Chapter 203
ဝမ်ဟုန်မှ သတိပေးခြင်း
ပလ္လင်အား ဦးညွှတ်ပြီးသောအခါ ချန်ရုံသည် အမတ်များအား လှည့်၍ပင်မကြည့်တော့ပဲ ဖြည်းညှင်းစွာ နောက်သို့ဆုတ်၍ ခြေလှမ်းငါးလှမ်းမျှ သွားပြီးသောအခါ အင်္ကျီဝတ်ရုံလက်ကို ဝှေ့ယမ်း၍ ထွက်ခွာသွားတော့သည်။
အမတ်များက အမျိုးမျိုးသောမျက်နှာအနေအထားများဖြင့် ချန်ရုံ့အား ငေးကြည့်နေဆဲမှာပင် ချန်ရုံ၏ရထားလုံးက ထွက်ခွာသွားပြီဖြစ်သည်။ ဂီတသံနှေးနှေးတစ်ခုက လေထဲသို့ ပျံ့လွင့်လာသည်။ ဂီတသံက ချန်ရုံတစ်ယောက် မနက်ခင်းနေရောင်ခြည်အောက်တွင် ဧကရာဇ်အား မော့ကြည့်နေ၍ ဤနန်းတော်အပေါ်ထားရှိသော သူမ၏ အံ့ဩခြင်း၊ လေးစားအားကျခြင်းနှင့် ချစ်မြတ်နိုးခြင်းများကို မည်သည့်စကားလုံးနှင့်မှ မဖော်ပြနိုင်သကဲ့သို့ လွမ်းဆွေးဖွယ်ကောင်း၍ အောင်မြင်ခန့်ငြားနေသည်။
ရထားလုံးသည် ဖြည်းညှင်းစွာမောင်းထွက်သွား၍ ဂီတသံသည်လည်း တဖြည်းဖြည်းဝေးကွာသွားသည်။
အချိန်အတော်ကြာသောအခါမှ အထက်တန်းလွှာလူငယ်က ရှေ့သို့ ထွက်လာသည်။ သူသည် ချန်ရုံ၏ရထားလုံးကိုငေးကြည့်ကာ သက်ပြင်းချလိုက်သည်။
"တကယ်ကို ထူးခြားအံ့ဩဖွယ်ကောင်းတဲ့ မိန်းမငယ်တစ်ယောက်ပါပဲ..."
လူငယ်၏အသံသည် တွေဝေမိန်းမောနေသည်လား၊ ယစ်မူးမှိုင်းရီနေသည်လား မသဲကွဲပေ။
လူငယ်၏နောက်၌ အမတ်များသည် ခန်းမဆောင်ထဲသို့ ဝင်ကုန်ကြလေသည်။
အမတ်များသည် ဘာမှမပြောကြသော်လည်း ချန်ရုံ၏ အေးစက်၍လှပသောမျက်နှာလေးက သူတို့၏စိတ်ထဲ၌ အမှတ်အသားတစ်ခုခုကို ခပ်နှိပ်လိုက်နိုင်သွားခဲ့ပြီဖြစ်သည်။
ပညာရှိများအတွက်တော့ ချန်ရုံသည် လိုအပ်ချက်များရှိသော်လည်း ဧကရာဇ်အပေါ်၌ ရိုသေကျိုးနွံခြင်း၊ သစ္စာရှိခြင်းများကြောင့် ချီးကျူးထိုက်သူဟု မြင်ကြသည်။ ထို့အပြင် ချန်ရုံဆိုသော အမျိုးသမီးသည် အခြားလူများက ဒူးထောက်နေစဉ်၌ ထွက်ခွာသွား၍ သူမ၏ စိတ်ထဲမှခံစားချက်များကို ဂီတမှတစ်ဆင့် ထုတ်ဖော်ပြသခဲ့သောကြောင့် ညှို့ယူဖမ်းစားနိုင်သော မိန်းမငယ်တစ်ဦးလည်းဖြစ်နေပေသည်။ ထိုမိန်းကလေးသည် အပြုအမူ၊အပြောအဆိုများကို ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ ပြုမူတတ်၍ ပညာရှိတစ်ဦး၏လိုအပ်ချက်များနှင့် ကိုက်ညီနေပေသည်။
ထိုကဲ့သို့သော အတွေးများကြောင့် အမတ်များသည် ထင်ရာစိုင်းတတ်သော ငယ်ရွယ်သည့် ဧကရာဇ်ကိုသာ အပြစ်တင်ကြ၍ ချန်ရုံ့အား ရိုင်းစိုင်းသောစကားများဖြင့် မဝေဖန်ကြချေ။
ချန်ရုံ၏ရထားလုံးက နန်းတော်ဂိတ်တံခါးများမှတစ်ဆင့် ဖြည်းဖြည်းချင်း ထွက်ခွာသွားလေသည်။
အပြင်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် ချန်ရုံသည် သူမ၏ တောင့်ထားသော အနေအထားကို လျှော့ချလိုက်သည်။အနားမှ လေတစ်ချက် တိုက်သွားသောအခါမှပင် ချန်ရုံသည် ချွေးစေးများပြန်နေသည်ကို သတိထားလိုက်မိသည်။
ချန်ရုံသည် အနောက်သို့မှီကာ ပြုံးလိုက်သည်။
သူမ၏အပြုံးသည် အလွန်ပင်အေးဆေး၍ တောက်ပနေသည်။ ယခု အပြင်သို့ထွက်လာရခြင်းသည် ချန်ရုံမျှော်လင့်ထားသည့်အတိုင်း ဖြစ်လာခဲ့သည်။ ယခုဆိုလျှင် အထက်တန်းလွှာဖြစ်စေ အိမ်ထဲမှအိမ်ပြင်သို့မထွက်ပဲ ပုန်းအောင်းနေသူဖြစ်စေ မည်သူမဆို တစ်မြို့လုံး ချန်ရုံ့အကြောင်းကို သိကုန်ကြလောက်ပြီဖြစ်သည်။ ထို့အပြင် သူတို့၏အမြင်၌ ချန်ရုံသည် ဧကရာဇ်နှင့် သတင်းများထွက်နေသော အသုံးအဖြုန်းကြီးသည့် လူဆိုးမ တစ်ယောက်လည်း မဟုတ်တော့ပေ။
အချိန်အတန်ကြာသောအခါ ရထားလုံးက အရှိန်လျော့သွားသည်။
ထို့နောက် လိုက်ကာက ပွင့်ဟသွား၍ ဆူညံသံများကြားတွင် ချောမောသောမျက်နှာလေးတစ်ခုက ရထားလုံးထဲသို့ ဝင်ရောက်လာလေသည်။
ထင်ထားသည့်အတိုင်းပင် စွင်းယန်ဖြစ်နေသည်။ စွင်းယန်၏မျက်လုံးများသည် အနည်းငယ် မို့အစ်နေကြသည်။ ချန်ရုံ့ကိုမြင်သောအခါ စွင်းယန်က သက်ပြင်းချ၍ ပြုံးလိုက်သည်။
"အဆင်ပြေခဲ့ရဲ့လား..."
ချန်ရုံက ခေါင်းငြှိမ့်ကာ ကိုယ်ကို မတ်မတ်ပြင်ထိုင်၍ ခပ်ညုညုလေးပြုံးကာ ပြောလိုက်သည်။
"ဒီတစ်ခေါက်တော့ ကျန့်ခန်းအသိုင်းအဝိုင်းကလူတွေက ကျွန်မကို မှတ်မိသွားကြပြီလို့ ပြောလို့ရလောက်ပြီထင်ပါတယ်..."
တလက်လက်တောက်ပနေသောမျက်လုံးများဖြင့် ချန်ရုံသည် မေးစေ့လေးကိုမော့၍ ထပ်ပြောလိုက်သည်။
"နောက်ထပ် အခွင့်အရေးနည်းနည်းလောက်ထပ်ရရင် အဆင်ပြေပြီ...အဲဒီအခါကျရင် ကျွန်မဟာ နိမ့်ကျနေတော့မှာမဟုတ်ဘူး..."
ထိုအခါတွင် လူများသည် ချန်ရုံ့အား တလေးတစားမပြုလုပ်လျှင်နေပါစေ၊ နှိမ်ချ၍ အရုပ်ကဲ့သို့ကစားကာ စော်ကားခြင်းများတော့ ပြုလုပ်ရဲကြတော့မည်မဟုတ်ချေ။ စွင်းယန်ပြောသကဲ့သို့ပင် ပညာရှိများ၏ အသိအမှတ်ပြုမှုအောက်တွင် ချန်ရုံသည် ထိုက်တန်သော မာနနှင့် နေခွင့်ရတော့မည်ဖြစ်သည်။ ချန်ရုံ၏မျက်နှာမှ ကျေနပ်နေသော အပြုံးကိုမြင်သောအခါ စွင်းယန်က ခေါင်းခါလိုက်သည်။
"မင်း ဘယ်လောက်တောင် အူမြူးနေလဲဆိုတာလည်း ကိုယ့်ဘာသာကိုယ် ပြန်ကြည့်ပါဦး..."
ထိုသို့ပြောပြီးသောအခါ စွင်းယန်က ပြုံးလိုက်ပြန်သည်။
"အားရုံ...မင်းက မင်းရတဲ့ ဘယ်လိုအခွင့်အရေးကိုမဆို ဘယ်လောက်ပဲ သေးငယ်ပါစေ လက်မလွှတ်ပဲ ဆုပ်ကိုင်ထားနိုင်တာပဲ...အဲဒါ ငါမကျွမ်းကျင်သေးတဲ့ စွမ်းရည်တစ်ခုပဲ..."
ချန်ရုံက ပြုံးပြလိုက်သည်။
"အခုမှ ငါသေချာစဉ်းစားကြည့်တော့..."
စွင်းယန်က ခပ်တိုးတိုးပြောလိုက်သည်။
"ဝမ်ဟုန်က တော်တော်လေး သနားစရာကောင်းတာပဲနော်..."
ထိုစကားကြောင့် ချန်ရုံ၏မျက်စောင်းထိုးခြင်းကို စွင်းယန်ခံလိုက်ရသည်။
စွင်းယန်က ပြုံး၍ တမင်သက်သက်လုပ်ထားသည့်ပုံဖြင့် သက်ပြင်းကြီးစွာ ချပြလိုက်သည်။
"ဟုတ်တယ်လေ...မင်းလိုမျိုး မိန်းကလေးတစ်ယောက်ကို ချစ်မိသွားလိမ့်မယ်လို့ သူဘယ်တုန်းကမှ မျှော်လင့်ထားမိမှာမဟုတ်ဘူး...အခုတော့ မင်းကို စွန့်ပစ်လို့လည်းမရ ဖက်တွယ်ထားလို့လည်းမရဖြစ်နေပြီ...သူ ဆုံးရှုံးတာပဲဖြစ်စေ ပိုင်ဆိုင်သွားတာပဲဖြစ်စေ အသည်းကတော့ ကွဲရမှာပဲလေ..."
အပြင်၌ ဆူညံသံများနှင့် အော်ဟစ်သံများက ကျယ်လောင်သထက် ကျယ်လောင်လာသည်။ ချန်ရုံတို့သတိမထားလိုက်မိခင်မှာပင် လိုက်ကာမှတစ်ဆင့် ပန်းရိုင်းများ လွင့်ပျံဝင်ရောက်လာ၍ ချန်ရုံ၏မျက်နှာပေါ်သို့ ကျသွားကြသည်။
ချန်ရုံက မျက်လုံးများကိုပွတ်သပ်၍ စွင်းယန်အား အော်ပြောလိုက်သည်။
"ရှင် သွားတော့ သွားတော့...အဲဒီမိန်းမတွေ ကျွန်မကို တစ်စစီ ဆွဲဖြဲပစ်မှာ ကျွန်မ မခံနိုင်ဘူး..."
စွင်းယန်က ပြုံးလိုက်ပြန်သည်။ ထို့နောက် ချန်ရုံ့အား စနောက်သည့်လေသံဖြင့် ပြောလိုက်သည်။
"ဒီလိုပုံစံမျိုးကိုသာ သူတို့မြင်သွားရင် မင်း ဒီနေ့ အိမ်ပြန်ဖို့ကို စဉ်းကိုမစဉ်းစားနဲ့တော့..."
ထို့နောက် တဟားဟားအော်ရယ်၍ ထွက်သွားတော့သည်။
ချန်ရုံ၏ရထားလုံးက ရှေ့သို့ ဆက်မောင်းသွားသည်။
သိပ်မကြာခင်မှာပင် ရထားလုံးက အရှိန်နှေးသွားပြန်သည်။
"ဘာဖြစ်လို့ ပြန်လာပြန်တာလဲ..."
ချန်ရုံက မော့မကြည့်ပဲ စွင်းယန်အထင်နှင့် မေးလိုက်သည်။ ချန်ရုံသည် မကျေမနပ်ပုံဖြင့် မေးလိုက်သည်ဖြစ်သော်လည်း လေသံကတော့ ပျော်ရွှင်၍ စိတ်အေးချမ်းသည့်ပုံပေါက်နေသည်။
လိုက်ကာက လှုပ်ခတ်သွားသည်။ ချန်ရုံက မျက်မှောင်ကျုံ့၍ မော့ကြည့်လိုက်သည့်အချိန််မှာပင် အမျိုးသမီးတစ်ယောက်၏အသံကိုကြားလိုက်ရလေသည်။
"အရှင်မလေးက နတ်ဆရာမ ဟုန်ယွင်ကျီ များလား...ကျွန်မရဲ့ သခင်မက အရှင်မကို တွေ့ချင်လို့ပါ..."
ကျန့်ခန်းမင်းသား၏အိမ်တော်၌ ဖြစ်ပျက်ခဲ့သော ကိစ္စများအပြီးတွင် ချန်ရုံသည် အထက်တန်းလွှာများက သူမ အား တွေ့ခွင့်တောင်းခြင်းကို အလွန်ကြောက်လန့်နေမိပြီဖြစ်သည်။
"မဟုတ်ပါဘူး..."
ချန်ရုံက အေးစက်စွာ ပြန်ဖြေလိုက်သည်။
ထို့နောက် ချန်ရုံက ရထားလုံးမောင်းသမားအား အော်ပြောလိုက်သည်။
"သွားတော့..."
ရထားလုံးသမားလည်း အလျင်အမြန်မောင်းနှင်လိုက်သည်။
အမျိုးသမီးက အနီးရှိ ရထားလုံးဆီသို့ ပြန်လှည့်၍ ရထားလုံးထဲမှ လူအားတီးတိုးပြောလိုက်သည်။
"သူက မဟုတ်ဘူးလို့ပြောတယ်..."
ခဏရပ်လိုက်ပြီးမှ စိတ်တိုတိုနှင့် ဆက်ပြောလိုက်သည်။
"လေသံကတော့ တော်တော်လေးကိုရိုင်းစိုင်းတာပဲ..."
ရထားလုံးထဲမှ လူက ခဏမျှတိတ်ဆိတ်နေပြီးမှ ပြောလိုက်သည်။
"ကျွန်မရဲ့ ဝမ်းကွဲအစ်ကို ၇ ကတော့ သူ့ကို အရူးအမူးကိုဖြစ်နေတာပဲ...အစ်ကို့ရဲ့စကားအရဆိုရင် အဲဒီမိန်းကလေးက သာမာန်မိန်းကလေးတွေနဲ့တောင် မတူပဲ တမူထူးခြားတယ်ဆိုပဲ...နောက်တစ်ခါကျရင် သူနဲ့တွေ့နိုင်အောင် ကျွန်မ လုပ်ဦးမှာပါ..."
ရထားလုံးထဲမှ မိန်းကလေး၏ ချိုအီနေသည့်အသံက အနည်းငယ် ကလေးဆန်နေလေသည်။
ထိုမိန်းကလေး၏အထိန်းတော်က ဆက်ပြောလိုက်သည်။
"ဧကရာဇ်မင်းမြတ်ကတောင် အဲဒီမိန်းကလေးနဲ့ တွေ့ပြီးပြီလို့ပြောနေကြတယ်...ဧကရာဇ်က သူ့ကို ချီလန်ရဲ့ ဂုဏ်သရေရှိကိုယ်လုပ်တော် လုပ်ပေးမယ်လို့ ကမ်းလှမ်းခဲ့တာကိုတောင်မှ သူက ပယ်ချခဲ့တာတဲ့...အဲဒီလိုမိန်းကလေးမျိုးကို ဘာဖြစ်လို့များ အရေးတယူလုပ်နေတာလဲ သခင်မလေး..."
ရထားလုံးထဲမှ မိန်းကလေးက ရယ်၍ ပြန်ဖြေလိုက်သည်။
"ကျွန်မပြောမယ် အထိန်းတော်ကြီးရဲ့...ကျွန်မရဲ့ အစ်ကို ၇ က အဲဒီလောက်တော့ ဒုက္ခခံစားသင့်တယ်မဟုတ်လား..."
ထို့နောက် မိန်းကလေး၏ ကလေးကလားဆန်သောရယ်သံက ထွက်ပေါ်လာပြန်သည်။
"အထိန်းတော်ကြီး...ဘာဖြစ်လို့ ဘာမှပြန်မပြောတာလဲ..."
ခဏကြာသည်အထိ ဘာသံမှပြန်မကြားရသောကြောင့် မိန်းကလေးက မေးလိုက်သည်။
အချိန်အနည်းငယ်ကြာသောအခါမှ အပြင်မှ တုန်လှုပ်စွာပြောလိုက်သံကို ကြားလိုက်ရသည်။
"ချီ...ချီလန်...အရှင် ဒီကိုရောက်နေတယ်..."
ရထားလုံးမှလိုက်ကာများက ပွင့်သွား၍ လှပသော မိန်းကလေး၏မျက်နှာက ထွက်ပေါ်လာသည်။ မိန်းကလေးက မျက်လုံးဝေ့ကြည့်လိုက်သောအခါ သူမ၏ ၇ယောက်မြောက် ဝမ်းကွဲအစ်ကိုက လက်များကို နောက်၌ ချိတ်ဆက်ကာ ထွက်ခွာသွားပြီဖြစ်သည့် ရထားလုံးကို ငေးကြည့်နေသည်ကို မြင်လိုက်ရသည်။ ချီလန်၏မျက်လုံးများကိုကြည့်ရင်းဖြင့် မိန်းကလေး၏နှလုံးသားက နူးညံ့လာကာ ဆက်၍ မရယ်နိုင်တော့ချေ။
.........
မိန်းကလေး၏နှလုံးသားက နာကျင်သွားရသော်လည်း မနေနိုင်ပဲ ပြောလိုက်မိသည်။
"အစ်ကို ၇...အစ်ကိုက အရမ်းပဲ အသုံးမကျရာ ရောက်မနေဘူးလား...ဒီမိန်းမအတွက်နဲ့ သူများတွေ ပြက်ရယ်ပြုဖွယ်ကောင်းတဲ့ ဂုဏ်သတင်းနဲ့ အစ်ကိုက ကျော်ကြားနေပြီ...ပြီးတော့ လူကြားထဲမှာလည်း ဧကရာဇ်ရဲ့ အမိန့်ပြန်တမ်းကို ငြင်းပယ်ခဲ့တယ်...ဧကရာဇ်ကိုလည်း မခန့်လေးစားလုပ်ပြီး မနေ့ကဆိုရင် မိန်းမစိုးဝူကိုတောင် သတ်ပစ်လိုက်တယ်မဟုတ်လား...အိမ်တော်ကလည်း အစ်ကို့ကို အရမ်းမကျေမနပ်ဖြစ်နေကြပြီ...အဲဒါတောင်မှလည်း အစ်ကိုက အဲဒီမိန်းမကို မပိုင်ဆိုင်နိုင်သေးဘူး...အစ်ကို အရမ်းကို အသုံးမကျဖြစ်နေပြီမဟုတ်ပါလား..."
ဝမ်ဟုန်က ရထားလုံးကိုငေးကြည့်နေရာမှ မိန်းကလေးကို လှမ်းကြည့်၍ ပေါ့ပေါ့ပါးပါးပင်ပြန်ပြောလိုက်သည်။
"အိမ်တော်က ငါ့ကို မကျေမနပ်ဖြစ်နေကြတာလား..."
ဝမ်ဟုန်က ပြုံးလိုက်သည်။
"သူတို့က မကျေမနပ်ဖြစ်နေကြရင်တောင် အခုထိ ငါ့ကို ဘာမှမလုပ်နိုင်ကြဘူးမဟုတ်လား...အဲဒါ ကောင်းတဲ့အရာပဲလေ..."
ပြောပြီးသောအခါ ဝမ်ဟုန်က အင်္ကျီဝတ်ရုံလက်ကို ဝှေ့ယမ်း၍ ဦးထုပ်ကို ပို၍ မြဲမြံစေရန် ဖိကာ ထွက်ခွာသွားတော့သည်။
သူမ၏အစ်ကိုဝမ်းကွဲက အနောက်သို့ တစ်ချက်မျှပင် လှည့်မကြည့်ပဲ ထွက်သွားသည်ကို မြင်သောအခါ မိန်းကလေးက ရယ်လိုက်သည်။ သူမသည် ပါးစပ်နားသို့ လက်များကို အော်လံကဲ့သို့ လုပ်၍ အဆုတ်များပေါက်ထွက်မတတ် အော်ပြောလိုက်သည်။
"ဝမ်ချီလန်...အရှင်က အပြာရောင်ဝတ်စုံဝတ်... အနားပြန့်ဦးထုပ်ကို ဆောင်းပြီး ရုပ်ဖျက်ထားပေမယ့်လည်း အရှင့်ရဲ့ တုနှိုင်းမမှီတဲ့ ဟန်ပန်အမူအရာတွေကို မဖုံးကွယ်နိုင်ပါဘူး..."
ဝမ်ချီလန်၏နာမည်ကို မိန်းကလေးက အော်လိုက်သည်နှင့်တစ်ပြိုင်နက် အနားရှိလမ်းပေါ်မှ သွားလာနေကြသောလူများသည် ခေါင်းများစောင်း၍ လှည့်ကြည့်ကုန်ကြသည်။ မိန်းကလေး၏စကားဆုံးသွားသောအခါ ပတ်ဝန်းကျင်၌ ဟစ်ကြွေးသံများ၊ အော်ဟစ်သံများနှင့် ဆူညံနေတော့သည်။
ထိုဆူညံသံများကြားတွင် တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။
"ချီလန်က အသုံးမကျတဲ့လူလည်းမဟုတ်သလို ညှိနှိုင်းဆွေးနွေးလို့မရမယ့် လူမျိုးလည်းမဟုတ်ပါဘူး...ငါကိုယ်တိုင် သူ့ကို သွားမေးကြည့်မယ်..."
မျက်စိတစ်မှိတ်အတွင်းမှာပင် အပြာရောင်ပုံရိပ်လေးသည် လူအုပ်ကြီးကြား၌ နစ်မြုပ်သွားတော့သည်။ သူမ၏ဝမ်းကွဲအစ်ကို လူများကြားမှ ရုန်းထွက်ရန် ကြိုးစားနေရသည်ကို ကြည့်၍ မိန်းကလေးက အော်ရယ်လိုက်သည်။
ထို့နောက် မိန်းကလေးသည် ခေါင်းကိုစောင်း၍ တစ်ကိုယ်တည်း တီးတိုးပြောနေလေသည်။
"အစ်ကိုရယ်...အစ်ကိုက သီလရှင်တစ်ယောက်နဲ့ မဖွယ်မရာ ချစ်ကြိုက်နေတာကိုး...လူတိုင်းက စိတ်ပျက်နေကြတာလည်း မထူးဆန်းပါဘူး...ကျွတ် ကျွတ်...နတ်သားလေးက ကောင်းကင်ဘုံကနေ နတ်သက်ကြွေလာရပြီပဲ...သနားဖို့ကောင်းလိုက်တာ..."
ထိုအခိုက်၌ မိန်းကလေး၏မျက်လုံးထောင့်မှ ရိုးရိုးသာမာန်ရထားလုံးလေးတစ်ခုထဲ၌ ထိုင်နေသော အရိပ်တစ်ခုကို ဖျတ်ခနဲ မြင်လိုက်မိသည်။ မိန်းကလေးသည် ထိုအရိပ်အား အချိန်အတန်ကြာငေးကြည့်နေပြီးမှ မလိုတမာသောအသံဖြင့် ခပ်တိုးတိုးပြောလိုက်သည်။
"မင်းသမီး ၉ လား..."
ထိုအချိန်တွင် မင်းသမီးက လမ်းထောင့်တစ်နေရာ၌ ရထားလုံးကို တိတ်ဆိတ်စွာရပ်၍ ထိုင်နေခြင်းဖြစ်သည်။ မင်းသမီးသည် လိုက်ကာကိုမ၍ လူအုပ်ကြီး၏ဝိုင်းရံခြင်းကို ခံနေရသော ဝမ်ဟုန့်ကို ဝမ်းနည်းနာကျင်သောမျက်နှာဖြင့် ကြည့်နေလေသည်။
မင်းသမီး၏မျက်နှာက ညှိုးနွမ်းနေသော်လည်း နှုတ်ခမ်းများကိုတော့ တင်းတင်းစေ့ထားသည်။
မင်းသမီး၏အနောက်မှ လိုက်ကာက လှုပ်ခတ်သွားသည်။
"အခြေအနေ ဘယ်လိုလဲ..."
မင်းသမီးက နောက်သို့ လှည့်မကြည့်ပဲမေးလိုက်သည်။ တစ်စုံတစ်ယောက်၏မျက်ဝန်းများကို စဉ်းစားလိုက်မိသောအခါ မင်းသမီး၏အသံက အနည်းငယ်တုန်ယင်သွားသည်။
"ကျွန်တော်မျိုး ဘာမှရှာမတွေ့သေးပါဘူး သခင်မလေး..."
တစ်ဖက်လူ၏အသံက ဩရှနေသည်။
"နန်းတော် အတွင်းနဲ့ အပြင်မှာချထားတဲ့ ကျွန်တော်တို့ရဲ့လူတွေလည်း မရှိကြတော့ဘူး...အဲဒီမိန်းမရဲ့ရထားလုံးနောက်ကိုလိုက်ဖို့ လွှတ်ထားတဲ့ လူတွေတောင် အခု ပျောက်ဆုံးနေကြပါတယ်..."
ခဏရပ်ပြီးမှ ထိုလူက ဆက်ပြောလိုက်သည်။
"အဲဒါ စွင်းယန် လို့ခေါ်တဲ့ ကျန်းတုံစွင်းအိမ်တော်က ကောင်လေးရဲ့ လက်ချက်များဖြစ်နေမလား..."
"ရှင် အရူးပဲ!..."
မင်းသမီးက လွှတ်ခနဲအော်ပြောလိုက်မိသည်။ ထို့နောက်တွင်မှ အံကိုကြိတ်၍ အသံကို နှိမ့်ကာ ဆက်ပြောလိုက်သည်။
"စွင်းယန်က ဟိုတလောကမှ ကျန့်ခန်းကိုရောက်လာတာလေ...စွင်းမိသားစုထဲမှာတောင် သူ့နေရာနဲ့သူ အတည်တကျမဖြစ်သေးတာ...အဲဒီလိုလုပ်ဖို့ ကျောထောက်နောက်ခံ ဘယ်လိုလုပ် ရှိနိုင်မှာလဲ..."
ထိုသို့ပြောပြီးသောအခါ မင်းသမီးသည် ဝမ်ဟုန်ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။ သူမ၏ဒေါသများက တဖြည်းဖြည်းနှင့် ဝမ်းနည်းမှု၊ ကြောက်လန့်မှုနဲ့ နာကျင်မှုတို့အဖြစ် ပြောင်းလဲသွားသည်။
"ဒါ သူ့လုပ်တာပဲနေမှာပါ...ကျွန်မ မယုံချင်ပေမယ့် သူမှန်း ကျွန်မသိတယ်...တော်ဝင်ခြေမြန်တော်ကို သတ်လိုက်ပြီးတဲ့အချိန်ကစပြီး သူပြောင်းလဲသွားတာပဲ...သူဟာ ကြင်နာပြီး နူးညံ့တဲ့ ဝမ်ချီလန်မဟုတ်တော့ပဲ ကြောက်စရာကောင်းလောက်အောင်ကို သွေးအေးရက်စက်တဲ့လူဖြစ်နေပြီ..."
ထို့နောက် မင်းသမီးက မျက်လုံးများကို မှိတ်၍ တိုးတိုးပြောလိုက်သည်။
"အဲဒီမိန်းမက သူ့ရဲ့အပိုင်ဖြစ်ပြီး ဘယ်သူကမှ အဲဒီမိန်းမကို မထိရဲအောင်လို့ သတိတွေပေးနေတာ ကျွန်မသိတယ်...ထားပါလေ...ကျွန်မလည်း စိတ်ကို ငြိမ်အောင်ထားပြီး အဲဒီချန်ရုံဆိုတဲ့မိန်းမကို ချီလန် ဘယ်လောက်ကြာကြာ ကာကွယ်ပေးမလဲဆိုတာ စောင့်ကြည့်ရတာပေါ့...အဲဒီမိန်းမကို မြင်တာနဲ့တင် ကျွန်မ အော့အန်ချင်မိတယ်...ချီလန် လက်လွှတ်လိုက်တာနဲ့တစ်ပြိုင်နက် အဲဒီမိန်းမကို ရှင် တာဝန်ယူပြီး လုပ်သင့်တာလုပ်လိုက်ပါ...သူ့ကို ကျွန်မ နောက်တစ်ခါထပ်ပြီး ဘယ်တော့မှ မတွေ့ချင်တော့ဘူး..."
မင်းသမီးသည် အံကိုကြိတ်၍ ထိုစကားများကိုပြောနေသော်လည်း သူမ၏လေသံထဲ၌ ဖုံးဖိထားသော အကြောက်တရားတစ်ခုလည်းပါနေသည်။ မင်းသမီးသည် ဤမနက် နိုးထလာသောအခါ သူမ၏ဆံပင်တစ်ခွေကို ဖြတ်တောက်ထားခြင်းခံရကြောင်း သတိထားလိုက်မိသည်။ သူမသည် အလွန်ပင်ကြောက်လန့်တုန်လှုပ်သွားသောကြောင့် သူမ အား ခစားနေသည့် အစေခံများကိုပင် သေဒဏ်ပေးခဲ့မိသည်။
မှန်ရှေ့၌ ထိုင်၍ သူမ၏ပုံရိပ်ကို ပြန်ငေးကြည့်နေမိသည့်အချိန်တွင် မင်းသမီးသည် သူမ၏ ဧကရာဇ်အစ်ကိုတော် ပြောခဲ့သည့် စကားများကို ပြန်သတိရသွားမိသည်။
လန်ယာဝမ်ချီက နတ်သားတစ်ပါးနဲ့တူနေပမယ့် သူ့ရဲ့စိတ်နေစိတ်ထားကတော့ ဝံပုလွေတစ်ကောင်လိုပဲ...သူဘာမှမလုပ်ပဲ ငြိမ်နေရင် ဘာမှမဖြစ်ပေမယ့် သူလှုပ်ရှားပြီဆိုရင်တော့ လျှပ်စီးလိုမျိုးလျင်မြန်တဲ့ ဒေါသမျိုးနဲ့ ရောက်လာမှာပဲ...
မင်းသမီးက ထိုစကားကို မယုံချင်သော်လည်း ဝမ်ချီ၏ပုံရိပ်က သူမ၏အတွေးထဲ၌ ပေါ်ပေါ်လာသည်။ ထို့ကြောင့်သာလျှင် မင်းသမီးသည် ဤမနက်၌ ဝမ်ချီနှင့် စကားပြောရန် နန်းတော်မှ ထွက်လာခဲ့ခြင်းဖြစ်သည်။
သို့သော် ဝမ်ချီနှင့် စကားပြောရန်ပင် မလိုလိုက်ပါချေ။ ခုနကပင် ဝမ်ချီသည် လူအုပ်ကြားထဲမှနေ၍ မင်းသမီးအား စူးရှ၍ သနားကြင်နာခြင်းကင်းမဲ့သော မျက်လုံးများဖြင့် လှမ်းကြည့်နေသည်ကို မြင်လိုက်ရသည်။ ဝမ်ချီ၏အကြည့်သည် မင်းသမီးအသက်ရှင်နေသည်ကို အလိုမကျသည့်ပုံစံပင်ဖြစ်နေသည်။ ထို့ကြောင့် ချက်ချင်းဆိုသလိုပင် သူမ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသူမှာ ဝမ်ချီဖြစ်ကြောင်း လက်ခံသွားရတော့သည်။ ဝမ်ချီသည် သူမ အား သတိပေး၍ လုပ်နေသည်များကိုရပ်တန့်ရန် အမိန့်ပေးနေခြင်းဖြစ်သည်။
မကြာသေးမီကပင် ဝမ်ဟုန်၏အပြစ်တင်မှုကြောင့် နန်းတော်ထဲ၌ မင်းသမီးကို လှောင်ပြောင်မှုများရှိခဲ့သည်။ ယခုတွင်တော့ ဝမ်ဟုန်၏သည်းခံနိုင်စွမ်းက အတိုင်းအတာကျော်လွန်သွားပြီဖြစ်ဟန်တူသောကြောင့် မင်းသမီးသည် သည်းခံ၍ အချိန်တစ်ခုအထိ စောင့်ဆိုင်းနေရန်သာ ရှိတော့သည်။
ခေါင်းကိုငုံ့၍ မျက်ရည်များကို အင်္ကျီဝတ်ရုံလက်နောက်၌ ဖုံးကွယ်ရင်း ကိုးယောက်မြောက်မင်းသမီးက ခပ်တိုးတိုးပြောလိုက်သည်။
"သွားတော့..."
"ဟုတ်ကဲ့..."
မကြာမီမှာပင် ကျောင်းတော်သို့ ချန်ရုံပြန်ရောက်လာသည်။