အပိုင်း 204
Viewers 24k

Chapter 204


မကြာမီမှာပင် ကျောင်းတော်သို့ ချန်ရုံပြန်ရောက်လာခဲ့သည်။

ကိုယ်လက်သန့်စင်ပြီးသောအခါ ချန်ရုံသည် ခပ်ဝေးဝေးတောင်ကြားတစ်ခု၌ လှေငယ်လေးတစ်ခုကို ချည်နှောင်ထားသည်ကို မြင်နေရသော တောင်၏အနောက်ဘက်ဆီသို့ အပြေးလေးသွားလိုက်သည်။ ထိုနေရာ၌ အဖိုးစွင်းနှင့် ပိန်ပါးသောလူတစ်ဦးတို့ စကားပြောနေကြသည်။ သူတို့နောက်တွင်တော့ အစေခံအနည်းငယ် ရပ်နေကြသည်။

ချန်ရုံရောက်လာသည်ကို မြင်သောအခါ လူတိုင်းက အရိုအသေပေးလိုက်ကြသည်။

ချန်ရုံက ခေါင်းတစ်ချက်ငြှိမ့်ပြ၍ လှေဆီသို့ အမြန်လျှောက်လာကာ လှည့်ပတ်ကြည့်ပြီးသည့်နောက်တွင် ပိန်ပါးသောလူအားမေးလိုက်သည်။

"ကျွန်မတို့ အခုစလို့ရပြီလား..."

သာမာန်မျိုးရိုးမှဆင်းသက်လာသော ထိုလူသည် ကျန့်ခန်း၌ နာမည်ကျော်ကြားသော အရှင်မလေးရှေ့၌ ခေါင်းမထောင်ရဲဖြစ်နေသည်။
"ဟုတ်ကဲ့..."

"ဒါဆို ကျွန်မကို သင်ပေးပါတော့..."

"ဟုတ်ကဲ့..."

ထိုလူက လှေပေါ်သို့ခုန်တက်လိုက်သည်။ ရေပြင်ပေါ်သို့ရောက်သွားသည်နှင့် တစ်ပြိုင်နက် ထိုလူ့မျက်နှာမှ စိတ်ကျဉ်းကျပ်နေမှုများက ပျောက်ကွယ်သွားလေသည်။ ထိုလူသည် ချန်ရုံ့ကိုကျောခိုင်းထားရင်းဖြင့် ရှင်းပြနေသည်။
"အရှင်မလေး...လှေလှော်တယ်ဆိုတာ တကယ်တော့ မခက်ပါဘူး...အဓိကသော့ချက်က ကိုယ့်ရဲ့ခွန်အားကို ကောင်းကောင်းအသုံးချတတ်ဖို့ပဲ..."
ထိုလူက ရှင်းပြနေရင်းဖြင့် ကိုယ်ဟန်အမူအရာများဖြင့်ပါ သရုပ်ဖော်ပြနေသည်။

ချန်ရုံကလည်း စိတ်ပါဝင်စားစွာ နားထောင်နေသည်။ တစ်ချက်တစ်ချက်တွင် ထိုလူ သရုပ်ပြနေသည့်အတိုင်း ချန်ရုံပါလိုက်၍ လှော်ခတ်သည့်ပုံစံကို လိုက်လုပ်နေလေသည်။

ကိုယ်ခံသိုင်းပညာကိုသင်ထားဖူးသောချန်ရုံ့အတွက် ဟန်ချက်ညီအောင်နေရန်မှာ သိပ်မခက်ခဲလှပဲ ချန်ရုံကိုယ်တိုင်ကလည်း သင်ချင်စိတ်ပြင်းပြနေသောကြောင့် ၁၅မိနစ်ခန့်အတွင်းမှာပင် ထိုလူရှင်းပြနေသည့်အရာအားလုံးကို ချန်ရုံ သဘောပေါက်နားလည်သွားသည်။ ရေကန်တစ်ဝိုက်၌ ချန်ရုံကိုယ်တိုင် လှေကိုလှော်ကြည့်နေသောအခါ နှစ်ပေါင်းများစွာ လှေလှော်တတ်သော လှေသမားတစ်ယောက်နှင့်ပင် တူနေတော့သည်။

ချန်ရုံက ရယ်၍ အဝေးမှ အဖိုးစွင်းအား လှမ်းအော်ပြောလိုက်သည်။

"အဖိုးစွင်း ကျွန်မ လှေလှော်နိုင်သွားပြီ...လှေဆရာကို ပိုးထည်တစ်လိပ်ပေးပြီး အိမ်ပြန်ပို့ပေးလိုက်ပါ..."
လှေဆရာလည်း အလွန်အံ့ဩသွားသောကြောင့် မြေပေါ်၌ ဒူးထောက်၍ ချန်ရုံ့အား ကျေးဇူးတင်နေလေသည်။ ပိုးထည်တစ်လိပ်တဲ့လား။ ပိုးထည်တစ်လိပ်ရရန် ဤမျှ လွယ်ကူသည်လား။ လူချမ်းသာများအတွက် အလုပ်လုပ်ပေးရခြင်းသည် တကယ်ပင် ပိုက်ဆံရရန် လွယ်ကူပါကလား။

လှေလှော်တတ်သွားသော ချန်ရုံသည် အလွန်ပင် ပျော်ရွှင်နေ၍ ပုံမှန်နှင့်မတူပဲ ရေကန်ထဲ၌ လှေကို ခေါက်တုံ့ခေါက်ပြန်လှော်ကာ သီချင်းတစ်ပုဒ်ကို ကျယ်‌လောင်စွာ အော်ဆိုနေလေသည်။

"လှည့်စားတတ်တဲ့လူငယ်လေးက

ကျွန်မကို စကားမပြောပါ

သူ့ကြောင့်

ကျွန်မ ဘာမှလည်းမစားနိုင်ခဲ့ပါ

လှည့်စားတတ်တဲ့ လူငယ်လေးဟာ

ကျွန်မနဲ့ တူတူ မစားခဲ့ပါ

သူ့ကြောင့်

အိပ်မပျော်ညတွေလည်း များလှပါပြီ..."(1)

[(1) 狡童 - သီချင်းများစာအုပ်မှ "လှည့်စားတတ်သောလူငယ်လေး" သီချင်း။]

ချန်ရုံ၏အသံက မြူးကြွ၍ ကျယ်လောင်နေသောကြောင့် အသည်းကွဲ၍ ဝမ်းနည်းဖွယ်ရာစာသားများသည်ပင် ပျော်ရွှင်ဖွယ်ရာဖြစ်လာသည်။ ထိုသီချင်းကို နှစ်ခါမျှဆိုပြီးသောအခါမှပင် ချန်ရုံ မျက်မှောင်ကြုတ်လိုက်သည်။
ငါ ဘာဖြစ်လို့ ဒီလိုသီချင်းမျိုးကို ဆိုလိုက်တာပါလိမ့်...အခုတော့ ဘာအကြောင်းမှမရှိပဲ ငိုချင်လာပြီ...
ထိုအတွေးနှင့်အတူ ချန်ရုံသည် ခေါင်းကို ခါယမ်း၍ လှေကို ကမ်းစပ်ဆီသို့ ပြန်လှော်လာလိုက်သည်။

ကမ်းစပ်သို့မရောက်ခင်မှာပင် လူငယ်တစ်ဦး၏ ရယ်သံက ချန်ရုံ့နားထဲသို့ ရောက်လာသည်။
"ငါတောင် ဒီနားမရောက်သေးဘူး...မင်းရဲ့ အချစ်သီချင်းတွေ အော်ဆိုနေတဲ့အသံကို အရင်ကြားနေရတယ်...နည်းနည်းပါးပါးလည်း သီလရှင်နဲ့တူအောင် နေဦးလေ အားရုံရယ်..."

ထိုအသံမှာ စွင်းယန်၏အသံဖြစ်လေသည်။

ချန်ရုံက စွင်းယန်ကိုတွေ့လိုက်ရ၍ ပျော်ရွှင်သွားမိသည်။ သူမသည် စွင်းယန်ကို မျက်စောင်းထိုးလိုက်သော်လည်း ရွှင်ပျစွာ ပြောလိုက်သည်။
"ဘယ်သူကရော ရှင့်ကို ခိုးနားထောင်နေခိုင်းလို့လဲ..."
ထို့နောက် ချန်ရုံက စွင်းယန်အား ခေါင်းအစ ခြေအဆုံး သေချာကြည့်၍ မေးလိုက်သည်။
"ရှင် ဘာဖြစ်လို့ ဒီလိုဝတ်စားထားရတာလဲ...တစ်နေရာရာကို သွားမလို့လား..."

စွင်းယန်က နဖူးပေါ်သို့ကျနေသော ဆံနွယ်တစ်ပင်ကို ပြန်သပ်တပ်၍ ပြောလိုက်သည်။
"မင်းပဲ ကျန့်ခန်းကို လျှောက်ကြည့်ချင်တယ်ဆို...မင်းကို အဖော်လုပ်ပေးဖို့ ငါရောက်လာတာလေ..."

ထိုစကားကိုကြားသောအခါ ချန်ရုံသည် အလွန်အမင်းပင် ပျော်ရွှင်သွားမိကာ မြေကြီးပေါ်သို့ ခုန်ချ၍ မေးလိုက်သည်။
"တကယ်လား...ရှင် တကယ်ပြောနေတာလား..."

"တကယ်ပေါ့..."
စွင်းယန်က ရယ်၍ပြောလိုက်သည်။
"စိတ်မပူပါနဲ့...ငါနဲ့အတူ ကိုယ်ရံတော် ဆယ်ယောက်ခေါ်လာတယ်...မင်း စိတ်ပူနေသေးရင်လည်း တော်ဝင်အစောင့်တွေကိုပါ ခေါ်ခဲ့လိုက်ပေါ့..."
နန်းတော်မှ တော်ဝင်အစောင့်များသည် အလွန် ဟိတ်ဟန်များကြ၍ ချန်ရုံ၏အမိန့်ကို နာခံရသည်ကို အသားမကျကြသေးချေ။ ထို့ကြောင့် ချန်ရုံက ထိုအစောင့်များကို မနက်က ညီလာခံသို့ပင်ခေါ်မသွားခဲ့ပေ။ ယခု ကျန့်ခန်းသို့သွားမည့်လမ်း၌ ခေါ်ခဲ့ဖို့က ပို၍ပင် ဝေးပါသေးသည်။

"အားရုံ..."
စွင်းယန်က ချန်ရုံ၏ပခုံးကိုပုတ်၍ မျက်စိတစ်ဖက် မှိတ်ပြလိုက်သည်။

ချန်ရုံက စွင်းယန်အား မယုံသင်္ကာပုံဖြင့် မျက်စောင်းထိုးလိုက်သည်။

စွင်းယန်က ချစ်စရာကောင်းလောက်အောင် သွားများဖြီး၍ ချန်ရုံ့အားပြုံးပြလိုက်သည်။
"အားရုံ...မနက်တုန်းကလိုပဲ ဝတ်ခဲ့နော်..."
ချန်ရုံ၏ မေးခွန်းထုတ်သော မျက်လုံးများကိုကြည့်၍ စွင်းရန်က ခေါင်းကိုကုတ်၍ တံတွေးတစ်ချက်မြိုချကာ ပြောလိုက်သည်။
"ဟဲဟဲ...မင်းမသိတာ တစ်ခုရှိတယ်...ကျွေးဟုန်လောမှာ အရမ်းကိုကောင်းတဲ့ ဝိုင်အရက်တွေရှိတယ်...ဒါပေမယ့် သူတို့က ပညာရှိတဲ့လူတွေရယ်...နောက်တော့...ဟဲဟဲ ရုပ်ချောတဲ့လူငယ်လေးတွေကိုပဲ တည်ခင်းပေးတာ..."

စွင်းယန်က မျက်လုံးများပိတ်သွားသည်အထိ ညစ်ကျယ်ကျယ်လေးပြုံး၍ ဆက်‌ပြောလိုက်သည်။
"မင်းပဲ စဉ်းစားကြည့်လေ...ငါတို့နှစ်ယောက်လုံးဆိုရင် အနည်းဆုံး တစ်ယောက်ကတော့ လူချောလေးစာရင်းဝင်မှာပဲမဟုတ်လား..."
ချန်ရုံက မျက်ခုံးတစ်ဖက် ပင့်လိုက်သည်ကို မြင်သောအခါ စွင်းယန်က အမြန်ထပ်ပြောလိုက်သည်။
"ငါပြောတာက...ငါတို့ဘက်က လိုအပ်ချက်မရှိအောင် လုပ်သွားသင့်တယ်မဟုတ်လား...မင်းက မိန်းကလေးဆိုတော့ အဲဒီဝိုင်အရက် ဘယ်လောက်ကောင်းလဲဆိုတာ သိမှာမဟုတ်ပါဘူး..."
စွင်းယန်က ပြောရင်း တံတွေးမြိုချလိုက်သောကြောင့် သူဆက်ပြောနေသည်များကို ချန်ရုံ မကြားရတော့ချေ။

စွင်းယန်၏အလေးအနက်ပြောနေသည့်ပုံကို ချန်ရုံ အကဲခတ်လိုက်သည်။ စွင်းယန်တစ်ယောက် စနောက်နေသည်မဟုတ်မှန်း ဆုံးဖြတ်ပြီးသောအခါမှ ချန်ရုံက ပြုံး၍ ခေါင်းငြှိမ့်လိုက်သည်။
"ကောင်းပြီလေ..."

"ဟာ ဟုတ်ပြီ...လာ သွားကြစို့..."

စွင်းယန်က အလျင်လိုနေသောကြောင့် ချန်ရုံသည် အင်္ကျီလဲပြီးပြီးချင်းမှာပင် စွင်းယန်၏ ရထားလုံးထဲသို့ ခုန်တက်လိုက်ရသည်။ သူတို့သည် အစောင့် ဆယ်ဦး ခြံရံ၍ မြို့ထဲသို့ မောင်းနှင်လာကြသည်။

ကျွေးဟုန်လောသို့မရောက်ခင်မှာပင် အမွှေးရနံ့များက ချန်ရုံတို့၏နှာခေါင်းထဲသို့ တိုးဝင်လာသည်။ အဆောင်များဆီမှ ချောမောလှပသော မိန်းမပျိုလေးများက အောက်သို့ငုံ့ကြည့်၍ ဟိုဟိုဒီဒီ လက်ညှိုးထိုးနေကြသည်

ထိုအခိုက်၌ စွင်းယန်က ရုတ်တရက် အော်လိုက်သည်။
"ခဏရပ်ဦး..."
ရထားလုံးမောင်းသူက ဘာမှပြန်မပြောသောအခါ စွင်းယန်က ထပ်၍ အမြန်အော်လိုက်သည်။
"အဲဒီရထားလုံးနောက်ကိုလိုက်..."

စွင်းယန် ပြောနေသည့်ရထားလုံးမှာ ကျွေးဟုန်လောမှ ခုနကပင် ထွက်လာသည့် ပန်းရောင်ရထားလုံးဖြစ်သည်။

ရထားလုံးမောင်းသူကလည်း ထိုပန်းရောင်ရထားလုံးနားသို့ အမြန်မောင်းနှင်သွားလိုက်ရာ စွင်းယန်က အထဲမှ ခေါင်းပြူ၍ တစ်ဖက်မှ ရထားလုံးမောင်းသူကို လှမ်းကြည့်နေသည်။ ခဏအကြာမှ စွင်းယန် ရုတ်တရက် ထအော်လိုက်သည်။
"အရှင်စွင်းလင်...အရှင့်ရဲ့ ဂုဏ်ပုဒ်ကိုတောင် စွန့်ပစ်ပြီး ဝူကနေ ကျန့်ခန်းကိုရောက်လာပြီး ရထားလုံးသမားဘဝရောက်အောင် လုပ်ခဲ့တဲ့ အလှလေးရဲ့နာမည်က ဘယ်လိုခေါ်လဲဗျ..."

စွင်းယန်၏အသံ၌ ‌ဒေါသများပါနေ၍ မျက်လုံးများကလည်း မီးတောက်များတောက်လောင်နေသကဲ့သို့ ရဲရဲတောက်နေသည်။

ပန်းရောင်ရထားလုံး၏လိုက်ကာက ပွင့်ဟသွား၍ အထဲမှ အမျိုးသမီးတစ်ဦးနှင့် သူမ၏ အစေခံတို့က စွင်းယန်အား လှမ်းကြည့်နေကြသည်။ ကျွေးဟုန်လောဒုတိယထပ်မှလည်း လှပသော မိန်းကလေးနှစ်ဦးတို့က စွင်းယန်အား ငုံ့ကြည့်နေကြသည်။

ပန်းရောင်ရထားလုံးမောင်းသူက သက်ပြင်းချ၍ စွင်းယန်ကို လှည့်ကြည့်လိုက်သည်။ ထိုလူသည် မြင့်မားသော ပါးရိုး၊ ချိုင့်ခွက်နေသော မျက်လုံးများနှင့် ရှည်လျားသော လက်များ ရှိသည်။ ပထမတစ်ချက် ကြည့်လိုက်လျှင် ထိုလူသည် ပိန်ပိန်ပါးပါးနှင့် သာမာန်လူတစ်ယောက်သာဖြစ်သော်လည်း နောက်တစ်ကြိမ်ထပ်၍ သေချာအကဲခတ်ကြည့်လိုက်ပါက ထိုလူသည် အထက်တန်းလွှာမှဆင်းသက်လာသူကဲ့သို့ အိန္ဒြေသိက္ခာနှင့် ကိုယ်ရည်ကိုယ်သွေးများရှိနေသည်ကို မြင်တွေ့ရပေမည်။

ထိုလူသည် စွင်းယန်အား ကြည့်၍ သက်ပြင်းထပ်ချကာ ပြောလိုက်သည်။
"ကောင်လေး...ငါ့နာမည်ကို အဲဒီလို လက်လွတ်စပယ်အော်ပြောနေလို့မရဘူးလေ...အခု ငါ့ရဲ့ သခင်အိမ်မှာ ငါဘယ်လို ဆက်နေရတော့မှာလဲ..."

စွင်းယန်က ထိုလူအား လက်ညှိုးထိုး၍ တုန်ယင်နေသောအသံဖြင့်ပြောလိုက်သည်။
"ခင်ဗျားက ကျန်းတုံက စွင်းဝူရဲ့ မျိုးဆက်မဟုတ်ဘူးလား...ဘာဖြစ်လို့ အစေခံတစ်ယောက်လို နေနေရတာလဲ..."

"ငါက အစေခံလို့ မင်းကို ဘယ်သူပြောလို့လဲ..."
ရထားလုံးမောင်းသူက မ‌ကျေနပ်သည့်ပုံဖြင့် မျက်လုံးဝေ့ကာ ပြောလိုက်သည်။
"ငါက အချိန်တော်တော်များများမှာ ဖန့်အိမ်တော်ရဲ့ ဝိုင်အရက်သိုလှောင်ခန်းကို ဦးစီးတာ...တစ်ခါတစ်လေမှသာ ရထားလုံးဝင်မောင်းပေးတာ..."
ထိုလူက ခပ်တိုးတိုးပြောလိုက်သည်။
"ငါ ဒီအရက်ကိုသောက်ဖို့ သုံးနှစ်ကြီးများတောင် စောင့်ခဲ့ရတာ...အခုတော့ ငါ အရသာတောင်မခံရသေးဘူး မင်းလုပ်တာနဲ့ ပျက်စီးသွားရပြီ...ဘယ်လိုတောင် မကောင်းတဲ့ကံလဲ..."

ထိုလူ့ကိုကြည့်ရသည်မှာ အလွန်အမင်းပင် စိတ်ပျက်သွားပုံရသည်။ သူသည် ရထားလုံးပေါ်မှ ခုန်ဆင်း၍ အနားများစုတ်နေသည့် အင်္ကျီလက်ကို ဝှေ့ယမ်းကာ ခေါင်းကိုခါ၍ ထွက်သွားတော့သည်။ ထိုလူ ခြေလှမ်း ဆယ်လှမ်းခန့် လှမ်းပြီးသောအခါမှပင် စွင်းယန်က လှမ်းအော်လိုက်သည်။
"ဦးရီးတော်...ဘယ်သွားမလို့လဲ..."

ထိုအခိုက်၌ ပန်းရောင်ရထားလုံးထဲမှ အမျိုးသမီးကလည်း အော်ပြောလိုက်သည်။
"အဖိုးရွှင်း အဖိုးရွှင်း....ဘယ်ကို သွားမလို့ပါလဲ...ကျွန်မ..ကျွန်မတို့ကို ဒီမှာ ဒီအတိုင်း ထားခဲ့လို့မရဘူးလေ..."
အမျိုးသမီးသည် အလွန်ကြောက်လန့်နေ၍ ခြေထောက်များကို ဆောင့်နေလေသည်။

ထိုလူ့အား များများလှမ်းခေါ်ကြလေ၊ ထိုလူက ပို၍ မြန်မြန်လျှောက်လေဖြစ်နေသည်။ တစ်ခဏအတွင်းမှာပင် ထိုလူသည် မြင်ကွင်းမှ ပျောက်ကွယ်သွားတော့သည်။

စွင်းယန်တစ်ယောက် ငြိမ်သက်သွားသည်ကို မြင်သောအခါ ချန်ရုံက ခပ်တိုးတိုးပြောလိုက်သည်။

"သူ့နောက်ကိုလိုက်ဖို့ လူမလွှတ်ဘူးလား..."

စွင်းယန်က သက်ပြင်းချလိုက်သည်။
"သူကမှ အလိုမတူတာ ဘာထူးတော့မှာလဲ..."
စိတ်က မပျော်တော့ပဲ အုံ့မှိုင်းသွားရသောကြောင့် စွင်းယန်သည် ရထားလုံးမောင်းသူအား ပြန်လှည့်၍ မြို့ကိုသာ တစ်ပတ်ပတ်ရန် ပြောလိုက်သည်။

ရထားလုံးက တရွေ့ရွေ့သွားနေချိန်တွင် စွင်းယန်က ညှိုးငယ်၍ မှိုင်တွေနေသည်။ အချိန်အနည်းငယ်ကြာသောအခါမှ အရှေ့မှ စားပွဲကို ရိုက်၍ ဒေါသတကြီးပြောလိုက်သည်။
"ဦးရီးတော်က မိုက်မဲနေတာပဲ...အရှေ့ပိုင်းဝူပြည်နယ်က နာမည်ကျော်ပညာရှိ နဲ့ စွင်းမိသားစုရဲ့ မျိုးဆက်တစ်ယောက်အနေနဲ့ အရက်လေးတစ်ခွက်သောက်ရဖို့ သူ့ရဲ့ မိသားစုနဲ့ ရာထူးကိုပစ်ပြီး ဒီမှာလာပြီး ကိုယ်ယောင်ဖျောက်နေတာ ဖြစ်သင့်တဲ့အလုပ်လား...သူ နည်းနည်းလေးတောင်မစဉ်းစားတတ်ဘူးလား..."

ဒေါသထွက်နေသော စွင်းယန်ကိုကြည့်၍ ချန်ရုံက ပြုံးချင်စိတ်ကို မနည်းချိုးနှိမ်လိုက်ရသည်။
"ဒါပေမယ့် သူ့ကို ကြည့်ရတာ တကယ်ပဲ ပညာထက်မြက်မယ့်ပုံပေါ်ပါတယ်..."
ချန်ရုံ့စကားကြောင့် စွင်းယန်က မျက်စောင်းထိုးလိုက်သည်။ ချန်ရုံလည်း အမြန်ပြုံးပြ၍ စွင်းယန်၏ကျောကုန်းကို ခပ်ဖွဖွဘေး ပုတ်ပေးလိုက်သည်။

စွင်းယန်က အနောက်သို့ မှီကာ မျက်လုံးများကို မှိတ်ထားလိုက်သည်။

ရထားလုံးသည် ချန်ရုံနှင့် အနည်းငယ်ရင်းနှီးနေသော တိတ်ဆိတ်သည့်လမ်းတစ်ခုပေါ်သို့ ရောက်လာသည်။ ခဏအကြာတွင် ဤနေရာသည် သူမ၏အစ်ကိုနေထိုင်သောနေရာဖြစ်သည်ကို ချန်ရုံ ရုတ်တရက် သတိရသွားလေသည်။

ထိုအခိုက်မှာပင် အမျိုးသမီးတစ်ဦး၏ အာခေါင်ခြစ်၍ အော်လိုက်သံက စူးရှစွာ ထွက်ပေါ်လာသည်။
"ငရဲပြည်ကိုသာသွားလိုက်တော့ ဘာမှစောက်သုံးမကျတဲ့ အမှိုက်ထုပ်ကြီး...ရှင့်ရဲ့ညီမဆီသွားပြီး စကားလေးပြောဖို့ကို ဘာတွေများ ဒီလောက်ခက်ခဲနေရတာလဲ...တစ်နေ့ တစ်နေ့ အချိန်ဆွဲနေတာ မပြီးတော့ဘူး...ကျွန်မ..ကျွန်မတော့ ရှင့်ကို သတ်မိတော့မယ်နော်..."

အော်ဟစ်သံများကြားတွင် ခန္ဓာကိုယ်ကြီးမားသော အမျိုးသမီးတစ်ဦးက ပိန်ပါးသော အမျိုးသားတစ်ဦးကို သူမ၏ခန္ဓာကိုယ်ကြီးနှင့် ဝင်တိုက်ပစ်လိုက်သည်။ ထို့နောက် လက်ကိုမြှောက်၍ အမျိုးသားအား ပယ်ပယ်နယ်နယ် ရိုက်နှက်နေတော့သည်။

ချန်ရုံက ဖြည်းညှင်းစွာထ၍ ရထားလုံးမောင်းသူအား ရပ်ရန် ပြောလိုက်သည်။

ချန်ရုံ၏လေသံက တစ်မျိုးဖြစ်နေသည်ကို သတိထားလိုက်မိသောကြောင့် စွင်းယန်က လှည့်လိုက်လိုက်သောအခါ လမ်းကြားထဲမှ စုံတွဲအား ငေးကြည့်နေသော ချန်ရုံ့ကို မြင်လိုက်ရသည်။
"သူတို့တွေက ဘယ်သူတွေလဲ..."

ချန်ရုံက ခဏမျှ တိတ်ဆိတ်နေပြီးမှ ဝန်ခံလိုက်သည်။
"ကျွန်မရဲ့ အစ်ကိုနဲ့ သူ့မိန်းမပါ..."

"ဘာ..."

ချန်ရုံက ခေါင်းကိုမော့၍ စွင်းယန်အား ခပ်တိုးတိုးပြောလိုက်သည်။
"ကျွန်မ အရင်ဆင်းသွားလိုက်မယ်...အခြေအနေကို ကြည့်ပြီးမှ ရှင် ဆင်းလာလိုက်..."

စွင်းယန်က ခေါင်းငြှိမ့်လိုက်သည်။

ချန်ရုံသည် ရထားလုံးပေါ်မှဆင်း၍ လျှောက်သွားလိုက်သည်။

ခြေလှမ်း ဆယ်လှမ်းမျှ လှမ်းပြီးသောအခါ ချန်ရုံသည် မှောင်မိုက်သော လမ်းကြားထဲသို့ရောက်သွား၍ ရန်ဖြစ်နေသော စုံတွဲအား ငေးကြည့်နေမိလျက်သား ဖြစ်သွားသည်။
"တော်ကြပါတော့..."
ချန်ရုံ အမိန့်ပေးလိုက်သည်။

လုံးထွေးနေသော လူနှစ်ယောက်က ရုတ်တရက် ရပ်တန့်သွားကြသည်။

ချန်ရုံ့ကိုမြင်သောအခါ အရိုက်နှက်ခံထားရ၍ ဒဏ်ရာအညိုအမည်းများစွဲနေသော သခင်ချန်က ပျော်ရွှင်စွာပြောလိုက်သည်။
"အားရုံ...ညီမလေး...ညီမလေး ပြန်ရောက်နေတာလား..."

တစ်ချိန်တည်းမှာပင် သခင်မချန်၏ စူးရှသော အသံက ထွက်ပေါ်လာသည်။
"ဪ ဘယ်သူများလဲလို့...သခင်မလေးပါလား...ဒီလိုကြွရောက်လာတာ ကျွန်မဝမ်းသာလိုက်တာ..."
သခင်ချန်က သူမယောင်္ကျား၏အဝတ်အစားများကို ပွတ်သပ်ခါပေး၍ ကော်လာကို ဆွဲဆန့်ပေးကာ ချန်ရုံ့ကိုပြုံး၍ ရင်းနှီးစွာ နှုတ်ဆက်လိုက်သည်။
"ဘာတွေပဲဖြစ်ခဲ့ ဖြစ်ခဲ့ ကျွန်မတို့တွေက အမြဲ မိသားစုတွေ ဖြစ်နေမယ်ဆိုတာ ကျွန်မသိသားပဲ...အခုလည်း ကျွန်မတို့ နည်းနည်း ဒုက္ခရောက်နေပြီဆိုတာနဲ့ သခင်မလေးက ရောက်လာပေးတယ်လေ..."

ချန်ရုံက ဘာမှမပြောပဲ တိတ်တဆိတ်သာ အကဲခတ်နေ၍ သခင်ချန်အား မေးလိုက်သည်။
"ဘာတွေဖြစ်နေကြတာလဲ..."

ချန်ရုံ့အစ်ကိုက ညှိုးငယ်သည့်မျက်နှာနှင့် နှုတ်ဆိတ်နေဆဲမှာပင် ယောင်းမဖြစ်သူက အော်ကြီးဟစ်ကျယ် ဝင်ပြောလိုက်သည်။
"သခင်မလေးရယ် ဒီလိုပါ...ကျွန်မတို့မှာ ဆိုင်ခန်းနှစ်ခုရှိတာ သိတယ်မဟုတ်လား...အခု ဆိုင်ခန်းတစ်ခုကို အထက်တန်းလွှာက သူဌေးတစ်ယောက်က မျက်စိကျပြီး ကျွန်မတို့ဆီက အတင်းသိမ်းယူမယ်လုပ်နေတယ်လေ....သခင်မလေးက လူချမ်းသာတွေကြားမှာ ဝင်ဆန့်တော့ ကျွန်မတို့အစား အဲဒီသူဌေးကို ဆိုင်ခန်းကိုမယူအောင် နားချပေးစေချင်လို့ပါ..."

ယောင်းမဖြစ်သူက ပြောပြီးသည်နှင့်တစ်ပြိုင်နက် သခင်ချန်က စိတ်ဆိုးမာန်ဆိုး ဝင်ပြောလိုက်သည်။

"ငါ့ညီမကို မလိမ့်တပတ်စကားတွေနဲ့ လိမ်ညာမနေပါနဲ့...မင်းရဲ့မောင်တွေ လောင်းကစားအလုပ်ကောင်းပြီး ဆိုင်ကို အကြွေးဆပ်လိုက်ရတာလေ..."

ထို့နောက် သူ၏မိန်းမ၏ ဒေါသတကြီး မျက်စောင်းထိုးမှုကို လျစ်လျူရှု၍ သခင်ချန်သည် ဒဏ်ရာရနေသော ခြေထောက်ကို မနည်းဆွဲ၍ ချန်ရုံ့အား လှမ်းခေါ်လိုက်သည်။

"အားရုံ...ဒီကိစ္စတွေကို အရေးလုပ်မနေပါနဲ့တော့...ညီမလေးသာ ဒီထဲဝင်ပါနေရင် ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းနေရမှာမဟုတ်ဘူး..."

သခင်ချန် ထိုသို့ပြောပြီးသည်နှင့် တစ်ပြိုင်နက် သခင်မချန်က ဒေါသအလွန်ထွက်ကာ အော်ဟစ်၍ သခင်ချန်ကို ခုန်အုပ်လိုက်ပြန်လေသည်။

သို့သော် ချန်ရုံ၏မျက်လုံးများက ကြောက်မက်ဖွယ်ကောင်းလောက်အောင်ပင် အေးစက်နေ၍လားမသိ၊ သခင်မချန်သည် ရုတ်တရက်ဆိုသလို အင်အားများကုန်ခမ်း၍ သူမ၏ယောင်္ကျားကို မရိုက်ပုတ်နိုင်ပဲ အနားရှိနံရံကိုမှီ၍ အမောဖောက်နေလေတော့သည်။

ချန်ရုံက တိတ်တဆိတ်ခိုး၍ သက်ပြင်းချလိုက်သည်။

"သူက ဒီလောက်တောင်ဆိုးရွားနေတယ်ဆိုရင်လည်း ဘာဖြစ်လို့ သူနဲ့ ဆက်ပေါင်းနေသေးတာလဲ အစ်ကို..."

ချန်ရုံ ထိုသို့ ပြောပြီးပြီးချင်းမှာပဲ ကျယ်လောင်သော ငိုယိုသံက ပေါ်ထွက်လာသည်။ သခင်မချန်က မြေကြီးပေါ်၌ ဒူးထောက်ကျကာ ရင်ဘတ်ကို တအုံးအုံးထုရိုက်၍ ခြေထောက်များကို ဆောင့်ကာ အော်ဟစ်နေတော့သည်။

"အမလေး...ကောင်းကင်ဘုံက နတ်မင်းကြီးတွေရဲ့...မျက်စိတွေ မှိတ်မထားပဲဖွင့်ကြည့်ပေးကြပါ...ဒီလို မျိုးမစစ်အောက်တန်းစားမက ဘယ်လိုများ ဒီလောကမှာ ရှိနေနိုင်ရတာလဲ...ကောင်းကင်ဘုံက နတ်မင်းကြီးတွေ...ကျွန်မကို သနားတော်မူကြပါ...ဒီအမှိုက်မက သူ့အစ်ကိုကို မိန်းမနဲ့ကွာရှင်းဖို့ တိုက်တွန်းနေပါတယ် အရှင်နတ်မင်းကြီးတို့ရဲ့..."

သခင်မချန်၏ အော်ဟစ်ငိုယိုသံကြောင့် အနားမှ ဖြတ်သန်းသွားလာနေကြသူများလည်း ရပ်၍ လှည့်ကြည့်ကုန်ကြတော့သည်။

ထိုအချိန်မှာပင် အနားသို့ ခြေသံတစ်ခုရောက်လာသည်။