(7)
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ခုနှစ်စင်ကြယ်နန်းတော်


Chapter (7)

လူခေါင်းပေါင်းတစ်ရာကျော်


ဘယ်လောက်တောင် ကြာသွားလဲမသိ။ စိတ်ကူးယဉ် အိပ်မက်တွေက ထပ်ခါထပ်ခါ ရီဝေဝေ ဝါးတားတား ဖြစ်နေသည်။ အဖြူရောင် ၀တ်စုံနဲ့ အမျိုးသမီးတစ်ဦးက သူ့အား ကျောပေးနေတာကို တွေ့လိုက်ရသည်။ သူမမျက်နှာကို မြင်ချင်တာကြောင့် သူအရှေ့ကို ပြေးသွားပေမယ့် သူမကျောကိုသာ မြင်နေရသည်။ 


နောက်တော့ သူ ထပ်ခါထပ်ခါ ပြေးသည်။ သို့သော် ဘယ်လိုပဲ ပြေးနေပါစေ သူ့နောက်ကျောကိုပဲ မြင်နေရတော့ ဘာဖြစ်နေတာလဲလို့ တွေးရင်းနဲ့ ရုတ်တရက် သူမမှာ ကျောကုန်း နှစ်ဖက်ရှိနေတာကို သိလိုက်ရတော့သည်။


သူ ကျယ်လောင်စွာ အော်ဟစ်ပြီး မျက်လုံးကို ဖွင့်လိုက်တော့ သွေးနီရောင် တိမ်တွေကို မြင်လိုက်ရလေ၏။ နေဝင်ချိန် နီးပြီမို့ ကောင်းကင်ကြီးက သွေးနီရောင် ပြောင်းနေခြင်းပဲ ဖြစ်သည်ါ


"နိုးပြီလား" 


ဖန့်ကျစ်က မျက်နှာကြီးကြီးနဲ့ သူ့ကို ပြုံးပြလာသည်။ အလင်းရောင်နဲ့ နေသားကျသွားအောင် မျက်လုံးကို မှိတ်လိုက်ပြီးနောက် ဖန့်ကျစ်က ကောင်းကင်ကို လက်ညှိုးထိုးပြပြီး 


"မင်းမြင်ပြီလား.... ငါတို့ နောက်ဆုံးတော့ ထွက်လာခဲ့ပြီကွ!!"


ဝူရှဲ့ သူ့ခေါင်းနောက်ကို ထိလိုက်ရင်း 


"ခင်ဗျားဆိုတဲ့ လူကတော့... ခင်ဗျား ကျွန်တော့်ကို ရိုက်ခဲ့တာမလား"


"မင်းကို မရိုက်ရဘူးလား? နောက်ပြန် လှည့်မကြည့်ဖို့ ပြောထားတယ်လေ... မင်းလုပ်တာ ငါတို့ကို သတ်မိလုနီးပါးပဲ"


သူ့မှတ်ဥာဏ်တွေ ရုတ်တရက် ပြန်ပေါ်လာတဲ့အခါ အရမ်း ထိတ်လန့်သွားပြီး သူ့နောက်မှာ ရှိနေတဲ့အရာ ရှိမရှိ သိဖို့ကြိုးစားရင်း ကျောကို ပြင်းပြင်းထန်ထန် ထိသွားလိုက်ရာ ဖန့်ကျစ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး 


"စိတ်မပူပါနဲ့ သူသွားပြီ"


"အဲဒါက ဘာ​​ကြီးလဲ" သူ့ခမျာ ထိတ်လန့်နေတုန်းပင်။


"အစ်ကိုလေး ပြောတာတော့ အဲဒါကို ရုပ်သေးရုပ်လို့ ခေါ်တယ်တဲ့.... တကယ်တော့ အဲဒါက အဖြူရောင် ဝတ်စုံနဲ့ အမျိုးသမီးဖုတ်ကောင်ရဲ့ ဝိညာဉ်ပဲ.... အလောင်းဂူထဲက ထွက်လာဖို့ မင်းရဲ့ ယန်စွမ်းအင်ကို ငှားလိုက်ပေမယ့် အစ်ကိုလေးက တခြားကိစ္စတွေ ငါတို့ကို မပြောဘူး.... စကားနည်းနည်း ပြောပြီးတာနဲ့ မူးလဲသွားတာ"


ဦးလေးသုံးက လှေလှော်ရင်း 


“ဒါပေမဲ့ ဒီအစ်ကိုလေးမှာ နောက်ခံကောင်း ရှိပုံရတယ်.... အသက်တစ်ထောင် ကျုံးကျီတစ်ကောင်ကိုတောင် သူ့ရှေ့မှာ ဒူးထောက် ထိုင်ခိုင်းပစ်တယ်... ဘယ်လိုနည်းလမ်းတွေ သုံးသွားမှန်းလဲ မသိဘူး!"


ဝူရှဲ့ ထထိုင်လိုက်တော့ မျက်နှာသေအစ်ကိုလေးနဲ့ တခွေတို့ နှစ်ယောက်သား နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတာကို တွေ့လိုက်ရသည်။ ဝူရှဲ့ ပြုံးလိုက်မိသည်။ လာတုန်းကတော့ ဘာမှ မခံစားရပေမယ့် အခုမြင်ရတော့ အရမ်း သက်တောင့်သက်သာ ရှိသလို ခံစားရလေသည်။ 


"သူက ဘယ်လို လူမျိုးလဲ?"


ဦးလေးသုံးကတော့ ခေါင်းယမ်းရင်း 


"ဒါကိုတော့ ငါလည်းတကယ် မသိဘူး.... ချောင်ရှားမှာရှိတဲ့ ငါ့သူငယ်ချင်းတွေကို အတွေ့အကြုံရှိတဲ့ အထောက်အမ တစ်ယောက်နဲ့ မိတ်ဆက်ပေးခိုင်းတော့ သူ့ကို မိတ်ဆက်ပေးလိုက်တာ... သူ့မျိုးရိုးနာမည်က ကျန်း ဆိုတာကိုပဲ ငါသိတယ်.. ဒီလူ အိပ်နေတာကတင် ကြောင်တောင်တောင် ဖြစ်နေပြီ သူ့ဇစ်မြစ်ကို ငါမသိဘူး.... ဒါပေမဲ့ သူ့ကို မိတ်ဆက်ပေးတဲ့သူက ဒီလိုနယ်ပယ်မှာ အရမ်းဂုဏ်သိက္ခာ ရှိတဲ့သူမို့ သူမိတ်ဆက်ပေးတဲ့လူကို စိတ်ချယုံကြည် ထားသင့်တယ်လို့ ထင်တယ်"


ဒီလူအကြောင်းကို ကြားလိုက်ရတော့ ဒီလူက ပိုပိုပြီး လျှို့ဝှက် ဆန်းကြယ်လာသလို ခံစားခဲ့ရပေမယ့် ဦးလေးသုံးက သူလည်း မသိကြောင်း ပြောလာတဲ့အတွက် မေးစရာအကြောင်း မရှိတော့လို့ ရှေ့ကို မော့ကြည့်လိုက်ပြီး ဖန့်ကျစ်အား မေးလိုက်တော့သည်။ 


"ရွာကို တွေ့​​ပြီလား"


"ကြည့်ရတာ အရှေ့မှာနဲ့ တူတယ်"


ဦးလေးသုံးက အရှေ့က မီးရောင် အစက်အပြောက်တွေဆီကို ညွှန်ပြလိုက်သည်။


"ရွာက ငါတို့ထင်ထားသလို မစုတ်နေဘူးပဲ... လျှပ်စစ်မီးတွေဘာတွေ ရှိပုံရတယ်"


ရွာတစ်ရွာ အကြောင်းကို တွေးကြည့်တော့ ရေနွေးပူပူ၊ အကြော်​လေးတွေ၊ ရွာသူလေးတွေရဲ့ ကျစ်ဆံမြီးကြီးတွေကို ချက်ချင်းပဲ တွေးပြီး ပိုပို စိတ်လှုပ်ရှားနေမိတော့သည်။ ဤအချိန်တွင် နေဝင်ချိန်ဖြစ်လို့ တောင်ထိပ်ပေါ်ရှိ လူတစ်စုသည်လည်း သူတို့ရဲ့ဘယ်ဘက်လမ်းမှ ဆင်းလာကြသည်။


သူတို့လည်း ရွာထဲကို ဝင်ကြမယ့်ပုံပဲ။ အဲဒီလူတွေက သူတို့က ရွာသားနဲ့ မတူကြောင်း ယောင်ဝါးဝါး ပြောသံတို့ကို ကြားရလေ၏။ ကူးတို့ပေါ် ရောက်တော့ ရွာက ကလေးတစ်ယောက်က သူတို့ကိုမြင်ပြီး ထအော်လေတော့သည်။ 


"သရဲရှိတယ်!"


သူတို့ အံ့ဩသွားသော်လည်း ကလေးက မြန်မြန်ဆန်ဆန်ပဲ ထွက်ပြေးသွားသဖြင့် ဘာမှ မတတ်နိုင်တော့ပေ။ နွားကြီးက ဒေါသမထွက်ဘဲ နာခံမှုရှိရှိ လှေနောက်ဘက်တွင် ရှိ​နေခဲ့သည်။ ဖန့်ကျစ်သည် သူ့မွေးရပ်မြေတွင် နွားကျောင်းဖူးတာကြောင့် နွားမောင်းခိုင်းသည့် တာဝန်ကို ထမ်းဆောင်ခဲ့သည်။ 


သူတို့ ကမ်းပေါ်ရောက်တဲ့အခါ တခွေ နိုးလာပြီး အစောကကိစ္စကို အိပ်မက် မက်နေတာလားဟု ဆိုလာရာ ပထမဦးစွာ ဦးလေးသုံးဆီက အရိုက်ခံလိုက်ရပြီး ဖန့်ကျစ်ဆီကလည်း အကြိမ်အနည်းငယ် ပိတ်ကန်တာကို ခံလိုက်ရသည်။ 


မျက်နှာသေက သွေးထွက် အရမ်းများလို့ နိုးမလာသေးတာကြောင့် ဝူရှဲ့ သူ့ကို နွားလှည်းပေါ်ကို ကူတင်ပေးလိုက်သည်။ ဒီလူကတော့ တကယ်ပါပဲ။ ခန္ဓာကိုယ်က ပေါ့လိုက်တာမှ အရိုးမရှိတဲ့ မိန်းကလေးအတိုင်းပင်။


ဝူရှဲ့ ထိုလူရဲ့ အနေအထားကို ထိန်းညှိပေးနေစဥ် ဦးလေးသုံးက လမ်းသွားလမ်းလာ တစ်ယောက်ကို ဖမ်းဆွဲပြီး ဒီမှာတည်းခိုခန်း ရှိလားလို့မေးတော့ အဲဒီလူက သူတို့ကို အရူးတစ်ယောက်လို ကြည့်ပြီး 


“ဒီနေရာက ဘယ်နေရာလို့ ထင်​နေတာလဲ? ကျုပ်တို့ရွာမှာ အိမ်ခြေ သုံးဆယ်လောက်ပဲ ရှိတာ... ​နေစရာ​နေရာလိုချင်​ရင်​ ရွာက ဧည့်ရိ​ပ်သာကိုသာ သွား"


သရဲခြောက်တဲ့ အိမ်နဲ့တူတဲ့ ဧည့်ရိပ်သာကို သွားဖို့ကလွဲလို့ သူတို့ ရွေးချယ်စရာ မရှိတော့ချေ။ အထဲမှာ မထင်မှတ်ဘဲ တယ်လီဖုန်းနဲ့ လျှပ်စစ်မီး ရှိနေသည်။ အင်္ဂတေအိမ်​လေးမှာ တန်ဖိုးအရှိဆုံးအရာက ရေနွေးပူပူနဲ့ အိပ်ယာက အရမ်းသန့်နေတာပဲ။ 


ဒီရွာမှာဆို ကြယ်ငါးပွင့် အဆင့်ရှိ တည်းခိုခန်းလို့တော့ ဆိုရလိမ့်မည်။


ရေချိုးပြီးနောက် ခန္ဓာကိုယ်ပေါ်က အနံ့ဆိုးတွေ ပြေပျောက်သွားရာ ဗိုက်ဖြည့်ဖို့အတွက် ထွက်လာခဲ့ကြသည်။ မျက်နှာသေ အစ်ကိုလေးလည်း နိုးလာပေမယ့် သူ့စိတ်အခြေအနေက သိပ်မကောင်းနေချေ။ 


သူတို့လည်း သူ့အတွက် ဝက်အသည်း တစ်ပန်းကန် မှာထားပေးလိုက်သည်။ ဘာမှ မေးမနေတော့ဘူးလေ။ သူ့သွေးကို ​ပြန်ဖြည့်ပေးဖို့ လိုတယ်မလား။ နောက်ဆုံးတော့ သူ့ကို အသက်သခင် ကျေးဇူးရှင်လို့ သတ်မှတ်ပြီး သူပြန်ကောင်းလာတဲ့အထိ စောင့်ရှောက်ပေးရမယ့် အရာတွေ ရှိတယ်လေ။


ဘီယာတွေ မှာပြီး အနည်းငယ် သောက်လိုက်သေးသည်။ မနက်ဖန် အလုပ်စရမယ် ဆိုတော့ အရမ်းသောက်လို့က မရချေ။ ထမင်းစားနေတုန်း တစ်ဖက်ကလည်း စားပွဲထိုး အမျိုးသမီးနဲ့ စကားပြောနေ၏။ 


“ညီမ... မင်းတို့နေရာက တော်တော်လေး ကောင်းသားပဲ... အပြင်မှာ ဘိလပ်မြေခင်းပြီး ကွန်ကရစ် လမ်းတွေလည်း ရှိတယ်... မင်းတို့ ဒါတွေဆောက်ဖို့ ဒီဘိလပ်မြေတွေ တောင်ထိပ်ကနေ သယ်လာ​​ကြတာလား?"


"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ? အဲဒီလိုသယ်ဖို့ဆို ဘယ်လောက်ကြာမယ် ထင်လဲ.... ကျွန်မတို့နေရာက အ​ဝေး​ပြေးတစ်ခုနဲ့ ချိတ်နေတာကြာပြီ.... ကုန်တင်ကားတွေက ဒီကိုလာနိုင်တယ်လေ... မနှစ်က တောင်ပြိုကျပြီးတော့ လမ်းက ပျက်စီးသွား တောင်ကမ်းပါးရံ အကြီးကြီး ပြိုကျလာလို့ ပြည်နယ်ကလာတဲ့ လူတော်တော်များတော့ စစ်မတ်ကာလက နိုင်ငံတော် ဘဏ္ဍာတွေလို့တောင် တွေ့တယ်လို့ ပြောနေကြသေးတယ်.. နောက်တော့ ရွာက သူတို့ကိုယ်တိုင် လမ်းပြင်မယ်လို့ ပြောကြတယ်....ဒါပေမဲ့ ပြင်ဖို့ ပိုက်ဆံက မရှိဘူးလေ... ပြင်လိုက် ရပ်လိုက်... ပြင်လိုက် ရပ်လိုက်နဲ့ လုပ်နေတာ တစ်နှစ်ရှိပြီ.... အခုထိလည်း ပြင်နေတုန်းပဲ”


"ရေလမ်းကရော? ဒီမှာ ဖယ်ရီ မရှိဘူးလား?"


"လှေမဆွဲတာ နှစ်အတော်ကြာပြီ... လူတစ်ယောက်က အခုရေလမ်းက သွားစေချင်ရင်တော့ ပိုက်ဆံရှာရှိရမယ်... အသေခံရဲရမယ်... ရှင်တို့လို အပြင်လူတွေ အနေနဲ့ သတိထားရမယ်.... ဒီရေလမ်းက အရမ်းဆိုးတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က လူတော်တော်များများ ရေနစ်သေဆုံး သွားကြသေးတယ်... ဒါပေမဲ့ အလောင်းတစ်လောင်းမှ ဆယ်ယူနိုင်ခဲ့တာ မရှိသေးဘူး.... အဘိုးကြီးတစ်ယောက် တိတ်တိတ်ကလေး ပြောတာတော့ အဲဒီလူတွေကို တောင်နတ်ဘုရားက စားသွားတာတဲ့!"


ဝူရှဲ့ သူ့​ဦးလေးသုံးကို လှမ်းကြည့်လိုက်မိသည်။ ဦးလေး ဘယ်လို လမ်းပြကြီးကို ရှာလာတာလဲ။ အဲဒါက သူခိုးဓားပြ မဟုတ်ဘူးလား။ ဦးလေးသုံးကတော့ ရှက်ရွံ့ပြီး ဘီယာတစ်ခွက် မော့သောက်လိုက်ကာ မေးလိုက်သည်။


"စကားမစပ်.... ဒီကို အပြင်ကလူတွေ အများကြီး လာလား?"


“ကျွန်မရဲ့ တည်းခိုခန်းက သေးလို့ဆိုပြီး အထင်မသေးပါနဲ့.... အပြင်က လာသရွေ့တော့ အားလုံး ဒီမှာပဲ နေကြတယ်လို့ ပြောလို့ရတယ်.... အခုခေတ်မှာတော့ လမ်းတွေ ဖောက်ပြီးနောက်ပိုင်း ကျွန်မတို့ နေရာကို ပြင်ပကလူတွေ ဝင်လာတာ ပိုများလာတယ်.... တောင်တွေပေါ်မှာလည်း လူတွေ ရှိသေးတယ်... သူဌေးတစ်ယောက်ဆို ဗီလာဆောက်ဖို့တောင် စီစဉ်နေပြီ"


ဦးလေးသုံးက ထရပ်ကာ “ချီးပဲ” ဟု ကျိန်ဆဲလိုက်သည်။ တောင်တန်းများပေါ်တွင် အိမ်ကြီး ဆောက်နိုင်သူများသည် နိုင်ငံခြားသား မဟုတ်ရင် သင်္ချိုင်းဖောက်သူများသာ ဖြစ်သည်။


အမျိုးသမီးက လန့်ဖျပ်သွားပြီး ဖန့်ကျစ် ဦးလေးသုံးကို အလျင်စလို ဆွဲချလိုက်လေသည်။


“သခင်သုံး... သခင်သုံးက အသက်ကြီးပြီမို့ အဲ့လောက်ကြီး အံ့သြမ​နေပါ​တော့နဲ့” 


အမျိုးသမီးကလည်း 


“ရပါတယ်...ဦးလေးသုံးက မယုံနိုင်လောက်အောင် အံ့သြသွားလို့ ဖြစ်မယ်” 


ဦးလေးသုံးက ကျိန်စာတိုက်သံကို တိုးတိုးလေးသာ ရေရွတ်ကာ ရှက်ရွံ့စွာ ပြုံးပြီး 


"ဟေး.... မင်းတို့ဆီမှာ စိတ်ဝင်စားစရာ ကောင်းတဲ့ နေရာတွေ ရှိလား?" 


စားပွဲထိုးက တောက်ပစွာ ပြုံးပြီး ရုတ်တရက် အသံကို တိုးလိုက်ကာ။


"ရှင်တို့ကို ကြည့်ရတာ ဒီကိုလည်ပတ်ဖို့ လာတာမဟုတ်ဘဲ ဂူဖောက်ဖို့ လာတာ ဟုတ်တယ်မလား?"


သူတို့ဘာမှ ပြန်မပြောဖြစ်တာကို မြင်တော့ သူမက သူတို့ဘေးမှာ လာထိုင်ပြီး ပြောလေ၏။ 


"ရိုးရိုးသားသား ပြောရရင် ဒီကိုလာလည်တဲ့သူတွေက ဂူဖောက်ဖို့ လာကြတာချည်းပဲ... ရှင်တို့သာ တကယ်လည်ပတ်ဖို့ဆိုရင် ပါလာတဲ့ ပစ္စည်းတွေကို ကားနဲ့ သယ်လာမှာပဲလေ မဟုတ်ဘူးလား?"


ဦးလေးသုံးက သူ့ကို တစ်ချက် ကြည့်ကာ အမျိုးသမီး အတွက် ဝိုင်တစ်ခွက်ကို ငှဲ့ပေးလိုက်သည်။ 


"ဒါဆို ခင်ဗျားက ဒီနယ်ပယ်မှာ ကျွမ်းကျင်တဲ့ လူတစ်ယောက်လား?"


"ဘယ်က ဟုတ်ရမှာလဲ? ကျွန်မအဘိုး ပြောတာကို ကြားဖူးတာ.... နှစ်တွေ ကြာလာတာနဲ့အမျှ ဒီကိုလာပြီး ဂူတူးသူတွေ အများကြီးရှိသလို ပစ္စည်းကောင်းတွေလည်း အများကြီး ရသွားခဲ့တယ်...... ဒါပေမဲ့ ကျွန်မအဘိုး ပြောတာတော့ တကယ့် တန်ဖိုးကြီးတဲ့ ပစ္စည်းက အဲဒီနေရာမှာ ရှိနေတယ်တဲ့... အဲဒီနေရာက နတ်ဘုရား သင်္ချိုင်းတစ်ခုပဲ ရွှေ၊ ငွေနဲ့ လက်ဝတ်ရတနာတွေ မပြောနဲ့ အဲ့ထက်က ပစ္စည်းတွေ အကုန်လုံးက ဘယ်ရတနာနဲ့မှ နှိုင်းယှဥ်လို့ မရဘူး"


"အိုး" ဦးလေးသုံးက အရမ်းစိတ်ဝင်စားသွားပြီး 


"ဒါဆို မင်းအဘိုး ဝင်သွားခဲ့ဖူးတာလား?"


အမျိုးသမီးက ပြုံးလိုက်ပြီး 


"ကျွန်မအဘိုးလည်း သူ့အဖိုးဆီက ကြားခဲ့တာ... ဒီဒဏ္ဍာရီကို ဘယ်အချိန်ကတည်းက ချန်ထားခဲ့မှန်း မသိဘူး... မသေမျိုး နတ်ဘုရားဖြစ်တဲ့ ကျောက်စိမ်းဧကရာဇ် စေလွှတ်လိုက်တာတဲ့ လူတစ်ယောက်က စစ်သူကြီး ဖြစ်လာခဲ့တာတဲ့... အဲဒီအချိန်တုန်းက ဧကရာဇ်မင်းကို စစ်တိုက်တဲ့နေရာမှာ ကူညီပေးပြီး အောင်မြင်မှုတွေ အများကြီး ရပြီးသွားတဲ့အခါမှာတော့ ကောင်းကင်ဘုံကို ပြန်တက်သွားခဲ့တယ်.... သူရဲ့ ရုပ်အလောင်းကို သူစစ်ပွဲအတွင်းက အသုံးပြုခဲ့တဲ့ ရတနာတွေနဲ့အတူ မြှုပ်နှံထားခဲ့တာလို့ ပြောကြတယ်... အဲဒီသင်္ချိုင်းက ဧကရာဇ်မင်းရဲ့ အုတ်ဂူထက် သာလွန်နေလို့ မဟုတ်ရင် သူ့ကိုဘယ်လိုလုပ် နတ်ဘုရားလို့ ခေါ်ပါ့မလဲ?"


“ဒီလိုပြောရင် အဲဒီသင်္ချိုင်းကို ရှာတဲ့လူတွေ အများကြီး ရှိတာပေါ့” ဦးလေးသုံးက တုန်လှုပ်ချောက်ချားစွာဖြင့် 


“အဲတော့ သူတို့တွေ့သွားကြလား?” ဟု မေးသည်။


"ဟေး... အဲဒီနေရာက အခု လုံးဝ သွားလာလို့ မရတော့ဘူးလားတောင် မသိဘူး လွန်ခဲ့တဲ့ နှစ်နှစ်လောက်က တောင်ပြိုကျတုန်းက အဲဒီနေရာလည်း ပြိုကျသွားတယ်.... အဲ့တော့ အဲဒီတောင်ပေါ်မှာ ဘာဖြစ်သွားမယ် ထင်လဲ?"


“ဘာ... ဒါဆို အဲဒီနေရာမှာ အမြဲတမ်း မတော်တဆမှုတွေ ဖြစ်ခဲ့လို့လား?” 


ဖန့်ကျစ်က ဝင်ပြောလာ၏။


“တကယ်ကို မတော်တဆတွေ ဆိုရင် ဟိုးအရင်ကတည်းက အဲ့နေရာမှာ သိမ်းထားခဲ့တာ ကြာပြီပေါ့... ကျွန်မ ပြောတာကို ဘယ်သူ့ကိုမှ မပြောနဲ့နော်” 


အသက်ကြီးကြီး ထိုအမျိုးသမီးက ပြောလေသည်။ 


“အဲဒီ​နေရာက​နေ လူခေါင်းပေါင်း ၁၀၀ ကျော်လောက် တူးထုတ်ခဲ့မိကြတာ!"