ဂူဖောက်သူတို့ဒဏ္ဍာရီ 盗墓笔记 (volume 1)
Author -南派三叔 (nan pai san shu)
translater - Hninthawethadar
ဒေါသပင်လယ်၌ မြုပ်နေသောသဲ
Chapter (5)
ဓာတ်ပုံအဟောင်း
ဝူရှဲ့ အတွေးတွေ ပစ္စုပ္ပန်ကို ပြန်ရောက်လာတဲ့အခါ သူက ဇာတ်လမ်းဟာ စွဲဆောင်မှု အပြည့်ရှိတယ် ဆိုတာကို ခံစားလိုက်ရသည်။ သူ့ရင်ခွင်ထဲမှာ နွေးထွေးတဲ့ ရနံ့နဲ့ ကျောက်စိမ်းရောင်ရှိသော ရှေးဟောင်း ဂူသင်္ချိုင်းထဲမှာ ရှိနေတယ်လို့တောင် ထင်မိလာသည်။ ဦးလေးသုံးက ရုတ်တရက် ချောင်းဆိုးလာတာကြောင့် ဝူရှဲ အံ့အားသင့်သွားသည်။
ကိုယ့်ကိုကိုယ် ပြန်ကြည့်လိုက်တော့ ခေါင်းအုံးကို ပွေ့ဖက်ထားမိတာ တွေ့လိုက်ရတော့ အရမ်းရှက်သွားခဲ့သည်။ ဦးလေးသုံးရဲ့ မိန်းမကို သူက ဘယ်လိုလုပ် စိတ်ကူးယဉ်ရမှာလဲလို့ တွေးပြီး နီရဲနေတဲ့ မျက်နှာနဲ့ပဲ မေးလိုက်၏။
"ဘာလို့ ဘာမှ ဆက်မပြောတာလဲ? နောက်ဆုံးတော့ ဘာဖြစ်သွားလဲ?"
ဦးလေးသုံးကတော့ ခါးသက်သက် ပြုံးလိုက်ပြီး
"ပြောစရာ မရှိတော့ဘူး... ဇာတ်လမ်းက အဲဒီမှာပဲ ပြီးသွားပြီ ငါ အိပ်ပျော်နေတုန်း အဲဒီဂူသင်္ချိုင်းထဲမှာ ဘာတွေ ဖြစ်ပျက်ခဲ့လဲ ဆိုတာကို ငါ အခုထိ ရှင်းမပြနိုင်သေးဘူး"
ဦးလေးသုံးက သူ့နှုတ်ခမ်းတွေကို ပွတ်သပ်လိုက်ကာ။
"ငါ အကြာကြီး အိပ်ပျော်သွားတယ်.... နိုးလာတော့ နားခန်းထဲမှာ ငါတစ်ယောက်တည်း ကျန်နေခဲ့တာကို တွေ့လိုက်ရတာပဲ... သူတို့ဘယ်ရောက်ကုန်မှန်းကို မသိဘူး။ ငါမရှိတော့တာကို အခွင့်ကောင်းယူပြီး ထွက်ပြေးသွားတယ်လို့ ထင်နေတာနဲ့ အရမ်း ဒေါသထွက်သွားခဲ့တယ်... ပြီးတော့ ဝမ်ကျင်က ငါ့စကားကို အမြဲနားထောင်တတ်တာ ဒါပေမယ့် ဒီတစ်ခါတော့ သူကပါ သူတို့နဲ့ လိုက်ရှုပ်နေတော့ သူတို့ကို လိုက်ဖမ်းမလို့ပဲ"
သူက စီးကရက်တစ်လိပ်ကို ထုတ်ကာ ပါးစပ်ထဲထည့်ကာ မျက်နှာပေါ်တွင် ရုပ်ဆိုးသောအမူအရာဖြင့် ဆက်ပြောလာသည်။
"အဲဒီအချိန်မှာ နံရံပေါ်က တံခါးက ပျောက်နေတာကို မြင်လိုက်ရတယ်... လှည့်ကြည့်လိုက်တော့ အဲဒီနေရာက ငါပထမ အိပ်နေခဲ့တဲ့ နေရာမဟုတ်မှန်း ချက်ချင်း သိလိုက်ရတာပဲ....ငါရောက်နေတဲ့ နေရာက တခြားထူးဆန်းတဲ့ နေရာတစ်ခုပဲ ပြီးတော့ ငါ့နောက်မှာ ရွှေနန်းမူ အခေါင်းတလားလည်း ရှိနေတယ်ကွ"
ဝူရှဲ ပြုံးပြီးပြောလိုက်သည်။
"ဦးလေးသုံး... ဦးလေးရဲ့ သတ္တိနဲ့ဆို အဲဒီခေါင်းတလား အဖုံးကို မဆိုင်းမတွ လွှင့်ပစ်လိုက်ပြီး အတွင်းထဲမှာ ကောင်းတာတွေ ရှိမရှိ အကုန်သွန်ပစ်လိမ့်မယ်"
“အမလေး ငါမင်းကို ပြောပါရစေ အဲဒီတုန်းက ငါသေမတတ် ကြောက်နေတာ... ငါ ခေါင်းတလားတွေ အများကြီး တွေ့ဖူးပေမယ့် အဲဒီအခေါင်းထဲက ရေတွေ ထွက်ထွက်လာနေတဲ့ ခေါင်းတလားတော့ မတွေ့ဖူးသေးဘူးကွ! အထဲမှာ တစ်ခုခုက ရေချိုးနေသလိုပဲ... ငါလည်း ရုတ်တရက် လီစစ်တိပြောခဲ့တဲ့ ပင်လယ်တစ္ဆေသင်္ချိုင်းကို တွေးမိသွားတယ်...
ငါ ကျုံးကျီကို မကြောက်ဘူး ဆိုတာ မင်းသိပါတယ်... ဒါပေမဲ့ ပင်လယ်တစ္ဆေကလည်း မတူဘူး... ငါ့ဘောင်းဘီတွေ စိုစွတ်လုမတတ် ကြောက်သွားတာ.. တစ်ဆက်တည်း ငါဝမ်ကျင်ကိုလည်း စိတ်ပူသွားတယ်... ငါ အကြိမ်ပေါင်းများစွာ အော်ခေါ်ပေမယ့် ဘယ်သူမှ ပြန်မဖြေဘူး... အဲ့ဒီအချိန်မှာ ခေါင်းတလား အဖုံးက ရုတ်တရက် ပြုတ်ကျသွားရော”
ဦးလေးဖြစ်သူက ထိုနေရာကို ပြောလာတဲ့အခါ ထူးဆန်းတဲ့ အမူအရာနဲ့
“အဲဒီအချိန်တုန်းက ငါ တွေးတောင် မတွေးခဲ့မိဘူး.... ငါ့လက်ထဲမှာက ဦးထုပ်ကို ကိုင်ထားတုန်းပဲ .. အဲဒါနဲ့ တစ်ခါတည်းဆောင်းပြီး ရေထဲ ခုန်ချပစ်လိုက်တာပဲ... နောက်တော့ ငါလွတ်သွားခဲ့တယ်”
ဒါကိုကြားတော့ ဝူရှဲက
"မဟုတ်သေးပါဘူး... အခန်းက ပြောင်းသွားတာ မဟုတ်ဘူးလား? ဘယ်လိုလုပ် ရေကန်က ရှိနေသေးတာလဲ?"
ဦးလေး၏ မျက်နှာသည် မှုန်ကုပ်ကုပ်နှင့်
"ရှိတယ်... သေချာပေါက်ကို ရှိနေတာ... ငလူးတဲ့မှ ငါ့စကားကို ဝင်မနှောက်ယှက်နဲ့ ငါ့စကား မဆုံးသေးဘူး"
ဦးလေးသုံးက ငြိမ်သက်သွားကာ ဆက်ပြော၏။
"ဆူနာမီက ရပ်သွားပြီလားလည်း ဂရုမစိုက်နိုင်တော့ဘူး... ငါ ပင်လယ်ဓားပြ ဂူကိုတွေ့ပြီး ကူးထွက်ခဲ့တယ်.... အပြင်မှာ နေရောင်က ကောင်းကင်ကနေ ရေထဲအထိ ဖြာကျနေပြီ... ဘယ်အချိန်ရှိပြီလဲတောင် မသိဘူး။ ရေထဲက ထွက်လာတော့ သင်္ဘောကြီးတွေ အများကြီး တွေ့လိုက်တယ်... သူတို့က ငါတို့ကို ခေါ်ဖို့ လာနေပုံရတယ်.... ငါ လှေပေါ်ပြန်ကူးပြီး အချိန်ကို မေးကြည့်လိုက်တော့ နောက်နေ့ မွန်းတည့်တောင် ရောက်နေပြီကွ! မင်းပြောကြည့်... ငါသင်္ချိုင်းထဲမှာ ခဏလေး အိပ်ပျော်သွားတာက ဘယ်လိုလုပ် တစ်နေ့ ကုန်သွားရတာတုန်း?"
အတုအယောင် အတုတွေ အတုတွေ။ ဝူရှဲ ဦးလေးသုံးကို စိုက်ကြည့်နေလိုက်သည်။ နောက်ဆုံးမှာ ပြတ်ပြတ်သားသား တစ်ခုခုတော့ ကြုံလာခဲ့လိမ့်မယ်။ သူဘာလို့ ပြောဖို့ ငြင်းလိုက်တာလဲ မသိဘူး။ ဒီလူကြီးက အဲဒီဂူသင်္ချိုင်းထဲ ဝင်ပြီး ဘာလုပ်ဖို့ ဒီအတိုင်း ထွက်လာတာလဲ။ ဝူရှဲမှာ တစ်ဖက်လူကို အတင်းအကြပ် ပြောခိုင်းလို့ မရမှန်း သိတာကြောင့် အသည်းတွေ ယားလာတော့သည်။
(Tn - စပ်စုစိန်က စပ်စုချင်နေတာ)
သူစကားရပ်သွားတာကို မြင်တော့ ဝမ်ကျင်ကို အရမ်း စိတ်ပူသွားတာကြောင့် မေးလိုက်သည်။
"အခြားသူတွေရော? သူတို့ထွက်လာတာ မဟုတ်ဘူးလား"
ဦးလေးဖြစ်သူက ဒေါသတကြီးဖြင့်
"လှေပေါ်တက်ပြီး စကားနည်းနည်းမှ မပြောနိုင်ဘဲ မူးလဲသွားတယ်ကွ! နောက်ပိုင်း ဟိုင်နန်ဆေးရုံကို ပို့လိုက်ရပြီး တစ်ပတ်လုံးလုံး မေ့မြောသွားတာ.... ငါနိုးလာပြီး သူတို့ကို သွားခေါ်ချင်ပေမယ့် သူတို့အဖွဲ့ ခေါ်သွားတဲ့ အဲဒီနေရာကို ရှာမတွေ့တော့ဘူး... အဲဒီနေရာရဲ့ ကိုသြဒိနိတ် အတိအကျကို မသိရင် မတွေ့နိုင်တော့ဘူး ပင်လယ်ထဲမှာလည်း အဲဒီလိုပဲ"
သူက ခဏရပ်ပြီး
"နောက်တော့ ရေကြောင်း အုပ်ချုပ်ရေးအဖွဲ့နဲ့ သူတို့ရဲ့ သုတေသနဌာနကို မေးကြည့်တော့ အဲဒီလူငယ်တွေ ပျောက်ဆုံးနေတဲ့ အကြောင်း သိလိုက်ရတယ်... ဝမ်ကျင်လည်း သူတို့နဲ့အတူ ရှိနေခဲ့တာ... အခုဆို အနှစ်နှစ်ဆယ်နီးပါး ရှိနေပြီ ဘာသတင်းမှ မကြားရသေးဘူး.. တကယ်ကို ရှင်းမပြနိုင်တော့ဘူး.. ဒီသင်္ချိုင်းမှာ ဘာတွေဖြစ်သွားတာလဲ မသိဘူး.. တစ်စုံတစ်ယောက်က အကြောင်းပြချက် မရှိဘဲ ဘယ်လိုလုပ် ရုတ်တရက် ပျောက်ကွယ်သွားနိုင်မှာလဲ.... အဲဒီတုန်းကသာ ပင်လယ်ရေအောက်ကို စူးစမ်းဖို့ မသွားခဲ့ဘူး ဆိုရင် အဲဒီလူတစ်စုက အခုဆို သားတွေ မြေးတွေတောင် ရှိနေလောက်ပြီ.. ပြီးတော့ ဝမ်ကျင်... သူမအတွက် တကယ်ကို စိတ်မကောင်းဘူး"
သူ့ဦးလေးသုံး မျက်ရည်ကျတာကို မြင်လိုက်ရသည်။ ဦးလေးသုံးရဲ့ ဒီလိုပုံစံကို တစ်ခါမှ မမြင်ဖူးခဲ့ရာ ရုတ်တရက် ဘာလုပ်ရမှန်း မသိတော့ဘဲ ဖြစ်သွားသည်။ ဦးလေးသုံးက မြွေမျက်ခုံးငါးကြေးရုပ်ကို ကောက်ကိုင်ပြီး
“နောက်ဆုံးအထိ ငါ စဉ်းစားနေတာ ကြာပြီ.... ငါတစ်ယောက်တည်း ဘာလို့များ ထွက်လာနိုင်ရတာလဲ ဆိုတာကိုပဲ... သူများတွေ မထွက်လာနိုင်ခဲ့ဘူး ငါနဲ့ သူတို့ကြားက တစ်ခုတည်းသော ခြားနားချက်က ငါ့မှာ ဒီအရာ ရှိနေလို့ပဲ"
ဝူရှဲလည်း မြွေမျက်ခုံးငါကြေးရုပ်ကို ကြည့်ပြီး ပြောလိုက်သည်။
"ဘုရင်လုရှန်က ပင်လယ်ရေအောက်က ဂူသင်္ချိုင်းကို အနိုင်ယူပြီး မြွေမျက်ခုံးမွှေးပါတဲ့ ငါးကြေးရုပ်ကို လက်ထဲမှာ ကိုင်ထားမယ်ဆိုရင် ဘုရင်လုရဲ့ နန်းတော်က ပင်လယ်ထဲက သင်္ဘောပျက် ဂူသင်္ချိုင်းနဲ့ ဆက်စပ်နေတယ်လို့ ပြောရမှာလား?"
တစ်ချိန်တည်းမှာပဲ ဝူရှဲ သူ ထင်နေတာက မမှန်ဘူးလို့ ခံစားမိလာသည်။ သင်္ချိုင်းနှစ်ခုကြားက ကွာဟချက် တစ်ခုရှိတယ်လေ။ တစ်ခုက စစ်မတ်ကာလ ခေတ်ကဖြစ်ပြီး နောက်တစ်ခုက 'မင်' မင်းဆက်အစောပိုင်းကပဲ။ သူတို့သတ်ခံရရင်တောင် အဲဒါနဲ့ ဘာမှမဆိုင်ဘူး။ ဒီကြားထဲက လျှို့ဝှက် ဆန်းကြယ်မှု အကြောင်းတွေကို သူမသိသေးလို့များလား။
ဦးလေးသုံး ဒီလိုပြောပြီး နောက်မှာတော့ သူ့အတွေးတွေက အနည်းငယ် ရှုပ်ထွေးသွားကာ ခဏလောက် လှဲအိပ်လိုက်သည်။ နောက်ထပ် နာကျင်စရာ ကောင်းတဲ့ မှတ်ဉာဏ်တစ်ခုကို ခံစားခဲ့ရပြီး စိတ်တည်ငြိမ်အောင် ထားသင့်တယ်လို့ ဝူရှဲလည်း ထင်လိုက်သည်။ မမျှော်လင့်ဘဲ သူက ရုတ်တရက် ထထိုင်လာကာ ခေါင်းကို လှည့်ကာ ပြောလိုက်လာ၏။
"တူကြီး.... ငါ အခုမှ တစ်ခုခုကို သတိရလိုက်သလိုပဲ"
သူ့မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားတာကို မြင်လိုက်ရတော့ စိတ်ထဲမှာ ကြောက်စရာကောင်းတဲ့ တစ်ခုခုကို သတိရသွားပြန်ပြီလို့ တွေးမိပြီး ခေါင်းကုတ်လိုက်မိသည်။ ဦးလေးသုံးက ဆို၏။
"ငါနဲ့ ပင်လယ်ထဲကို လိုက်ဝင်သွားတဲ့ ကောင်လေးတွေထဲမှာ အတူတူ ပါသွားတဲ့ လူတစ်ယောက် ရှိတယ်.... သူ့အသွင်အပြင်က အသံတိတ်လူသား အစ်ကိုလေးနဲ့ တော်တော်တူတယ်!"
ဒါကိုကြားတော့ ဝူရှဲရဲ့ ဦးရေပြားတွေ ထုံကျင်သွားပြီး
"ဦးလေး အမှတ်မှားနေတာများလား? အဲဒီ့အချိန်က ပါတယ်ဆိုရင် သူကအသက် နည်းနည်း ပိုကြီးတဲ့လူ ဖြစ်နေမှာလေ"
ဦးလေးသုံးကတော့ အဲဒါကို သေသေချာချာ ပြန်ပြောပြရင်း သူ့မျက်ခုံးတွေက ပိုပိုပြီး ကျယ်လာသည်။ နောက်ဆုံးတော့ သူက
"အရမ်းကြာနေပြီ ဆိုတော့ ငါ ၁၀၀%တော့ မသေချာဘူး ဒါပေမယ့် ငါတို့ မသွားခင်တုန်းက ရိုက်ထားတဲ့ အဖွဲ့လိုက် ဓာတ်ပုံတစ်ပုံ ရှိသေးတယ်... အိမ်ကို စကင်န်ဖတ်ခိုင်းပြီး ပို့ခိုင်းလိုက်ရင် ရတယ်လေ"
စကားလုံးတွေ မဆုံးခင်မှာပဲ ဦးလေးသုံးက ဖုန်းခေါ်ပြီး အမိန့်တချို့ ပေးလိုက်သည်။ ငါးမိနစ်လောက် ကြာတော့ အီးမေးလ် ပို့လာ၏။ ဦးလေးသုံး ဖွင့်လိုက်တာနဲ့ ဝူရှဲ တကိုယ်လုံး အေးစက်သွားတော့သည်။ ဓာတ်ပုံက အဖြူအမည်း ဓာတ်ပုံဖြစ်ပြီး လူဆယ်ယောက် ပါဝင်၏။ အရှေ့မှာ တစ်တန်း ထိုင်နေကာ ဒုတိယတန်းက မတ်တပ်ရပ်နေသည်။
ပထမတန်းရဲ့ အလယ်မှာ ထိုင်ချလိုက်တဲ့လူက ငယ်ငယ်တုန်းက ပုံစံနဲ့ ဦးလေးသုံးဖြစ်ပြီး နောက်မှာ ရပ်နေတဲ့လူက တကယ်ပဲ မျက်နှာသေ ဖြစ်နေသည်။
ဝူရှဲ ဆံပင်တွေထဲမှာ ချွေးတွေ ဖုံးလွှမ်းလာသလို ခံစားလိုက်ရသည်။ သူ အမြင်မှားတာထင်ပြီး ပြန်ကြည့်လိုက်တော့ တကယ်ပဲ မျက်နှာသေ ဖြစ်နေတာ တွေ့ရ၏။ သူ့မျက်လုံးနဲ့ မျက်နှာအမူအရာက သူတွေ့ခဲ့တဲ့ ပုံစံနဲ့ တစ်ထပ်တည်း ကျနေသည်။ ဝူရှဲ လက်တွေ နည်းနည်းတုန်လာသည်။ ဦးလေးသုံးက သူ့ကို ကြည့်လာရင်း စိတ်ထဲမှာ တော်တော် ရှုပ်ထွေးနေ၏။ သူက စကားတွေ ပြောချင်ပေမယ့် အတော်ကြာအောင် လည်ချောင်းထဲမှာ တစ်စို့နေပြီး နောက်ဆုံးတော့ သူက အော်လာ၏။
"ဘာလို့...ဘာလို့... အနှစ်နှစ်ဆယ်အတွင်းမှာ နည်းနည်းလေးမှ မအိုသွားတာလဲ"
ပြောပြီးပြီးချင်း ဦးလေးသုံးက ရုတ်တရက် အိပ်မက်က လန့်နိုးသွားသည့်အတိုင်း။
"နားလည်ပြီ... နားလည်ပြီ!"
ဝူရှဲ သူ့ကို ရူးသွပ်သလို ကြည့်လိုက်တော့ ခဏလေးအတွင်းမှာပဲ မျက်စိရှေ့က ပျောက်သွား၏။ ဝူရှဲ မြင်လိုက်ရတာက သူ့ခရီးဆောင်အိတ်ကို ကောက်ကိုင်ပြီး ထွက်သွားတာကိုပင်။ ဝူရှဲခမျာ ဆွဲထားချင်ပေမယ့် တစ်ဖက်က သူ့လက်ကို ချက်ချင်း ပယ်ချပစ်လိုက်သည်။
"မင်းက ဖန့်ကျစ်ကို စောင့်ရှောက်ဖို့ ဒီမှာနေခဲ့.. ငါ ရှီးရှားကို တစ်ခေါက် သွားကြည့်ပြီး ပြန်လာခဲ့မယ်"
ပြောပြီး နောက်ပြန်လှည့် မကြည့်ဘဲ ပြေးထွက်သွားတော့သည်။