ဆင်းလိုက်သည်။

သာနေသော လ၏အောက်တွင် ရေကန်ရှေ့၌ ကြီးမားသော ရေပန်းကြီးတစ်ခုရှိနေသည်။ ရေကန်ထဲ၌လည်း ဇရပ်စင်များ ငါးခုရှိနေ၍ တစ်ခုချင်းစီသည် မီးများ ထိန်လင်းနေအောင် ထွန်းညှိထားလေသည်။

ဤမြေပြင်မှ ဇရပ်များဆီသို့ သွားရန် ရေကန်ထဲ၌ မျောနေသော လှေလေးများမှလွဲ၍ အခြားနည်းလမ်းမရှိချေ။

စွင်းယန်က ချန်ရုံ၏လက်ကိုဆွဲ၍ လှေဆီသို့ လျှောက်သွားလိုက်သည်။

ထိုအချိန်မှာပင် အသံဩဩတစ်ခု ထွက်ပေါ်လာသည်။
"ဘယ်သူလဲ..."

စွင်းယန်က လှည့်ကြည့်လိုက်သည်။
"စွင်းယန်ပါ..."

ထိုအသံပိုင်ရှင်က ပြန်ပြောလိုက်သည်။
"ငါ တစ်ခါမှ မကြားဖူးဘူး..."

စွင်းယန်က ပြုံးကာပြောလိုက်သည်။
"ကျွန်တော်က အခုမှ မြောက်ပိုင်းကနေ ရောက်လာတာပါ...အဲဒါကြောင့် အရှင် မကြားဖူးသေးတာ ဖြစ်ပါလိမ့်မယ်..."

"မြောက်ပိုင်း ဟုတ်လား...ဘယ်အိမ်တော်ကလဲ..."

ထိုသို့မေးပြီးပြီးချင်းမှာပဲ ကျန့်ခန်းဒေသလေသံဝဲသော အခြားလူတစ်ယောက်၏အသံ ထွက်ပေါ်လာပြန်သည်။
"ဘယ်သူပဲဖြစ်ဖြစ်ပါ...ဒီလူငယ်လေးကိုကြည့်ရတာ လူပျိုလေးတစ်ယောက်လို အဝတ်အစားကလည်း မသပ်မရပ်ဖြစ်နေတယ်...ဒါပေမယ့် မျက်လုံးတွေက ကြည်စင်ပြီး အမူအရာတွေကလည်း ယဉ်ကျေးတော့ အထက်တန်းလွှာက လူငယ်လေးတစ်ယောက်ပဲဖြစ်မှာပါ...ဝင်သွားခိုင်းလိုက်ပါ..."

"ကောင်းပြီလေ...ဝင်သွားကြတော့..."

စွင်းယန်က ပျော်ရွှင်စွာဖြင့် ရှေ့ဆက်သွားမည်အလုပ်တွင် အသံစူးစူးတစ်ခုက ထွက်ပေါ်လာပြန်သည်။
"ရပ်စမ်း..."

အထက်တန်းလွှာမှ ဖြစ်ဟန်တူသော ခပ်ပိန်ပိန်လူငယ်တစ်ဦးက မီးအိမ်ကိုကိုင်၍ အနားသို့ရောက်လာသည်။ အနီရောင်မီးအိမ်အလင်းရောင်အောက်တွင် လူငယ်က ချန်ရုံ့အား စေ့စေ့စပ်စပ်ကြည့်ကာ မေးလိုက်သည်။
"ဒီအမျိုးသမီးက ဘယ်သူလဲ..."

လူငယ်သည် ‌ချန်ရုံ့အား အချိန်အတော်ကြာ ငေးကြည့်နေပြီးမှ ပြုံးကာ ခပ်ဖြည်းဖြည်းပြောလိုက်သည်။
"ဪ...ခုနစ်ပြည်ထောင်ကို ပိုင်စိုးတဲ့ ဧကရာဇ်က ထင်ရာစိုင်းပြီး အိမ်တော်ဝန်ခန့်အပ်လိုက်တဲ့ မိန်းကလေးများလား..."

လူငယ်၏စကားက အနည်းငယ်ရိုင်းပျသွား၍ သူ၏အပြုံးကလည်း ချန်ရုံ့ကို လှောင်ပြောင်နေဟန်ရှိသည်။

လူငယ်၏စကားဆုံးသွားသောအခါ ပတ်ဝန်းကျင်မှ အသံများလည်း တိတ်ဆိတ်သွား၍ လူတိုင်းက ချန်ရုံရှိရာနေရာသို့ လှမ်းကြည့်နေကြလေသည်။

စွင်းယန်က ဝင်ပြောမည်လုပ်သော်လည်း ချန်ရုံက အင်္ကျီစကို ဆွဲထား၍ ခေါင်းခါပြလိုက်သည်။

ထို့နောက် ချန်ရုံသည် ရှေ့သို့တိုး၍ ရပ်လိုက်သည်။

"ဟုတ်တယ်...ကျွန်မက ဟုန်ယွင်ကျီပါ..."
အကဲခတ်နေသော မျက်လုံးများအောက်‌တွင် ချန်ရုံသည် အကြည့်ကို တည့်တည့်မတ်မတ်ထား၍ တည်ငြိမ်‌အေးဆေးသောလေသံဖြင့် ပြောလိုက်သည်။

"အခုလို ခေတ်အခါမှာ ကိုယ်လုပ်ချင်တာကို မလုပ်တဲ့လူ ဘယ်သူများ ရှိပါသေးလဲ...ခုနစ်ပြည်‌ထောင်ကို အစိုးရတဲ့ ဧကရာဇ်မင်းမြတ်လည်း တစ်ခါတစ်လေ သူလုပ်ချင်စိတ်ပေါ်တာကို လုပ်တတ်တာဟာ ဘာများ ထူးဆန်းအံ့ဩဖွယ်ကောင်းပါလို့လဲ..."

ချန်ရုံက ထိုစကားများပြောလိုက်သည့်အခါမှ အခြားလူများလည်း အနည်းငယ် ခေါင်းတညိတ်ညိတ်ဖြစ်သွားကြသည်။

ထို့နောက် ချန်ရုံက အေးစက်စွာ ပြုံးလိုက်သည်။

"ကျွန်မက နန်ယန်မြို့တိုက်ပွဲမှာ သွေးအလိမ်းလိမ်းနဲ့ ရှေ့ဆုံးကနေ ဦးဆောင်ပြီး တိုက်ခိုက်ခဲ့တဲ့လူပါ...လူတွေက အဲဒီအကြောင်းကိုတော့ သတိမရပဲ ကျွန်မရဲ့ အချစ်ရေးအချစ်ရာတွေကိုပဲ သတိရနေကြတာပဲ‌လား..."

ချန်ရုံက ရှေ့သို့ တစ်လှမ်းထပ်တိုးလိုက်သည်။ အပြာနုရောင်ဝတ်စုံက ညအလင်းရောင်အောက်တွင် တခြားကမ္ဘာတစ်ခုဆန်နေကာ ချန်ရုံ၏မျက်နှာကလည်း အေးစက်နေသည်။

"ကျွန်မက ချီလန်နဲ့ လက်မထပ်ထားဘူးလေ...ဒါက လူတွေစိတ်ဝင်စားကြတဲ့ အချစ်ရေးကိစ္စဖြစ်ပေမယ့် ကျွန်မရဲ့ ကိုယ်ပိုင်ကိစ္စလည်းဖြစ်ပါတယ်..."

ချန်ရုံက ထိုသို့ပြောလိုက်သောအခါ အနီးပတ်ဝန်းကျင်ရှိလူများအားလုံးက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်၍ တိတ်ဆိတ်ကုန်ကြသည်။

အခြားလူများက ဘာမှမပြောကြသည်ကိုမြင်သောအခါ ချန်ရုံက အင်္ကျီဝတ်ရုံလက်ကို လှုပ်ခတ်၍ အေးစက်စက်ထပ်ပြောလိုက်သည်။

"လူကြီးမင်းတို့ရဲ့ကိစ္စကို ကျွန်မ ဝင်မစွက်ဖက်သလို ကျွန်မရဲ့ကိစ္စကိုလည်း ဝင်မစွက်ဖက်ပါနဲ့..."
ထို့နောက် ချန်ရုံသည် ရေကန်ထဲရှိ လှေလေးပေါ်သို့ ခုန်တက်လိုက်သည်။

လှေပေါ်သို့တက်ပြီးသောအခါ ချန်ရုံက စွင်းယန်ကို လှည့်ကြည့်ကာ လူအများရှေ့၌ပင် ပြုံး၍ပြောလိုက်သည်။
"လသာနေတာ အရမ်းကိုလှပပြီး ကန်ရေပြင်ကို ဖြတ်တိုက်လာတဲ့ လေညှင်းဘေးကလည်း အရမ်းကို အေးမြလှပါတယ်...ညက သာယာလွန်းတာကြောင့် လှေလေးကိုစီးပြီး နေထွက်လာတဲ့အချိန်မှာ ပန်းချီကားချပ်လိုလှပနေတဲ့ တောင်တွေနဲ့ မြစ်တွေကို ကြည့်ရှုခံစားဖို့ အရမ်းကို သင့်တော်တဲ့ အချိန်ပါပဲ..."

ထို့နောက် ချန်ရုံက စွင်းယန်၏နားသို့တိုး၍ ပန်းပွင့်လေးကဲ့သို့ လှပစွာ ပြုံး၍ပြောလိုက်သည်။
"အရှင် ကျွန်မနဲ့အတူ လိုက်ခဲ့ပါမလား..."

စွင်းယန်ကလည်း ချန်ရုံပြောသည်ကို ချက်ချင်းပင်နားလည်သဘောပေါက်သွား၍ ရယ်ကာပြောလိုက်သည်။

"လိုက်ပါမယ် အားရုံ..."

ထို့နောက် စွင်းယန်က လှေပေါ်သို့ခုန်တက်လိုက်သည်။ စွင်းယန် တက်လိုက်သည့်အရှိန်ကြောင့် လှေက အနည်းငယ်ယိမ်းသွားကာ ကန်ထဲမှ ရေများကို လှုပ်ခတ်သွားစေသည်။

လှေလှုပ်ခတ်သွားခြင်းက အနည်းငယ်ပြင်းထန်သွားကာ ချန်ရုံသည် ရေကိုလည်း အနည်းငယ် ကြောက်သောကြောင့် နည်းနည်းတော့ ထိတ်လန့်သွားမိသည်။ သို့သော် နှလုံးသားက ချက်ချင်းပင် ပြန်တည်ငြိမ်သွား၍ အရာရာကို ရင်ဆိုင်ရန် အဆင်သင့်ဖြစ်နေသကဲ့သို့ အားမာန်များ ပြည့်ဝနေတော့သည်။ စွင်းယန်က ချန်ရုံ၏လက်ကို လှမ်းကိုင်လိုက်သောအခါ ချန်ရုံသည်လည်း စွင်းယန်ကို မှီတွယ်၍ ရပ်နေလိုက်သည်။ သူတို့နှစ်ယောက်၏ ပုံသဏ္ဍာန်သည် ညဉ့်လေပြေထဲ၌ တလှပ်လှပ်လွင့်နေသော ကြာပန်းလေးများကဲ့သို့ ဖြစ်နေလေသည်။

ချန်ရုံတို့ ရယ်မော၍ ထွက်ခွာသွားကြသည်ကို လူတိုင်းက ငေးကြည့်နေကြလေသည်။ ခဏအကြာမှ လူငယ်တစ်ဦးက ပြုံးကာပြောလိုက်သည်။
"ဒီမိန်းကလေးက တကယ်ပဲ သာမာန်‌လူတွေနဲ့ မတူပဲ ထူးခြားပါပေတယ်...ဝမ်ချီက သူ့ကို နှစ်သက်နေတာလည်း မဆန်းတော့ပါဘူး..."

ချန်ရုံသည် လှေ‌ပေါ်၌ ငြိမ်သက်စွာထိုင်နေ၍ လက်များကို ဖြန့်ကြည့်လိုက်သည်။ သူမသည် ခုနကလို ကြောက်စိတ်ဖြင့် တုန်ယင်မနေတော့ကြောင်းကို သတိထားလိုက်မိသည်။

ချန်ရုံသည် လရောင်အောက်မှ စွင်းယန်၏ ပိန်ပါး၍ အရပ်မြင့်မားသည့်ပုံစံကို ကြည့်ကာ ရုတ်တရက်ပြုံးလိုက်သည်။
"ရှင် ရှိနေလို့ တော်သေးတာပေါ့ အားယန်...ဒီလူတွေရဲ့ အမြင်ကို ကျွန်မ ဂရုမစိုက်ပေမယ့် ဒီလိုအချိန်မျိုးမှာ အနားမှာ ကျွန်မကို အားပေးမယ့်လူတစ်ယောက်လောက်ရှိနေတော့ ပိုကောင်းတယ်လေ..."

စွင်းယန်က ဘာမှမပြောပဲ ချန်ရုံ့ကိုသာ ပြုံး၍ကြည့်နေသည်။ စွင်းယန်ကိုကြည့်ရင်းဖြင့် ချန်ရုံသည် မျက်ရည်ဝဲလာမိသောကြောင့် မျက်နှာကို တစ်ဖက်သို့ အမြန်လွှဲလိုက်ရသည်။

ယခု ချန်ရုံတို့၏လှေလေး ရောက်နေသည့်နေရာသည် စမ်းချောင်းလေးတစ်ခုဖြစ်သည်။ တကယ်တော့ စမ်းချောင်းထက် မြစ်ကျဉ်းလေးတစ်ခု ဆိုလျှင် ပိုမှန်လိမ့်မည်။ မြစ်လေးသည် ခြေလှမ်းဆယ်လှမ်းခန့်သာ ကျယ်၍ မျက်စိတစ်ဆုံးအထိ ရှည်လျားကွေ့ကောက်စွာ စီးဆင်းနေသည်။

ထိုအခိုက်အတန့်တွင် မြစ်ရေများက လရောင်အောက်တွင် တလက်လက်တောက်ပသည်။ ချန်ရုံသည် မြစ်ထဲသို့ လက်ကို ချလိုက်မိသည်။ တစ်ခဏအတွင်းမှာပင် ချန်ရုံ၏ ဖြူဖွေးသောလက်ချောင်းလေးများကြား၌ ငါးလေးတစ်ကောင် ကူးခတ်နေလေတော့သည်။

တစ်ခါတစ်ခါတွင် လေတိုက်မှုကြောင့် လှေ၏ သစ်သားပျဉ်ချောင်းများကြားမှ ရေများ ဝင်လာတတ်ကာ ချန်ရုံ၏ အဝတ်အစားများလည်း စိုရွှဲနေတော့သည်။ ရေပြင်ကို ဖြတ်၍ တိုက်ခတ်နေသော လေကလည်း အေးစိမ့်နေသည်။

သို့သော် ချန်ရုံသည် အေးသည်ဟု မခံစားမိပါချေ။

ချန်ရုံသည် ‌မြစ်ရေပြင်ပေါ်၌ ကျနေသော လ၏အရိပ်ကိုကြည့်၍ ခပ်တိုးတိုးပြောလိုက်သည်။
"ဒီလိုလေးနေရတာ အရမ်းသာယာတာပဲ..."

စွင်းယန်ထံမှ ပြန်ဖြေသံကို မကြားရပေ။

ချန်ရုံက လှည့်ကြည့်လိုက်ရာ စွင်းယန်သည် လှေဝမ်းဗိုက်ထဲ၌ ဒူးထောက်ထိုင်နေသည်ကို တွေ့လိုက်ရသည်။ လရောင်အောက်တွင် စွင်းယန်သည် မီးအိမ်ကို အနားသို့ ဆွဲယူ၍ လက်ကိုရေထဲသို့နှစ်ကာ လှေကြမ်းပြင်ပေါ်၌ စာလုံးများအချို့ကို ရေးရင်းဖြင့် ပါးစပ်မှလည်း တတွတ်တွတ်ရွတ်နေငည်။
"ရှီဟူက အခုတည်းက အရေးနိမ့်နေပြီ...သူ့သားတွေကလည်း ကြောက်နေကြပြီ..."
ခဏရပ်‌ပြီးမှ လက်သီးကိုဆုပ်ကာ ဆက်ပြောလိုက်သည်။
"မူရုံခယ်ကိုသာသတ်နိုင်ရင်..."

စွင်းယန်သည် စစ်ပွဲနှင့်ပတ်သတ်၍ တွက်ချက်နေခြင်းဖြစ်ပေသည်။

ချန်ရုံက အကြည့်ကိုပြန်လွှဲလိုက်၍ လှေပေါ်၌ ပြန်ထိုင်လိုက်သည်။

ကောင်းကင်၌ လမင်း၏ဘေးတွင် တိမ်အချို့ကို ခပ်ဖြည်းဖြည်းရွေ့နေကြသည်။ ကြည်လင်၍ ကြယ်များပြည့်နေသော ကောင်းကင်ကို မော့ကြည့်၍ ချန်ရုံသည် မျက်လုံးများကိုမှိတ်ကာ လေကို တဝကြီး ရှူသွင်းလိုက်သည်။
"အထက်တန်းလွှာက အမျိုးသမီးတွေ ဘာဖြစ်လို့ လှေနဲ့ ခရီးသွားရတာကြိုက်ကြမှန်း အခုမှပဲသိတော့တယ်...အရမ်းနေလို့ကောင်းတာပဲ..."

ထို့နောက် တစ်စုံတစ်ခုကိုတွေးမိသွားသည့်ပုံဖြင့် ချန်ရုံ၏မျက်လုံးများက တောက်ပသွားကြသည်။
ကျောင်းတော်ရဲ့အနောက်က တောင်ကြားမှာ ရေအိုင်လေးတစ်ခုရှိနေတာပဲ...ငါလည်း အခု အားနေတော့ လှေလှော်တာသင်လို့ရတယ်...

စဉ်းစားရင်းဖြင့် ချန်ရုံ ပို၍ တက်ကြွလာမိသည်။

မြစ်တစ်လျှောက် စုန်ဆင်း၍ တစ်နာရီခန့် ဆက်၍ အလှအပများကို ခံစားကြည့်ပြီးသောအခါ ချန်ရုံတို့လည်း မောပန်းလာပြီဖြစ်သောကြောင့် လာရာလမ်းအတိုင်းပြန်လှည့်လာလိုက်ကြသည်။

ထို့နောက် ဧည့်ခံပွဲ၌ ခဏနေပြီးသောအခါ ကျောင်းတော်သို့ ပြန်လာခဲ့ကြတော့သည်။

အပြန်လမ်းတွင်တော့ လက ကြည်စင်စွာ သာနေသည်။

လရောင်အောက်တွင် စွင်းယန်က ချန်ရုံ့အားကြည့်ကာ ရုတ်တရက် သက်ပြင်းချ၍ ပြောလိုက်သည်။
"အားရုံ တစ်ခါတစ်ခါကျရင် မင်းကို ငါ လုံးဝနားမလည်တော့သလို ခံစားရတယ်..."

ချန်ရုံက ပြုံးလိုက်သည်။

မကြာမီမှာပင် ရထားလုံးက ကျောင်းတော်သို့ ဆိုက်ရောက်သွားသည်။

လိုက်ကာကိုမ၍ ဗျပ်စောင်းကိုယူကာ ချန်ရုံ ရထားလုံးပေါ်မှ ဆင်းလိုက်သည်။ ချန်ရုံဆင်းပြီးသွားသောအခါ စွင်းယန်၏ရထားလုံးက ပြန်၍မောင်းထွက်သွားတော့သည်။ ပြန်လည်ထွက်ခွာသွားသောရထားလုံးကို လှမ်းကြည့်၍ ချန်ရုံသည် ထင်းရှူးပင်အောက်၌ ထိုင်၍ "ဧည့်သည်တော်ကို နှုတ်ဆက်ခြင်း" ဟူသည့် တေးသွားကို တီးခတ်လိုက်သည်။

ဗျပ်စောင်းသံက ထင်းရှူးပင်များ‌ပေါ်သို့ ပျံ့နှံ့သွားသည်။ စွင်းယန်လည်း လိုက်ကာကိုမ၍ ဂီတသံကိုနားထောင်ကာ တောင်တန်းများပေါ်၌ သာနေသော လကို ငေးကြည့်နေမိသည်။ ထို့နောက် ရုတ်တရက် အော်ရယ်လိုက်လေသည်။

တိုက်ခတ်နေသော လေညှင်းနှင့်အတူ တိတ်ဆိတ်သောညတွင် ဗျပ်စောင်းသံက အချိန်အတော်ကြာသည်အထိ ထွက်ပေါ်နေဆဲဖြစ်သည်။

တေးသွားဆုံးသွားသည့်အခါမှပင် ချန်ရုံသည် ဗျပ်စောင်းကြိုးများပေါ်သို့ လက်ကို ခပ်ဖွဖွတင်ကာ ခေါင်းကိုငုံ့၍ သူမ၏အရိပ်ကို ငေးကြည့်နေမိတော့သည်။