အပိုင်း 207
Viewers 24k

Chapter 207
ကလေးဆန်သောဝမ်ဟုန်



ချန်ရုံကတော့ ပတ်ဝန်းကျင်က အေးလာသည်ဟု ထင်သောကြောင့် ဝမ်ဟုန်၏ရင်ခွင်ထဲသို့ ပို၍ တိုးဝင်လိုက်သည်။

ထိုအခါ ချန်ရုံ၏ခေါင်းပေါ်မှ ဝမ်ဟုန်က ရယ်လိုက်သည်။

"အချစ်ရယ်...ကိုယ်က တစ်ကမ္ဘာလုံးကို လှည့်ပတ်သွားလာခဲ့ပြီး လူတိုင်းကလည်း ကိုယ့်ကို လေးစားအားကျပြီး ချစ်မြတ်နိုးပါတယ်လို့ ပြောနေကြတာ...ဒါပေမယ့် အခု ကိုယ်အရမ်းကို နာမကျန်းဖြစ်ပြီး ဒုက္ခရောက်နေတဲ့အချိန်မှာတော့ ကိုယ် အားကိုးလို့ရတာ မင်းတစ်ယောက်ပဲ ရှိပါတယ်..."

တဒုတ်ဒုတ်ခုန်နေသော နှလုံးခုန်သံများကြားတွင် ဝမ်ဟုန်က ချန်ရုံ၏ မေးဖျားလေးကိုမ၍ ကြင်နာမှုအပြည့်ဖြင့် ရင်ထဲမှထွက်ပေါ်လာသော အသံနှင့် ပြောလိုက်သည်။
"အားရုံ...ကိုယ် မင်းကို အဲဒီနေ့က ကိုယ့်ရဲ့ ဂုဏ်သရေရှိကိုယ်လုပ်တော် လုပ်နိုင်မလားလို့မေးတုန်းက မင်းကို နှိမ့်ချချင်တဲ့စိတ်လည်း မရှိသလို မင်းအပေါ် ရက်စက်ချင်တဲ့စိတ်လည်း တကယ်မရှိခဲ့ပါဘူး...တကယ်က...ကိုယ် မင်းကို ဘယ်လောက်ပဲ ချစ်မြတ်နိုးပါစေ မင်းက ကိုယ့်ရဲ့ ဂုဏ်သရေရှိ ကိုယ်လုပ်တော်ပဲ ဖြစ်နိုင်မှာလေ..."

ချန်ရုံ၏တင်းတင်းစေ့ထားသောနှုတ်ခမ်းနှင့် အရောင်မရှိတော့သောမျက်နှာကို လျစ်လျူရှု၍ ဝမ်ဟုန်က ချန်ရုံ၏မေးစေ့ကိုကိုင်ကာ အလွန်ညင်သာနူးညံ့စွာပြောလိုက်သည်။
"အရူးမလေးရယ်...မင်းက အရာရာတိုင်းကို လွယ်လွယ်ကူကူဖြစ်မယ်လို့ထင်နေတာကိုး...ဝမ်ဟုန်ရဲ့ဇနီးဖြစ်ရတာလည်း လွယ်ကူမယ်လို့ထင်နေတာလား...မင်း အစေခံတွေနဲ့ ပြောဆိုဆက်ဆံရမယ့်အပြင် ကိုယ့်ရဲ့ အရမ်းကြီးတဲ့ မိသားစုထဲက ညီအစ်ကို‌မောင်နှမတွေ...အဒေါ်တွေ ဦးလေးတွေနဲ့ မင်းဆက်ဆံနေရမှာ...ပြီးတော့ ကိုယ်ပိုင်ဆိုင်တဲ့အရာတွေကို ဦးစီးထိန်းချုပ်ရမှာတွေနဲ့

အရမ်းကိုစိတ်ရှုပ်စရာကောင်းတယ်...ပြီးတော့ ပိုပြီးအရေးကြီးတဲ့အချက်က အိမ်တော်အကြီးအကဲက ကိုယ့်ကို သူ့နေရာကိုဆက်ခံစေချင်တာလေ...အဲဒီတော့ လန်ယာဝမ်အိမ်တော်ရဲ့ အနာဂတ်အကြီးအကဲဖြစ်မယ့်လူရဲ့ ဇနီးက သူ့ရဲ့ကိုယ်ပိုင် အာဏာကြီးတဲ့ မိသားစု မရှိလို့မရဘူး...တကယ်လို့သာ ဒီနေ့လိုမျိုး အဖြစ်အပျက်မျိုးနဲ့ ထပ်ပြီးကြုံတွေ့ရမယ်ဆိုရင် ကိုယ့်ကို ကူညီဖို့ မင်းရဲ့မိသားစုကို အကူအညီတောင်းလို့ မရဘူးမဟုတ်လား...‌နောင်အနာဂတ်မှာလည်း အနှောင့်အယှက်တွေနဲ့ ကြုံလာရရင် မင်းမှာ တခြားအကူအညီတောင်းစရာနေရာမရှိဘူးလေ...ပြီးတော့ ကိုယ့်ရဲ့ဇနီးအနေနဲ့ နန်းတော်ကိုလည်း မကြာခဏသွားပြီး တော်ဝင်ကိုယ်လုပ်တော်တွေ...နန်းတွင်းသူတွေနဲ့ ဆက်ဆံနေရဦးမှာ...မင်းမှာသာ ကျောထောက်နောက်ခံ မိသားစုမရှိရင် သူတို့တွေကို မင်းကို နှိမ့်ချပြောဆိုပြီး လန်ယာဝမ်အိမ်တော်ရဲ့ဂုဏ်သိက္ခာကိုပါ ညှိုးနွမ်းအောင် လုပ်ပစ်ကြမှာ..."

ထို့နောက် ဝမ်ဟုန်က နူးညံ့၍ ကြည်လင်သောမျက်လုံးများဖြင့် ချန်ရုံ့ကိုကြည့်လိုက်သည်။
"အဲဒီကိစ္စတွေကို ကိုယ်က အရေးမစိုက်ပေမယ့် အိမ်တော်ရဲ့ အကြီးအကဲနဲ့ အကြံပေးတွေက ဂရုစိုက်ကြတယ်လေ..."
ဝမ်ဟုန်က ခေါင်းကိုငုံ့၍ ချန်ရုံ၏နှုတ်ခမ်းကို ဖိနမ်းလိုက်သည်။
"အားရုံ...မင်းကို ကိုယ် ဒီနေ့မှာ လက်ထပ်မယ်လို့ စိတ်ကူးလိုက်ရုံနဲ့ မနက်ဖြန် မင်းရဲ့အလောင်းပဲ ကျန်တော့မှာ ကိုယ်အာမခံနိုင်တယ်..."

ဝမ်ဟုန်က ချန်ရုံ့အား မော့ကြည့်၍ ချန်ရုံ၏လက်ကို သူ၏ရင်ဘတ်ပေါ်သို့တင်ကာ တောင်းပန်တိုးလျှိုးသည့် လေသံဖြင့်ပြောလိုက်သည်။
"အားရုံ...ဂုဏ်သရေရှိကိုယ်လုပ်တော်ဆိုတာ တရားဝင်ဇနီးထက် တစ်ဆင့်ပဲနိမ့်တာပါ...ကိုယ်မသေမချင်း ကိုယ့်ရဲ့အာဏာကုန်သုံးပြီး တတ်နိုင်သလောက် မင်းကိုကာကွယ်ပေးပြီး ချစ်ပေးသွားမှာလေ...အဲဒါ မင်းအတွက် မလုံလောက်ဘူးလား..."

ဝမ်ဟုန်၏မျက်လုံးများက အလွန်ကြည်လင်၍ နူးညံ့နေကြကာ ချန်ရုံသည် သူမ၏အရိပ်ကိုပင် ဝမ်ဟုန်၏မျက်လုံးများထဲ၌ ပြန်မြင်နေရသည်။

ချန်ရုံက ပြုံးကာ ခေါင်းကိုခါလိုက်သည်။
"ချီလန်...အဲဒါတွေကို ကျွန်မ မသိဘူးလို့ ရှင်ထင်နေတာလား...ကျွန်မကို ရှင့်ရဲ့ ဂုဏ်သရေရှိကိုယ်လုပ်တော် လုပ်နိုင်တယ်လို့ပြောလိုက်တဲ့နေ့က ကျွန်မ ရှင့်ကို မုန်းတီးသွားရတဲ့အကြောင်းက..."
ချန်ရုံက စကားကို ဆုံးအောင်မပြောပဲ ခေါင်းကိုသာ ခါယမ်းလိုက်သည်။

ထို့နောက် ချန်ရုံသည် အကြည့်ကို အပြင်တစ်နေရာသို့လွှဲ၍ ပြောလိုက်သည်။
"ချီလန်...ရှင့်ကို လက်ထပ်ခွင့်ရဖို့လည်း ကျွန်မ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပါဘူး...ရှင့်ရဲ့ဇနီးဖြစ်ခွင့်ရဖို့လည်း ဘယ်တုန်းကမှ စိတ်ကူးမယဉ်ခဲ့မိဘူး..."

ချန်ရုံက ပြောရင်းဖြင့် ဝမ်ဟုန့်ကို ပြန်လှည့်ကြည့်ကာ ပြုံး၍ အက်ကွဲစွာပြောလိုက်သည်။
"ကျွန်မ ဖြစ်ချင်ခဲ့တာက ရှင်နဲ့ ဝေးနိုင်သမျှ အဝေးဆုံးမှာ နေချင်ခဲ့တာပါ...ရှင့်ကို ချစ်ဖို့ဆိုတာ ကျွန်မအတွက် လက်လှမ်းမမီနိုင်မှန်း ကျွန်မ သိတယ်လေ..."

ဝမ်ဟုန်က မျက်လွှာချ၍ ပြန်ပြောလိုက်သည်။
"ဒါပေမယ့် ကိုယ်က မင်းကို ကိုယ်နဲ့အဝေးမှာ မနေစေချင်ဘူးလေ အားရုံ...မင်းကို ကိုယ့်နားမှာရှိနေပြီး ငါနဲ့ သားသမီးတွေတူတူမွေးဖွားပြီး တူတူ အိုမင်းသွားစေချင်တာ..."

တူတူအိုမင်းဖို့တဲ့လား...

ချန်ရုံ၏မျက်လုံးများက နီရဲလာသည်။

ချန်ရုံသည် အပြင်သို့ ခံစားချက်မပါသော ဗလာမျက်လုံးများဖြင့် ငေးကြည့်နေမိသည်။ အချိန်အတော်ကြာသွားသောအခါမှ ဝမ်ဟုန့်အား မော့ကြည့်၍ စိတ်ဆုံးဖြတ်ပြီးသောလေသံဖြင့် ဖြည်းညှင်းစွာ ပြောလိုက်သည်။
"အခုလိုအခြေအနေကပဲ လုံလောက်နေပါပြီ ချီလန်..."

ချန်ရုံက ပြုံး၍ ဆက်ပြောလိုက်သည်။
"ကျွန်မက ရှင့်ရဲ့ တရားမဝင်ဇနီးဖြစ်နေပြီပဲလေ...တခြားမိန်းမတစ်ယောက်နဲ့ မင်္ဂလာဆောင်ပြီး ရှင်တစ်သက်လုံးနေခဲ့တဲ့ဘဝကို ဆက်နေနေရင်းနဲ့ ကျွန်မဆီကိုလည်း ရှင်လာချင်တဲ့အချိန်လာလို့ရတယ်လေ..."

ချန်ရုံသည် ဝမ်ဟုန်၏ခြောက်သွေ့နေသော နှုတ်ခမ်းများကို ပွတ်သပ်လိုက်သည်။
"ကျွန်မတို့နှစ်ယောက် တူတူရှိချင်တဲ့အခါကျ တူတူရှိလို့ရပြီး တူတူမရှိချင်တော့တဲ့အခါမှာလည်း လွယ်လွယ်ပဲ ခွဲခွာလိုက်ကြလို့ရတယ်လေ..."

ချန်ရုံက ထိုစကားများကို ပေါ့ပေါ့ပါးပါးနှင့် ချိုမြစွာပင် ပြောလိုက်သည်။

ဝမ်ဟုန်က ချန်ရုံ၏လက်ကိုလှမ်းကိုင်လိုက်သည်။

သူ၏အကြည့်များက ချန်ရုံ့ကို ထိုးဖောက်သွားမတတ် စူးရဲနေကြသည်။ ဝမ်ဟုန်က ခပ်ဖျော့ဖျော့ပြုံးကာ နာကျင်နေသော အသံဖြင့် ဖြည်းဖြည်းပြောလိုက်သည်။
"မင်း ကိုယ့်ကို ညာနေစရာမလိုပါဘူး အားရုံ...ကိုယ့်ရဲ့ တရားမဝင်ဇနီးဖြစ်ရတာက ကိုယ်တို့နှစ်ယောက်က မွေးဖွားလာတဲ့ကလေးတွေကတောင် တရားမဝင်ကလေးတွေ ဖြစ်ကုန်မှာလေ...ပြီးတော့ မင်းက ဒီလောက်တောင် စိတ်ဓာတ်ပြင်းထန်နေတာ ကိုယ်တခြားမိန်းမတစ်ယောက်နဲ့ ပေါင်းဖက်တာကို မင်းသည်းခံနိုင်မှာမို့လို့လား...အဲဒီနေ့ကိုသာရောက်လာခဲ့မယ်ဆိုရင် မင်း ဘာမှမပြောပဲ တိတ်တဆိတ်ပျောက်ကွယ်သွားမှာကို ကိုယ်ကြောက်မိတယ်..."

ထို့နောက် ဝမ်ဟုန်သည် မျက်လုံးများကိုမှိတ်၍ ပြန်ထိုင်ချလိုက်သည်။
"အားရုံရယ်...မင်းရဲ့ နှလုံးသားက ဘယ်လောက်တောင် မာကျောနေပြီလဲ..."

ချန်ရုံက နွမ်းလျစွာဖြင့် ဝမ်ဟုန့်အား မှီတွယ်ကာ သူမ၏မျက်နှာကို ဝမ်ဟုန်၏မျက်နှာနှင့် ထိကပ်ထားလိုက်သည်။

ချန်ရုံသည် ဝမ်ဟုန့်အား နှစ်သိမ့်‌မပေးနိုင်ပဲ ဝမ်ဟုန်၏မျက်နှာမှ အနွေးဓာတ်ကိုခံစား၍ သက်ပြင်းချသံများကိုသာ နားထောင်နေမိသည်။

"အားရုံ..."
ဝမ်ဟုန်က ချန်ရုံ၏ခါးကိုဖက်၍ ခေါ်လိုက်သည်။ ထို့နောက် ချန်ရုံ၏မျက်နှာကို တဖွဖွနမ်းကာ ပြောလိုက်သည်။
"မင်းကို ကိုယ် မစွန့်လွှတ်ချင်ဘူး..."
ဝမ်ဟုန်၏အသံက နူးညံ့၍ တစ်ချိန်တည်းမှာပဲ အရိုင်းဆန်နေသည်။

ချန်ရုံက ဝမ်ဟုန်၏ရင်ခွင်ထဲ၌ မလှုပ်မယှက်သာနေနေမိသည်။ ဝမ်ဟုန် နာမကျန်းဖြစ်သောအခါ သူလိုက်ရှာသည့် ပထမဆုံးသောလူက ချန်ရုံဖြစ်နေ၍ ယခုလည်း သူမကို မစွန့်လွှတ်နိုင်ပါဟု ဝမ်ဟုန့်ဘက်မှ လိုလိုလားလားပြောလာသောကြောင့် ချန်ရုံ၏နှလုံးသားက ပျော်ရွှင်မှုများဖြင့် ပြည့်နေလေသည်။

ဝမ်ဟုန့်ကြောင့် ချန်ရုံသည် ဂရုစိုက်ခံနေရသည်ဟု ခံစားမိ၍ ထိုခံစားမှုလေးကပင် ချန်ရုံ့အတွက် အတိုင်းထက်အလွန်ဖြစ်နေပြီဖြစ်သည်။

နှစ်ဦးသား ဖက်ထားရင်းက ချန်ရုံသည် ဝမ်ဟုန်၏နှဖူးကို ထပ်စမ်းလိုက်ပြန်သည်။

"ချီလန်...ရှင့်မှာ အဖျားမရှိတော့ဘူး..."
ချန်ရုံ၏မျက်လုံးများက ဝမ်းသာမှုဖြင့် ဝိုင်းစက်သွားကြသည်။ ထို့နောက် ဝမ်ဟုန် မယုံမည်စိုး၍ ထပ်ပြောလိုက်သည်။
"တကယ်ပြောနေတာ...ရှင့်ဘာသာရှင် စမ်းကြည့်လိုက်..."

ဝမ်ဟုန်က ပြုံးလိုက်သည်။
"အဖျားနဲ့ ချမ်းတာတွေ မရှိတော့ဘူးဆိုရင် အဆိုးဆုံးအခြေအနေကို လွန်မြောက်သွားပြီလို့ ကိုယ်ကြားဖူးတယ်..."

ချန်ရုံက ခေါင်းတဆတ်ဆတ်ငြှိမ့်ကာ ပြောလိုက်သည်။
"ဟုတ်တယ်...ဒီညမှာ ကိုယ်အပူချိန်က တက်လိုက် ကျလိုက်မဖြစ်တော့ဘူးဆိုရင် ဘာမှကြောက်စရာမလိုတော့ဘူးလို့ ကျွန်မလည်း ကြားဖူးတယ်...နောက်သုံးရက်အထိ အခြေအနေ‌က တည်ငြိမ်နေမယ်ဆိုရင် အကုန် ပြန်ကောင်းသွားတော့မှာ..."

ထို့နောက် ခဏရပ်လိုက်ပြီးမှ ချန်ရုံက မေးလိုက်သည်။
"ချီလန်...နေတောင်ဝင်ခါနီးနေပြီ...ညရောက်ရင် ပိုအေးလာတော့မှာ...ကျွန်မတို့ ပြန်ကြမလား..."

ဝမ်ဟုန်က မျက်စိမှိတ်၍ သဘောတူသည့် အသံပြန်ပေးလိုက်သည်။

ဝမ်ဟုန့်ထံမှ အဖြေရပြီးသောအခါ ချန်ရုံသည် ဝမ်ဟုန့်ဘေး၌ လှဲ၍ နှဖူးကိုစမ်းကာ ဝမ်ဟုန့်အား ငေးကြည့်နေလိုက်မိသည်။

သူတို့နှစ်ဦး၏ ကွဲပြားနေသော ကိုယ်အပူချိန်နှင့် ပြိုင်တူ စည်းချက်မှန်နေသော အသက်ရှူသံများကို ခံစားကြည့်ရသည်မှာ အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ခံစားချက်တစ်ခုဖြစ်သည်။
"နန်ယန်မြို့ပြင်က တောင်တွေပေါ်က ညဆီကို ပြန်ရောက်သွားသလိုပဲနော်..."
ချန်ရုံက ရယ်၍ ‌ပြောလိုက်သည်။

ထို့‌နောက် ချန်ရုံက ထလိုက်ကာ ဝမ်ဟုန့်ကိုကြည့်၍ ပွင့်လင်းစွာပြုံးလိုက်သည်။
"ချီလန်...အဲဒီညလိုမျိုး အချိန်မျိုးကို ကျွန်မတို့ ဘယ်တော့မှ ထပ်မရလောက်တော့ဘူးလို့ထင်ခဲ့တာ..."

ဝမ်ဟုန်က မျက်လုံးများကိုဖွင့်လိုက်သည်။

ဝမ်ဟုန်သည် ချန်ရုံ့အား ခဏမျှကြည့်လိုက်ပြီးမှ မျက်လုံးများကို ပြန်မှိတ်ကာ နွမ်းနယ်နေသည့်လေသံဖြင့် ပြောလိုက်သည်။
"မင်း ဘာဖြစ်လို့ အဲဒီလိုတွေ ပြောနေရတာလဲ အားရုံ...ကိုယ်တို့ အဲဒီလိုမျိုးနေချင်ရင် နေလို့ရနေတာပဲ...မင်းကသာ မနေချင်ဖြစ်နေတာလေ...အဲဒီတော့ ဘာဖြစ်လို့ ဒီလိုစကားတွေကို အပင်ပန်းခံပြီး ပြောနေတော့မလဲ..."

ဝမ်ဟုန်က ပြောပြီးသောအခါ စူပုတ်ပုတ်လုပ်၍ တစ်ဖက်သို့လှည့်ကာ ချန်ရုံ့အား လျစ်လျူရှုနေလိုက်သည်။

ချန်ရုံက ဝမ်ဟုန်၏ခါးကိုလှမ်းဖက်လိုက်သည်။

ဝမ်ဟုန်က ချန်ရုံ့လက်ကို တွန်းဖယ်ပစ်လိုက်သည်။

ချန်ရုံက ကြိုးစား၍ ထပ်ဖက်လိုက်ပြန်သည်။

ဝမ်ဟုန်ကလည်း ထပ်၍ ဖယ်ထုတ်လိုက်ပြန်သည်။

ချန်ရုံက ရယ်၍ လက်ကိုမလွှတ်တော့ပဲ ဝမ်ဟုန့်ကို အတင်းဖက်ထားလိုက်ကာ ခပ်တိုးတိုးပြောလိုက်သည်။
"ရှင်က နေမကောင်းဖြစ်နေတဲ့အချိန်မှာ ကလေးလေးလိုပါပဲလား ချီလန်..."

ဝမ်ဟုန်က အလိုမကျသည့်အသံ ပြုလိုက်သော်လည်း ချန်ရုံဖက်ထားသည်ကိုတော့ မဖယ်ပစ်တော့ချေ။

ချန်ရုံက ဝမ်ဟုန်၏‌ကျောပြင်ပေါ်သို့ မှီနွဲ့ကာ ဝမ်ဟုန်၏ ကိုယ်သင့်ရနံ့ပို ရှူရှိုက်၍ တခစ်ခစ်ရယ်လိုက်သည်။
"အခု ဒီလိုအခိုက်အတန့်လေးနဲ့တင် ကျွန်မ ဘယ်လောက်တောင် ပျော်နေမိလဲဆိုတာ ရှငိမသိလို့ပါ..."

ချန်ရုံက ပျော်နေသည်ဟု ပြောလိုက်သော်လည်း သူမ၏အသံကတော့ တဖြည်းဖြည်း တိုးဝင်သွားသည်။

ချန်ရုံ၏အသံ တိုးတိတ်သွားသည်ကို သတိထားလိုက်မိသောကြောင့် ဝမ်ဟုန်က တစ်ဖက်သို့လှည့်၍ ချန်ရုံ့ကို ရင်ခွင်ထဲ၌ ဖက်ထားလိုက်သည်။
"အားရုံ..."
ဝမ်ဟုန်က ချန်ရုံ၏ ဆံပင်များကိုသပ်နေရင်းဖြင့် တိုးတိုးလေးပြောလိုက်သည်။
"ဘဝဆိုတာ တိုတိုလေးလေ...ဘာဖြစ်လို့ ဒီလိုတွေ ခေါင်းမာနေရတာလဲ...ဘာဖြစ်လို့ ဒီလိုအခြေအနေမျိုးကို လက်ခံနေရတာလဲ..."

ချန်ရုံက ခေါင်းကိုခါကာ ရယ်လိုက်သည်။
"ဖက်ထားတာ နည်းနည်းလျှော့ပါဘူး...ကျွန်မ အသက်ရှူကျပ်နေပြီ..."

ယနေ့ ဝမ်ဟုန်နှင့် တွေ့ဆုံချိန်မှစ၍ ချန်ရုံ၏ရယ်သံသည် ပျော်ရွှင်မှုများအတိဖြင့် ဖုံးလွှမ်းနေသကဲ့သို့ သာယာကြည်လင်နေသည်။ ဝမ်ဟုန်နှင့် အတူရှိနေရသည့် စက္ကန့်တိုင်းသည် ချန်ရုံ့အတွက် အရှုံးဖြစ်သော်လည်း မတတ်နိုင်ပဲ ပျော်ရွှင်စွာသာ ရယ်နေမိသည်။

ဝမ်ဟုန်က ချန်ရုံ၏ဆံနွယ်များကိုအချိန်အတန်ကြာငုံ့ကြည့်နေပြီးမှ မျက်လုံးများကို ပြန်မှိတ်လိုက်သည်။

သူတို့နှစ်ဦးသားသည် တစ်ယောက်နှင့်တစ်ယောက် ဆက်၍ပွေ့ဖက်ထားကြကာ နေက အနောက်ဘက်သို့ဝင်သွားသည်အထိ စကားများ ဆက်ပြောနေကြလေသည်။

နောက်တစ်နာရီခန့်အထိ ဝမ်ဟုန်က အဖျားလည်း ထပ်မတက်တော့သလို ချမ်းလည်း မချမ်းလာတော့သောကြောင့် ချန်ရုံလည်း ယခုမှပင် စိတ်သက်သာရာရနေတော့သည်။

ညမှောင်လာသောအခါ ချန်ရုံသည် ဝမ်ဟုန့်အားတွဲ၍ ကျောင်းတော်ဆီသို့ ပြန်လျှောက်လာကြသည်။

ကျောင်းတော်နားသို့ရောက်သည်နှင့် အထိန်းတော်ဖျင်နှင့် ယင်းကူတို့က အမြန်ပြေးထွက်လာကြသည်။ သို့သော် တည်ငြိမ်စွာနှင့် အိန္ဒြေသိက္ခာရှိစွာ လျှောက်လာနေသော ဝမ်ဟုန့်ကို မြင်လိုက်ကြသောအခါ နှစ်ယောက်သားသည် ခြေလှမ်းများရပ်သွားကြလေသည်။ အထိန်းတော်ဖျင်က တစ်စုံတစ်ခု‌ပြောမည်ကြံသော်လည်း ယင်းကူက လှမ်းတားလိုက်သည်။

ချန်ရုံတို့သည် ချန်ရုံ၏အိပ်ခန်းဆောင်ဆီသို့ လျှောက်လာလိုက်သည်။

***

ညဉ့်က တဖြည်းဖြည်းနက်လာချိန်တွင် အခန်းကန့်လန့်ကာနောက်ရှိ ရေနွေးငွေ့များကြား၌ အနီရောင်မီးအိမ်က ခပ်မှိန်မှိန်လင်းနေသည်။ ချန်ရုံက ထိုမီးရောင်ကို နောက်ကျောပေးထားကာ မျက်နှာက မီး၏ရောင်ပြန်ဟပ်မှုကြောင့် အနည်းငယ်နီနေသည်။

"အချစ်..."
လှုပ်ခတ်နေသော ရေသံများကြားတွင် ဝမ်ဟုန်၏ ဩရှရှအသံက ထွက်ပေါ်လာသည်။

"ဘာလဲ..."

"ကိုယ့်ရဲ့နောက်ကျောကိုမမှီလို့..."

ချန်ရုံ၏မျက်နှာက ပို၍ နီရဲသွားသည်။
"တစ်ရက်လောက် ကျောကို မတိုက်ရုံနဲ့တော့ ဘာမှမဖြစ်သွားပါဘူး..."

"အရင်တုန်းက ကိုယ်တို့ တူတူနေခဲ့တုန်းက..."
ဝမ်ဟုန်၏စကားမဆုံးခင်မှာပဲ ချန်ရုံက ဒေါသတကြီးဖြင့် ဖြတ်ပြောလိုက်သည်။
"တော်ပါတော့...တစ်ခါပဲဖြစ်ခဲ့တာကို ဘာမှပြန်သတိရနေစရာမလိုဘူး..."

ဝမ်ဟုန်၏အသံက ဝမ်းနည်းသွားပုံရသည်။
"ကျန့်ခန်းမင်းသားရဲ့ အိမ်တော်ကနေ ပြန်ထွက်လာတုန်းက ကိုယ် တစ်ချိန်လုံး အရမ်းကို နာကျင်ခံစားခဲ့ရတယ်...အရမ်းကို ခံစားခဲ့ရတာပါ အချစ်ရယ်..."

ချန်ရုံက အသက်ကိုရှူထုတ်လိုက်၍ ဝမ်ဟုန့်အား သတိပေးလိုက်သည်။
"အချိန်ဆွဲမနေပါနဲ့တော့...ရေတွေက အေးကုန်တော့မယ်..."

"ကိုယ့်ရဲ့ ရင်ဘတ်က ယားနေလို့..."
ဝမ်ဟုန်က ခပ်တိုးတိုးပြောလိုက်သည်။

ချန်ရုံက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။
"ယင်းကူကို ခေါ်လိုက်ရမလား..."

"မခေါ်ပါနဲ့..."
ဝမ်ဟုန်က ခပ်ပြတ်ပြတ်ပြောလိုက်သည်။
"ကိုယ့်ရဲ့ အချစ်လေးကိုပဲ လိုချင်တာ..."

"ရှင်..ရှင်က နေမကောင်းသေးဘူးလေ...အဲဒါလုပ်လို့မရဘူး..."

ဝမ်ဟုန်က ရုတ်တရက် ကြောင်အသွားသည်။ ခဏနေမှ ချန်ရုံ အထင်လွဲနေကြောင်း ရှင်းပြလိုက်ရသည်။
"ကိုယ်ပြောတာကို မင်း နားလည်မှုလွဲနေပြီ အချစ်ရဲ့...ကိုယ့်ရင်ဘတ်က တကယ်ယားနေလို့ပါ..."

ထို့နောက် ဝမ်ဟုန်က ပါးစပ်ကိုလက်ဖြင့်အုပ်၍ ခပ်နောက်နောက်လေးပြောလိုက်သည်။
"ဒါမှမဟုတ် မင်းက အဲဒါကို လုပ်ချင်နေတာလား..."

"အဓိပ္ပာယ်မရှိတာတွေ ပြောမနေပါနဲ့တော့..."
ချန်ရုံက အော်ပြောလိုက်သည်။

"ရေက တကယ်အေးတော့မယ်..."
ချန်ရုံ သတိပေးလိုက်ရပြမ်သည်။

ဝမ်ဟုန်က မျက်နှာကိုရေထဲသို့နှစ်၍ ရေပြင်‌ပေါ်သို့ ပူစီဖောင်းများတက်‌လာအောင် ရေအောက်၌ စကားပြောလိုက်သည်။
"ဟိုနေ့က ရထားလုံးထဲမှာ မင်း ကိုယ့်ကို လုပ်ခဲ့သလိုမျိုး အခု ပြန်လုပ်စေချင်တယ်..."

ဝမ်ဟုန်ပြောသည့်နေ့မှာ ချန်ရုံ့အား ကျန့်ခန်းမင်းသားထံမှ ကယ်တင်ခဲ့သောနေ့ကိုပြောနေခြင်းဖြစ်သည်။

ချန်ရုံသည် ထိုနေ့က ဆေးအခတ်ခံခဲ့ရသည်မဟုတ်ပါလား။

ချန်ရုံက စိတ်ကိုတင်း၍ ပြောလိုက်သည်။
"အဲဒီနေ့က ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ကျွန်မ မမှတ်မိတော့ဘူး..."

ဝမ်ဟုန်က ရေထဲမှ‌ ခေါင်းကိုပြန်မော့၍ အော်ပြောလိုက်သည်။
"မင်းလိမ်နေတာ..."

ဝမ်ဟုန်၏အသံကြောင့် ချန်ရုံသည် ဝမ်ဟုန်၏ အနည်းငယ်နီနေသော မျက်နှာ၊ ဆွဲဆောင်နေသော မျက်လုံးများနှင့် ခန္ဓာကိုယ်ပေါ်၌ ကပ်နေသော ရေစက်များကို သတိထားကြည့်လိုက်မိသည်။

ကြည့်ရင်းဖြင့် ချန်ရုံ ရှက်သွေးဖြန်းသွားကာ တွေးလိုက်မိသည်။
ငါက ဘာဖြစ်လို့ ခေါင်းမာနေရတာလဲ...ဒီနေ့ ပြီးရင် နောက်တစ်ခါ ထပ်တွေ့ဖို့ဆိုတာ လွယ်တော့တာမဟုတ်ဘူး...သူလုပ်ချင်နေတာကို လုပ်ခွင့်ပေးလိုက်သင့်ပါတယ်လေ...

ထိုအတွေးနှင့်အတူ ချန်ရုံ မတ်တပ်ထရပ်လိုက်သည်။

မတ်တပ်ထလိုက်သော ချန်ရုံ၏ လှပသည့် ခန္ဓာကိုယ်ကိုမြင်သောအခါ ဝမ်ဟုန်က ခပ်တိုးတိုးရယ်လိုက်သည်။

ဝမ်ဟုန်၏ရယ်သံကြောင့် ချန်ရုံ ရှက်သွားမိသည်။ ဝမ်ဟုန့်အား ဆူလိုက်မည်အလုပ်တွင် အပြင်မှ ခြေသံများနှင့်အတူ အဝေးမှ စွင်းယန်၏အသံကိုကြားလိုက်ရလေသည်။

"အားရုံ...အားရုံ..."

စွင်းယန် ဒီကိုရောက်နေတာလား...