အပိုင်း 205
Viewers 24k

Chapter 205



ထိုခြေသံသည် ချန်ရုံ့ကိုကျော်၍ သခင်မချန်နားသို့ ရောက်သွားသည်။ သခင်မချန်က ကမ္ဘာပျက်မတတ် အော်ဟစ်ငိုယိုနေချိန်တွင် အလင်းတန်းတစ်ခုက သူမ၏မျက်စိကိုစူးသွားစေ၍ အေးစက်သောဓားသွားက သူမ၏ တုတ်ခိုင်သောလည်ပင်းဆီသို့ ရောက်လာသည်။

သခင်မချန်သည် ဤကဲ့သို့သော အခြေအနေမျိုးကို တစ်ခါမှ မကြုံဖူးချေ။ သူမ၏ အော်ဟစ်သံများသည် လည်ချောင်း၌ ဆို့နင့်သွားသည်။ သူမ၏ ပြူးကျယ်သော ခပ်ညစ်ညစ်မျက်လုံးများဖြင့် မျက်နှာနှင့် လက်မအနည်းငယ်သာကွာတော့သော ဓားသွားကို တုန်ယင်စွာ ကြည့်နေမိသည်။

သခင်မချန်၏ ပါးစပ်ပိတ်သွားသည့်အချိန်မှပင် စွင်းယန်က ချန်ရုံ့အား လှည့်ကြည့်၍ မေးလိုက်သည်။

"ဒီမိန်းမကို ဘာလုပ်လိုက်ရမလဲ..."

ချန်ရုံက သူမ၏အစ်ကိုအား လှမ်းကြည့်၍ တည်ငြိမ်လေးနက်သောအသံဖြင့် ခေါ်လိုက်သည်။

"အစ်ကို..."
ထို့နောက် ခဏရပ်လိုက်ပြီးမှ ဒေါသနှင့် စိတ်ပျက်မှုတို့ ရောယှက်နေသော အသံဖြင့် ဆက်ပြောလိုက်သည်။

"ကျွန်မမှာ ငွေကြေးကမရှားဘူး...ဒီမိန်းမကိုသာ အစ်ကို လိုလိုလားလားနဲ့ ကွာရှင်းလိုက်မယ်ဆိုရင် ဒီ့ထက်ပိုကောင်းတဲ့ဘဝတစ်ခုမှာ အစ်ကို သက်တောင့်သက်သာနေနိုင်အောင် ကျွန်မ လုပ်ပေးလို့ရတယ်...ဒါပေမယ့် အစ်ကို ဒီမိန်းမနဲ့ ဆက်ပေါင်းနေဦးမယ်ဆိုရင်တော့ ကျွန်မတို့ ဒီလိုပုံစံအတိုင်း သူစိမ်းတွေလိုပဲ ဆက်နေသွားကြရမှာပဲ...အစ်ကို့ကို ကျွန်မရဲ့အစ်ကိုလို့ သတ်မှတ်တာလည်း ဒါ နောက်ဆုံးအကြိမ်ပဲ ဖြစ်လိမ့်မယ်..."

သခင်ချန်က ချန်ရုံ့အားကြည့်၍ ထို့နောက် စွင်းယန်အား ကြည့်လိုက်သည်။

မှောင်မိုက်သော လမ်းကြားထဲ၌ ရပ်နေသော်လည်း သခင်ချန်သည် စွင်းယန်၏ ဒေါသကို ကြောက်ဒူးများတုန်သည်အထိ ကြောက်နေမိသည်။

"အားရုံ...ဒါ..ဒါက ကြီးမားတဲ့ ကိစ္စတစ်ခုပဲ...အစ်ကိုတို့ အမြန်ကြီး ဆုံးဖြတ်လို့ မဖြစ်ဘူးလေ..."

ချန်ရုံက သဘောတူသည့်လေသံဖြင့် ပြန်ပြောလိုက်၍ တစ်ဖက်သို့လှည့်လိုက်သည်။

"ဒါဆိုရင် အစ်ကို စဉ်းစားဖို့ ကျွန်မ ရက်နည်းနည်း အချိန်ပေးမယ်..."

ထို့နောက် ထွက်မသွားခင်တွင် စွင်းယန်အား တစ်ချက်လှမ်းကြည့်လိုက်သည်။

ချန်ရုံနှင့် စွင်းယန်ကြားက ရင်းနှီးမှုအတိုင်းအတာက ကြီးမားလွန်းသောကြောင့် ထိုအကြည့်တစ်ချက်နှင့်ပင် ချန်ရုံပြောချင်သည်ကို စွင်းယန် သဘောပေါက်သွားသည်။ စွင်းယန်သည် သခင်မချန်၏လည်ပင်းထံမှ ဓားကို ပြန်ရုတ်၍ သခင်မချန်အား စေ့စေ့ကြည့်ကာ အေးစက်စွာ သတိပေးလိုက်သည်။
"စုန်းမကြီး ကြပ်ကြပ်သတိထားနေပါ...နောက်ထပ် ဒီလို လက်သည်းတွေ ထုတ်လာမယ်ဆိုရင် ခင်ဗျားရဲ့ လက်တွေအတွက် သတိသာထားနေပေတော့..."

ထို့နောက် ‌ဒေါသတကြီးဖြင့် လှည့်ထွက်လာလိုက်သည်။

သခင်မချန်က ချန်ရုံတို့အား ငေးကြည့်နေပြီးမှ မတ်တပ်ထရပ်ကာ အပြင်သို့ ပြေးထွက်လာလိုက်သည်။

သခင်မချန်သည် လမ်းပေါ်သို့ပြေးတက်၍ ရထားလုံးပေါ်သို့တက်နေသော ချန်ရုံတို့အား၎င်း၊ အနောက်မှ ထပ်ချပ်မကွာလိုက်နေသော ကိုယ်ရံတော်ဆယ်ယောက်အား၎င်း၊ လှပ၍ အထက်တန်းကျသော ရထားလုံးအား၎င်း ကြည့်ပြီးမှ မြေပေါ်သို့ တံတွေးထွေးချကာ ပြောလိုက်သည်။
"ဘယ်လိုတောင် ဖာဆန်နေရတာလဲ...ယောင်္ကျားတွေကို တစ်ယောက်ပြီးတစ်ယောက်ပြောင်းနေတာ..."
ထိုသို့ ပယ်ပယ်နယ်နယ်ဆဲဆိုနေသော်လည်း သခင်မချန်၏မျက်နှာကတော့ ကြောက်စိတ်နှင့် ပြာနှမ်းနေလေသည်။

ရထားလုံးပေါ်ရောက်သည်နှင့်တစ်ပြိုင်နက် စွင်းယန်က ပျင်းရိစွာပြောလိုက်သည်။
"ဒီလိုလူတွေအပေါ်မှာ ဒီလောက်အထိ အချိန်နဲ့ ခွန်အားတွေ ဖြုန်းနေစရာမလိုဘူးလေ...မင်း အဲဒီမိန်းမကြီးကိုမကြိုက်ရင် တစ်ယောက်ယောက်ကိုလွှတ်ပြီး သတ်ခိုင်းလိုက်ပေါ့..."

ချန်ရုံက ခေါင်းကိုငုံ့ထား၍ အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးမှ တိုးတိုးလေးပြောလိုက်သည်။
"အစ်ကို့ရဲ့ဘဝကို ကျွန်မက ဝင်ပြီး ဆုံးဖြတ်ပေးလို့မှမရပဲ..."

ထို့နောက် ချန်ရုံက စွင်းယန်ဘက်သို့လှည့်၍ ပြုံးပြလိုက်သည်။
"ဒီကိစ္စတွေက ပျော်စရာမကောင်းပါဘူး...ကျွန်မတို့ရဲ့ ခရီးကိုဆက်ရအောင်လေ..."

စွင်းယန်က ခေါင်းငြှိမ့်လိုက်သည်။

ထို့နောက် ထိုင်ခုံနောက်သို့မှီ၍ ချန်ရုံ့အား စိုက်ကြည့်နေလေသည်။

စွင်းယန်ကြည့်နေသည်ကို သတိထားလိုက်မိသော ချန်ရုံက ရယ်လိုက်သည်။
"ဘာတွေ ဒီလောက်ကြည့်နေတာလဲ..."

စွင်းယန်က အကြည့်ကိုမလွှဲပဲ ပြောလိုက်သည်။
"အားရုံ...မင်းဘာဖြစ်လို့ သီလရှင် လုပ်ချင်ခဲ့ရတာလဲ...မင်းဘဝတစ်လျှောက်လုံး အထီးကျန်နေရတော့မှာပေါ့...ငါ..ငါ..."
စွင်းယန်က ပြောရင်းဖြင့် သက်ပြင်းချလိုက်ပြန်သည်။
"ငါ ကျန့်ခန်းကိုမလာခင်က ဝမ်အိမ်တော်က ဒီလောက် အာဏာကြီးမှန်းမသိခဲ့ဘူး...မင်း ကျောင်းတော်ကနေ ထွက်ချင်တယ်ဆိုရင် ဝမ်ချီလန်ကို အကူအညီတောင်းလို့ရတယ်လေ..."

ချန်ရုံက စွင်းယန်ကိုကြည့်၍ နှုတ်ခမ်းစူကာ ပြောလိုက်သည်။
"ဒီလောကီကမ္ဘာကြီးကို ကျွန်မ ပြန်လာချင်တယ်လို့ ဘယ်သူပြောလို့လဲ...ဒီအတိုင်းက အကုန်အဆင်ပြေနေတာပဲလေ..."

စွင်းယန်က ခေါင်းခါလိုက်သည်။
"မိသားစုလည်းမရှိ...သူငယ်ချင်းမိတ်ဆွေလည်းမရှိ...အသက်ကြီးလာရင်လည်း အားကိုးရမယ့်လူမရှိနဲ့ဟာကို ဘယ်လိုများ ပိုကောင်းတယ်လို့ပြောနိုင်ရတာလဲ...ပြီးတော့ မင်းက ပွဲလမ်းသဘင်တွေကိုလည်း ကြိုက်တယ်လေ အားရုံ..."

ချန်ရုံက ဘာမှမပြောပဲ တည်သွားသည်။ သူမသည် နှုတ်ခမ်းများကို တင်းတင်းစေ့၍ စွင်းယန်ကို ပြန်ခံပြောမည်ဟု ကြံမိသော်လည်း နောက်ဆုံးတွင်တော့ ဘာပြန်ပြောစရာစကားမှ ထွက်မလာချေ။

ရထားလုံးထဲ၌ တိတ်ဆိတ်မှုသာ ဖုံးလွှမ်းနေတော့သည်။

"မင်းကို ရှာမတွေ့ခင်က ငါ ဝမ်ဟုန့်ကို သွားတွေ့ခဲ့တယ်..."
စွင်းယန်က ရုတ်တရက်ပြောလိုက်သည်။ သူသည် ခါး၌ချိတ်ထားသောဓားကို ပွတ်သပ်ကာ ခြိမ်းခြောက်သောလေသံဖြင့် ဆက်ပြောလိုက်သည်။
"အစကတော့ လူတွေသတိမထားမိတဲ့အချိန်မှာ သူ့ရဲ့ကိုယ်ပေါ်ကို ဒဏ်ရာအမှတ်အသားတစ်ခုလောက်ရသွားအောင် လုပ်ဖို့ပဲ...ဒါပေမယ့် သူပြောတဲ့စကားတစ်ခွန်းကြောင့် ငါ သူ့ကို ဘာမှမလုပ်ပဲ လွှတ်ပေးလိုက်ခဲ့တယ်..."

ချန်ရုံက စွင်းယန်ဘက်သို့လှည့်၍ မေးလိုက်သည်။
"သူက ဘာပြောခဲ့တာလဲ..."

"ဝမ်ဟုန်က လန်ယာဝမ်အိမ်တော်ရဲ့ အကြီးအကဲတစ်ယောက်ကို သူ့ရဲ့ အမျိုးသမီးက ဘယ်လောက်ပဲ ထိန်းသိမ်းရခက်ပြီး ဆန့်ကျင်ဘက်ဖြစ်နေပါစေ သူကိုယ်တိုင်ပဲ အုပ်ထိန်းပြီးသင်ကြားပေးမယ်...တခြားဘယ်သူကမှ ဝင်စွက်ဖက်ပြီး သူ့ရဲ့မိန်းကလေးကို ထိစရာမလိုဘူး လို့ပြောနေတာကို ငါကြားခဲ့တယ်..."

"သူ့ရဲ့ မျိုးနွယ်အကြီးအကဲတစ်ယောက်ကို ဒီလို ပြန်ပြောဖို့ဆိုတာ...အားရုံ...အဲဒီကောင်လည်း သူတတ်နိုင်သမျှတော့ ကြိုးစားနေတဲ့ပုံပါ...မင်းအတွက် သူအများကြီး ကြိုးပမ်းခဲ့ပေးတာပဲ..."
ထို့နောက် စွင်းယန်က လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ ဒေါသနှင့်ပြောလိုက်သည်။
"ဒါပေမယ့် အဲဒီခွေးသားက ဘာဖြစ်လို့ မင်းကို သူ သင်ကြားပေးလို့ရတဲ့အခွင့်အရေးရှိတယ်လို့ ထင်နေရတာလဲ...တောက်...ကောက်ကျစ်တဲ့ မိမစစ်ဖမစစ်ကောင်...ငါ့ကို စိတ်တိုအောင် လာလုပ်နေတာပဲ..."


ချန်ရုံက အောက်သို့ငုံ့ကြည့်နေမိသည်။ အချိန်အနည်းငယ်ကြာမှ ပြုံးကာပြောလိုက်သည်။
"ဒီအကြောင်းတွေ ဆက်မပြောကြရအောင်ပါ...ရှင် မြို့တစ်ပတ်ကို အေးအေးဆေးဆေးနဲ့ ရထားလုံးစီးချင်တယ်မဟုတ်ဘူးလား..."

စွင်းယန်က မျက်နှာကို ရှုံ့လိုက်သည်။
"မင်း စကားလမ်း‌ကြောင်းလွှဲနေပြန်ပြီ..."
စွင်းယန်သည် ရထားလုံးထဲမှ ခေါင်းပြူ၍ မောင်းနေသူအား အော်ပြောလိုက်သည်။
"သွားကြမယ်...အနောက်ဘက်လမ်းကိုမောင်း..."

ထို့နောက် ထိုင်ခုံပေါ်သို့ ပြန်မှီ၍ လက်များကို ခေါင်းနောက်သို့ထား၍ ပြောလိုက်သည်။
"အနောက်ဘက်လမ်းကိုရောက်ဖူးလား အားရုံ...အဲဒီနေရာက အရမ်းလှတယ်...ဘယ်နေရာသွားသွား တံတားတွေ စမ်းချောင်းတွေကြီးပဲ...ညဘက်တွေမှာဆိုရင် နန်းတွင်းသူတွေက ရေကန်ထဲက ဆေးရောင်ခြယ်ထားတဲ့ ဖောင်ပေါ်မှာ သီချင်းတွေ ဆိုပြီး တေးသွားတွေ တီးခတ်ကြတယ်...အရမ်းကို ကြည့်လို့လှတယ်..."

‌ပြောနေရင်းဖြင့် စွင်းယန်၏အသံက တဖြည်းဖြည်း တိုးသွားသည်။

ချန်ရုံက တစ်ချက်လှမ်းကြည့်လိုက်၍ နားလည်သွားကာ သက်ပြင်းချလိုက်သည်။
"အရမ်းလည်း အတွေးတွေများမနေပါနဲ့...အခု ရှင့်ရဲ့ဦးရီးတော်အကြောင်းသိသွားပြီဆိုတော့ အိမ်ကိုပြန်ပြီး အသိပေးလိုက်လေ..."

စွင်းယန်က မျက်မှောင်များကျုံ့ကာ ‌စဉ်းစားလိုက်သည်။ ထို့နောက်တွင်မှ တစ်ဖက်သို့လှည့်၍ မတ်တပ်ရပ်ကာပြောလိုက်သည်။
"ကောင်းပြီ...ဒါဆိုလည်း အိမ်ကိုပြန်ကြတာပေါ့..."

ရထားလုံးက အနောက်သို့ ပြန်ကွေ့သွားသည်။

စွင်းယန်သည် ချန်ရုံ့အား ဘုရားကျောင်းတော်ဆီ ပြန်ပို့‌ပြီးမှ ပြန်လှည့်ထွက်သွားသည်။ ပြန်သွားသော စွင်းယန်၏ရထားလုံးကိုကြည့်နေပြီးမှ ချန်ရုံလည်း ကျောင်းတော်ဘက်သို့ လှည့်လိုက်သည်။

ခြံဝန်းတံခါးကိုကျောပေး၍ အရှေ့၌ ထူထပ်သောသစ်တောအုပ်တစ်ခုကို မျက်နှာချင်းဆိုင်လျက်ရှိသော တောင်ကုန်းလေးတစ်ခုပေါ်တွင်ရပ်နေလျက်က ချန်ရုံသည် သီချင်းလေးတစ်ပုဒ်ကို ညည်းကာ လမ်းစလျှောက်လိုက်သည်။

ခြေလှမ်းအနည်းငယ်လျှောက်ပြီးသောအခါ အဖြူရောင်ပုံရိပ်တစ်ခုကို တွေ့လိုက်ရသောကြောင့် ခြေလှမ်းများတုံ့၍ သီချင်းညည်းနေသည်ကိုလည်း ရပ်လိုက်မိသည်။

ထိုအဖြူရောင်နှင့်လူသည် ချန်ရုံ့နားသို့ ဖြည်းညှင်းစွာ တိုးကပ်လာသည်။ ချန်ရုံနှင့် နီးကပ်သွားသောအခါ ထိုလူသည် ချန်ရုံ့အားငုံ့ကြည့်၍ ချန်ရုံ၏နဖူးနှင့် နှာခေါင်းပေါ်သို့ လေပူများ ရှူထုတ်လိုက်သည်။

"ရှင် ဒီကိုရောက်နေတာပဲ..."
ချန်ရုံက ပြောလိုက်သည်။ ဘာမှပြန်ဖြေသံ မကြားရသောအခါ ချန်ရုံက ပြုံး၍မေးလိုက်သည်။
"ရောက်နေတာ ဘယ်လောက်ကြာနေပြီလဲဟင်..."

ချန်ရုံက ပြောရင်းဖြင့် မော့ကြည့်လိုက်ရာ နီရဲနေသောမျက်နှာကို တွေ့လိုက်ရသည်။ လူငယ်သည် ချန်ရုံ့အား နူးညံ့သော်လည်း အနည်းငယ် ရီဝေနေဟန်‌တူသောမျက်လုံးများဖြင့် ငေးကြည့်နေလေသည်။ လန့်သွားသော ချန်ရုံလည်း မနေနိုင်ပဲ လူငယ်ကို မျက်နှာကို ကိုင်လိုက်မိသည်။

"အို ကိုယ်တွေအရမ်းပူနေတာပါလား...အရှင် ဖျားနေတာလား..."
ချန်ရုံက အလန့်တကြားအော်လိုက်သည်။

သူမ၏ရှေ့မှ အမျိုးသားကတော့ ခပ်အေးအေးပြုံးနေဆဲပင်ဖြစ်သည်။ ချန်ရုံက လူငယ်အားကိုင်ကာ ဆူပူလိုက်သည်။
"ဒီလောက်ဖျားနေတာကို ဘာဖြစ်လို့ ဒီကိုလာရတာပါလဲ...သမားတော်ကို လာမကြည့်ခိုင်းထားဘူးလား..."

လူငယ်က ချန်ရုံ့အား မူးဝေစွာ မော့ကြည့်လိုက်သည်။ ယခင်က အမြဲတမ်း တည်ငြိမ်၍ သန်မာခဲ့သော အမျိုးသားသည် သူ၏ အပြင်ပန်းအမူအရာများအားလုံးကို စွန့်ပစ်၍ အားနည်းသော ကလေးလေးသဖွယ်ဖြစ်နေတော့သည်။ သူ၏မျက်လုံးများထဲမှ အားနည်းမှုနှင့် ယခုလောလောဆယ် ချည့်နဲ့နေမှုတို့က ချန်ရုံ၏နှလုံးသားကို အရည်ပျော်အောင် လုပ်နေသကဲ့သို့ ဖြစ်နေလေသည်။

"ဘာဖြစ်လာတာလဲ..."
ချန်ရုံက မေးလိုက်သည်။

လူငယ်က ခေါင်းကိုငုံ့လိုက်ကာ ချန်ရုံ၏ ပခုံးပေါ်သို့ မှီတွယ်၍ အားနည်းဖျော့တော့သောအသံဖြင့် ပြန်ဖြေလိုက်သည်။
"ဘာမှမဖြစ်ပါဘူး..."

ချန်ရုံက လူငယ်၏နဖူးကို စမ်းကြည့်လိုက်ပြန်သည်။ ခြစ်ခြစ်တောက်ပူနေဆဲဖြစ်သောကြောင့် ချန်ရုံ စိတ်ပူသွားမိသည်။ ထို့ကြောင့် ရင်ဘတ်ကို စမ်းရန် ကြိုးစားလိုက်ပြန်သည်။

ထိုအချိန်၌ ချန်ရုံ၏ပခုံးပေါ်သို့မှီနေသော လူငယ်က တိုးတိတ်စွာပြောလိုက်သည်။
"လှေ‌ဆီကိုသွား..."

လူငယ်၏တစ်ကိုယ်လုံးနီးပါးက ချန်ရုံ့ကိုမှီတွယ်နေသောကြောင့် အားမရှိဖြစ်နေသည်မှာ အလွန်သိသာလွန်းနေသည်။
"ကျောင်းတော်ဆီကို ပြန်သွားတာ ပိုမကောင်းဘူးလား..."
ချန်ရုံက တိတ်တဆိတ် မေးလိုက်သည်။

"မသွားဘူး..."
လူငယ်က ချန်ရုံ၏လက်ကောက်ဝတ်ကိုလှမ်းကိုင်လိုက်ရာ ထိုနေရာ၌ အပူလောင်သွားသကဲ့သို့ ခံစားလိုက်ရသည်။
"ကိုယ်တို့နှစ်ယောက်တည်းရှိနေရတာကိုပဲ သဘောကျတယ်..."

ကိုယ်တို့နှစ်ယောက်တည်းရှိနေရတာကိုပဲ သဘောကျတယ်...

ဘာကြောင့်မှန်းမသိသော်လည်း ထိုစကားကြောင့် ချန်ရုံ့ရင်ထဲ ကြည်နူးကာ ပျော်သွားမိသည်။

ထို့ကြောင့် ချန်ရုံလည်း မတတ်နိုင်တော့ပဲ လူငယ်ကို တွဲကာ တောင်‌ကုန်းပေါ်မှဆင်းရန် သဘောတူလိုက်ရတော့သည်။ ကံကောင်းစွာပင် ကိုယ်ခံသိုင်းပညာကို သင်ထားဖူးသောကြောင့် ဤအရွယ်ရောက်ပြီးသောအမျိုးသားတစ်ယောက်ကို သေချာ ချန်ရုံ တွဲ‌နိုင်နေခြင်းဖြစ်သည်။ တွဲနေရင်းဖြင့် အသက်ရှူမြန်လာသော်လည်း ခြေလှမ်းတစ်ရာခန့်ကိုတော့ သေသေချာချာတွဲ၍ လမ်းလျှောက်နိုင်လိုက်သည်။

ရေကန်နားသို့ရောက်လာသောအခါ ချန်ရုံသည် လူငယ်အား တစ်ယောက်တည်း သေချာရပ်နိုင်အောင် လုပ်ပေး၍ စားပွဲတစ်လုံးကိုမလာကာ လူငယ့်ကို လေမတိုးနိုင်သောနေရာ၌ ထိုင်ခိုင်းလိုက်သည်။

လူငယ်က ထိုင်ပြီးသောအခါ ချန်ရုံ့ကိုပါ ဆွဲ၍ ထိုင်ခိုင်းလိုက်သည်။ ချန်ရုံက သေချာမထိုင်ရသေးခင်မှာပင် လူငယ်က ချန်ရုံ၏ ပေါင်‌ပေါ်သို့ လှဲချကာ မျက်လုံးများ မှိတ်ထားလိုက်လေသည်။

ချန်ရုံက သူ၏နဖူးကိုကိုင်ကြည့်၍ ပြောလိုက်သည်။
"ရှင် အဖျားတွေတက်နေတယ်...ကျွန်မတို့ သမားတော် ပင့်မှဖြစ်မယ်..."

"မခေါ်နဲ့..."
လူငယ်က နှုတ်ခမ်းကို တင်းတင်းစေ့၍ ပြောလိုက်သည်။

"ခုတလော စုပြည်နယ်မှာ အူယောင်ငန်းဖျားရောဂါတွေ ဖြစ်နေတာ..."

ချန်ရုံက ထိုနာမည်ကိုကြားလိုက်ရ၍ တုန်လှုပ်သွားချိန်တွင် လူငယ်က ခပ်တိုးတိုးဆက်ပြောလိုက်သည်။
"ကိုယ် အခုပဲ အဲဒီနေရာက ပြန်ရောက်လာတာ...အိမ်ရှေ့စံလည်း အဲဒီရောဂါနဲ့ဖျားနေတယ်ဆိုတဲ့ သတင်းတွေ ဒီမနက် ကြားလာသေးတယ်..."

ထို့နောက် လူငယ်က နှုတ်ခမ်းကိုစေ့၍ မျက်လုံးဖွင့်ကြည့်လိုက်သည်။ စိတ်ပူနေသော ချန်ရုံ့ကိုမြင်သောအခါ အနည်းငယ်ပြုံး၍ ပြောလိုက်သည်။

"မင်းရဲ့ချီလန်က ဘယ်လောက်တောင် မာနကြီးတယ်ဆိုတာ မင်းသိတယ်မဟုတ်လား...အဲဒီလူတွေ သူတို့လိုချင်နေတာရသွားမှာကို ကိုယ်မလိုလားဘူး...အဲဒါကြောင့် ကိုယ်ဖျားနေတယ်ဆိုတာ သိသိချင်း မင်းဆီကိုလာခဲ့တာ...အူယောင်ငန်းဖျားရောဂါ မဟုတ်ရင်တော့ ကောင်းတာပေါ့...ဒါပေမယ့် တကယ်လို့ အဲဒီရောဂါ ဖြစ်နေတယ်ဆိုရင်လည်း ကိုယ့်နားမှာ မင်းရှိနေတဲ့အတွက် ကိုယ်ဝမ်းသာပါတယ်..."

အူယောင်ငန်းဖျားရောဂါသည် ဟန်ပြည်ထောင်ခေတ်တည်းက ကုသ၍မရပဲ သေဆုံးခြင်းနှင့်သာ အဆုံးသတ်ရသည့် ရောဂါဖြစ်သည်။ ထိုရောဂါအကြီးအကျယ်ဖြစ်ပွားခဲ့ချိန်က အိမ်ဆယ်အိမ်တွင် ကိုးအိမ်က လူလုံးဝမကျန်တော့သည်အထိ ဖြစ်ခဲ့ရသည်။ တုနှိုင်းမဲ့သည့်သမားတော် ကျန်းကျုံးကျင်း က အူယောင်ငန်းဖျားရောဂါအတွက် ကုသနည်းကိုရေးသားခဲ့သော်လည်း ထိုပေစာကို ရတနာတစ်ပါးဟု သတ်မှတ်၍ သိမ်းဆည်းထားလိုက်ကြသည်။ ဟန်ခေတ်အကုန်တွင် ဟူလူမျိုးများ၏ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ထိုပေစာလည်း ပျောက်ချင်းမလှ ပျောက်သွားခဲ့ရကာ ယခု ဘယ်ဆီသို့ရောက်နေမှန်း မည်သူမှ မသိကြတော့ချေ။

ထိုပေစာမရှိတော့သောကြောင့် လူများသည် အူယောင်ငန်းဖျားရောဂါကို အလွန်ကြောက်ရွံ့ကြသည်။ ထိုရောဂါ၏ ကူးစက်တတ်သောအခြေအနေကြောင့် ထိုရောဂါ ဖြစ်ပြီဆိုသည်နှင့် အခြားရွေးချယ်စရာမရှိပဲ လူနာကို စွန့်ပစ်ထားကြရသည်။ ယခု ဝမ်ဟုန်ကဲ့သို့ အမွေဆက်ခံမည့်သားတစ်ယောက်ကို ထိုကဲ့သို့ မစွန့်ပစ်လျှင်တောင်မှ အခြားလူများအား မကူးစက်စေရန် တစ်ယောက်တည်း သီးသန့် ပိတ်လှောင်ထားကြမည်ပင်ဖြစ်သည်။

ချန်ရုံ၏ နှုတ်ခမ်းများက တဆတ်ဆတ်တုန်ယင်နေသည်။
"အဲဒီရောဂါ ဟုတ်ချင်မှဟုတ်မှာပါ..."

"ဖြစ်နိုင်ပါတယ်..."
ဝမ်ဟုန်က တိုးတိတ်စွာပြောလိုက်သည်။
"ကိုယ်က အစတည်းကလည်း ကျန်းမာရေး သိပ်ကောင်းခဲ့တာမဟုတ်ဘူး...ကိုယ့်အသက်ဆယ်နှစ်မပြည့်ခင်မှာပဲ နှစ်ခါလောက် သေမလိုဖြစ်ခဲ့ဖူးတယ်တဲ့..."

ဝမ်ဟုန်စကားပြောနေသောအခါ သူ၏ရှည်လျားသောမျက်တောင်များက မျက်လုံးအောက်တွင် အရိပ်များ ကျနေစေသည်။ ထိုအရိပ်များနှင့် ဝမ်ဟုန်၏နီရဲနေသောမျက်နှာတို့ ပေါင်းစပ်လိုက်သောအခါ ဝမ်ဟုန့်ကိုကြည့်ရသည်မှာ အလွန်ချောမော၍ အားနွဲ့နူးညံ့နေလေသည်။

ချန်ရုံသည် သူမကိုယ်သူမ သတိမထားမိလိုက်ခင်မှာပဲ ဝမ်ဟုန့်အား သူမနှင့်နီးကပ်စေရန် ဆွဲဖက်လိုက်သည်။

ဝမ်ဟုန်က ပြုံးလိုက်သည်။ ထို့နောက် စကားပြောရသည်မှာ အလွန်ပင်ပန်းသွားစေသောကြောင့် မျက်လုံးများကိုမှိတ်ထားလိုက်သည်။ ခဏအကြာမှ ဆက်ပြောသည်။
"ကိုယ်ငယ်ငယ်တုန်းက ကိုယ်က အသက်ရှည်ရှည်နေရမှာမဟုတ်ဘူးလို့ တစ်ယောက်ယောက်က ပြောခဲ့ဖူးတယ်...အဲဒီစကားက လူတော်တော်များများဆီပျံ့သွားတယ်လေ...ဒါကြောင့် ဒီလိုကူးစက်ရောဂါမဖြစ်ခင်တုန်းက လူတွေကို အတတ်နိုင်ဆုံး မစော်ကားမိစေဖို့ ကိုယ်ဂရုစိုက်ခဲ့တယ်...ဒီအူယောင်ငန်းဖျားရောဂါနဲ့မသေရင်တောင် လူဆိုးတွေရဲ့လက်ချက်နဲ့သေရမှာ ကိုယ်ကြောက်နေမိတယ်..."

ချန်ရုံက ဝမ်ဟုန်၏မျက်နှာကိုကိုင်၍ နူးညံ့စွာမေးလိုက်သည်။
"ကျွန်မ ဘာလုပ်ပေးရမလဲ..."

"ကိုယ်နေရတာ အရမ်းပူနေတယ်...အေးတာတစ်ခုခုနဲ့ အုပ်ပေးရင် ကောင်းမှာပဲ..."

ချန်ရုံက ချက်ချင်းပင် သူမ အဝတ်အစားလဲရန်လိုလျှင် အဆင်သင့်ဖြစ်စေရန် အပိုထားထားသည့် အဖြူရောင်ဝတ်စုံကို လှမ်းယူလိုက်သည်။ ထိုဝတ်စုံ၏အသားက အတော်အတန်ထူသောကြောင့် ချန်ရုံ့နဖူးမှ အပြာရောင်သွေးကြောများ ပေါ်လာသည်အထိ အားနှင့် ဆွဲဖြဲနေသော်လည်း အဝတ်က နည်းနည်းတောင် မပြဲလာပေ။

ထို့ကြောင့် ချန်ရုံသည် ခေါင်းကိုငုံ့၍ အဝတ်ကို သွားနှင့်ကိုက်ကာ ဆွဲဖြဲလိုက်တော့သည်။ "‌ဗြိ" ဟူ၍ အဝတ်စပြဲသွားသံကို ကြားသောအခါမှသာ အားစိုက်ထုတ်လိုက်ရ၍ နီရဲနေသော ချန်ရုံ၏မျက်နှာပေါ်၌ အလိုကျသော အပြုံးလေးပေါ်လာတော့သည်။