Chapter 202
အောင်မြင်မှုဆီသို့ တက်လှမ်းခြင်း
မျက်စိတစ်မှိတ်အတွင်းမှာပင် ညက ကုန်ဆုံးသွားသည်။
ယနေ့သည် တော်ဝင်အိမ်တော်ဝန်အနေဖြင့် ပထမဆုံး နန်းတွင်းညီလာခံတက်ရမည်ဖြစ်သောကြောင့် ချန်ရုံသည် နေမထွက်မီကပင် အိပ်ယာမှထလိုက်သည်။
ချန်ရုံ့၌ နန်းတွင်းအဝတ်အစား၊ မြင်းဆွဲသည့်ရထားလုံး၊ ဖိနပ်၊ ဦးထုပ် အစရှိသည့် ရာထူးနှင့် ကိုက်ညီသည့်အသုံးအဆောင်ဟူ၍ ဘာမှမရှိချေ။ ထိုအကြောင်းကို ဧကရာဇ်ကလည်း သိပုံပေါ်သော်လည်း သူကိုယ်တိုင်ခန့်အပ်ထားသည့်ရာထူးဖြစ်သောကြောင့် အပိုပစ္စည်းများဖြင့် အရေးတယူလုပ်နေစရာမလိုဟု တွေးထားပုံရသည်။
သို့သော်လည်း ထိုကိစ္စသည် လျစ်လျူရှုထား၍ ရသည့်ကိစ္စတော့မဟုတ်ချေ။ ကြေးဝါမှန်ရှေ့၌ အဝတ်အစားများစွာ ဝတ်ကြည့်ပြီးသောအခါ နောက်ဆုံး၌ ချန်ရုံသည် မီးခိုးရောင် အမျိုးသားဝတ်စုံကိုသာ ဝတ်ဆင်ရန် ရွေးချယ်လိုက်သည်။ ချန်ရုံ့၌ အဝတ်အစားအသစ်မှာရန်လည်း အချိန်မရှိသောကြောင့် ထိုအဝတ်အစားများအားလုံးသည် စွင်းယန်ကပေးပို့ထားရခြင်းဖြစ်သည်။ ထိုအဝတ်အစားများအပြင် သူ၏ရထားလုံးများဖြင့် အပြည့် ပို့ပေးထားသော အခြား အမျိုးသမီးဝတ်၊ အမျိုးသားဝတ် အင်္ကျီများလည်း များစွာ ရှိနေသေးသည်။ စွင်းယန်တစ်ယောက် သူမကို ကြည့်ရုံမျှဖြင့် သူမခန္ဓာကိုယ်၏အတိုင်းအထွာကို မည်သို့ သိသွားသည်လဲဟု ချန်ရုံစဉ်းစားနေမိသည်။ ပို့ပေးထားသော အဝတ်အစားများအားလုံးက ချန်ရုံနှင့် တိုင်း၍ချုပ်ထားသကဲ့သို့ ကွက်တိတော်နေသည်မဟုတ်လား။
အသင့်ချုပ်ထားသော ဝတ်ရုံကိုဝတ်ဆင်၍ ဆံပင်ကို ခပ်မြင့်မြင့်စည်းနှောင်ကာ ခါး၌ ဓားရှည်ကို ချိတ်လိုက်သောအခါ ကြေးဝါမှန်ထဲမှ မိန်းမငယ်လေးသည် ချက်ချင်းပင် ချောမောသော လူငယ်လေးအသွင်သို့ပြောင်းသွားတော့သည်။ သို့သော် ဖုံးအုပ်၍မရသော အလှတရားများကြောင့် ချန်ရုံသည် လူပျိုရည်မပျက်သေးသော ဖူးရွသည့် လူငယ်လေးပုံစံပေါက်နေလေသည်။
ချန်ရုံက မှန်ထဲ၌ပေါ်နေသော သူမ၏ပုံရိပ်ကိုကြည့်ကာ မျက်မှောင်ကျုံ့လိုက်သည်။
ချန်ရုံ့အား ငေးကြည့်ရင်းဖြင့် အထိန်းတော်ဖျင်ကပြောလိုက်သည်။
"မမလေးကိုကြည့်ရတာ အထက်တန်းလွှာတွေရဲ့ အဖော်နဲ့ တူတယ်..."
အထိန်းတော်ဖျင်ပြောသည့် 'အဖော်' ဆိုသည်မှာ ဂုဏ်ရှိန်အမြင့်ဆုံးသော အထက်တန်းလွှာများသာ ခံစားပျော်ပါးနိုင်သည့် ကျန့်ခန်း၌ နာမည်ကြီးသည့် လိင်တူချစ်သူ သူငယ်လေးများဖြစ်သည်။ ထိုလူငယ်လေးများသည် ချောမောသော ရုပ်ရည်အပြင် စာရေးစာဖတ်စွမ်းရည်၊ ကျွမ်းကျင်သော လက်ရေးလှစာရေးသားမှု၊ ကဗျာဖန်တီးနိုင်မှု၊ တီထွင်ကြံဆနိုင်မှုတို့လည်းရှိရ၍ သူတို့၏ သခင်များ ခရီးထွက်ချိန်၌ အကောက်ကြံသူများ၏ရန်မှကာကွယ်နိုင်ရန် ကိုယ်ခံသိုင်းပညာများကိုပါ တတ်မြောက်ထားကြရမည်ဖြစ်သည်။ သူတို့၏ အသေးငယ်ဆုံးသော လုပ်ရပ်များ၊ အမူအယာများကပင် အမြဲ ယဉ်ကျေးသိမ်မွေ့နေရမည်ဖြစ်၍ မည်သောအခါမျှ ရိုင်းစိုင်းစွာ မပြုမူကြရပေ။
"မည်သည့်ဆင်းရဲသားပညာရှိများမဆို အမြင့်မားဆုံးရာထူးကိုမရ၍ မည်သည့်အထက်တန်းလွှာများမဆို အနိမ့်ဆုံးရာထူးကိုမရကြသည့်ခေတ်" တွင် ဆင်းရဲသော ပညာရှိများသည် သူတို့၏ ပညာ၊စွမ်းရည်များ သက်သက်ဖြင့်သာ ပွဲထွက်နိုင်ရန်ဆိုသည်မှာ အလွန်ခက်ခဲလေသည်။ အခြားလုပ်စရာနည်းလမ်းလည်း မရှိတော့သည့်အတွက် ရုပ်ရည်ချောမောသော ပညာရှိလေးများအချို့သည် အထက်တန်းလွှာသူဌေးကြီးများ၏ အဖော် အဖြစ်နေခြင်း နည်းလမ်းကို ရွေးချယ်လိုက်ကြရသည်။
ထိုလူငယ်လေးများသည် ချမ်းသာ၍ အာဏာကြီးသော အထက်တန်းလွှာများနောက်မှလိုက်၍ အထက်တန်းလွှာများ၏ ကျင့်ဝတ်ထုံးတမ်းများအပါအဝင် သာမာန်ဆင်းရဲသားများ သင်ယူရန် လက်လှမ်းမမှီနိုင်သည့် ပညာများကို သင်ယူကြရသည်။ နှစ်အနည်းငယ်ကြာသောအခါ သူတို့၏ ချစ်သူသခင်များက သူတို့၏ကောင်းကြောင်းကို သတင်းလွှင့်ပေးတတ်ကြသည်။ ထိုသို့မလုပ်ပေးလျှင်လည်း ထိုနှစ်များအတွင်း စုဆောင်းရရှိခဲ့သော ပိုက်ဆံနှင့် ပညာများကိုအသုံးချ၍ ရာထူးအသေးလေးတစ်ခုတော့ ရသွားနိုင်ကြသည်။
သို့သော် ထိုကဲ့သို့ အဖော် အဖြစ်နေရန် လိုအပ်ချက်များက အလွန်များပြားသောကြောင့် အဖော်လူငယ်လေးများက များများစားစားမရှိကြချေ။ ထိုသို့ရှားပါးသောကြောင့်လည်း အထက်တန်းလွှာများကြား၌ အဖော်ထားခြင်းက အလွန်ခေတ်စားလာကာ ကြွားဝါစရာကိစ္စတစ်ခုကဲ့သို့ ဖြစ်လာလေသည်။
တကယ်တော့ ဝမ်ဟုန်နှင့် စွင်းယန်တို့သည်လည်း ချောမောသော လူငယ်များဖြစ်ကြသည်။ သို့သော် သူတို့ မည်ကဲ့သို့ပင် ဝတ်စားဆင်ယင်ပါစေ၊ မည်သူကမှ သူတို့အား အဖော် ဟု မထင်ကြပေ။ အဘယ်ကြောင့်ဆိုသော် ဝမ်ဟုန်တို့၊ စွင်းယန်တို့၏ နောက်ခံမျိုးရိုးကြောင့်ဖြစ်သည်။ သူတို့သည် မိမိကိုယ်ကိုယ် ယုံကြည်ချက်ရှိခြင်းက အသွေးအသား၊ အရိုးထဲထိ စိမ့်ဝင်နေသော နှစ်ပေါင်းများစွာ တည်တံ့လာသည့် မျိုးရိုးများမှ ဆင်းသက်လာကြသူများဖြစ်သည်။ နိမ့်ကျသော မျိုးရိုးမှဆင်းသက်လာသော ချန်ရုံနှင့် မတူစွာ ဝမ်ဟုန်တို့သည် ဘာပဲလုပ်လုပ် လူအများ၏အမြင်၌ အကောင်းသာ အမြင်ခံကြရသူများဖြစ်သည်။
ဥပမာအားဖြင့် ယခု ကြေးဝါမှန်ရှေ့၌ ချန်ရုံရပ်နေသော အခိုက်အတန့်တွင် ချန်ရုံ၏မျက်လုံးထဲ၌ စူးရှမှုနှင့် အေးစက်မှုတို့ ရှိနေသော်လည်း အထက်တန်းလွှာမျိုးရိုးမှဆင်းသက်လာသူတစ်ဦး၏ အေးဆေးမှု နှင့်တည်ငြိမ်မှုတို့က ထင်ဟပ်မနေပေ။
ထိုကဲ့သို့သော အခြင်းအရာမျိုးကို သာမာန်လူတစ်ယောက်ကတော့ လွယ်လွယ်နှင့် ခွဲခြားမသိနိုင်သော်လည်း ပညာရှိများနှင့် အိမ်တော်၏သက်ကြီးပိုင်း အကြီးအကဲများကတော့ တစ်ချက်ကြည့်ရုံနှင့်ပင် သိနိုင်ကြလေသည်။
သို့သော်လည်း ချန်ရုံ့၌ အထက်တန်းလွှာတစ်ဦး၏ အိန္ဒြေများမရှိသော်ငြား သူမ၏ အသက်ရှင်ခြင်းနှင့် သေခြင်းများကို ဂရုမစိုက်မှုက လူများနှင့် သီးခြားခွဲထွက်စေ၍ အေးစက်မှုနှင့် တစ်သီးတစ်သန့်ဆန်မှုတို့နှင့် ပေါင်းလိုက်သောအခါ နှင်းတောထဲမှ ပွင့်လန်းလာသောနှင်းဆီပန်းကဲ့သို့ အေးစက်စွာ လှပနေတော့သည်။
ချန်ရုံနေနေသော လောကအလယ်၌ သူမ၏ စိတ်နေစိတ်ထားမျိုးသည် ပြိုင်ဘက်ကင်းသော အလှအပတစ်ခုဖြစ်ပေသည်။
အထိန်းတော်ဖျင်က ခဏမျှ တုံ့ဆိုင်းနေသော်လည်း နောက်ဆုံးတွင်တော့ မနေနိုင်တော့ပဲ သူမ၏သခင်မလေးကို ဆွဲဆောင်ကြည့်လိုက်မိသည်။
"မမလေး...တခြားအဝတ်အစားတစ်ခု ပြောင်းဝတ်ကြည့်လိုက်ပါလား..."
ချန်ရုံက သူမကိုယ်သူမ သေချာငုံ့ကြည့်လိုက်ပြီးမှ ပြုံး၍ပြောလိုက်သည်။
"ဟင့်အင်း..."
ထို့နောက် အထိန်းတော်ဖျင်ဘက်သို့ လှည့်၍ ပြောလိုက်သည်။
"လူတွေက ငယ်ရွယ်ပြီးချောမောတဲ့ လူငယ်လေးတွေကိုသဘောကျကြတယ်လေ...ကျွန်မ ဒီလိုဝတ်ထားရင် သိပ်ပြီး စိမ်းစိမ်းကားကား ဆက်ဆံကြမှာမဟုတ်ဘူး..."
ဤခေတ်အခါ၌ ရုပ်ရည်နှင့် အပြုအမူများကို ပညာအရည်အချင်းနှင့် ကိုယ်ကျင့်တရားထက်ပို၍ သတိပြုမိကြသည်။ နန်းတွင်းထဲ၌လည်း ရုပ်ရည်ချောမောသောလူများက မြင့်မားသောရာထူးနေရာများကိုရတတ်ကြ၍ အရည်အချင်းရှိသော လူများက သူတို့၏ မလှပသောရုပ်ရည်များကြောင့် နောက်ကျကျန်ရစ်ခဲ့သည်မှာ ပုံမှန်ပင်ဖြစ်သည်။
တိုင်းပြည်တစ်ခုလုံးက အပြင်ပန်းရုပ်ရည်ကိုသာ ဦးစားပေးကြသောကြောင့် ကျန့်ခန်း၌ မျက်နှာကိုပေါင်ဒါသ၍ အမွှေးနံ့သာအိတ်များ သယ်ဆောင်ကာ အကောင်းဆုံးဝတ်စားဆင်ယင်တတ်ကြသည့် ယောင်္ကျားသားများလည်း မရှားပေ။
အစစအရာရာ အဆင်သင့်ဖြစ်သောအခါ ချန်ရုံသည် ကျောင်းတော်ထဲမှ ထွက်လာခဲ့တော့သည်။
မနက်ခင်းနေရောင်ခြည်အောက်၌ ရထားလုံးဘီးများက လိမ့်ကာ နန်းတော်ဆီသို့ ဦးတည်သွားနေလေသည်။
အချိန်ကစောနေသေးသောကြောင့် လမ်းပေါ်၌ လူများစွာမရှိပဲ ချန်ရုံနှင့် ဦးတည်ရာတူတူသွားနေသူများလည်း တစ်ယောက်မှမရှိချေ။ နန်းတော်နှင့် နီးကပ်လာချိန်မှာပင် အနီးပတ်ဝန်းကျင်၌ ရထားလုံးအနည်းငယ်ကို တွေ့ရသည်။
တဖြည်းဖြည်းနှင့် ချန်ရုံတို့သည် နန်းတော်အဝင်ဝသို့ရောက်လာသည်။
ဂိတ်တံခါးများက မပွင့်လာပေ။
"အရှင်မလေး...ကျွန်တော်တို့ ဘာလုပ်ကြပါမလဲ..."
ဝမ်ဟုန်လွှတ်ပေးထားသည့် ရထားလုံးမောင်းသူက မေးလိုက်သည်။
"ခဏစောင့်လိုက်ကြတာပေါ့..."
ချန်ရုံက ထိုင်ခုံအနောက်သို့မှီ၍ ပြောလိုက်သည်။
"ဟုတ်ကဲ့..."
ချန်ရုံတို့ နာရီဝက်ခန့် စောင့်ဆိုင်းပြီးကာမှ နောက်ထပ်ရထားလုံးတစ်စီးက အနားသို့ရောက်လာသည်။
"ဂိတ်တံခါးကို ဖွင့်လိုက်စမ်း..."
ရထားလုံးထဲမှ တစ်စုံတစ်ယောက်က ခေါင်းပြူထွက်၍ အော်ပြောလိုက်သည်။ တံခါးစောင့်ကလည်း ချက်ချင်းပင် ခေါင်းငြှိမ့်၍ ရယ်မောကာ ပြန်ပြောလိုက်သည်။
"ဒီနေ့ ဘာဖြစ်လို့ အစောကြီး ရောက်လာတာပါလဲ သခင်ကြီး .."
ရထားလုံးထဲမှလူက ပြုံး၍ ချန်ရုံ၏ရထားလုံးကို လှမ်းကြည့်လိုက်သည်။
ထိုလူ၏အကြည့်ကိုမြင်သောအခါ တံခါးစောင့်က ရယ်၍ ပြောလိုက်သည်။
"အဲဒီလူက ရောက်နေတာ တော်တော်ကြာနေပေမယ့် တံခါးကိုမဖွင့်ခိုင်းဘူး...ဒီတိုင်းပဲ ထိုင်စောင့်နေတယ်..."
ရထားလုံးထဲမှလူက ရထားလုံးမောင်းသမားအား ရပ်ခိုင်းလိုက်သည်။ ထိုအချိန်၌ နန်းတွင်းမှ လူအများအပြားလည်း ထိုနေရာသို့ ရောက်လာနေကြပြီဖြစ်သည်။
ချန်ရုံ၏ရထားလုံးမောင်းသမားက ရထားလုံးကို စ၍မောင်းလိုက်သည်ကို မြင်သောအခါ ထိုလူက ချန်ရုံတို့ဘက်သို့လှည့်၍ လှမ်းပြောလိုက်သည်။
"တစ်ဆိတ်လောက်ပါ အရှင်..."
ထိုလူသည် ချန်ရုံ၏ရထားလုံးကို သေချာစေ့စေ့စပ်စပ်ကြည့်၍ ဆက်ပြောလိုက်သည်။
"ကျွန်ုပ်ရဲ့ အားနည်းတဲ့ အမြင်အာရုံကိုခွင့်လွှတ်ပါ...ဒါပေမယ့် အရှင်က ဘယ်အိမ်တော်ကလဲဆိုတာကို ကျွန်ုပ်မမှတ်မိနိုင်ဖြစ်နေပါတယ်..."
ထိုလူ၏စကားကြောင့် နန်းတွင်းမှလူများကလည်း ပို၍ အာရုံစိုက်လာကြသည်။ ထိုအခိုက်အတန့်တွင် လူတိုင်းက ချန်ရုံ၏ရထားလုံးကို ဝိုင်းကြည့်နေကြသည်။
ထိုအခိုက်မှာပင် နောက်ထပ်ရထားလုံးတစ်စီးက အနားသို့ရောက်လာပြန်သည်။ ထိုရထားလုံးကို စီးနင်းလာသူမှာ အထက်တန်းလွှာလူငယ်တစ်ဦးဖြစ်သည်။ လူငယ်သည် ချန်ရုံ၏ရထားလုံးကိုကြည့်၍ ပြုံးကာပြောလိုက်သည်။
"သူဘယ်သူလဲဆိုတာ ကျွန်ုပ်သိတယ်..."
လူငယ်က ရွှင်ပျစွာ ရယ်လိုက်သည်။
"အဲဒါ မနေ့က ဧကရာဇ်မင်းမြတ် ခန့်အပ်လိုက်တဲ့ တော်ဝင်အိမ်တော်ဝန်အသစ်ဖြစ်မယ်...ကျွန်ုပ်ကြားတာတော့ အိမ်တော်ဝန်က အရမ်းကိုလှပတဲ့ သီလရှင်တစ်ယောက်ဆိုပဲ..."
လူငယ်၏စကားကြောင့် လူများသည် ချန်ရုံ့ဘက်သို့ လှည့်ကြည့်လာကြ၍ လူအချို့က အော်လိုက်ကြသည်။
"မဖြစ်နိုင်တာပဲ..."
ချန်ရုံ၏ရထားလုံးသည် ရှေ့သို့ ဆက်သွား၍ မရတော့ချေ။
ချန်ရုံကလည်း မသွားချင်ပါ။ ထိုသို့ဖြစ်လာမည်ကို ချန်ရုံ မျှော်လင့်ထားပြီးသားဖြစ်သည်။
ချန်ရုံသည် ရထားလုံးမှ လိုက်ကာကိုဆွဲဖွင့်လိုက်ကာ လူများရှေ့သို့ လူလုံးထွက်ပြလိုက်သည်။
ချန်ရုံ၏အေးစက်၍ လှပသောမျက်နှာလေးကိုမြင်လိုက်သည်နှင့် တစ်ပြိုင်နက် ဆူညံသံများက ငြိမ်ကျသွားကြတော့သည်။
ချန်ရုံက ရထားလုံးပေါ်မှ ဆင်းလိုက်သည်။
"မင်္ဂလာပါ လူကြီးမင်းတို့..."
ချန်ရုံသည် သူမကိုယ်သူမ ချန်အိမ်တော်၏အားရုံ သို့မဟုတ် ဟုန်ယွင်ကျီ ဟူ၍ မခေါ်သည့်အပြင် ထိုလူများကိုလည်း မိတ်ဆွေများဟု မခေါ်၍ သာမာန်အတိုင်းသာ ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လိုက်သည်။
ထိုအခိုက်၌ လူတိုင်းက ချန်ရုံ့အား အကဲခတ်နေကြဆဲဖြစ်သည်။ သုံးပြည်ထောင်ခေတ်မှစ၍ နာမည်ကြီးပညာရှိများသည် လူတစ်ယောက်အား မျက်နှာသွင်ပြင်၊ စိတ်နေစိတ်ထား၊ အကြည့်၊ အမူအယာနှင့် စကားပြောဆိုပုံတို့ကိုကြည့်၍ အကဲဖြတ်တတ်ကြသည်။ ရုပ်ရည်သွင်ပြင်သည် အလွန်အရေးကြီးသောကြောင့် နန်းတွင်း၌ပြုလုပ်သော လူရွေးချယ်ပွဲများ၌ပင် ရုပ်ရည်ကို ထည့်သွင်းဆုံးဖြတ်တတ်ကြသည်။ ယခုတွင်လည်း ချန်ရုံ ရထားလုံးပေါ်မှ ဆင်းလိုက်သည်နှင့် တစ်ပြိုင်နက် ချန်ရုံ့ကို မကောင်းထင်မြင်ထားကြသောလူများက တွေဝေကုန်ကြသည်။
သူက ဘာဖြစ်လို့ ငါတို့ထင်ထားသလို ကောက်ကျစ်တဲ့မြေခွေးမပုံ ပေါက်မနေရတာလဲ...ဘာဖြစ်လို့ လျှပ်ပေါ်လော်လီတဲ့ သီလရှင်မ ဖြစ်မနေရတာလဲ...
ချန်ရုံက အရိုအသေပေးနေရာမှ ခန္ဓာကိုယ်ကို ပြန်မမတ်ပဲ ဆက်ပြောလိုက်သည်။
"ဟူလူမျိုးတွေ နန်ယန်မြို့ကို သိမ်းပိုက်စဉ်တုန်းက ကျွန်မဟာ အမျိုးသားစစ်သည်တွေကို ဦးဆောင်ခဲ့ပြီး ကျွန်မရဲ့ ကြာပွတ်နဲ့ မရေတွက်နိုင်တဲ့ လူရိုင်းတွေကို သေစေခဲ့ပါတယ်...ကျွန်မသာ မိန်းမသားတစ်ဦး ဖြစ်မနေခဲ့ရင် ဒီတော်ဝင်အိမ်တော်ဝန်ရာထူးကို ကောင်းကောင်းကြီး ထမ်းဆောင်နိုင်မှာပါ..."
ချန်ရုံက "ကျွန်မသာ မိန်းမသားတစ်ဦး ဖြစ်မနေခဲ့ရင်..." ဟုပြောလိုက်ချိန်တွင် လူအုပ်ထံမှ သက်ပြင်းချသံများ ထွက်ပေါ်လာကြသည်။ အထက်တန်းလွှာများသည် ရုတ်တရက် ဆောင်းရာသီနေ့တစ်နေ့၌ ရေအေးအေးကိုသောက်လိုက်ရသကဲ့သို့ ခံစားလိုက်ကြရသည်။ သူတို့၏ဆုံးရှုံးမှုကို ဖော်ပြရန် "နောင်တ" ဟူသော စကားနှင့်ပင် မလုံလောက်တော့ချေ။
ချန်ရုံကတော့ ထိုလူများကို ဂရုစိုက်မနေချေ။ သူမသည် ခေါင်းကိုမော့၍ နှုတ်ခမ်း၌ အပြုံးတစ်ခုကို တွဲလွဲခိုကာ လူအုပ်ကြီးကို မျက်လုံးဝေ့ကြည့်လိုက်သည်။ ဝမ်းနည်းပန်းနည်းဖြင့် သက်ပြင်းနောက်တစ်ခေါက်ထပ်ချလိုက်သံများကို နားထောင်ပြီးသောအခါ ချန်ရုံ ထပ်၍ပြောလိုက်သည်။
"လူကြီးလူကောင်းတစ်ယောက်ဟာ အစော်ကားခံရတာထက်စာရင် သေလိုက်ရတာကိုပဲ ပိုနှစ်သက်တယ်ဆိုတဲ့ စကားလည်းရှိပါတယ်...လူကြီးမင်းတို့ ကျွန်မကို ငြိုငြင်လို့ရပါတယ်...ဒါပေမယ့် အရှက်ရအောင်တော့ မလုပ်ကြပါနဲ့..."
ထိုသို့ပြောပြီးသောအခါ ချန်ရုံသည် အင်္ကျီဝတ်ရုံလက်ကို ဝှေ့ယမ်း၍ ရထားလုံးဆီသို့ လျှောက်သွားကာ ပြောလိုက်သည်။
"သွားကြမယ်..."
ရထားလုံးမောင်းသူက ပြန်ဖြေ၍ ရထားလုံးကို နန်းတော်ထဲသို့ မောင်းလာလိုက်သည်။
ချန်ရုံ၏ရထားလုံးထွက်သွားသောအခါ အခြားလူများကလည်း အနောက်မှလိုက်လာကြသည်။ ရထားလုံးထဲ၌ ထိုင်နေချိန်တွင် အနောက်မှ လူတစ်ယောက်က ဝမ်းနည်းစွာပြောဆိုနေသည်ကို ချန်ရုံကြားလိုက်ရသည်။
"သူက ဘာဖြစ်လို့များ မိန်းမတစ်ယောက်အဖြစ်နဲ့ မွေးဖွားလာခဲ့ရတာလဲ..."
ထိုလူသည် ရင်ဘတ်ကို စည်တီး၍ ခြေထောက်ကို ဆောင့်လိုက်သည်။
"သူက ဘာဖြစ်လို့များ မိန်းမဖြစ်နေရတာလဲ...ဒီလိုအခြေအနေကြီးကို ငါဘယ်လို လက်ခံရမှာလဲ..."
ထိုလူသည် သူ့ကိုယ်သူ ထိန်းချုပ်နိုင်တော့ပုံမရပေ။ သူသည် ရထားလုံးမောင်းသူအား အရှိန်တင်ခိုင်း၍ သူ၏ရထားလုံးက ချန်ရုံ့အား ဖြတ်ကျော်သွားသောအခါ ထိုလူသည် ချန်ရုံ့အား လှမ်းကြည့်လိုက်သည်။ ထိုလူ၏မျက်လုံးများက ချန်ရုံ၏ အေးစက်စက်ပုံသဏ္ဍာန်၌ အချိန်အတော်ကြာ တွယ်ကပ်နေကြသည်။ ထိုလူသည် ချန်ရုံ့အား ကြာကြာကြည့်လေ ပို၍သဘောကျနှစ်သက်လာလေလေ ဖြစ်နေတော့သည်။
ချန်ရုံနှင့်အမတ်များသည် မကြာမီ၌ပင် ညီလာခံနေရာ၏ အရှေ့မျက်နှာစာသို့ ရောက်လာကြသည်။
ချန်ရုံ ရထားလုံးပေါ်မှ ဆင်းလိုက်လျှင်မှာပဲ ရှည်လျားသော မုတ်ဆိတ်မွှေးများရှိသော အသက်ကြီးကြီး အမတ်တစ်ဦးက အနားသို့ရောက်လာသည်။ အမတ်ကြီးသည် ချန်ရုံ့အား အလေးအနက် ဦးညွှတ်အရိုအသေပေးလိုက်သည်။
"ဒီအလေးပြုမှုက ငါတို့စစ်သည်တွေရဲ့ စိတ်ဓာတ်ရေးရာကို တက်ကြွအောင်လုပ်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်မှုကို ပြသတာပါ..."
ထို့နောက် အမတ်ကြီးသည် ခန္ဓာကိုယ်ကိုပြန်မတ်၍ ချန်ရုံ့အား စူးရှစွာ ကြည့်ကာ ချန်ရုံသာကြားနိုင်လောက်သည့်လေသံဖြင့်ပြောလိုက်သည်။
"ဒါပေမယ့် နန်းတော်က မြင့်မြတ်တဲ့နေရာဖြစ်တယ်....မင်းက မိန်းမတစ်ဦးပဲဖြစ်တဲ့အတွက်ကြောင့် ကျေးဇူးပြု၍ ထွက်သွားပေးပါ..."
အမတ်ကြီးက ညာဘက်လက်ကိုမြှောက်ပြလိုက်သည်။
ချန်ရုံက အမတ်ကြီးကိုကြည့်လိုက်ပြီးမှ အမတ်ကြီးနောက်မှ လူများကိုကြည့်လိုက်သည်။
ဤလူများသည် ချန်ရုံ့ကို ဒေါသထွက်နေကြခြင်းမဟုတ်ပဲ ဧကရာဇ်၏အမိန့်ကိုသာ မကျေမနပ်ဖြစ်နေကြခြင်းဖြစ်ကြောင်း ချန်ရုံသိသည်။
ချန်ရုံ လမ်းလျှောက်နေသည်ကို ရပ်လိုက်သည်။
ထို့နောက် ခန္ဓာကိုယ်ကို မတ်မတ်ထား၍ အမတ်ကြီးကိုစေ့စေ့ကြည့်ကာ တောက်ပစွာ ပြုံးပြလိုက်သည်။
"အမတ်ကြီးက အတွေးလွန်နေတာပါ..."
ထို့နောက် ချန်ရုံသည် လက်များကို ချိတ်ဆက်၍ တော်ဝင်အာဏာကိုဖော်ပြသော အမြင့်ဆုံးထိုင်ခုံနေရာသို့ လှမ်းကြည့်လိုက်သည်။
"ကျွန်မလို မိန်းမသားတစ်ဦးက တုနှိုင်းမဲ့တဲ့ဧကရာဇ်ရဲ့ ပလ္လင်တော်ရှေ့မှောက်ကို မလာဝံ့ပါဘူး..."
ထို့နောက် ချန်ရုံက လူအုပ်ဘက်သို့ လှပသောပုံစံလေးဖြင့် လှည့်ကြည့်လိုက်သည်။
"အခုက ကျွန်မဟာ ဒီနေရာအကြောင်းကို ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာတည်းက စိတ်ကူးယဉ်ခဲ့ရပြီး အခု ဒီနေရာကို ရောက်နေရတာကို မယုံနိုင်ဖြစ်နေမိလို့ပါ..."
ချန်ရုံသည် ဒူးတစ်ဖက်တည်းဖြင့် ဒူးထောက်လိုက်ကာ ပလ္လင်အား ကြည်ညိုလေးစားမှု၊ အံ့ဩမှုတို့ အပြည့်ဖြင့် မော့ကြည့်နေလိုက်သည်။ ချန်ရုံ၏မျက်လုံးများက မျက်ရည်များဖြင့် တဖြည်းဖြည်း နီရဲလာကြသည်။ ချန်ရုံသည် ခါးကိုကိုင်း၍ ဦးညွှတ်နေလိုက်သော်လည်း ဘာစကားမှ ထပ်မပြောတော့ချေ။ စကားများများပြောလျှင် အမှားများများပါနိုင်ကာ စကားနည်းလေ အမှားနည်းလေဖြစ်ကြောင်းကို ချန်ရုံသိသည်။