(4)
Viewers 13k

ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)

Author -南派三叔 (nan pai san shu)

translater - Hninthawethadar

ဒေါသပင်လယ်၌ မြုပ်နေသောသဲ


Chapter (4)

ပင်လယ်တစ္ဆေ



ဦးလေးသုံးလည်း အံ့အားသင့်သွား၏။ အနောက်က လူတွေထဲမှာ တစ်ယောက် သို့မဟုတ် နှစ်ယောက် ပျောက်သွားရင် သူနားလည်နိုင်ပေမယ့် မယုံနိုင်စရာကောင်းလောက်အောင် နောက်ထပ် လူတစ်ယောက် ထပ်ရှိသေးတာက နည်းနည်းတော့ လက်ခံဖို့ ခက်ခဲလေ၏။ 


သူက ဝမ်ကျင် ရေတွက်တာ မှားနေတယ်လို့ ထင်တဲ့အတွက် သူလှည့်ပြီး သူ့ဘာသာ ပြန်ရေတွက်ကြသည်။ သူက ပထမ၊ ဝမ်ကျင်က ဒုတိယဖြစ်ပြီး၊ နောက်တော့ သူဆက်တိုက် ရေကြည့်ရာ သုံး၊ လေး၊ ငါး၊ ခြောက်၊ ခုနစ်၊ ရှစ်၊ ကိုး...။


ကိုးယောက်မြောက် လူကို မြင်ပြီးပြီမို့ ဦးလေးသုံးလည်း အေးစက်တဲ့ လေကို ရုတ်တရက် ရှုရှိုက်လိုက်ရသလို ဖြစ်သွားသည်။ အဲဒီလူက လူတန်းရှည်ရဲ့ နောက်ကွယ်မှာ ပုန်းနေလို့ သူ့ရုပ်ကို ရှင်းရှင်းလင်းလင်း မမြင်ရလောက်အောင် မှုန်ဝါးနေသည်။


ဦးလေးသုံးလည်း အေးစက်စက် ချွေးတွေ စိုစွတ်လာသလို ခံစားလာရ၏။ သူ သရဲတွေကို ကြောက်တာ မဟုတ်ဘူ။ သူ့မှာ ရေအောက် အတွေ့အကြုံ မရှိတဲ့အတွက် နောက်ကွယ်မှာ ရှိတဲ့အကောင်က ဘာကောင်မှန်း မသိရတာကို စိတ်ပူမိတာပင်။ ဖုတ်ကောင်တွေက ရေကူးတတ်ကြလို့လား။ နောက်ပြီး ဒီဖုတ်ကောင် ကျုံးကျီကို ပင်လယ်ဖုတ်ကောင်လို့ ခေါ်ရမလား။ ဖုတ်ကောင်လို့ပဲ ခေါ်ရမလား?


ဦးလေးသုံးဟာ လီစစ်တိမှာ အလွန်နှေးကွေးနေတယ်လို့ တွေးကာ ခေါင်းယမ်းလိုက်မိ၏။ သူက သူ့နောက်မှ လိုက်လာတဲ့ အရာကိုတောင် သတိမပြုမိဘဲ ဖြစ်နေသည်။ ဦးလေးသုံးသည် ဓားမြှောင် တစ်ချောင်းကို လျှို့ဝှက်ထုတ်ကာ သူ့လက်နောက်တွင် ဝှက်ထားရင်း ပြန်ကူးလာခဲ့သည်။


၉ယောက်မြောက် လူသည် မလှုပ်မယှက် ရပ်နေ၏။ လီစစ်တိသည် သူ့ထံ ဦးလေးသုံး တိုက်ရိုက် ကူးခတ်လာနေတာကို မြင်သောအခါတွင် သူ့နောက်တွင် တစ်ခုခု ရှိနေပြီဆိုတာကို သိလိုက်ရသည်။ သူချာကနဲ လှည့်ကြည့်လိုက်သည်။ သူလှုပ်ရှားလိုက်သော အခါတွင် ထိုလူက သူ့ကိုအတုယူနေ သလိုမျိုး ရုတ်တရက် လှုပ်ရှားသွားသည်။ သူနဲ့အတူတူပါပဲ။ 


လိစစ်တိ လန့်သွားပြီး ခြေလှမ်းပေါင်းများစွာ နောက်ပြန် ဆုတ်သွားတော့ အဲဒီလူကလည်း ခြေလှမ်း အနည်းငယ် နောက်ပြန် ဆုတ်သွားခဲ့သည်။ သူ လီစစ်တိရဲ့ လှုပ်ရှားမှုတွေကို အတုယူနေပုံရသည်။ ဦးလေးသုံးကတော့ အဲဒီလူရဲ့ လှုပ်ရှားမှုတွေက ထူးဆန်းရုံတင်မကဘဲ နည်းနည်း ရယ်စရာကောင်းတာကို တွေ့ရလေ၏။ 


ခေါင်းပေါ်က ရှာဖွေရေးမီးကို ထွန်းလိုက်ပြီး ကမန်းကတန်း ပြေးထွက်သွားတဲ့ တခဏမှာ ဦးလေးသုံးဟာ အကြေးခွံတွေနဲ့ ဖုံးအုပ်ထားတဲ့ ကြောက်စရာကောင်းတဲ့ ဧရာမမျက်နှာကို မြင်လိုက်ရလေရာ အလွန်အမင်း ထိတ်လန့်သွားပြီး ဓားမြှောင်တောင် သူ့လက်ထဲက ချော်ထွက်လုနီးပါး ဖြစ်သွားသည်။


လီစစ်တိ၏ မျက်နှာမှာလည်း ထိတ်လန့်တကြား ဖြူဖျော့ ဖြစ်သွားကာ အရှေ့ကို အသည်းအသန် ကူးခတ်လာရင်း အနားယူရန်ပင် မဝံ့မရဲပေ။ သူက တတိယဦးလေးသည် ကမန်းကတန်း ဆွဲကိုင်လိုက်ပြီး တတိယဦးလေးအား အော်ပြောလိုက်၏။ 


"​ကောင်​​လေး ​ကောင်​​လေး"


(ဘာသာပြန်သူ - မူရင်းစာရေးဆရာက 好孩子 လို့ ရေးထားတာပါနော်။ ကလေးတွေ ဒါမှမဟုတ် တစ်ယောက်ယောက်ကို ချီးကျူးတဲ့နေရာမှာ သုံးတဲ့ အခေါ်အဝေါ်မျိုး။ လိစစ်တိက စကားဝဲလို့ ဦးလေးသုံးက အဲ့လို နားလည်လိုက်တာ ဖြစ်မယ်)


လိစစ်တိက စကားဝဲသူ ဖြစ်ပြီး ပုံမှန် စကားပြောရရင်တောင် ခက်ခက်ခဲခဲ အားစိုက်နေရလို့ အခု သူ့ပါးစပ် ပုံသဏ္ဌာန်ကလည်း နားလည်ရ ပိုခက်စေ၏။ ဦးလေးသုံးမှာ သူ့ကိုမြင်တဲ့အခါ ဒေါသူပုန် ထလုနီးပါး ဖြစ်သွားသည်။ သူက လိစစ်တိရဲ့ ဦးထုပ်ကို ချွတ်ပြီး နံရံဆီကို တွန်းလှန်ပစ်ချင်စိတ် ပေါက်သွား၏။


လိစစ်တိ စိတ်ငြိမ်သွားအောင် တွန်းမိခိုက်တဲ့အချိန်မှာ နံရံထဲက တစ်ခုခုကို ဖိမိသွားပြီး နံရံမှာရှိတဲ့ အက်ကွဲကြောင်းလေးခုက တစ်ချိန်တည်းမှာ ပြေလျော့သွားပြီး အထဲကို ကျုံ့ဝင်သွားတော့သည်။ ရုတ်တရက် ပတ်ဝန်းကျင်က ရေတွေက နံရံထဲကို စီးကျသွားရာ ဦးလေးသုံး မကောင်းတော့ဘူးလို့ တွေးလိုက်ပေမယ့် အရမ်းနောက်ကျသွားပြီ။ သူတို့အားလုံး အိမ်သာထဲက ပိုးဟပ်တွေလို နံရံက အပေါက်ထဲကို စုပ်ယူခံလိုက်ရ၏။


ဦးလေးသုံးမှာ ဘယ်နှစ်ခါ လှည့်ပတ်​နေမိမှန်း မသိတော့ဘဲ သူ့ကိုယ်တွင်း အင်္ဂါတွေ အားလုံးကို ဖယ်ပစ်လိုက်သလို ခံစားနေရသည်။ ရုတ်တရက် တစ်စုံတစ်ခုကို ပြင်းပြင်းထန်ထန် ထိမိသွား၏။ ကံကောင်းထောက်မစွာနဲ့ သူ့ဦးထုပ်က သန်မာတာကြောင့် သူခဏ ရုန်းကန်ပြီး မော့ကြည့်လိုက်တဲ့ အချိန်မှာ ရေထဲက ထွက်လာပြီ ဆိုတာကို တွေ့လိုက်ရသည်။


တခြားလူတွေ အားလုံးကလည်း သူနဲ့ သိပ်မကွာကြချေ။ ကောင်မလေးတွေ ဘယ်လောက်တောင် မူးဝေသွားလဲ မပြောနဲ့ သူတို့မှာ ဦးထုပ်ထဲမှာတောင် အန်ချကြတော့မည်။ ပိုမိုကောင်းမွန်သော ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု ရှိသော လူအနည်းငယ်သည် သူတို့ကို မအန်မိစေရန် ကမန်းကတန်း ကူညီပေးခဲ့သည်။


ဦးလေးသုံးကတော့ ဝမ်ကျင်ကို ပွေ့ဖက်လိုက်သည်။ မီးကို ထွန်းလိုက်တဲ့အခါ ရုတ်တရက် မရဏ နန်းတော်သို့ ရောက်သွားပုံရတာကို တွေ့လိုက်ရသည်။ လေကာမီးခြစ်ကို ထုတ်၍ မီးခြစ်ကြည့်လိုက်တော့ မီးစတင် လောင်ကျွမ်းသွားသည်။ ဒါနဲ့ပဲ လေထဲမှာ ဘာပြဿနာမှ မရှိဘူးဆိုတာကို ညွှန်ပြဖို့ အိုကေတဲ့ အမူအရာ လုပ်ပြလိုက်၏။ 


ထိုအခါမှ သူတို့ လေးလံတဲ့ ဦးထုပ်တွေကို ရုတ်သိမ်းပြီး ပထမဆုံး အသက်ရှူဝဝ ရှူသွင်းလိုက်ကြသည်။ ထိုအခိုက်တွင် လူတချို့က တစ်ပြိုင်တည်း ဆိုလာသည်မှာ။


"မွှေးလိုက်တာ!"


သင်္ချိုင်းတွင်း၌ အလွန်သာယာသော ရနံ့တစ်ခု ရှိ​နေသည်။ ၎င်းသည် အလွန် ပေါ့ပါးသော်လည်း လန်းဆန်းလှသည်။ အမွှေးရနံ့က ဘာကလာမှန်း မသိချေ။ ဦးလေးသုံးမှာ မရေမတွက်နိုင်သော အနံ့အသက်ဆိုးများရှိသည့် သင်္ချိုင်းဂူကို ကြုံတွေ့ခဲ့ရပါသည်။ ဤသည်မှာ ပထမဆုံးအကြိမ် အမွှေးရနံ့ ရခြင်း ဖြစ်သည်။ 


အမွှေးအကြိုင် ရနံ့များ ရသည့်အတွက် ဦးလေးသုံး အံ့သြမဆုံး ဖြစ်သွားသည်။ အုတ်ဂူကို ရှာဖွေကြည့်ရန် မီးရောင်ဖြင့် စစ်ကြည့်လိုက်ရာ ဤသင်္ချိုင်းသည် ပင်မသင်္ချိုင်း မဟုတ်နိုင်တာ တွေ့ရ၏။ အကြောင်းမှာ အုတ်ဂူထဲတွင် ခေါင်းတလား မရှိဘဲ ကြွေထည်များကိုသာ အတန်းလိုက် တွေ့ရသည်။ ဤအရာများကို သင်္ချိုင်းပိုင်ရှင်က သူတစ်သတ်လုံး အသုံးပြုခဲ့​တာ ဖြစ်နိုင်သည်။ 


ယခုအခါ သူတို့သည် နားခန်းအလယ်ရှိ စက်ဝိုင်းပုံ ရေတွင်းတစ်ခု ရှိသည့် အခန်းထဲ ရောက်နေသည်။ ဦးလေးသုံးသည် ဤနေရာတွင် အလှဆင်ထားသည်ကို တစ်ဖန်ပြန်ကြည့်ကာ ပိုကြည့်လေ ပိုစိတ်ရှုပ်လာလေ ဖြစ်နေသည်။ နံရံများဟာ ရေခိုးရေငွေ့များ ပြင်းထန်စွာ တိုက်ခတ်သွားသည့် ပန်းချီကားများဖြင့် ဖုံးလွှမ်းထားသည်။ နံရံပေါ်ရှိ ပန်းချီကားများအားလုံးသည် လူအရိပ်များနှင့် တူသယောင် ယောင်ဝါးဝါး မြင်နေရသည်။


ထိုအရိပ် ကဲ့သို့သော လူပုံစံများသည် ပုံစံမျိုးစုံရှိ၏။ အရှည်၊ အတို၊ အပိန်၊ အဝ၊ လမ်းလျှောက်ခြင်းနှင့် ကခုန်ခြင်း စသည်ဖြင့် ပုံသဏ္ဌာန် အမျိုးမျိုး ရှိကြသည်။ တစ်ခုစီသည် လူအစစ်များကို မိတ္တူဆွဲထားသလို သကဲ့သို့ပင် အသက်ဝင်သော်လည်း အရိပ်များ အားလုံးကပေးသော အဓိပ္ပာယ်မှာ အလွန်ထူးဆန်းလှသည်။ 


သူတို့ရဲ့ ဗိုက်တွေက ကိုယ်ဝန်ဆောင် အမျိုးသမီးများကဲ့သို့ ပူဖောင်းနေ၏။ ဝမ်ကျင်သည် ကြီးမားသော နံရံဆေးရေး သုတေသနတွင် အလွန် အောင်မြင်လိုသောကြောင့် လေ့လာနေသော်လည်း သူမလည်း ထိုပန်းချီတွေကို မမြင်နိုင်ချေ။ 


တစ်ဖက်တွင်တော့ လီစစ်တိသည် ထိုနံရံဆေးရေး ပန်းချီကားများကို မြင်သောအခါ အလွန်ထိတ်လန့်သွားပြီး ထအော်လိုက်သည်။


"ပင်လယ်တစ္ဆေ... ပင်လယ်တစ္ဆေတွေ ရှိနေတယ် ​​ဒါက ပင်လယ်တစ္ဆေရဲ့ သင်္ချိုင်းပဲ" 


ဦးလေးသုံးလည်း ယခုနက မြင်တွေ့လိုက်ရသည့် သတ္တဝါကို တွေးမိသွားသည်။ အဲဒီဟာကြီးက တကယ်ပဲ တစ္ဆေ ဖြစ်နိုင်လား? သူသေချာ မသိသေးဘဲ ရုတ်တရတ် ကောက်ချက်ချလိုက်တာက အထိတ်တလန့် ဖြစ်နိုင်တာမို့ လောလောဆယ် လျှို့ဝှက်ထားဖို့ ဆုံးဖြတ်လိုက်သည်။


လိစစ်တိသည် ပြင်းထန်သော လေယူလေသိမ်း စကားဝဲတဲ့ အသံရှိ၍ ပင်လယ် လိပ်တစ်ကောင်ဟု အားလုံးက ထင်နေကြသောကြောင့် လီစစ်တိအား အော်ဟစ် ရယ်မောလိုက်ကြသည်။ ဦးလေးသုံးက နာရီကို ကြည့်ကာ သူတို့အားလုံး ရေထဲက ထွက်လာခိုင်းလိုက်သည်။ သတ္တိရှိတဲ့ လူတချို့က နားခန်းဘေးက တံခါးဆီကိုတောင် လျှောက်သွားနေကြပြီ။ တံခါးက မမြင့်လို့ လျှောက်သွားရင် စင်္ကြံဆီကို ရောက်သွားနိုင်လောက်၏။ ဦးလေးသုံးက သူတို့ကို ပြန်ဆွဲထားပြီး 


"အခု ငါတို့မှာ ရှေးဟောင်းသုတေသန ကိရိယာတွေ မရှိဘူး.... ကယ်ဆယ်ဖို့ ပြင်ဆင်မှုတွေ မရှိဘူး မင်းတို့ဒီမှာ ရိုးရိုးသားသားနေနေ ငါ သွားခွင့်မပေးဘဲ ဘယ်မှ လျှောက်မသွားကြနဲ့... ဒီနေရာက သင်္ချိုင်း လမ်းကြောင်းထဲမှာ စက်ယန္တရားတွေ ရှိမရှိ မသိ​သေးဘူး....ငါတို့က ဒီကို တစ်နာရီ ခိုလှုံဖို့ ရောက်လာတာ... ဒါကိုလူတိုင်း နားလည်တယ်မလား"


ထိုကောင်လေးတွေက သူပြောတာကို ဆန္ဒမရှိပေမယ့် နားခန်းထဲက ကြွေထည်တွေကို လေ့လာဖို့ကလွဲလို့ ရွေးချယ်စရာ မရှိတော့ချေ။ ဦးလေးသုံး တစ်ချက် ကြည့်လိုက်ရာ မင်မင်းဆက် အစောပိုင်းက ပစ္စည်းတွေကို တွေ့ရတာကြောင့် တကယ်ကို သင်္ချိုင်းဂူပဲဆိုတာ သိလိုက်ရပြီး သူအံ့သြသွား၏။ 


ဂူသင်္ချိုင်းပိုင်ရှင်က ရှန်ဝမ့်စန်းရဲ့ မျိုးနွယ်လား?


သို့သော် သူသည် ရှေးဟောင်းပစ္စည်း အများအပြားကို မြင်တွေ့ခဲ့ပြီးပြီမို့ စိတ်ဝင်စားမှု သိပ်မရှိခဲ့ပေ။ ယခုအချိန်တွင် ဤနေရာက အောက်ဆီဂျင်ဟာ လုံလောက်မှု ရှိမရှိကိုပဲ ပို၍ စိုးရိမ်နေမိသည်။ လူအရေအတွက်ကို ပြန်စစ်ကြည့်တော့ အခုက မှန်သွားပြီမို့ သက်ပြင်းတစ်ချက် ချလိုက်တော့သည်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကတည်းက သူတကယ် ပင်ပန်းနေခဲ့ပြီး ကောင်းကောင်းလည်း မအိပ်ခဲ့ရချေ။


သူက နံရံနဲ့ ကပ်ထိုင်လိုက်သည်။ ဝမ်ကျင်ဟာ သူ့ရဲ့ပြောင်မြောက်တဲ့ စွမ်းဆောင်မှုအတွက် ဆုလာဘ်တစ်ခု အနေနဲ့ သူ့ပခုံးပေါ် ထောက်ပြီး နမ်းလာခဲ့သည်။ ဦးလေးသုံးခမျာ အလွန် အံ့အားသင့်သွားခဲ့သည်။ သူ့မှာ မူလက ဒီကောင်လေးတွေအပေါ် နာကြည်းမှုတွေနဲ့ ပြည့်နှက်နေခဲ့ပေမယ့် အခု ဝမ်ကျင်ရဲ့ ချိုမြိန်တဲ့ အပြုံးလေးကို မြင်လိုက်ရတော့ အရမ်းတန်တယ် အရမ်းတန်တယ်လို့သာ အော်ဟစ်လိုက်မိသည်။ 


သူတို့ နောက်ပြန်ဆုတ်ခိုင်းပြီး နောက်တစ်ခေါက်တောင် လုပ်ခိုင်းလိုက်ချင်သည်။ 


ရေငုပ်ဖူးသူတိုင်း ရေငုပ်ပြီးရင် အနားယူကြတာ သိကြသည်။ ရေအောက်မှာ ရေအကြာကြီး ငုပ်ရတဲ့ အတွေ့အကြုံ မရှိတဲ့အခါ ရေငုပ်ရတာက သက်တောင့်သက်သာ မရှိဘူးဆိုတာ သိလိမ့်မည်။ ဦးလေးသုံးက အဲဒီလူတွေနဲ့ ယှဉ်ရင် ကြံ့ခိုင်မှု အားကောင်းပေမယ့် သူ့ခန္ဓာကိုယ်က အဆင် မပြေသေးဘူး။ တစ်ကိုယ်လုံး ပြေလျော့သွားပြီးနောက်တွင် သူ အမှန်တကယ် သမ်းဝေလာခဲ့သည်။ 


ထို့ပြင် အမွှေးရနံ့သည် လူတို့ကို ငြိမ်သက်သက်ဖြင့် အိပ်ချင်စိတ် ဝင်လာစေပုံ ရလေသည်။ ရုတ်တရက် သူ အလွန်အိပ်ငိုက်နေတာကို ခံစားလိုက်ရတာကြောင့် ဝမ်ကျင်းအား ကြောင်တက်တက်ဖြင့် 


"ခဏလောက် အိပ်ဦးမယ်... အချိန်​ပြည့်ရင် ကိုယ့်ကို ခေါ်လိုက်"


ထိုကဲ့သို့ အိပ်ငိုက်ခြင်းသည် ပုံမှန်မဟုတ်ဟု ထင်ရသော်လည်း ဦးလေးသုံးမှာ စဉ်းစားရန် အချိန်မရှိခဲ့ပေ။ ဝမ်ကျင်က တိုးတိုးလေး အသံပြု၍ ခေါင်းညိတ်ပြတာကို ဝါးဝါးသာ မြင်နေရသည်။ နှာခေါင်းထဲတွင် မွှေးရနံ့သင်းသင်းလေး ရှိနေ၏။ အဲဒါက ဝမ်ကျင်ရဲ့ ဆံပင်လား ဒါမှမဟုတ် ရှေးခေတ်သင်္ချိုင်း၏ ထူးခြားမှုလား မသိတော့ဘဲ ချက်ချင်းနီးပါး အိပ်ပျော်သွား​တော့သည်။