ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ဒေါသပင်လယ်၌ မြုပ်နေသောသဲ
Chapter (2)
အုတ်ဂူနံရံ နှစ်ထပ်
ဝမ်ကျင်နဲ့ သူ့ဦးလေးသုံးတို့ဟာ နောက်ခံသမိုင်းကြောင်းတွေ လုံးဝ ကွဲပြားကြသူတွေ ဖြစ်လေသည်။ ဦးလေးသုံးက သာမန် တိုင်းသူပြည်သား ယောက်ျားလေး တစ်ယောက်ပင်။ ဂူဖောက်တဲ့ မိသားစုကနေ မမွေးဖွားခဲ့လို့ မဟုတ်ရင် ဂူဖောက်သူ ဖြစ်လာမည် မဟုတ်ချေ။ ဦးလေးသုံးက "အမြတ်" ဟူသော စကားလုံးကို ကြိုတင် စဉ်းစားတတ်သူမို့ လူအများကို ကြည့်တဲ့အခါ "အမြတ်" ဟူသော စကားလုံးမှ စတင်တတ်လေသည်။
ဝမ်ကျင်ကတော့ မတူချေ။ သူမက နိုင်ငံရပ်ခြားမှာ ကျောင်းတက်ပြီး ပြန်လာတာကြောင့် စိတ်သဘောထား ပွင့်လင်းသည်။ သူက ဂူဖောက်ရတာကို အဓိက စိတ်ဝင်စားပြီး ဂူဖောက်ရင်း စာမေးပွဲတွေလည်း ဝင်ဖြေသေးသည်။ ဒါကြောင့် သူမက ဦးလေးသုံး ပြောတာကို ကြားတော့ ပထမဆုံး စဉ်းစားမိတာက ရှေးဟောင်း သုတေသနအတွက် တန်ဖိုးပင်။ ဒီရှေးဟောင်းသင်္ချိုင်းရဲ့ အယူအဆကို အဲဒီအချိန်က အတန်းဖော်တွေကို ပြောပြချင်ခဲ့သည်။
သင်္ဘောပျက် ရေအောက် သင်္ချိုင်းမှာ အလွန်ရှားပါးလှသည်။ ဒဏ္ဍာရီအရ ရှန်ဝမ့်စန်း၏ သားတစ်ဦးတည်းကသာ ဤသင်္ချိုင်း နည်းလမ်းကို အသုံးပြုခဲ့သည်။ ထို့ကြောင့် ဝမ်ကျင်သည် ထိုသင်္ချိုင်းအပေါ် အလွန်ပင် စိတ်ဝင်စားသော်လည်း ဦးလေးသုံးအတွက်က အနည်းငယ် ခက်ခဲနေ၏။ ထိုပစ္စည်းကို ရရှိပြီးမှ အသိမ်းခံလိုက်ရရင် အရမ်း စိတ်မသက်မသာ ဖြစ်သော်လည်း ဝမ်ကျင်၏ အပြုံးအနည်းငယ်က ဦးလေးသုံးအား စိမ်းလန်းသော သစ်တောသူရဲကောင်း အဖြစ်မှ ရှေးဟောင်း သုတေသန ပညာရှင် အဖြစ်သို့ ပြောင်းလဲသွားစေကာ သူပါ ပါဝင်၍ စိတ်လိုလက်ရ လုပ်ဆောင်ခဲ့သည်။
အဲဒီညက ဦးလေးသုံးသည် ထိုအကြောင်းကို တစ်ညလုံး တွေးနေခဲ့သည်။ သူ ပင်လယ်အောက်က ဂူသင်္ချိုင်းကို တစ်ခါမှ မဖောက်ခဲ့ဖူးဘဲ တခြားသူများရှေ့တွင် ပင်လယ်သင်္ချိုင်း အကြောင်း ကြွားဝါခဲ့ဖူးသည်။ သူမနက်ဖြန် သက်သေမပြနိုင်လို့ မဖြစ်ချေ။ ခဏလောက် တွေးကြည့်လိုက်သည်။ ပထမအချက်က ပင်လယ်ထဲမှာ ဂေါ်ပြားနဲ့ မတူးနိုင်ဘူး။ အကြောင်းက ခွန်အားကို ကောင်းကောင်း အသုံးမချနိုင်လို့ပဲ။ ဒုတိယအချက်အနေနဲ့ တူးလိုက်ရင်တောင် ပင်လယ်ရွှံ့က မြေကြီးနဲ့ လုံးဝမတူဘူး။
ကုန်းပေါ်မှာ သူ့အတွေ့အကြုံလေးတွေ ရှိပေမယ့် ပင်လယ်ထဲမှာတော့ လုံးဝ အသုံးမဝင်ဘူး။ ရုတ်တရက် ဝူရှဲ့အဘိုးရဲ့ မှတ်စုစာအုပ်ထဲက မှတ်တမ်းတွေကို ပြန်သတိရသွားသည်။ အဘိုးက ပင်လယ်ရေအောက် သင်္ချိုင်းတွေကို အကြိမ်ပေါင်းများစွာ ဖောက်ခဲ့ဖူးပေမယ့် ထူးခြားတဲ့ နည်းလမ်းတော့ မရှိဘူး။ အဓိကကတော့ မြေပြင် အနေအထားပေါ်မှာပဲ မူတည်လေသည်။
သင်္ဘောပျက်ပေါ် မြှုပ်နှံခြင်းဆိုသည်မှာ သင်္ဘောပေါ်တွင် သင်္ချိုင်းကို တည်ဆောက်ပြီးနောက် ပင်လယ်ထဲတွင် ချိုင့်ဝှမ်းတစ်ခု သို့မဟုတ် ကတုတ်ကျင်းတစ်ခုကို ရှာဖွေကာ သင်္ဘောကို ဖြတ်၍ နစ်မြုပ်သွားစေပြီးနောက် သင်္ချိုင်းဂူကို မြေဆီလွှာဖြင့် တံဆိပ်ခတ် ဖုံးအုပ်ထားခြင်းပဲ ဖြစ်သည်။
ဦးလေးသုံးကတော့ သူတို့ရှိနေတဲ့ နေရာဟာ နောက်ပိုင်းမှ ရေပြည့်သွားတဲ့ ပင်လယ်ချိုင့်ငယ်တစ်ခု ဖြစ်မယ်လို့ ခန့်မှန်းမိလေသည်။ သင်္ဘော နစ်မြုပ်သွားတဲ့အခါ ထိန်းထားဖို့ ကျောက်ဆူးတွေက်ု ပတ်ပတ်လည်မှာ အများကြီး ချထားလိမ့်မည်။ ဆိုလိုသည်မှာ သူတို့ဆင်းလိုက်တဲ့ အလယ်ဗဟို ဒါမှမဟုတ် အနည်းငယ်ဝေးတဲ့ နေရာက သင်္ချိုင်းနေရာ ဖြစ်ရမည်။
ဦးလေးသုံးကတော့ ဒီအကြောင်းကို များများတွေးလေလေ အဓိပ္ပာယ် ရှိလာလေလေပဲလို့ ခံစားရတာကြောင့် ချက်ချင်း ယုံကြည်မှု ရှိလာခဲ့သည်။ နောက်နေ့ကျတော့ ရာသီဥတုကလည်း ကောင်းလာရာ လူတွေကို ရေထဲခေါ်သွားပြီး ကျောက်တုံး အားလုံးကို ကြိုးနဲ့ချပြီး အလယ်မှာ အမှတ်အသား ပြုလိုက်သည်။ အလယ်တည့်တည့်မှာ ဂေါ်ပြားတွေနဲ့ တူးထားသလို နေရာတော်တော်များများကို တွေ့ရပြီး အလယ်ဗဟိုရဲ့ အရှေ့ဘက်မှာတော့ အောက်ခံ သစ်သားတွေပါ တွေ့ရ၏။
ထို့နောက် ရိုးရာနေရာချထားမှု နည်းလမ်းများကို အသုံးပြုကာ မြေအောက်နန်းတော်ကြီးကို တိုင်းတာခဲ့ကြရာ နားနေခန်း နှစ်ခန်း၊ ဘေးခန်းနှစ်ခန်း၊ စင်္ကြံနှင့် ဧရိယာစတုရန်း တစ်ထောင်ကျော်ခန့် ရှိသော ဆောက်လုပ်ရေး ဧရိယာ၊ စတုရန်း မီတာ၊ အလျား မီတာ သုံးဆယ်ကျော် နှင့် အနံ ဆယ်မီတာ ကျော် ရှိသည့် ဧရိယာက အကြီးဆုံး ဖြစ်ရာ ထိုနေရာက ခေါင်းတလား ထားရှိရာ နေရာ ဖြစ်ပုံရသည်။
ဦးလေးစုံး အံသြသွားပြီး ဒီဂူသင်္ချိုင်းထဲက ဘယ်သူလဲ။ သူကထင်သလောက်တော့ မလွယ်ဘူး ထင်တယ်လို့ စိတ်ထဲက တွေးလိုက်မိသည်။ သူ့ရဲ့ ဂူသင်္ချိုင်း တည်ဆောက်ပုံအတိုင်းဆို ဧကရာဇ်တစ်ပါးရဲ့ ဧကရာဇ်ဂူဗိမာန်နှင့် နှိုင်းယှဉ်နိုင်ပြီ။
အဲဒီညမှာ အားလုံးက အရမ်းစိတ်လှုပ်ရှားနေကြပြီး ငါးခေါင်းပေါင်းအိုး ပင်လယ်စာစားရင်း ဘယ်လို ဝင်ရမလဲဆိုတာ ဆွေးနွေးခဲ့ကြသည်။ ဦးလေးသုံးကတော့ သူတို့အတွက် သင်္ဘောပျက် သင်္ချိုင်းရဲ့ ဖွဲ့စည်းပုံကို ခွဲခြမ်းစိတ်ဖြာပေးသည်။ ဂူသင်္ချိုင်းဆိုတာ ရေအကြောက်ဆုံးမလို့ အခုဆို ရေအောက်သင်္ချိုင်းက ရေဝင်မဝင် မသိနိုင်သေးချေ။
ဂူသင်္ချိုင်းထဲမှာ ရေဝင်နေပြီ ဆိုရင် ဝင်ဖို့အပေါက် တူးလိုက်ရုံပဲ။ သူတို့အားလုံးမှာ ရေငုပ်ဝတ်စုံတွေ ရှိတာကြောင့် ပြဿနာ မရှိလောက်ပေ။ အောက်မှာ အလုံပိတ်ထားတဲ့ နေရာရှိရင်တော့ ခက်နိုင်သည်။ တူးဖော်ပြီးသည်နှင့် ရေစီးဝင်လာပါက ဆိုးရွားသော အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်၏။ တူးဖော်ထားသော ဂေါ်ပြားက သယ်ဆောင်လာသော သစ်သားပြားများကို ကြည့်ပြီး အောက်ခြေတွင် လေ၀င်လေထွက် ရှိနေနိုင်သည်။ သင်္ချိုင်းတစ်ခုလုံးသည် အလွန်ကြီးမားပြီး သွေးကြောမျှင်ပုံသဏ္ဍာန်ကို ဖန်တီးထားသည်။ အတွင်းခန်းများစွာတွင် လေအများအပြား ရှိနေနိုင်သည်။
ဦးလေးသုံး၏ သီအိုရီသည် သင်္ချိုင်းတွင်း လုယက်မှုတွင် နှစ်ပေါင်းများစွာ တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံအပေါ် အခြေခံထားခြင်း ဖြစ်သည်။ စာဂျပိုးတို့မှာ ခဏတာ အံ့ဩသွားကြပြီး နောက်ဆုံးတွင် သင်္ချိုင်းထဲဝင်ရမယ့် ပြဿနာ အပေါ်သာ အာရုံစိုက်ထားလိုက်သည်။
ဒီရေရဲ့အောက်ခြေမှာ သဲတွေနဲ့ ပြည့်နေလို့ ပုံသဏ္ဌာန် မထိန်းနိုင်ပါက လွယ်လွယ်နဲ့ ပြိုကျသွားနိုင်တာကြောင့် ရယ်စရာတော့ မဟုတ်ချေ။ ရေထဲမှာ အပိတ်ခံလိုက်ရလျှင် အခြေခံအားဖြင့် သေလမ်းသာရှိသည်။ အဆုံးတွင် ကြိမ်ဖန်များစွာ ဆွေးနွေးခဲ့ကြပြီး ရိုးရား ဂူဖောက်နည်းကို အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြသည်။
ထို့နောက် ပိုအားကောင်းတဲ့ ပင်လယ်ရေအောက်က ရွှံ့နွံထဲကို တူးထုတ်ခဲ့ကြသည်။ ဒီပရောဂျက်က ကြီးမားတယ် ဆိုပေမယ့် အဲဒီလူတွေ အားလုံးက တိုက်ခိုက်ရေး စိတ်ဓာတ်အပြည့်နဲ့ပင်။ ဦးလေးသုံးက တစ်ပတ်လောက် ကြာမယ်လို့ ခန့်မှန်းထား၏။ သို့သော် သေဆုံးသူရဲ့ အလောင်းကို ပြန်မပို့ရင် လှေပေါ်မှာ နံနေတော့မယ်ဆိုတာ သေချာလေသည်။
သူတို့ အပေးအယူ တစ်ခုလုပ်ပြီး လှေကြီးနဲ့ အလောင်းကို အရင် ပြန်ပို့ခိုင်းလိုက်သည်။ သူတို့ရတော့ လှေငယ်ပေါ်မှာ အလုပ်လုပ်ရင်း ကျန်ခဲ့၏။ အဲဒီနေ့တွေရဲ့ ရာသီဥတုက အရမ်းကောင်းတဲ့အတွက် လူတိုင်းက လုံးဝ မစိုးရိမ်ခဲ့ချေ။ သူတို့သည် လှေသုံးစင်းကို သန္တာကျောက်တန်း တစ်ခုဖြင့် တွဲချည်ကာ လိုအပ်သည့် ကိရိယာအားလုံးကို ပြင်ဆင်လိုက်ကြသည်။
သင်္ဘောကြီးသည် နောက်နေ့မှသာ ထွက်ခွာသွားသဖြင့် ဦးလေးမှာ အနည်းငယ် စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။ သင်္ဘောကြီး ထွက်ခွာသွားသောအခါ ပင်လယ်ပြင်မှာ ရပ်တည်ဖို့ အာမခံချက် မရှိတော့ပေ။ သို့သော် ထိုအချိန်တွင် သူတို့သည် သင်္ချိုင်းဂူကြီးအား ခဏမျှ စဉ်းစားပြီးနောက် အလုပ်ပြန်စကြရာ ဦးလေးသုံး မျှော်လင့်ထားတာထက် အများကြီး ချောမွေ့သွားခဲ့သည်။
သို့သော် လေးရက် ကြာသောအခါ သင်္ချိုင်းနံရံသို့ ရောက်တဲ့အထိ သင်္ဘောက ပြန်မလာသေးသဖြင့် ထိုလူများလည်း စိတ်ပူစ ပြုလာသည်။ ဦးလေးသုံးက အလုပ်ဆက်လုပ်ရုံနဲ့ စည်းစနစ်တကျ ထိန်းထားနိုင်မှ မဟုတ်ရင် ထိတ်လန့်စရာတွေ ရှိလာနိုင်တာမို့ သူတို့ကို နှစ်သိမ့်ပေးပြီး အာရုံပြောင်းဖို့ ရံဖန်ရံခါ အားပေးစကားတွေလည်း ပြောခဲ့ပါသည်။
ဤသို့ဖြင့် ဂူအတွင်းက အုတ်တံတိုင်း တစ်ခုကို ရှင်းထုတ်လိုက်ကြသည်။ ဦးလေးသုံး အဲဒီအုတ်တွေကို ခေါက်လိုက်တဲ့အခါ အခေါင်းပေါက်တွေ ရှိနေတာ တွေ့ရပြီး အုတ်ဂူကြီး တစ်ခုလုံးရဲ့ အလေးချိန်ကို လျှော့ချဖို့ ဖြစ်နိုင်ကြောင်း ခန့်မှန်းမိလေ၏။ နံရံ၏ ငါးမီတာတိုင်းတွင် ဘောပင်တစ်ချောင်း အချင်းရှိသော အပေါက်ငယ်တစ်ပေါက် ရှိနေတာကို မြင်လိုက်ရသည်။ သင်္ချိုင်းကို ဒီဇိုင်းထုတ်တဲ့ အခါတုန်းက ရေအဝင်အထွက် ရှိအောင် ချိတ်ဆက်ထားတာ ဖြစ်နိုင်သည်။ သူတို့ ဆင်းပြီး အုတ်ခဲတွေကို ဖြိုခွဲပစ်လိုက်၏။
သင်္ချိုင်းထဲကို မဝင်ခင်က ဦးလေးသုံးဟာ ဒီရေထဲမှာ လျှို့ဝှက်ယန္တရားတွေ အသုံးမဝင်ဘူးလို့ ထင်ခဲ့သည်။ ပင်လယ်ရေရဲ့ ခံနိုင်ရည်က အရမ်းကြီးတာကြောင့် ဖုံးကွယ်ထားတဲ့ မြှားတစ်စင်းရှိရင်လည်း မြှားတွေက နှေးကွေးစွာ ပစ်ခတ်လာမှာဖြစ်ပြီး ပိတ်မိနေမှာ မဟုတ်ဘူး။ ပြုတ်ကျရင်တောင် ရေကူး သွားနိုင်သေးတယ်လေ။
တခြားကျောက်တုံး ယန္တရားတွေကတော့ ပစ်ခတ်ဖို့အတွက် ပြဒါးဓာတ်ကို အပြည့်အ၀ လိုအပ်၏။ ဒါကြောင့် ထိုအရာကလည်း ရေထဲတွင် ထိရောက်မှု မရှိနိုင်ချေ။ ပြဒါးသည် ရေထဲတွင် အလွန်နှေးကွေးစွာ စီးဝင်ပြီး အလွယ်တကူ ပျံ့နှံ့သွားသည်။ တကယ်တော့ ဒီရေကသာ သေစေနိုင်တဲ့ ယန္တရားတစ်ခု ဖြစ်လေသည်။ ရှေးခေတ်တုန်းက အောက်ဆီဂျင် ကိရိယာ မရှိတော့ဘဲ ပင်လယ်ရေအောက် ဂူသင်္ချိုင်းကို တည်ဆောက်ဖို့ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါကြောင့် ဒီရေအောင်သင်္ချိုင်းထဲမှာ ယန္တရားတစ်ခု ရှိဖို့က ဖြစ်နိုင်ခြေ အလွန်နည်းသည်။
သင်္ချိုင်းနံရံကို ဖြိုဖျက်လိုက်တဲ့အခါ အတွင်းထဲမှာ လုံးဝ လွတ်နေ၏။ ဦးလေးသုံးက ဒီလူတွေကို စိတ်မချရဘူးဆိုတာ သိတဲ့အတွက် လျှောက်မလှုပ်ရှားဖို့ ပြောခဲ့သည်။ သူကိုယ်တိုင် ရှာဖွေရေး မီးကိုဖွင့်ပြီး အထဲကို ဝင်သွားတော့ တစ်မီတာပဲ ဝေးတဲ့နေရာမှာ အုတ်နံရံတစ်ခု ထပ်ရှိနေတယ တွေ့လိုက်ရသည်။
ထိုအုတ်တံတိုင်းသည် အပြင်ဘက်က အုတ်နံရံထက် များစွာ ပိုကြီးပြီး နံရံပေါ်က အက်ကွဲကြောင်းများကို အဖြူရောင် အင်္ဂတေဖြင့် ကာထားသည် နံရံနှစ်ခုကြားတွင် ညှပ်နေသော ဦးလေးသုံးသည် ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ရာ သူ့ခေါင်းအထက် နံရံတွင် တစ်မီတာဝက် ကျယ်သော အုတ်ဂူဝင်ပေါက် လေးထောင့်ပုံစံ တစ်ခု ရှိနေတာကို တွေ့လိုက်ရသည်။ ဒီသင်္ချိုင်းထဲကို ဝင်ဖို့ တူးနေတာကိုပဲ အားကိုးလို့ မရတော့မှန်း သိလိုက်သည်။
ရေပေါ် ပြန်တက်လာပြီး ဆွေးနွေးကြဖို့ ကျောက်ဆောင်ပေါ် တက်ခဲ့ကြသည်။ ဦးလေးသုံးက
“ဒီသင်္ချိုင်းမှာ အုတ်နံရံ နှစ်ထပ်ရှိတယ်.... အပြင်ဘက်နံရံနဲ့ အတွင်းအလွှာက ပင်လယ်ရေနဲ့ ပြည့်နေပြီး လမ်းကြောင်းတစ်ခု လုပ်ထားတယ်... အတွင်းနံရံကို ခရုပတ်လမ်းလို အတွင်းဘက်အထိ တည်ဆောက်ထားတယ် ဒီလိုဒီဇိုင်းအတိုင်းဆို အထဲမှာ ရေကင်းစင်တဲ့ နေရာလွတ် ရှိရမယ်.... သင်္ချိုင်း ဂူလမ်းကြောင်းက ဘယ်လောက်ထိ ရှည်နေလဲ မသိရသေးဘူး.. မနက်ဖြန်မှာ လူသုံးယောက် ဆင်းမယ်... တစ်ယောက်ချင်းစီက အောက်ဆီဂျင်ပုံး လေးလုံးကို ယူသွားမယ်... ငါတို့အဲဒါကို လုပ်နိုင်မလား ကြည့်ကြတာပေါ့"
ထိုနေရာ၌ ဆွေးနွေးကြပြီး ထပ်ဆင်းခဲ့ကြရာ ဦးလေးသုံးက ကျိန်းသေပေါက် လိုက်ဆင်းသွားမှာ ဖြစ်သည်။ ကျန်သော နေရာနှစ်ခုကို စစ်ဆေးရန် လိုအပ်သေး၏။ ရေမရှိပါက အခြေအနေများ ပိုမိုရှုပ်ထွေးကာ အန္တရာယ်များနိုင်သည်။
ရုတ်တရက် ဝမ်ကျင်က ထအော်တော့ သူတို့အားလုံး ထိတ်လန့်တကြား ဖြစ်သွားသည်။ သူတို့ထိုင်နေတဲ့ ကျောက်တုံးကြီးက ဘယ်အချိန်ကတည်းက အပေါ်ကို တက်လာခဲ့မှန်း မသိချေ။ တတိယဦးလေး ငုံ့ကြည့်လိုက်တော့ ကျောက်တုံးက ပင်လယ်ရေမျက်နှာပြင်နဲ့ မီတာဝက်လောက် မကွာခဲ့ပေမယ့် အခုတော့ ငါးမီတာ အကွာတောင် ရောက်နေပြီ။
တစ်ခုခု မှားနေပြီဆိုတာ သိလိုက်ရချင်း ကောင်းကင်ကို မော့ကြည့်လိုက်တော့ အဝေးက မိုးကုတ် စက်ဝိုင်းပေါ် ချဉ်းကပ်လာတဲ့ အနက်ရောင် မျဉ်းကြောင်းများကို တွေ့လိုက်ရ၏။ သူတို့ထဲမှာ မိဘများက တံငါသည်များ ဖြစ်ကြသည့် လီစစ်တိ ဟုခေါ်သော ကျောင်းသားလေး တစ်ဦးလည်း ပါ၀င်ရာ သူက ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ နှုတ်ခမ်းများ ကြောက်လန့်တကြား ဖြူဖျော့လာပြီး ပြောလာခဲ့လေသည်။
"မုန်တိုင်းကြီး လာတော့မယ်!"