ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ဒေါသပင်လယ်၌ မြုပ်နေသောသဲ
Chapter (3)
မုန်တိုင်းကြီး
လီစစ်တိရဲ့ ရေအပေါ် နားလည်မှု အရည်အသွေးက အရမ်းကောင်းပြီး ရေထဲမှာရှိတဲ့ အလုပ်အားလုံးကို တာဝန်ယူနိုင်သည်။ သူက ဆို၏။
"ဒီမှာ တစ်နာရီအတွင်း မုန်တိုင်းကြီး ဖြစ်လာမှာ သေချာတယ်.... ပင်လယ်ရေတွေ အရမ်း ပြန်ကျသွားတယ်ဆိုတဲ့ အချက်က သက်သေပဲ.... လေဖိအားနည်း ရပ်ဝန်းကနေ စုပ်ယူလာတဲ့ ပင်လယ်ရေက ဆူနာမီသေးသေးလေးနဲ့ တူတဲ့ အရှိန်အဟုန်နဲ့ တိုးဝင်လာမှာ ငါတို့မှာ လှေငယ်သုံးစင်းပဲ ရှိတယ် ဒါကြောင့် အခြေအနေ သိပ်မကောင်းမှာကို စိုးရိမ်ရတယ်”
သူ့ လိမ္မာပါးနပ်စွာ ပြောပေမယ့် ဦးလေးသုံးကတော့ သူ့အမူအရာကို ကြည့်ပြီး သူသေသင့်နေပြီ ဆိုတာကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသည်။ ဒီလူတွေက ကမ္ဘာကြီးကို တစ်ခါမှ မမြင်ဖူးကြတာကြောင့် အားလုံးက ကြောက်လန့်တကြားနဲ့ ဖျော့တော့လာပြီး မိန်းကလေးများဆိုလျှင် အော်ငိုနေကြသည်။
ဦးလေးသုံးက ဝမ်ကျင်ရဲ့ လက်ကို ဆုပ်ကိုင်လိုက်စဥ် သူမရဲ့လက်တွေက ချွေးစေးတွေ ထွက်နေတာကို တွေ့လိုက်ရသည်။ သူမ အရမ်းကြောက်နေတယ် ဆိုတာ သူသိပါ၏။ ဦးလေးသုံးကတော့ အဲဒီအချိန်က ဒီလိုမျိုး တစ်ခါမှ မကြုံဖူးပေမယ့် သူက ပရော်ဖက်ရှင်နယ် ဂူဖောက်သူ တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးက အရမ်းထက်မြတ်သည်။
သူ စိတ်မညစ်ခဲ့ဘူး။ သူပါ စိတ်ညစ်ပြီး စိတ်ရှုပ်သွားရင် တခြားလူတွေရဲ့ စိတ်ဓာတ်တွေလည်း တကယ် ပျက်စီးသွားလိမ့်မယ်။
လူအရေအတွက်ကို ရေတွက်လိုက်သည်။ ရောက်လာစဥ် အခါက စုစုပေါင်း လူဆယ်ဦးရှိ၍ ယခုအခါ လူတစ်ဦး သေဆုံးပြီး ကျန်တစ်ဦးမှာ သင်္ဘောမှောက်မှုနှင့် ပင်လယ်အောက် တွေ့ရှိချက်များကို အထက်အရာရှိထံ တင်ပြလိုသောကြောင့် သင်္ဘောကြီးနှင့်အတူ ပြန်သွားခဲ့သည်။
အခုဆို လူရှစ်ယောက်ပဲ ရှိတော့သည်။ ဦးလေးသုံးက လီစစ်တိကို မေး၏။
"ဒီမုန်တိုင်းက ဘယ်လောက်ကြာကြာ တိုက်မှာလဲ?"
"ဒီလိုနွေရာသီ မုန်တိုင်းမျိုးက အချိန်တိုတိုနဲ့ မိနစ်ဆယ်ဂဏန်းလောက် အတွင်း ဖြတ်သန်းသွားလိမ့်မယ်.... ဒါပေမဲ့ အဲဒီအချိန်မှာ ပင်လယ်ရေက အနည်းဆုံး ငါးမီတာကနေ ခြောက်မီတာအထိ တက်လာပြီး သန္တာကျောက်တန်းတွေ အကုန်လုံး မြုပ်သွားလိမ့်မယ်”
လီစစ်တိက ခေါင်းယမ်းပြရင်း
"အဲဒီမိနစ် အနည်းငယ်က ဟာသတော့ မဟုတ်ဘူး.... ဒီလှိုင်းဒဏ်နဲ့ ရိုက်ခတ်ခံရရင် ကျောက်တုံးတွေနဲ့ ထိပြီး သေလိမ့်မယ် ဒါမှမဟုတ်ရင် ပင်လယ်နက်ထဲ မျောပါသွားလိမ့်မယ်... ငါမင်းကို ခြောက်နေတာ မဟုတ်ဘူး.... ဒီတစ်ခါ တကယ် ဒုက္ခရောက်လိမ့်မယ်"
ဦးလေးသုံးရဲ့ စိတ်သည် အလွန်လျင်မြန်စွာ လည်ပတ်နေ၏။ သူက အစီအစဉ်များစွာကို ရှေ့တိုးကာ ဆောင်ရွက်ချင်သော်လည်း ငြင်းဆန်ကာ ချက်ချင်းပင် ပယ်ချလိုက်ရသည်။ လှေငယ်နဲ့ ကမ်းပေါ်ကို ပြန်သွားမယ် ဆိုရင်လည်း သေမင်းကို သွားရှာဖွေနေသလိုပဲ ဖြစ်နေမှာ။ သူဘယ်လောက်မြန်မြန် လှော်နေပါစေ မုန်တိုင်းကို မကျော်နိုင်ဘဲ ရှိနေလိမ့်မည်။
အသက်ရှုကိရိယာကို အသုံးပြုပြီး ဒီသန္တာကျောက်တန်း အနီးက ရေထဲမှာ ပုန်းအောင်းဖို့ ဆိုတာကလည်း အနက်ရှိုင်းဆုံး ပင်လယ်ကြမ်းပြင်က ခုနစ်မီတာကျော်ပဲ ရှိတာကြောင့် လုံးဝ အလုပ်မဖြစ်ဘူး။
ဦးလေးသုံးသည် လျှပ်တစ်ပြက်ကဲ့သို့ သာမန်မျက်စိဖြင့် မြင်နိုင်လုနီးပါး မြင်နိုင်သည့် ပင်လယ်ကြမ်းပြင်ကို မြင်လိုက်ရစဥ် ရုတ်တရက် အလွန် အန္တရာယ်များသော အကြံအစည်တစ်ခု ထွက်ပေါ်လာခဲ့သည်။ အဲဒီအချိန်တုန်းက ဖြစ်နိုင်ချေကို ဆွေးနွေးခွင့် မရခဲ့ပေ။ ဦးလေးသုံးက
“ဒီလောက်ကြီး မစဉ်းစားကြတော့နဲ့... အောက်ဆီဂျင်ဗူးတွေ စုပြီး လေဘယ်လောက် ကျန်သေးလဲ ကြည့်ရအောင်.... ရှေးဟောင်း ဂူသင်္ချိုင်းထဲမှာ ပြေးပြီး ခိုနားရအောင်!"
ဦးလေးသုံးသည် ရှေးဟောင်း ဂူသင်္ချိုင်းများနှင့် ပတ်သက်လျှင် ရင်းနှီးသောကြောင့် ၎င်းနှင့် ဘာမှမဆိုင်ဟု မထင်ခဲ့ပေ။ သို့သော် တခြားသူများမှာ စာအုပ်များ ဖြစ်သောကြောင့် ဤအကြံပြုချက်က ရဲရင့်လွန်းလှသည်ဟု ထင်ကြရာ ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ ဦးလေးသုံးသည် ဤထင်မြင် ယူဆချက်ကို အားလုံး သဘောတူမှာ မဟုတ်ကြောင်း သိမြင်ပြီး ၎င်းတို့အတွက် အဆောတလျင် ခွဲခြမ်းစိတ်ဖြာခဲ့သည်။
သူက မိုးကုပ်စက်ဝိုင်းကို ညွှန်ပြပြီး
“အဲဒီမုန်တိုင်းကို ကြည့်လိုက်... သူ့ရဲ့အငွေ့အသက်ကို လောလောဆယ် ငါတို့ အကြီးအကျယ် မခံစားရသေးဘူး..... ဒါပေမဲ့ ဆူနာမီနဲ့ ပတ်သက်တဲ့ မှတ်တမ်းရုပ်ရှင်ကို လူတိုင်း မြင်ဖူးကြမှာပါ... ဒါက ရယ်စရာတော့ မဟုတ်ဘူး မုန်တိုင်းလာမယ့် အချိန်ကို ထိုင်စောင့်နေရင် သေလိမ့်မယ်... အလောင်းတောင် ကျန်မှာ မဟုတ်ဘူး... ပင်လယ်အောက်မှာက အဆင်သင့် လုပ်ထားတဲ့ အမိုးအကာလည်း ရှိတယ်... ဒီရှေးဟောင်းသင်္ချိုင်းမှာ လေရှိရမယ် ဆိုတာကို ငါတို့သိထားပြီးသားပဲလေ... ဒီပင်လယ် ဂူသင်္ချိုင်းထဲက လေက တကယ်တော့ ရေထုနဲ့ ချိတ်ဆက်ထားလို့ အထဲမှာ လေထု အရည်အသွေးက မျှတနိုင်တယ်.... ငါတို့လူ အရေအတွက်က မများဘူး...ဒါကြောင့် အပြင်ပြန်မထွက်ခင် တစ်နာရီလောက် အတွင်းထဲမှာ နေနိုင်ရင်ပဲ ငါတို့အတွက်က အသက်ရှင်ဖို့ တစ်ခုတည်းသော အခွင့်အလမ်း ရှိနေပြီ”
ဦးးလေးသုံးမှာ လူတွေကို အားပေးစကား ပြောနိုင်တဲ့ အရည်အချင်းတွေ ရှိပါ၏။ မဟုတ်ရင် သူ့လုပ်ငန်းက နောင်မှာ ဒီလောက်ကြီး ဖြစ်လာမှာ မဟုတ်ဘူး။ လူတိုင်းက သူပြောတာကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရတော့ မျှော်လင့်ချက်တွေ တရိပ်ရိပ် ပေါ်လာခဲ့သည်။ လှေငယ်သုံးစင်းကို ပေါင်း၍ ချည်ထားကာ ရေငုပ်ကိရိယာများကို ပြင်ဆင်လိုက်သည်။
အားလုံးအဆင်သင့် ဖြစ်သောအခါတွင် ဦးလေးသုံးသည် ၎င်းတို့နှင့်အတူ ရေအောက် လှုပ်ရှားမှုအတွက် လက်သင်္ကေတပြ ဘာသာစကား တချို့ကို သတ်မှတ်ပေးပြီးနောက် ၎င်းတို့ကို ရေအောက်သို့ ခေါ်ဆောင်သွားခဲ့သည်။
ထိုအချိန်က ရေငုပ်ကိရိယာများတွင် ဦးခေါင်းပေါ်၌ အလွန်ကြီးမားသော ဦးထုပ်ကြီး တစ်လုံးပါရှိပြီး အလွန်ခိုင်ခံ့လှသည်။ ရှေ့တွင် ပင်လယ်သတ္တဝါကြီး တစ်ကောင်ရှိလျှင်ပင် ထိုဦးထုပ်ကြီးကြောင့် ချက်ချင်းမျိုချနိုင်မည် မဟုတ်ပေ။ ဦးလေးသုံးကတော့ ရေကူးရင်း ပတ်ပတ်လည်ကိုလည်း လှည့်ကြည့်ကာ အတတ်နိုင်ဆုံး စိတ်တည်ငြိမ်အောင် ကြိုးစားခဲ့သည်။
သင်္ချိုင်းလမ်းက တဖြည်းဖြည်း ကျဉ်းမြောင်းလာရာ ဒီလမ်းကြောင်းအရ အဆုံးမှာ ဖြတ်သန်းနိုင်မလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာ၏။ ကံကောင်းတာက သူတို့မှာ ကိရိယာအားလုံး အစုံအလင်ပါလို့ အဆင်မပြေရင် ထွက်လမ်းရှာဖို့ လုပ်နိုင်သေးသည်။
သင်္ချိုင်းဂူရဲ့ နံရံတွေမှာ လူတွေရဲ့ မျက်နှာရုပ်ပုံ သဏ္ဌာန်တွေ အများကြီး ရှိလေသည်။ အခုဆိုရင် သူတို့ဟာ ထူထဲတဲ့ အလွှာတွေနဲ့ ဖုံးလွှမ်းနေလို့ ဘယ်မင်းဆက်က လာတယ်ဆိုတာကို ခွဲခြားသတ်မှတ်ဖို့ မဖြစ်နိုင်ပါဘူး။ ဒီလူငယ်တွေက ကမ္ဘာကို တစ်ခါမှ မမြင်ဖူးကြသလို သူတို့ရဲ့ လက်ရှိအခြေအနေကို မေ့နေကြပြီး အဲဒါတွေကို လေ့လာဖို့ ဝိုင်းဖွဲ့ကြတော့သည်။
ဆယ့်ငါးမိနစ်လောက် ရှေ့ကို ကူးခတ်ပြီး အကြိမ်ပေါင်းများစွာ လှည့်ခဲ့ပေမယ့် ဦးတည်ရာကို မှန်းဆလို့ မရတော့ချေ။ ဦးလေးသုံးလည်း ဒီလူတွေ အရမ်းရှုပ်ပြီး ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ခံစားမိတာကြောင့် နောက်က လိုက်လာတဲ့လူတွေကို ရပ်တန့်ဖို့ လက်ဟန်ခြေဟန်နဲ့ ပြလိုက်သည်။
သူက နောက်မှာ ကျန်ခဲ့တာ ရှိမရှိကြည့်ဖို့ လူအရေအတွက်ကို ရေတွက်ရန် ဝမ်ကျင်ကို တောင်းဆိုခဲ့သည်။ သင်္ချိုင်းလမ်းက ကျဥ်းမြောင်းတဲ့အတွက် ကူးခတ်ဖို့ စွမ်းအင်တွေ အများကြီး သုံးရတာကြောင့် ထိုလူတွေမှာ ပင်ပန်းနွမ်းနယ်နေကြပြီ။ ဤအမူအရာကို မြင်လျှင် လွတ်ငြိမ်း ချမ်းသာခွင့် ရသွားသလို အားလုံး ထိုင်ချလိုက်ကြသည်။
ဦးလေးသုံးက သူတို့ကို ကူကယ်ရာမဲ့ ကြည့်ပြီး ဒီလူတွေရဲ့ ခေါင်းဆောင် လုပ်ရတာ မလွယ်ဘူးလို့ ထင်လိုက်သည်။ မီးကို တောက်ပြီး အရှေ့ကို သွားကြည့်ဖို့ ပြင်လိုက်သည်။ အဲဒီအချိန်မှာ ဦးလေးသုံး ခေါင်းကို လှည့်လိုက်စဥ် ဝမ်ကျင်၏ အလွန်ထိတ်လန့်နေသော အမူအရာကို မြင်လိုက်ရတော့ ထိတ်လန့် တုန်လှုပ်သွား၏။ တစ်စုံတစ်ယောက် အနောက်မှာ ကျန်နေခဲ့တာလား?
ဝမ်ကျင်ဟာ လျင်မြန်စွာနဲ့ သူမ ဘာကိုဆိုလိုသလဲ ဆိုတာကို ဦးလေးသုံး သိစေဖို့ ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။ သူမက လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်ကာ ဦးလေးသုံးရှေ့မှာ ဝှေ့ယမ်းပြခဲ့သည်။ ဦးလေးသုံးကတော့ ဘာကိုဆိုလိုမှန်း မသိလို့ မေးလိုက်သည်။
တစ်ယောက် ပျောက်နေတာလား?
ဝမ်ကျင်သည် ဦးလေးသုံး၏ ပါးစပ်ပုံသဏ္ဍာန်ကို ကြည့်ကာ ခေါင်းယမ်းရင်း လက်တစ်ဖက်ကို ဖြန့်ကာ နောက်လက်တစ်ဖက်ကို လက်လေးချောင်းဆန့်ပြ၍ လက်နှစ်ချောင်းကို တွဲပြလိုက်သည်။ ဦးလေးသုံးလည်း အလွန်အံ့ဩသွားသည်။ ဝမ်ကျင်ရဲ့ ပါးစပ် ပုံသဏ္ဍာန်ကို ဂရုတစိုက်နဲ့ ကြည့်ရင် သူမတကယ် ပြောချင်တာက ဘာမှန်း နားလည်လိုက်၏။
"နောက်ထပ် လူတစ်ယောက် ပိုရှိနေတယ်!"
ဘာသာပြန်သူ - အစက လူ၈ယောက်ပဲ ကျန်ခဲ့တာနော် ဝမ်ကျင်ပြတဲ့ ပုံအတိုင်းဆို လူက ၉ ယောက်ဖြစ်နေပြီ