(1)
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ဒေါသပင်လယ်၌ မြုပ်နေသောသဲ


Chapter (1)

မြွေမျက်ခုံးငါးကြေးရုပ်



သေတ္တာအဖုံးက ဖြည်းညှင်းစွာနှင့် အလိုအလျောက် ပွင့်သွားသည်။ အထဲမှာ လက်ချောင်း လေးတစ်ချောင်းလောက်သာ ရှိတဲ့ နေရာလွတ်လေး ရှိပြီး အတွင်းထဲမှာ ကြေးနီငါးရုပ် သေးသေးလေး တစ်ကောင်ကို ထည့်ထားလိုက်လေသည်။ ဝူရှဲ ကြေးရုပ်ကို ထုတ်ယူကြည့်လိုက်တော့ ငါးရုပ်က ရိုးရှင်းပေမယ့် ငါးရဲ့မျက်လုံးအထက် မျက်ခုံးမွှေး လက်ရာက အရမ်းကောင်းနေတာကို တွေ့ရသည်။


သူ့ရဲ့မျက်ခုံးတွေက မြွေတစ်ကောင်လို အသက်ဝင်နေတာကြောင့် ဝူရှဲ အရမ်းအံ့အား သင့်သွားသည်။ ဒီပစ္စည်းက ဘယ်လောက်တောင် တန်ဖိုးရှိတာလဲ။ ဘာလို့ဒီထဲမှာ ထည့်ထားတာလဲ?


ထိုအချိန်တွင် ဦးလေးသုံးသည် သံဖြတ်စက်ကို ဆွဲထုတ်လာပြီ ဖြစ်သည်။ ဝူရှဲ သေတ္တာကို ဖွင့်ထားတာကို တွေ့တော့ အံ့သြသွားပြီး 


"ဘယ်လို ဖွင့်လိုက်တာလဲ... မင်း ဘယ်လိုများ ဖွင့်လိုက်တာလဲ"


ကိန်းဂဏန်းတွေ အကြောင်း ပြောပြလိုက်တော့ သူက မျက်မှောင်ကြုတ်ပြီး 


"ပိုပိုပြီး ရှုပ်လာပြီ... ဒီအမေရိကန်တွေ ဂူလာဖောက်တာ ရိုးရိုးရှင်းရှင်းတော့ မဟုတ်​လောက်ဘူး" 


ကြေးနီငါးကို ကောက်ကိုင်လိုက်ရာ ဦးလေးသုံးရဲ့ မျက်နှာက ရုတ်တရက် ပြောင်းလဲသွားတာကို တွေ့လိုက်ရသည်။


"ဒါက မြွေမျက်ခုံးငါကြေးရုပ် မဟုတ်ဘူးလား?"


သူသိပုံ မပေါ်တယကြောင့် မြန်မြန်မေးလိုက်တော့ ဦးလေးသုံးက သူ့အိတ်ကပ်ထဲက တစ်ခုခုကို ထုတ်ယူလာပြီး ပေးလိုက်သည်။ ဝူရှဲ ထိုပစ္စည်းကို မြင်လိုက်တာနဲ့ အံ့သြသွားမိပြန်သည်။ လက်ချောင်းလေးတွေ အရွယ်လောက်ရှိတဲ့ ကြေးနီငါးကြီးတစ်ကောင်ရဲ့ အရုပ်ပါဘဲ။ ငါးရုပ်တွင် မြွေပုံသဏ္ဌာန် မျက်ခုံးနှစ်ချောင်းပါရှိ၍ ပင်လယ်မြွေလို လက်ရာ အလွန်ကောင်းမွန်ပြီး အတိုင်းအတာ တစ်ခုစီက အလွန်သိမ်မွေ့၏။


၎င်းသည် သေတ္တာထဲက ရလာသော အရုပ်နှင့် တူညီသော အရင်းအမြစ်မှ ဆင်းသက်လာခြင်း ဖြစ်နိုင်သည်။ တစ်ခုတည်းသော အားနည်းချက်မှာ အကြေးခွံ အကွက်များတွင် ထုံးဖြူဖြူ သေးသေးလေးများ အများအပြား ပါရှိသည့် အညစ်အကြေးများ ကပ်နေတာပါပဲ။ ဝူရှဲ ကြည့်လိုက်တာနဲ့ ချက်ချင်းပဲ နားလည်သွားသည်။ 


"ဒါက ပင်လယ်စာ ပစ္စည်းတစ်ခုလား?"


ဦးလေးသုံးလည်း ခေါင်းတညိတ်ညိတ်နဲ့ အံ့သြနေသည်။ ပင်လယ်စာဆိုတာ ပင်လယ် ကြမ်းပြင်မှာ အများအပြား တွေ့ရတဲ့ ရှေးဟောင်းပစ္စည်းတွေ ဖြစ်ပြီး အဖြူအပြာနဲ့ ကြွေထည်ပစ္စည်းတွေကို ပင်လယ်ထဲမှာ ရှာရတာက ပိုအဆင်ပြေတတ်သည်။ 


သို့သော် ပင်လယ်ထဲတွင် သေးငယ်သော ဇီဝသက်ရှိများ အလွန်များပြားပြီး ပင်လယ်မှ သယ်ဆောင်လာသည့် အရာအများစုမှာ သန့်စင်ရန် ခက်ခဲသော အဖြူရောင်၊ မီးခိုးရောင် အညစ်အကြေးများ ပါနေသောကြောင့် တန်ဖိုးမှာ နည်းပါသည်။


သူ့ရဲ့ ဦးလေးက ဒီလိုစျေးနှုန်းသက်သာတဲ့ ကုန်ပစ္စည်းတွေကို စိတ်မဝင်စားဘူး ဆိုတာကို သတိရမိတော့ ဦးလေးသုံးအား လှည့်မေးလိုက်သည်။ 


“ပင်လယ်ဘက်ကိုလည်း ဂူသွားဖောက်ဖူးတာလား?”


ဦးလေးသုံးက ခေါင်းညိတ်​ပြပြီး 


"တစ်ကြိမ်တည်းပါ.... ငါတကယ် နောင်တရနေတာ.... အဲဒီတုန်းက ဒုက္ခရောက်နေတဲ့ ရေထဲဆင်းတာကို ခံနိုင်ရည် ရှိခဲ့မယ်ဆိုရင် အခုအချိန်မှာ ကလေးတွေ အများကြီး ရနေလောက်ပြီ"


ဦးလေးသုံးရဲ့ ဇာတ်လမ်းကို သူနည်းနည်းတော့ သိသည်။ ဦးလေးသုံးမှာ သူရဲကောင်းပီသတဲ့ မိန်းကလေးတစ်ယောက် ရှိခဲ့ဖူးကာ သူတို့တွေ ဂူဖောက်ရင်း တွေ့ခဲ့ကြတာဟု ဆို၏။ အဲဒီအမျိုးသမီးရဲ့ နာမည်က ဝမ်ကျင်လို့ သိရကာ တည်ငြိမ်အေးဆေးတဲ့ အမျိုးသမီး တစ်ယောက်ပဲ ဖြစ်သည်။


ထိုအမျိုးသမီးက ငွေရှာချင်တဲ့ မြောက်ပိုင်းအဖွဲ့ထဲက ဂိုဏ်းဝင်တစ်ယောက်ပင်။ ဦးလေးသုံးကတော့ သူမနဲ့ ငါးနှစ်ကြာလောက် တွဲခဲ့ဖူးလေသည်။ အမျိုးသမီးက နဂါးအမှတ်တွေကို ရှာဖွေပြီး ဆုံဆည်းရာ နေရာတွေကို တွေ့ရှိကာ ယောက်ျားတွေက လိုဏ်ဂူတွေကို ဖောက်ဖို့ စူးစမ်းရှာဖွေ​ကြသည်။


သူမက ဂူသင်္ချိုင်းဖောက်လောကမှာ သိမ်းငှက်သူရဲကောင်း လို့ လူသိများတဲ့ မိန်းမတစ်ယောက်ဖြစ်လေ၏။ သို့သော် တစ်နေ့မှာတော့ သူမ ရုတ်တရက် ပျောက်သွားခဲ့သည်။ ဂူဖောက်ရင်း သတိလက်လွတ်နဲ့ ပျောက်သွားခဲ့တာလို့ပဲ ထင်ခဲ့ကာ မိန်းကလေးတစ်ယောက် အနေနဲ့ ဒီလိုဖြစ်သွားရတာ စိတ်မကောင်းစရာပင်။


အဲဒီတုန်းက ဝူရှဲဟာ အသက်၁၀နှစ် ဝန်းကျင်သာ ရှိသေးတာကြောင့် တချို့ကိစ္စတွေကို နားမလည်သေးချေ။ သူမြင်ခဲ့ရတာက တစ်ပတ်လောက်အထိ ဦးလေးသုံးရဲ့ သစ်သားတစ်တုံးလို ငိုက်စိုက်နေတဲ့ ပုံစံနဲ့ ဝမ်းနည်းကြေကွဲနေတဲ့ မျက်နှာပါပဲ။ တစ်ပတ်ကြာပြီမှ တဖြည်းဖြည်း ပိုကောင်းလာခဲ့သည်။ 


အဲဒါက ငယ်ငယ်တုန်းက ကိစ္စတွေမို့ သူလည်း သိပ်မမှတ်မိတော့ချေ။ ဝူရှဲ ဦးလေးပြောတာကို နားထောင်ကြည့်ရင်း တကယ် သိချင်လာပေမယ့် အတင်းအဖျင်း ပြောရာကျလာတာကြောင့် ဒီအတိုင်းပဲ မေးလိုက်တော့သည်။


“အဲဒီတုန်းက တစ်ခုခု ဖြစ်ခဲ့တာလား?”


ဦးလေးဖြစ်သူက သက်ပြင်းချလိုက်ပြီး 


"သူနဲ့ငါက အဲဒီအချိန်တုန်းက ငယ်သေးတယ်.... သူ့အတန်းဖော်တွေ တော်တော်များများလည်း ရှေးဟောင်း သုတေသနအဖွဲ့ထဲမှာ ပါဝင်ခဲ့ကြတာ... ငါ လက်သမား တစ်ယောက်ဆိုတာ သူတို့ သိတယ်...ငါလည်း အဲဒါကို ဖုံးကွယ်ထားဖို့ မစဉ်းစားမိဘူး.... သူငယ်ချင်းကောင်းတွေ အားလုံးက သင်္ဘောပျက်တဲ့ နေရာမှာ ရှေးဟောင်းသုတေသန လုပ်ဖို့ ရှီးရှားကို သွားခဲ့ကြတယ်.... ငါသူတို့နဲ့ လိုက်သွားခဲ့ပေမယ့် ငါမမျှော်လင့်ထားဘူး..."


သူက ခေတ္တရပ်လိုက်ပြီး


"ရေအောက်မှာ နစ်မြုပ်သွားတဲ့ အရာကြီးက ဒီလောက်ကြီးမယ်လို့ မမျှော်လင့်ထားဘူး"


တွက်ချက်ကြည့်တော့ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က ဖြစ်မယ်။ တကယ်တော့ ဦးလေးသုံးဟာ ပင်လယ်စာ ရှေးဟောင်းပစ္စည်းနဲ့ ပတ်သတ်ပြီး အတွေ့အကြုံ မရှိဘဲ ချစ်ခြင်းမေတ္တာတွေ လွှမ်းခြုံထားတာကြောင့် ဝမ်ကျင်ရှေ့မှာ ပင်လယ်စာ အကြောင်းကို ချီးမြှောက်ပြီး သူ ဘယ်လောက်တောင် တော်တယ် ဆိုတဲ့အကြောင်းတွေ ပြောနေခဲ့သည်။ ထို့နောက် ရှေးဟောင်း သုတေသနအဖွဲ့မှာ ပင်လယ်ပြင်သို့ ထွက်ခွာသွားခဲ့သည်။  


သူတို့သည် ဒေသခံ တံငါသည်၏လှေကို စင်းလုံးငှားပြီး အနောက်ကျောက်တန်းက ဇလုံကျောက်တန်း အနီးသို့ နှစ်ရက်ကြာ သွားခဲ့ရသည်။ ထိုနေရာသည် ရှေးခေတ်ရေကြောင်း ပိုးလမ်းမကြီး၏ အန္တရာယ်အရှိဆုံး အပိုင်းတစ်ခု ဖြစ်သည်။ ထို​နေရာ၌ သင်္ဘောပျက် များစွာရှိခဲ့သည်။ ဦးလေးသုံး ကြည့်ရှုရန် ဆင်းလာသောအခါတွင် ပင်လယ်ကြမ်းပြင်မှာ အဖြူအပြာ ကွဲအက်နေတဲ့ ကြွေထည်တွေကို မြင်လိုက်ရလေ၏။ 


ဤအရာများသည် နစ်မြုပ်နေသော သင်္ဘောပေါ်မှ ပြုတ်ကျလာခဲ့ပြီး ပင်လယ်ရေကြောင့် နေရာတိုင်းတွင် မျောပါသွားကြောင်း ဝမ်ကျင်က သူ့အား ပြောပြခဲ့သည်။ ယခင်က တံငါသည်များသည် ကြွေထည်လေးငါးလုံးကို ပိုက်တစ်ခုဖြင့် ဆွဲယူနိုင်သော်လည်း ပင်လယ်နဂါးဘုရင်၏ ရေထဲသို့ ကျသွားသော ပစ္စည်းများ ဖြစ်ကြောင်း ယုံကြည်ကြရာ ပင်လယ်ထဲ ပြန်ပစ်ချခဲ့သည်။


ကံမကောင်းစွာပဲ ထိုအရာ အများစုဟာ ကျိုးပဲ့နေကြလို့ အခြေအနေကောင်းတာကို တွေ့ရဖို့ ရှားပါးလေသည်။ တွေ့ရှိရင်တောင်မှ အများစုဟာ အဏ္ဏဝါသက်ရှိတွေရဲ့ အညစ်အကြေးတွေ ကူးစက်ထားလို့ ပြန်သန့်စင်ဖို့ ခက်ခဲသည်။ ဝမ်ကျင်ရဲ့ အတန်းဖော်တွေက သူတို့ရဲ့ ရှေးဟောင်းသုတေသနကို အခြေခံပြီး ဒီအရာတွေကို ​လေ့လာခဲ့ကြသည်။ 


ဦးလေးသုံးကတော့ အရမ်း စိတ်ဆင်းရဲစွာ တိတ်ဆိတ်နေခဲ့လေသည်။ သင်္ဘောပျက် နစ်မြုပ်တဲ့ အချိန်မှာ ဘာကြောင့် မမွေးရတာလဲ ဆိုပြီး သူ့ကိုယ်သူတောင် တွေးတော​နေမိခဲ့သည်။ 


ရေထဲမှာ နှစ်ရက်သုံးရက်လောက် လှည့်လည်ပြီး ကြွေထည်​တွေကို ခြင်းတောင်းတွေနဲ့ သယ်လာခဲ့ကြသည်။ ဦးလေးသုံးက ကြွေထည်​တွေ အကြောင်း ကောင်းကောင်း သိတာကြောင့် တစ်လုံးကို ကောက်ယူလိုက်တာနဲ့ နေ့တစ်ဝက်လောက် ရှင်းပြနေရာ ရှေးဟောင်း သုတေသနအဖွဲ့က သူ့အား သဘောကျလာခဲ့သည်။


သူ၏ မျိုးရိုးအမည်မှာ ဝူ ဖြစ်ပြီး သူ၏အမည်မှာ စန်းရှင် ဖြစ်​လေသည်။ လူငယ်များက သူ့ကို အစ်ကိုစန်းရှင် ဟုခေါ်ကြပြီး ဦးလေးသုံးမှာ သူ့ကိုယ်သူ ခေါင်းဆောင်အဖြစ် အမှန်တကယ်ပင် ယူမှတ်ခံရသည့်အတွက် အလွန်ဝမ်းသာသွားမိသည်။


လေးရက်မြောက် နေ့တွင် တစ်စုံတစ်ခု ဖြစ်သွားခဲ့သည်။ ရှေးဟောင်း သုတေသန အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးသည် အသက်ကယ်လှေဖြင့် ထွက်သွား၍ နေဝင်ရီတရော အချိန်အထိ ပြန်မလာသေးသဖြင့် ကျန်သူများမှာ စိုးရိမ်တကြီးဖြင့် ရှာဖွေရန် လှေအား ကျောက်ဆူးချရန် တောင်းဆိုလာခဲ့သည်။ 


ဇလုံကျောက်တန်းနဲ့ ကီလိုမီတာ ကွာဝေးတဲ့ ကျောက်ဆောင်တောင်ပေါ်မှာ သောင်တင်နေတဲ့ အသက်ကယ်လှေကို ရှာတွေ့ခဲ့ပေမယ့် အဲဒီလူကတော့ ပျောက်ဆုံးနေခဲ့သည်။


ဦးလေးသုံးကတော့ ဆိုးဆိုးရွားရွား တစ်ခုခု ဖြစ်သွားနိုင်တယ်လို့ တွေးမိသည်။ အဲဒီလူက ရေထဲဆင်းသွားပြီး တစ်ခုခု ဖြစ်နိုင်သွားလိမ့်မည်။ သူဟာ သူ့ပစ္စည်းတွေကို ကမန်းကတန်း ဝတ်ပြီး တစ်ညလုံး ရေငုပ်ခဲ့သည်။ ညတစ်ဝက်လောက် ရှာပြီး နောက်ဆုံးမှာတော့ အဲဒီလူရဲ့ အလောင်းကို တွေ့ရှိခဲ့သည်။ 


ခြေဖဝါးက သန္တာကျောက်တန်းထဲမှာ ညှပ်ကာ ရောင်ကိုင်းနေပြီ ဖြစ်ကာ ပြင်းထန်တဲ့ ဝေဒနာကို ခံစားရလိမ့်မည်။ အိပ်ရာထချိန်မှာတော့ အလောင်းကို ဆွဲတင်လိုက်ကြသည်။ ဦးလေးသုံးက အဲဒီလူရဲ့ ဘယ်ဘက်လက်မှာ တင်းတင်းကျပ်ကျပ် ကိုင်ထားတဲ့ အရာတစ်ခုကို တွေ့လိုက်လို့ ဖွင့်ကြည့်လိုက်တဲ့အခါ မြွေမျက်ခုံးငါးကြေးရုပ် ဖြစ်နေတာ တွေ့ရ၏။ 


လူတစ်ယောက် သေဆုံးသွားတာကြောင့် လူတိုင်း အရမ်းဝမ်းနည်း နေကြပေမယ့် ဦးလေးသုံးကတော့ ရေအောက်မှာ တစ်ခုခု ရှိနေနိုင်တယ် ဆိုတာကို သဘောပေါက်သွားခဲ့သည်။ မဟုတ်ရင် ဒီလူက တစ်ညလုံး ရေထဲကို ငုပ်ပြီး သုသေသန လုပ်နေမှာ မဟုတ်ဘူး။


ဦးလေးသုံးဟာ ဒီလူ နေ့ခင်းဘက်မှာ လှေနဲ့လိုက်ရှာရင်း တစ်ခုခုကို တွေ့ခဲ့ပေမယ့် ဘာမှပြန်မပြောဘဲ ပြန်လာခဲ့ပြီး ညဘက်ရောက်မှ သွားကြည့်ချင်ရင်း တစ်ခုခု ဖြစ်သွားတာ ဖြစ်နိုင်လေသည်။ 


ဒါပေါ့။ ဦးလေးသုံးက သူ့အတွေးကို ထုတ်မပြခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုလူက သေသွားပြီဆိုတော့ အဲဒီအကြောင်းကို ပြောဖို့အကြောင်း မရှိတော့ဘူး။ သို့သော် သူ့လက်ထဲတွင် ဖမ်းမိသော မြွေမျက်ခုံးငါးကြေးရုပ်က သေချာပေါက် အရိပ်အမြွက် ဖြစ်ကြောင်း သဘောပေါက်လေသည်။


နောက်တစ်နေ့တွင် ဦးလေးသုံးသည် ထိုအကြောင်းအား တခြားလူတွေကို သတိပေးခဲ့သည်။ အမှန်ပင် ထိုလူများသည် ရှေးဟောင်း သုတေသနအတွက် အချိန်ပိုလုပ်ခဲ့သည်။ ကံမကောင်းစွာဖြင့် မတော်တဆမှု တစ်ခု ကြုံခဲ့ရ​သူ သေဆုံးသူသည် ပင်လယ်အောက်ခြေတွင် တစ်စုံတစ်ခုကို ထင်ရှားစွာ တွေ့ရှိခဲ့ပုံရပြီး ဒီမြွေမျက်ခုံး ငါးကြေးရုပ်အတွက် သူ့အသက်ကိုတောင် လဲခဲ့လေသည်။ 


ထိုလူအလကား မသေစေရေးအတွက် စည်းရုံးမှု အချို့ပြုလုပ်ပြီးနောက်တွင် အားလုံး၏ စိတ်အခြေအနေ အနည်းငယ် ကောင်းမွန်လာသဖြင့် မတော်တဆမှု ဖြစ်ပွားခဲ့သည့် ပင်လယ်ပြင်သို့ ပြန်လည် သွားရောက်ကာ ရေထဲတွင် ရှာဖွေမှုများစွာ ပြုလုပ်ခဲ့သည်။


အနီးနားရှိ ရေအောက်တွင် ကြီးမားသော ကျောက်ဆူး ၄၀ ကျော် (ရှေးဟောင်း သင်္ဘောကျောက်ဆူးများတွင် ဆက်စပ်ပစ္စည်းများ) ကို တွေ့ရှိခဲ့သည်။ ၎င်းတို့အားလုံးသည် အရွယ်အစားနှင့် သတ်မှတ်ချက် တူညီကြသည်။ ၎င်းတို့ပေါ်တွင် ရေးထိုးထားသည့် ကမ္ပည်းစာများသည် အခြေခံအားဖြင့် မရှင်းလင်း​တော့ပေ။ 


ဦးလေးသုံးက အဆိုပါ ကျောက်ဆူး ၄၀ သည် အရွယ်အစား တူညီနိုင်သည်ဟု ခန့်မှန်းမိသည်။ ကျောက်ဆူး အများအပြားသည် တူညီသော အရွယ်အစား သတ်မှတ်ချက်များ ရှိသည့် သင်္ဘောအစင်း လေးဆယ် ပျောက်ဆုံးသွားခြင်း ဟုတ်ရင်ဟုတ် မဟုတ်ရင် သင်္ဘော တစ်စင်းတည်းက သယ်ဆောင်လာခဲ့တာ ဖြစ်နိုင်၏။ 


အဲဒါကို တွေးကြည့်တော့ သင်္ဘောအစင်း လေးဆယ်က တစ်နေရာတည်းမှာ တပြိုင်တည်း နစ်မြုပ်ဖို့က ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ဆိုတာ နားလည်လာခဲ့သည်။ ရေအောက်၌ အလွန်ကြီးမားသော သင်္ဘောကြီးတစ်စင်း ရှိလိမ့်မည်။ ၎င်းမှာ ကြီးမားလွန်းသဖြင့် ၎င်းကို နေရာချထားရန် ကျောက်ဆူး လေးဆယ် လိုအပ်​နိုင်သည်။


ဦးလေးသုံးသည် သမိုင်းနှင့် အလွန်ရင်းနှီးသူ ဖြစ်သည်။ ထိုအရာကို မြင်သောအခါတွင် သူ့စိတ်ထဲတွင် အလွန်ရဲရင့်သော မှန်းဆချက်တစ်ခု ရှိနေပြီး​ပြီ ဖြစ်သည်။ သူတို့ရေပေါ် ပြန်ရောက်လာသော အခါတွင် ဝမ်ကျင်အား ပြောလိုက်တော့သည်။ 


"ဒီရေအောက်မှာ သင်္ဘောပျက် ရေအောက်သင်္ချိုင်းတစ်ခု ရှိနေပုံပဲ"